Thursday, December 31, 2009
၂၀၁၀ အတွက် အိမ်စာ
၂) သြဇာအလွှမ်းမိုးဆုံး စာအုပ်တစ်အုပ်
၃) ခံစားရတဲ့ သီချင်း တစ်ပုဒ်
၎) စိတ်ရဲ့ တန်ခိုး
၅) သူငယ်ချင်းဆိုတာ
၆) အိမ်ထောင်ရေးရဲ့ သတ်မှတ်ချက်
မေမေ
၁၁ ကြိမ်မြောက်ဖြစ်သွားပြီ မေမေ...အမေ အနားမှာ မရှိပဲ မွေးနေ့ပွဲကို ကျင်းပခဲ့ရတာ ၁၁ ကြိမ်မြောက်ပဲ မေမေ။ တနှစ်ထက် တနှစ် အသက်အရွယ်နဲ့ အညီ ရင့်ကျက်လာတယ်လို့တော့ ကိုယ့်ကိုယ်ကို သတ်မှတ်မိပါရဲ့။ ဒါပေမဲ့ အမှန်တရားတွေက ခါးသီးတယ် မေမေ။ လူဆိုတာ ဘယ်အသက်အရွယ်ပဲ ရောက်ပါ စေ မွေးနေ့မှာတော့ အမေကို တမ်းတမိကြတယ်မှလား။ ငယ်ငယ်က မိဘရှေ့မှာ လက်အုပ်ချီ ကန်တော့ခွင့်ရခဲ့တယ်။ အရွယ်ရောက်လို့ အဝေး လွင့်သွားရတော့ ဖုန်းနဲ့ ကန်တော့ခဲ့ရတယ်။ အခုကျတော့ လက်အုပ်ချီ ကန်တော့ခွင့်မရှိတော့သလို ဖုန်းနဲ့လဲ ကန်တော့ခွင့် မရှိတော့ဘူးလေ။ တမ်းတမိတယ်ဆိုတာထက် နာကျင်မိတာက ပိုပါတယ်။ သမီး ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပေါ်မှာ သမီး ဆက်လျှောက်နေဆဲပါ။ အချိန်တွေ တနှစ်ပြီး တနှစ် ကုန်သွားပေမဲ့ ခုချိန်ထိတော့ သမီး ဖြစ်ချင်တာတွေ ဖြစ်မလာသေးဘူး မေမေ။ ဘာတွေကို ဆက်ပေးဆပ်ရအုန်းမလဲ သမီး မသိဘူး။ သိလဲ မသိချင်ဘူး။ ဘ၀ဆိုတာ ကိုယ်လိုချင်တဲ့အချိန်ကို နောက်ပြန် လှည့်သွားလို့ရမယ်ဆိုရင်တော့ မေမေ့ကို မြင်ခွင့်၊ တွေ့ခွင့်ရဖို့ ဘာကိုပဲ စွန့်လွှတ်ရပါစေ. သမီး ပေးဆပ်လိုက် နိုင်ပါတယ်။ ဒါပေမဲ့ လောကက ကိုယ်ဖြစ်ချင်သလိုတော့ ဘယ်ဖြစ်မလဲ။ အမှန်တရားက ခါးသီးပေမဲ့ သမီး လက်ခံဖို့ ကြိုးစားနေဆဲပါ မေမေ။
Sunday, December 27, 2009
butterfly effect ကို ခံစားခြင်း
လက်မခံနိုင်လောက်အောင် ပြင်းထန်လှတဲ့ သက်ရောက်မှု အခြေအနေတွေကို ကြုံကြိုက်လာရတဲ့အခါ ကျွန်မ တို့တွေဟာ အကယ်၍ ဆိုတဲ့ စကားလုံးကို ရေရွတ်မိကြပါ တယ်။ စာမေးပွဲကျတဲ့ ကျောင်းသားတစ်ယောက် က အကယ်၍ ငါသာ ဒီစာတပုဒ်ကို ကျက်ခဲ့မယ်ဆိုရင်ဆိုတဲ့ အတွေးမျိုး၊ ပြောမိတဲ့ စွပ်စွဲစကားတစ်ခုကြောင့် အိမ်ထောင်တစ်ခုလုံးပြိုကွဲသွားတဲ့ လူတစ်ယောက်က အကယ်၍ ငါသာ ဒီစကားကို မပြောခဲ့မိရင်ဆိုတဲ့ အတွေးမျိုး၊ တချိန်ချိန်မှာတော့ တွေးမိကြပါတယ်။
ဒီလိုလူတွေရဲ့ စိတ်စွဲလန်းမှုကို အခြေခံပြီး ဒါရိုက်တာ Eric Bress and J. Mackye Gruberက Butterfly effect ဆိုတဲ့နံမည်နဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဲလ်ဗင်(Ashton Kutcher)က ဘ၀ကို နောက်ပြန် ပြန်သွားလို့ရသူ၊ ပြောင်းလဲမှုတွေကို ဖန်တီးနိုင်တဲ့ တန်ခိုးကို ပိုင်ဆိုင်ထားသူ အဖြစ် အဓိက သရုပ်ဆောင်သွားပါတယ်။
အဲလ်ဗင်ဟာ ကလေးဘ၀မှာ ခေတ္တအသိဉာဏ် ပျောက်ဆုံးမှုကို ခနခန ခံစားခဲ့ရတယ်။ စိတ်ပင်ပန်းမှုကို ခံစားရ တဲ့ အဖြစ်ကို ကြုံရတဲ့ အခါတိုင်း အဲလ်ဗင်က အဲဒီအဖြစ်အပျက်ကို မေ့သွားတတ်တယ်။ အဲလ်ဗင် ရဲ့ ဖခင်က အရူးထောင်နေမှာ နေနေရတဲ့ စိတ်မနှံ့တဲ့လူတယောက်ဖြစ်တယ်။ ဖခင်မရှိတဲ့ ကလေးတယောက်ဟာ ဖခင်ကို တမ်းတစိတ်နဲ့ စိတ်ဖိစီးမှုကို ခံစားနေရတယ်။ မိခင်က သတိထားမိလို့ ဆရာဝန်နဲ့ ပြသတဲ့အခါ ဆရာဝန်က အဲလ်ဗင်ကို သူ့ရဲ့ မှတ်ဉာဏ်ကို နှိုးဆွနိုင်ဖို့အတွက် ဒိုင်ယာရီ မှန်မှန်ရေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါအပြင် ဖခင်နဲ့တွေ့ပေးဖို့ အကြံဉာဏ်ပေးတဲ့အတွက် ဖခင်ဆီကို တွေ့ဖို့သွားခဲ့ပါတယ်။ အခြေအနေက အကောင်း ဘက်ကို မျှော်လင့်ထားခဲ့ပေမဲ့ တကယ့်အဖြစ်မှာတော့ စိတ်မမှန်တော့တဲ့ ဖခင်ဖြစ်သူဟာ စကားကောင်းပြော နေရင်းက ထဖောက်ပြီး အဲလ်ဗင်ကို လည်ပင်း ညှစ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကလေးကို ကယ်ဖို့ ကြိုးစား ခဲ့ရတဲ့ အရူးထောင်ကြီးကြပ်သူတွေဟာ အဲလ်ဗင်ရဲ့ အဖေကို နောက်ကနေ တွန်းချလိုက်တာမှာ အုတ်နံရံနဲ့ ရိုက်မိသွားတဲ့ အဲလ်ဗင်ရဲ့ အဖေဟာ အဲလ်ဗင်ရဲ့ မျက်စိရှေ့မှာပဲ ဆုံးသွားခဲ့ပါတယ်။
ဒီနေရာမှာ ကျွန်မ နားမလည်လိုက်တာက ရူးနေတဲ့ ဖခင်နဲ့ကလေးကို ဘာပြုလို့ ၂ ယောက်ထဲ ပေးတွေ့ရတာ လဲ ဆိုတာပါ။ သူတို့ အနောက်နိုင်ငံရဲ့ ယဉ်ကျေးမှုအရပဲလားလို့ တွေးမိပါတယ်။ ဒါပေမဲ့ ကလေးက ရ နှစ် အရွယ်၊ ဖခင်က စိတ်မနှံ့နေတဲ့သူ..ဒီကလေးရဲ့ လုံခြုံရေးက ဒီကလေးနဲ့ စိတ်မနှံ့နေတဲ့ ဖခင်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ထက် ပိုအရေးမကြီးဘူးလား။
အဲလ်ဗင်ရဲ့ ကလေးဘ၀ဟာ အပေါင်းအသင်းတွေရဲ့ ရိုက်ခတ်မှုကိုလဲ ခံခဲ့ရပါတယ်။ သူ့ သူငယ်ချင်း ကေလီနဲ့ ကေလီရဲ့ အကိုဖြစ်သူ တွန်မီတို့ဟာ သူတို့ဖခင်ဖြစ်သူရဲ့ နှိပ်စက်မှုကို ခံခဲ့ရပါတယ်။ ကေလီရဲ့ ဖခင်ဟာ (ကိုယ့်အထင် စိတ်မနှံ့သူ) (ရ) နှစ်အရွယ် ကေလီနဲ့ အဲလ်ဗင်တို့ကို အ၀တ်အစားတွေချွတ်ပြီး လင်မယားအရာ မြောက်အောင် နေစေပါတယ်။ အဲဒီအဖြစ်ကို ဗွီဒီယိုကင်မရာနဲ့ မှတ်တမ်းတင်ပါတယ်။ ဒါကို လက်ပိုက်ကြည့်နေ ရတဲ့ တွန်မီက ဖခင်ကို စိတ်တို မုန်းတီးတဲ့စိတ်နဲ့ ကလေးဆိုးလေး တယောက်ဖြစ်လာပါတယ်။ အဲလ်ဗင်ကတော့ သူသတိရလာတဲ့အချိန်မှာ အ၀တ်အစားချွတ်နဲ့ ဖြစ်နေခဲ့ပြီး ဘာဖြစ်ခဲ့သလဲဆိုတာကို အလန့်တကြားမေးခဲ့ ပါတယ်။ တခုခုမှားသွားပြီဆိုတာ သိပေမဲ့ ကေလီကို မေးလို့ မရခဲ့ပါဘူး။
နောက်ထပ် အဖြစ်အပျက်တစ်ခုကတော့ အဲလ်ဗင် (ကိုယ့်အထင်) ၁၀ နှစ်သားအရွယ်လောက်မှာ ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဆိုးတစ်ခုလုံးဟာ တွန်မီက ဖခင်ဖြစ်သူရဲ့ မြေအောက်ခန်းမှာ ဒိုင်းနမိုက်တခုကို တွေ့တာက စပါတယ်။ သူတို့မှာ အေးဆေးပြီး ကြောက်တတ်ပုံရတဲ့ နောက်ထပ် သူငယ်ချင်း တယောက် ရှိပါသေးတယ်။ ၀၀ ကစ်ကစ်နဲ့ ချစ်စရာကောင်းတဲ့ ဒီကောင်လေးရဲ့ နံမည်က လန်နီ ဖြစ်ပါတယ်။ တွန်မီက လန်နီရဲ့ လက်ထဲကို ဒိုင်းနမိုက်ထည့်ပေးပြီးနောက် အိမ်တအိမ်ရဲ့ စာတိုက်ပုံးထဲကို သွားထည့်ခိုင်းခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကို သူတို့ စောင့်ကြည့်နေတုန်းမှာပဲ ကားတစီးက အဲဒီအိမ်ထဲကို ၀င်လာပါတယ်။ အဲဒီနောက် ရုတ်တရက် ဘာဖြစ်သွားမှန်း မသိပဲ အဲလ်ဗင် သတိရလာတဲ့အချိန်မှာ မြေပြင်ပေါ်မှာလဲနေတဲ့ လန်နီရယ်၊ လန်နီကို ဆွဲထူဖို့ကြိုးစားနေတဲ့ တွန်မီရယ်၊ သိပ်ကို ထိတ်လန့်နေတဲ့ ကေလီကိုပဲ တွေ့ရပါတယ်။ ဘာဖြစ်သွားလိုက်မှန်းမသိတဲ့ အဲလ်ဗင်က ဘာဖြစ်ခဲ့တယ်ဆိုတာကို မေးဖို့ကြိုးစားပေမဲ့ ကေလီက အဖြစ်မှန်ကို မပြောပြခဲ့ပါဘူး။ တွန်မီ လိမ်နေတာကို သိတဲ့ လူကြီးမိဘတွေက အဲလ်ဗင်ကို မေးဖို့ကြိုးစားခဲ့ပါတယ်။ မမှတ်မိတဲ့ အဲလ်ဗင်ကို ပထမတော့ မိခင်က မယုံ ပါဘူး။ အဲဒီနောက် သူတကယ်ပြောတာကို သိသွားတဲ့အခါ ဆရာဝန်နဲ့ အိပ်မွေ့ချ မေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲလ်ဗင်က ကားဝင်လာတဲ့အထိသာ မှတ်မိပြီး ကျန်တဲ့ အပိုင်းတွေကို ဘယ်လိုမှ ပြန်စဉ်းစားလို့ မရပဲ နှာခေါင်းက သွေးတွေ ယိုကျပြီး ဝေဒနာခံစားခဲ့ရတဲ့အတွက် အိမ်မွေ့ချထားရာကနေ နှိုးယူခဲ့ရပါတယ်။
နောက်ထပ် ထိတ်လန့်စရာ အဖြစ်ကတော့ အဲလ်ဗင်နဲ့ ကေသီရဲ့ သံယောဇဉ်ကို မကျေနပ်တဲ့ တွန်မီက အဲလ်ဗင်ရဲ့ ခွေးလေးကို မီးရှို့သတ်ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်ပါပဲ။ ဒါကို မြင်သွားတဲ့ အဲလ်ဗင်၊ ကေသီနဲ့ လန်နီတို့ ခွေးလေးကို ကယ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တွန်မီရဲ့ ရိုက်နှက်မှုတွေအောက်မှာ အလူးအလိမ့်ခံခဲ့ရတဲ့ သူတို့ သုံးယောက်ဟာ ခွေးလေးကို ဂုန်နီအိတ်ထဲထည့်၊ ရေနံဆီလောင်းပြီး မီးရှို့သတ်တာကို လက်ပိုက်ကြည့်နေခဲ့ရ ပါတယ်။
အဲလ်ဗင်အတွက် စိတ်ပူလာတဲ့ အဲလ်ဗင်ရဲ့ မိခင်က တခြားမြို့ကို ပြောင်းရွှေ့ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်တော့ အဲလ်ဗင်က ခေတ္တ မှတ်ဉာဏ်ပျောက်ဆုံးမှုတွေကို မခံစားရတော့ပဲ တက္ကသိုလ်မှာ တော်တဲ့ ကျောင်းသားတယောက်အဖြစ် ပျော်ပျော်ရွှင်ရွှင်ပဲ ကျောင်းတတ်ခဲ့ပါတယ်။
ဇာတ်ကားရဲ့ အရှိန်က အဲလ်ဗင်က ဒိုင်ယာရီအဟောင်းတွေကို ပြန်ဖတ်တဲ့အခန်းကစလို့ မြင့်တက်လာပါတယ်။ ဒိုင်ယာရီအဟောင်းတွေကို အမှတ်မထင် ပြန်ဖတ်မိရာက သူငယ်စဉ်ကလေးဘ၀က မေ့နေခဲ့တဲ့ အဖြစ်အပျက် တွေကို မှတ်မိလာတဲ့ အဲလ်ဗင်ဟာ သူ့ရဲ့ အဖြစ်အပျက်တွေ အရမ်းကို တုန်လှုပ်သွားခဲ့ပါတယ်။ ရုတ်တရက် မှတ်မိလာတဲ့ မှတ်ဉာဏ်ကို အတည်ပြုနိုင်ဖို့ အဲလ်ဗင်ဟာ သူ့ရဲ့ မြို့ကို ပြန်သွားခဲ့ပါတယ်။ ငယ်သူငယ်ချင်း လန်နီကို သွားရှာတဲ့အခါမှာတော့ လန်နီဟာ စိတ်ပုံမှန်မဟုတ်တဲ့ လူတယောက် ဖြစ်နေပါပြီ။ လေယာဉ်ပျံ အရုပ်လေးတွေကိုပဲ တစိုက်မတ်မတ်လုပ်နေတဲ့ လန်နီကို အဲလ်ဗင်က သူတို့သူငယ်ချင်း လေးယောက် စာတိုက်ပုံး ထဲကို ဒိုင်းနမိုက်ထည့်ခဲ့တဲ့ အဖြစ်ကို ပြန်မေးတဲ့ အခါမှာတော့ လန်နီက အစပိုင်းမှာ တုန့်ပြန်ပြောဆို ပေမဲ့ နောက်ပိုင်းမှာ ဒေါသတွေထွက် ပေါက်ကွဲလာပါတယ်။ တကယ်တော့ အဲဒီနေ့က စာတိုက်ပုံးထဲကို လန်နီ သွားထည့်ခဲ့တဲ့ ဒိုင်းနမိုက်ဟာ ကလေးငယ်လေးတဦးနဲ့ မိခင်ကို သေစေခဲ့ပါတယ်။ အပြင်က ကားနဲ့ပြန်လာတဲ့ ဒီအမျိုးသမီးဟာ ကလေးကို ချီလျက်ကနေ စာတိုက်ပုံးကို စာစစ်ဖို့အသွား ဒိုင်းနမိုက်ပေါက်ကွဲပြီး သေခဲ့ရတာ ဖြစ်တယ်။ ဒါကို မျက်စိနဲ့မြင်ခဲ့ရသလို မှတ်လဲမှတ်မိနေတဲ့ လန်နီဟာ ကိုယ့်ကြောင့် အပြစ်မဲ့တဲ့ ကလေးနဲ့မိခင် သေသွားခဲ့ရတာအတွက် နောင်တနဲ့ စိတ်ဖောက်ပြန်သွားတာဖြစ်တယ်။ ဒီအဖြစ်ကို သိလာတဲ့ အဲလ်ဗင်ဟာ အရမ်းတုန်လှုပ်လာတယ်။
အဲဒီနောက် သူ့ရဲ့ ငယ်သူငယ်ချင်း ကေသီကို ရှာခဲ့ပြန်တယ်။ ဒီအကြိမ်မှာတော့ သူနဲ့ ကေသီ (၇) နှစ်သား အရွယ်မှာ ကေသီဖခင်ရဲ့ ဗွီဒီယိုကင်မရာရှေ့မှာ ဘာဖြစ်ခဲ့သလဲဆိုတာ မေးဖို့ အတွက် ဖြစ်တယ်။ သူမကို လာရှာတဲ့ အတွက် ကေသီက မူလ ပထမမှာ အရမ်းကို ၀မ်းသာခဲ့တယ်။ ဒါပေမဲ့ အဲလ်ဗင်ရဲ့ မေးခွန်းတွေကို ကြားရတဲ့အခါမှာတော့ ကေသီဟာ ဒေါသတကြီး ပေါက်ကွဲခဲ့ပါတော့တယ်။ နောက် ကေသီရဲ့ မောင်းထုတ်မှု ကြောင့် ကြေကွဲပြီး တက္ကသိုလ်အဆောင်ကို ပြန်လာရတဲ့ အဲလ်ဗင်ဟာ နောက်နေ့မှာပဲ တွန်မီရဲ့ ဖုန်းကို လက်ခံ ရရှိခဲ့ပါတော့တယ်။ဖုန်းထဲမှာ တွန်မီထားသွားခဲ့တဲ့ မတ်ဆေ့ဂ်ျကတော့ ကေသီ သူ့ကိုယ်သူ သတ်သေသွားပြီ ဆိုတဲ့ သတင်းပါပဲ။
အဖြစ်အပျက်အားလုံးအတွက် ကြေကွဲနေတဲ့ အဲလ်ဗင်ဟာ သူ့ရဲ့ ဒိုင်ယာရီကို ပြန်ဖတ်ရင်း ... သူ့မှာ အတိတ်ကို ပြန်သွားနိုင်တဲ့ စွမ်းအင် ရှိနေတယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီနေရာက ဇာတ်ကားရဲ့ဇာတ်ရှိန် အမြင့်ဆုံး နေရာပါပဲ။ အဲလို စွမ်းအင်ကို တွေ့သွားတဲ့အဲလ်ဗင်ဟာ သူ့ရဲ့ ကလေးဘ၀တုန်းက တွေ့ကြုံရတဲ့ အဖြစ်တွေမှာ ဆုံးဖြတ်ချက်တွေကို ပြင်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ ကလေးဘ၀တုန်းက သူနဲ့ ကေသီကို ကေသီရဲ့ ဖခင် ဖြစ်သူက လင်မယားအရာမြောက်အောင် နေစေတဲ့ အချိန်မှာ သူက ကေသီရဲ့ ဖခင်ကို ပြန်လှန် တုန့်ပြန်ခဲ့ပါတယ်။ ဒီအဖြစ်ကို ရဲတိုင်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် လန့်သွားတဲ့ ကေသီ ဖခင်က ကေသီကို နောက်ထပ် မနှိပ်စက်ရဲတော့ပဲ ဒေါသမှန်သမျှကို တွန်မီအပေါ်မှာပဲ ပုံချခဲ့ပါတယ်။ အဲလိုနဲ့ သူတို့ လူကြီး ဖြစ်လာတဲ့အခါမှာတော့ သူနဲ့ ကေသီက ပျော်ရွှင်တဲ့ သမီးရည်းစားဘ၀ကို ရရှိခဲ့ကြတယ်။ အဲဒီအချိန်မှာ တွန်မီ ကတော့ ထောင်ကျနေခဲ့တယ်။ ထောင်က လွတ်လွတ်ချင်းပဲ တွန်မီက ကေသီနဲ့ အဲလ်ဗင်ကို လိုက်ရှာပြီး ရန်ပြု ခဲ့ပါတယ်။ အဲလ်ဗင်နဲ့ တွန်မီ အပြန်အလှန် ရိုက်ကြရင်းနဲ့ တွန်မီ သေသွားခဲ့ရပါတယ်။ အဲဒီအမှုအတွက် သူက ထောင်ကျပြီး ကေသီကလဲ သူ့ကို စိတ်ဆိုးသွားခဲ့ပါတယ်။ ထောင်ထဲမှာ နှိပ်စက်ခဲ့ရတဲ့ အဲလ်ဗင်ဟာ ဒီအဖြစ်ကို လက်မခံနိုင်တော့ပါဘူး။ ဒါကြောင့် သူ့မိခင်ဆီက ဒိုင်ယာရီတွေ တောင်းယူပြီး အတိတ်ကို နောက်တခေါက် ထပ်သွားဖို့ ကြိုးစားခဲ့ပြန်ပါတယ်။
ဒီတခေါက်မှာတော့ အဲလ်ဗင်ဟာ သူတို့ ဒိုင်းနမိုက်နဲ့ ကစားခဲ့တဲ့အချိန်ကို ပြန်သွားခဲ့ပါတယ်။ သူတို့ ဒိုင်းနမိုက် ထည့်ထားတဲ့ စာတိုက်ပုံးရှိတဲ့နေရာကို ကလေးလေးနဲ့မိခင်လာတဲ့အချိန် သူက ပြေးသွားပြီး စာတိုက်ပုံးကို ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲလို ကလေးနဲ့မိခင်ကို ကယ်လိုက်တဲ့အကျိုးကတော့ သူ့ရဲ့ လက်နှစ်ဖက်လုံးဟာ အရင်း ကနေ ပြတ်သွားခဲ့ရတာ ဖြစ်တယ်။ တွန်မီက လူကောင်းတယောက်ဖြစ်သွားခဲ့သလို လန်နီနဲ့ ကေသီကတော့ သမီး ရည်းစားတွေ ဖြစ်သွားခဲ့တယ်။ လက်မရှိတဲ့ ဘ၀မှာ စိတ်ဓါတ်တွေ ကျနေတဲ့ အဲလ်ဗင်ဟာ သူ့အတွက် စိတ်ထိခိုက်မှုကြောင့် ဆေးလိပ်တွေ သောက်ဖြစ်သွားတဲ့ သူ့အမေဟာ အဆုတ်ကင်ဆာနဲ့ ဆေးရုံတက်နေ ရတာကို တွေ့သွားတဲ့အခါမှာတော့ ဒီအဖြစ်တွေကို လက်မခံနိုင် ဖြစ်ရပြန်တယ်။ နောက်တခေါက် အတိတ်ကို ပြန်သွားဖို့ ကြိုးစားပြန်ပါတယ်။
အဲလို အမျိုးမျိုးကြိုးစားပြီး ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမဲ့ တခုခုကို ပြင်လိုက်တိုင်း သူ့ရဲ့ ပတ်ဝန်းကျင်က တဦး မဟုတ် တဦးကို ထိခိုက်စေဖို့ ဖြစ်လာတယ်။ နောက်ဆုံးတော့ သူသာ လူ့လောကကြီးထဲကို ရောက်မလာခဲ့ဘူး ဆိုရင် ဘာမှ ဖြစ်လာစရာမရှိတာကို တွေ့သွားတဲ့ အဲလ်ဗင်ဟာ သူ့ဘ၀ရဲ့အစဖြစ်တဲ့ မိခင် ၀မ်းဗိုက်ထဲကို ရောက်အောင် ပြန်သွားခဲ့ပါတယ်။ အဲဒီနောက်တော့ သူ့အချင်းနဲ့သူ့ကိုယ်သူ ရစ်ပတ်ပြီး သတ်ပစ်ခဲ့ပါတယ်။
ဒါရိုက်တာက စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ်အဖြစ် ဇာတ်လမ်းကို ဒီလို ဇာတ်သိမ်းခဲ့ပေမဲ့ ကျွန်မအနေနဲ့ကတော့ ယုတ္တိရှိတဲ့ ဇာတ်လမ်းအဖြစ်ပဲ တွေးကြည့်ချင်မိတယ်။အဲလ်ဗင်က အတိတ်တွေကို ပြန်သတိရတဲ့အချိန်မှာ သူ့ကြောင့် သူချစ်ရတဲ့လူတွေ ဒုက္ခရောက်တာကို ပြန်သိလာတဲ့အချိန်မှာ နောင်တတွေနဲ့ရူးသွားပြီး သူ့ဘ၀မှာ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်တာလို့ပဲ ဇာတ်လမ်းကို သိမ်းချင်နေမိတယ်။
ကျွန်မတို့တွေဟာ တနည်းမဟုတ် တနည်းတော့ အဲလို မျိုး ရူးသွပ်မိကြတာပဲမှလား။
Saturday, December 26, 2009
ဂျူးရဲ့ professional ကို ဆင့်ပွားခံစားခြင်း
Commitment
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိ လုပ်တဲ့ အလုပ်မှာ အာရုံ စူးစိုက်နစ်ဝင်မှု ရှိရမယ်။
Responsibility
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိ လုပ်တဲ့အလုပ်ကို တာဝန်ယူရဲတဲ့ သတ္တိ၊ တာဝန်ယူလိုတဲ့ စိတ်ရှိရမယ်။
Determined
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ဆုံးဖြတ်ချက် ခိုင်မာရမယ်။
Vision
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ခြုံငုံသုံးသပ်နိုင်စွမ်း ရှိရမယ်။ ရှေ့ကို ကြိုမြင်တဲ့ အရည်အချင်း ရှိရမယ်။
Compromise
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ငြင်းခုန်မှုတွေကြားကနေ သဘောတူညီမှုတခုကို ရအောင် ညှိယူနိုင်ရမယ်။
Stand on Principle or Ethics
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ကိုယ့်ရဲ့ ကိုယ်ကျင့် သိက္ခာတရား။ ကိုယ့်ရဲ့ စံ၊ မူဝါဒကို စွဲကိုင်ထားနိုင်သူ ဖြစ်ရမယ်။
Efficiency
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ အလုပ်တစ်ခုကို ထိရောက်အောင် စွမ်းဆောင်နိုင်သူ ဖြစ်ရမယ်။
Managing
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ အုပ်ချုပ်မှုပညာကို သိကျွမ်းနားလည်သူ ဖြစ်ရမယ်။
Assessment
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ကိုယ် လုပ်ခဲ့တဲ့အလုပ်ရဲ့ အကျိုးအမြတ်၊ အရှုံးတွေကို ရဲရဲဝံ့ဝံ့ ပြန်လည် သုံးသပ်နိုင်သူ၊ သုံးသပ်တတ်သူ ဖြစ်ရမယ်။
Sharing
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မျှဝေပေးနိုင်သူ ဖြစ်ရမယ်။ အဖွဲ့အစည်းတွင်း ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိသူ ဖြစ်ရမယ်။
Society
ပရော်ဖက်ရှင်နယ် တစ်ယောက်မှာ သူနဲ့ ထပ်တူထပ်မျှ ခံစားနိုင်မဲ့၊ သူ့ကို နားလည်နိုင်မဲ့ အဖွဲ့အစည်း၊ အသင်း အဖွဲ့ တစ်ခု ရှိရမယ်။
Income
ပရော်ဖက်ရှင်နယ် တစ်ယောက်မှာ သူ့ရဲ့ ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ ၀င်ငွေ တစ်ခုတော့ ရှိရမယ်။
Courage
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ သူယုံကြည်တဲ့ အရာကို လုပ်ရဲတဲ့ သတ္တိနဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိရမယ်။
Friday, December 25, 2009
ကုန်တော့မယ့် ၂၀၀၉
လူမှုရေး
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်လို့တော့ ၂၀၀၉ က ပြောလောက်အောင် ဆုံးရှုံးမှု၊ အောင်မြင်မှု မရှိဘူး ထင်တယ်။ မထင်မှတ်တဲ့ လူတစ်ယောက်နဲ့ ပြန်ဆုံဖြစ်တယ်၊ စကားပြောဖြစ်တယ်ဆိုတာကလွဲရင် ထူးထူး ခြားခြား မရှိဘူး။အပေါ်ယံ ဟန်ဆောင်မှုတွေကိုတော့ စိတ်ကုန်မိတာတွေ ဖြစ်နေမိတယ်။လူများများနဲ့ နေရတာ ထက် တယောက်ထဲ နေရတာကို ပိုနှစ်ခြိုက်လာမိတယ်။ ရင်ဘက်ချင်း တူတဲ့လူတွေ ရှားလာတယ်လို့ ခံစား နေရတယ်။ သူငယ်ချင်း တဦးစ၊ နှစ်ဦးစကိုတော့ ကိုယ့်ဘက်က ဆုံးရှုံးသွားခဲ့တယ်။
ပညာရေး
ကြိုးစားပေမဲ့ အရာသိပ်မထင်ဘူးလို့ ခံစားရတယ်။ အရေအတွက်တွေ တိုးလာပေမဲ့ အရည်အချင်းက မတိုးလာ သလို ခံစားရတယ်။
၂၀၀၉ ကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပေမဲ့ ၂၀၁၀ ကိုတော့ သိပ်မမျှော်လင့်မိဘူး။
ဖြစ်ချင်သလောက် ဖြစ်ခွင့်ရမယ်ဆိုရင်တော့ အကောင်းဆုံးပဲ။
ဒီလိုပါပဲ ခရီးအစဆိုတာ စိတ်ဝင်စားစရာ ကောင်းသလောက် ခရီးအလယ်ဆိုတာ ပျင်းရိ ငြီးငွေ့စရာပဲမှလား။
ကိုယ့်ဘက်က အစွမ်းအစကုန်တော့ ကြိုးစားခဲ့တယ်လို့ ထင်ပါတယ်။
၂၀၁၀မှာတော့ ကိုယ့်ရဲ့ မူလရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ ဂျာနယ်တွေ၊ ကွန်ဖရင့်တွေ အတွက် ကြိုးစားရမယ်။
ငွေရေးကြေးရေး
ဒီနှစ်အတွင်း ငွေရေးကြေးရေးနဲ့ ပတ်သတ်တဲ့ ကိုယ့်ဘ၀အမြင်တချို့ ပြောင်းလာတယ်။ မိသားစုအတွက် ကိုယ် ဖြစ်ချင်သလောက် မဟုတ်ပေမဲ့ စိတ်ကျေနပ်မှုတော့ ရအောင် လုပ်ပေးဖြစ်တယ်။ နောက် ကိုယ့်ရဲ့ကိုယ်ပိုင် အကျိုးအတွက်လဲ စ လုပ်ဖြစ်တယ်။ မြန်မာပြည်ကို ပြန်ရောက်တဲ့တနေ့ အိမ်ခြေမဲ့တော့ မဖြစ်တော့ဘူးလို့ မျှော်လင့်ရတယ်။ ၂၀၁၀ မှာတော့ ဘာရယ်လို့ တိကျတဲ့ ရည်ရွယ်ချက် မရှိပေမဲ့ ဖေဖေ့အတွက် တခုခုတော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။
ကိုယ်ပိုင် တိုးတက်မှု
လက်ရှိတက်နေတဲ့ ကျောင်းနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ကိုယ်ပိုင် တိုးတက်မှုတွေကို ရှာဖြစ်ဖို့ ၂၀၀၉ နှစ်စမှာ မျှော်လင့်ခဲ့ပေမဲ့ ကိုယ် မလုပ်နိုင်ခဲ့ဘူး။
ကိုယ့်ရဲ့ ပါရမီ မပါလာတဲ့ အနုပညာ တူရိယာ ပစ္စည်းတွေကို တီးဖို့ ကြိုးစားခဲ့တာလဲ ကိုယ့်ရဲ့ ၂၀၀၉ အတွက် အရှုံးပါပဲ။
အင်္ဂလိပ်စာ တိုးတက်မှုအတွက်တော့ အရင်နှစ်တွေထက် စာရင် ပိုပြီး အာရုံစိုက်မိလာတယ်။ စာမေးပွဲလဲ ၀င်ဖြေ ဖြစ်ခဲ့မယ်။ ဒါပေမဲ့ တိုးတက်မှုက တိုင်းရ ခက်နေဆဲပါပဲ။ သူငယ်ချင်းတွေက တရုတ်စကားအပြောများတဲ့အတွက် နားယဉ်လာခဲ့တယ်။ နားလည်တာတော့ မဟုတ်ဘူး။ ၂၀၁၀မှာ အခြေအနေပေးရင် တရုတ်စကားကို အနဲနဲ့ အများတော့ သင်ဖြစ်မယ်ထင်တယ်။
Thursday, December 24, 2009
လူချွန်လူကောင်း
လယ်ကွင်းတွေက တမျှော်တခေါ်စိုပြည်လွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေ သန်မြန်အောင်မြင်….။
မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံသွဲ့ နာပျော်ဖွယ်ကြည်ကြည်လင်
လုပ်ငန်းကို ကိုယ်စီဝင် စက်ရုံ ကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတခွင်က အရောင်းအ၀ယ် စုံဆန်သာသည်ပင်….။
လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်
မြို့မ မိတ်ဆွေတွေကို
ကြည်ညိုစွာ မြင်လိုက်ချင်
ဗမာ့သားကောင်းများကို အဆိုအတီးအမှုတ်နဲ့ပင်
ရိုသေခင်မင် အားတက် အလေးပြုလျှက်ပဲ အစဉ်…။)၂
ကစားခုန်စား စွမ်းအားဘက်တွင်
စံချိန်ရင်ဘောင်တန်းလိုက်လို့ယှဉ်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်
သန်မြန်ယောက်ျားဘသားပင်...
လျှပ်စစ်အားအသုံးများတဲ့ အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက် မြေတခွင်
သစ်ပင်တွေ မြေတွင်းဓာတ်တွေ
ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်
ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င်
သုံးသပ်လေ့လာယှဉ်
အကြံဉာဏ်ဝေဖန် မျှော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်
ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းရင်
မြေပြင်လေပြင်နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တယောက်ဆို တအားပင်…။
((ဆရာဝန် ပညာတွေကိုသင်
ခေတ်ရောရှေ့မီ သမားကျော်များပင်
လူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်ထား ညွန်ကြားညွန်ကြား
သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်)၂
(ကလေးလေးတွေ ပညာရရှိဖို့တော့
အဖအမိပုံသွင် အာစရိတွေပင်)၂
လူချွန်လူကောင်းလေးတွေ ဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်...
ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းရင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တယောက်ဆို တအားပင်) ၂
လူချွန်လူကောင်း
ရေး။ ။ မြို့မငြိမ်း
Tuesday, December 22, 2009
စာရေးဆရာတစ်ယောက်ရဲ့ မှတ်စကို ခံစားကြည့်ခြင်း
သူမရဲ့စာရေးဆရာမ ဘ၀ ပထမ မျက်နှာ ကို အမှတ်တရ နဲ့ ဥပမာပေးသွားပြီး (living together) ရေးသော စာရေးဆရာမ အဖြစ်၊ အဆိပ်ပင်အဖြစ် သတ်မှတ်ခံ ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒုတိယဘ၀ စာမျက်နှာကိုတော့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်နဲ့ ဖွင့်လှစ်ပြသွားပြီး မ ၀ါဒီ တစ်ဦး အဖြစ် စွပ်စွဲခံခဲ့ရတယ် လို့ ပြောပြခဲ့ပါတယ်။
တတိယဘ၀ စာမျက်နှာကိုတော့ ကျွန်မချစ်သော ကမ္ဘာမြေ ဆိုတဲ့ စာအုပ်နဲ့ အတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦး (ကျွတ်ကျွတ်အိတ်ဆရာမ) အဖြစ် တံဆိပ်ကပ်ခံခဲ့ရပြန်တယ်လို့ ဆိုပါတယ်။
နောက် စတ္ထုတ္ထ စာမျက်နှာကိုတော့ စောင့်နေမယ်လို့ မပြောလိုက်ရဘူး ဆိုတဲ့ စာအုပ်နဲ့အတူ သူမရဲ့ စိတ်ဝင်စားမှုဟာ ပညာရေး (အထူးသဖြင့် လူငယ်တွေရဲ့ ပညာရေး)ကို အားပေးချင်သူအဖြစ် သူမကိုယ်သူမ သတ်မှတ်သွားပါတယ်။
လက်ရှိကာလ သူမရဲ့ စာရေးဆရာ မှတ်စုကိုတော့ အ၀ါရောင် ရထား နဲ့ ဖွင့်ဟပြသွားပါတယ်။
သူမဟာ လောလောဆယ်မှာ လူမှုရေး လုပ်ငန်းတွေကို အားသန်နေပြီး ကလေးသူငယ် ပြုစုရေးအပေါ် အားသန်နေပါတယ်ဆိုတာနဲ့ သူမရဲ့ စာရေးဆရာ မှတ်စုကို နိဂုံး ချုပ်သွားခဲ့ပါတယ်။
ကျွန်မအနေနဲ့ ခံစားလိုက်ရတာကတော့ ဂျူးဟာ ကမ္ဘာမြေကြီးရဲ့ တန်ဖိုးရှိတဲ့ လူသားတစ်ဦးဆိုတာပါပဲ။ အသက်အရွယ်နဲ့ အတူ သူမဟာ ကြီးပြင်းလာတယ်။ ဆယ်ကျော်သက်အရွယ် အချစ်ကို စိတ်လှုပ်ရှားစဉ်ကာလ မှာလည်း အချစ်ကို အကြောင်းပြုပြီး တန်ဖိုးရှိတဲ့ စာပေတွေကို ထားခဲ့နိုင်တယ်။ နောက် ၂၀ ကျော် ၃၀ နားနီးလာ တော့ လိင်ခွဲခြားဆက်ဆံမှုကို တွေ့ကြုံခံစားလာရတဲ့အခါ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့် တွေကို စာပေကတဆင့် ပညာပေးခဲ့ပြန်ပါတယ်။
နောက် အသက် ၃၀ ကျော်စဉ်ကာလမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ဆောင်ခဲ့တယ်။ ပညာတတ်အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ယိုယွင်းမှုတွေကို မြင်လာရတဲ့အခါ သူမရဲ့ ကလောင်သွားကနေ ဒါတွေကို လှစ်ဟပြမိတာလို့ ကျွန်မ ထင်ပါတယ်။ အဲဒီလို ကမ္ဘာ့ဆိုင်ရာ ယိုယွင်းမှုတွေကို ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ လူငယ်တွေ၊ ကလေးတွေရဲ့ ဒုက္ခကို မြင်လာတဲ့အခါ အဝေးက ဒုက္ခထက် အနီးက ဒုက္ခ အရေးကြီးတယ်လို့ ဆရာမ ဂျူး ခံစားလိုက်ရတယ်လို့ ကျွန်မမြင်မိတယ်။
လူငယ်တွေ အတွက် ပညာရေးကို ဆရာမ တတ်နိုင်သလောက် စာပေကနေ ထိန်းမတ်ပေးခဲ့တယ်လို့ ခံစား ရတယ်။ စနစ်တစ်ခုကို လွန်ဆန်လို့ မရနိုင်သေးတဲ့ကာလမှာ တက္ကသိုလ်ဆိုတာ ဘွဲ့ရဖို့ထက် ပိုပါတယ် ဆိုတာ ကို ကျွန်မတို့ လူငယ်တွေ ခံစားသိရှိအောင် စာပေကတဆင့် ပညာပေးခဲ့ပြန်ပါတယ်။ အဲလို လုပ်ရင်းကနေ အခုအချိန်မှာ တိုင်းပြည်ရဲ့ အနှစ်ဖြစ်တဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ လူမှုရေးကို စောက်ချလုပ်ကိုင်နေတဲ့ သူ၊ ကမ္ဘာလောကကြီးကို ပေးသူ အဖြစ် ရပ်တည်နေတဲ့ တန်ဖိုးရှိ လူသားတစ်ယောက်ပဲလို့ ရင်ထဲမှာ လေးစားမိ ပါတယ်။
ဒီစာပေဟောပြောပွဲကနေ သူမ မသိမသာ လှစ်ဟပြသွားတဲ့ အချက်တစ်ခုကတော့ မြန်မာပြည်က အင်တာဗျူး ဆရာတွေရဲ့ ချို့ယွင်းချက်ပါပဲ။လူတစ်ယောက်ကို လေးစားစိတ်အခံမရှိဘဲ ၊ အဲဒီလူရဲ့ အကြောင်း (သမိုင်း)ကို မသိဘဲ ချဉ်းကပ်တတ်တဲ့ လူအချို့ပါပဲ။ ဆရာမဆီက အချက်အလက်တွေ လိုချင်လို့ လာမေးတဲ့ လူက ဆရာမ ဘာကြောင့် အပျိုကြီး ဖြစ်ရသလဲဆိုတာကို မသိဘဲ စွတ်ပြီး ဆုတောင်းပေးခဲ့တဲ့အတွက် ဆရာမ စိတ်တိုရတယ် လို့ ပြောပြသွားတာပါ။ အဲဒီမှာ ဆရာမ ပြောခဲ့တဲ့စကားလေးကို ကျွန်မ အရမ်းသဘောကျမိပါတယ်။ ကျွန်မက လိုတာ မရလို့ စိတ်တိုတာ မဟုတ်ပါဘူး။ ကျွန်မ အကြောင်းကို ဒါလေးတောင် မသိရကောင်းလားလို့ စိတ်တို တာပါ ဆိုတဲ့ စကားပါ။ ရုတ်တရက် နားထောင်မယ်ဆိုရင် ဒီဆရာမ ဘ၀င် မြင့်လှချေလား သိချင်မှ သိမှာပေါ့လို့ ထင်စရာပါပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ဆရာမ ခံစားချက်က သိပ်မှန်ပါတယ်။ ဆရာမဆီက အချက်အလက်တွေကို လာမေးတဲ့ လူတစ်ယောက်အနေနဲ့ ဆရာမကို အနဲဆုံး လေးစားတဲ့ စိတ်တော့ ရှိသင့်ပါတယ်။ ဆရာမရဲ့ စာအုပ်တွေကို ဖတ်ဖူးတဲ့လူဆိုရင် ဆရာမ ဘယ်လိုလူဆိုတာ သိနိုင်ပါတယ်။ တာဝန် မယူချင်လို့ (သို့) လိုတာ မရလို့ အပျိုကြီး လုပ်နေတဲ့ လူမျိုး မဟုတ်ဘူးဆိုတာ ဆရာမကို ဆက်ဆံကြည့်ရင် သိသင့်ပါတယ်။ အဲဒီလို အခြေခံ အချက်ကိုတောင် မသိပဲ ဆရာမဆီက အခွင့်အရေး၊ အချက်အလက်တွေကို လာယူတာကတော့ စိတ်ပျက်စရာပါ။
ဒီကိစ္စကို လေးဖြူလဲ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးတယ်လို့မှတ်မိပါတယ်။ အဲဒီအတွက် လေးဖြူက ရိုင်းတယ် လို့ အစွပ်အစွဲ ခံခဲ့ရပါတယ်။ အဲဒီလို လေးဖြူအကြောင်းဝေဖန်သံကို ကြားဖူးကထဲက လေးဖြူ မှန်တယ် လို့ ကျွန်မ ခံစားခဲ့ရပါတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေက နံမည်ကြီးပြီးသား ကလောင်ရှင်တွေ ၊ အဆို တော်တွေကို အင်တာဗျူးတာ သူတို့ စောင်ရေ တတ်ချင်တာ အဓိကဖြစ်နေပါတယ်။ တကယ်ဆိုရင် အနုပညာလောကမှာ အလုပ်လုပ်တဲ့လူတွေဟာ အနုပညာကို တကယ်ချစ်တဲ့လူတွေ မဖြစ်သင့်ဘူးလား။ စာရေးဆရာမကို အင်တာဗျူး မဲ့လူဟာ အဲဒီစာရေးဆရာမကို မသိရင်၊ အဆိုတော်တစ်ယောက်ကို အင်တာဗျူးမဲ့ သူက အဲဒီအဆိုတော်ကို မသိရင် ဘယ်လို ရိုးသားမှုမျိုးနဲ့ ဒီအင်တာဗျူးကို ရေးကြမလဲ။ မရိုးသားနိုင်ပါဘူး။
Sunday, December 20, 2009
စာပေဟောပြောပွဲမှ မှတ်သားမိသော စကားအချို့
မြန်မာလူမျိုးတွေရဲ့ စိတ်ကို မြန်မာ့ ဂီတကနေ သိနိုင်ပါတယ်။
မြန်မာလူမျိုးတွေဟာ ချစ်ခြင်း မေတ္တာတရားကို တန်ဖိုးထားတယ်။
သမီးရည်းစား အချစ်မှ မိသားစု အချစ် ၊ လူသား အချင်းချင်း တန်ဖိုးထားမြတ်နိုးတဲ့ လူမျိုး ဖြစ်တယ်။ ဂါရဝေါစ နိဝါတောစ၊ ကြီးသူကို ရိုသေ ငယ်သူကို လေးစားတဲ့ လူမျိုးဖြစ်တယ်။ မိမိကိုယ်ကို နှိမ့်ချတတ်တဲ့ လူမျိုးဖြစ်တယ်။ မကြွားဝါတတ်ဘူး။ မာနမကြီဘူး။
မြန်မာလူမျိုးတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို နှစ်သက်တယ်။
သစ်ပင်ပန်းပင်လေးတွေကို ချစ်တယ်။ရေမြေတောတောင်တွေကို ချစ်တယ်။အေးချမ်းမှု၊ ငြိမ်းချမ်းမှုကို တန်ဖိုး ထားတယ်။ စိတ်ထားနူးညံ့တယ်။ သိမ်မွေ့တယ်။
မြန်မာလူမျိုးတွေဟာ ဇာတိမာန် ကြီးတယ်။
လူမျိုးကို ချစ်တယ်။ တိုင်းပြည်ကို ချစ်တယ်။ တိုင်းပြည်အတွက်လဲ ဂုဏ်ယူတယ်။ သမိုင်းရှိတဲ့ လူမျိုး ဖြစ်ရတာ အတွက် ဂုဏ်ယူတယ်။ ရှေးပဝေသဏီက မင်းတွေကို တမ်းတနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ထွန်းတောက်တဲ့ သမိုင်း ကို ဂုဏ်ယူတယ်။ စည်းလုံးခြင်းကို ဂုဏ်ယူတယ်။
(နေ၀င်းမြင့်၊ ၂၀-၁၂-၂၀၀၉)
အနာဂတ်တစ်ခု လှပဖို့ ပစ္စုပ္ပာန်မှာ တာဝန်ရှိတယ်။ ယူသူ ဖြစ်ခဲ့ပြီးနောက် ပေးသူအဖြစ် ဘာတွေ တာဝန်ကျေခဲ့ ပြီလဲ။ ကိုယ့်ဘ၀ရဲ့ အနာဂတ်တစ်ခုလုံးကို ဖျက်ဆီးပြီး ကလေးကို ကယ်တင်မယ်ဆိုတဲ့ ပါးစပ် လူစွမ်းကောင်းတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူဘယ်နှစ်ယောက်လောက်ကို ကယ်တင်နိုင်ပြီးပီလဲ။ ကလေး ဘယ်နှစ်ယောက် လောက်ကို မေတ္တာတရား ပေးခဲ့ပြီးပြီလေ။
(ဂျူး၊ ၂၀-၁၂-၂၀၀၉)
မြန်မာ စာပေဟောပြောပွဲ
စိတ်အနှောက်အယှက်ဖြစ်ရတာကနေ စပြောပါမယ်။
အစီအစဉ်ကြေငြာသူ နှစ်ဦးရဲ့ စကားပြောပုံတွေက သိပ်ကို ပေါ့ပျက်လွန်းပါတယ်။ ဥပမာ ပေးရရင် ဆန်မွှေးထဲ ကြက်ချေး ရောသလိုပါပဲ။ ဟာသ ဆိုတာ သုံးရမဲ့ နေရာ ဟုတ်မဟုတ်ဆိုတာကိုတော့ ဆင်ခြင်နိုင်တဲ့လူတွေ ဖြစ်သင့်ပါတယ်။ သူတို့ အတွေ့ အကြုံအရ ပွဲပေါင်းများစွာကို နွှဲပြီးသားလူတွေပဲလေ။ သင်္ကြန်ပွဲ မဟုတ်တဲ့ ပွဲတစ်ခုမှာ သူတို့လုပ်နေပုံတွေက ပွဲရဲ့ တန်ဖိုးကို ကျစေပါတယ်။
ဥပမာ တစ်ခုပေးရရင် သူတို့ ပြောသွားတဲ့ထဲမှာ (ဆရာ နေ၀င်းမြင့် ဟောပြောမှု အပြီး) ၁၅ ကျပ်က ဆရာနဲ့ တင် တန်ပါတယ်ဆိုပြီး ဆရာ့ကို မြှောက်သလိုလိုနဲ့ ငွေထပ်တောင်းဖို့ စကားခေါ်သွားတာပါ။ စာပေကို မြတ်နိုး လို့ အစီအစဉ်ဖြစ်အောင် ကြိုးစားခဲ့သူတွေ အားလုံး၊ လာတက်သူတွေ အားလုံးကို စော်ကားသွားသလိုပါပဲ။ ဒီနေ့ပွဲကို လာသွားတဲ့ စာရေးဆရာတွေရဲ့ တန်ဖိုးက ငွေကြေးနဲ့ တိုင်းတာဖို့ ခက်ပါတယ်။ အခုလို ပွဲတစ်ခု ဖြစ်မြောက်အောင် လုပ်သွားတဲ့ လူတွေရဲ့ စိတ် (အထူးသဖြင့် လူငယ် တွေရဲ့ ကြိုးပမ်းမှု) မှာ အမြတ်အစွန်းဆိုတဲ့ စိတ်မပါဘူးလို့ ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အခမဲ့တောင် လုပ်ပေးချင်ကြမှာပါ။ မဖြစ်နိုင်လွန်းလို့သာ ငွေကြေးတန်ဖိုးတစ်ခု သက်မှတ်ရတာပဲ ဖြစ်ပါလိမ့်မယ်။ ဒီပွဲကို လာတဲ့လူတွေကလဲ ဈေးနှုန်းဆိုတာထက် ကိုယ်ချစ်တဲ့ စာရေးဆရာ၊မ တွေရဲ့ ဟောပြောမှုကို နားထောင်ချင်လွန်းလို့ စာပေကို မြတ်နိုးလို့ လာတာပါ။ ဈေးထပ်တင်မယ် ဆိုရင်တော့ ငွေကြေးတတ်နိုင်တဲ့လူက လာပြီး မတတ်နိုင်တဲ့လူတွေက အဝေးက လက်ပိုက်ကြည့်နေရမှာပါ။ အဲ ဈေးနှုန်းချမယ်ဆိုရင်လဲ စာပေကို မမြတ်နိုးတဲ့လူက အားအားယားယား ဒီခန်းမထဲမှာ ၅ နာရီ ၆ နာရီ လာမထိုင်ပါဘူး။
အချို့လူတွေအတွက် (၁၅) ကျပ်ဆိုတဲ့ ငွေပမာဏဟာ အရမ်းနဲပါတယ်။ KFC မှာ တစ်မနက် စားသလောက်ပဲ ရှိချင်ရှိလိမ့်မယ်။ အချို့အတွက်တော့ (၁၅) ကျပ်ဟာ သူ့ရဲ့ ၃ နာရီ လုပ်အားခ ဖြစ်ကောင်း ဖြစ်မယ်။သေချာတာ တစ်ခုကတော့ စာပေကို မြတ်နိုးလို့ ဒီခန်းမထဲကို ရောက်လာကြတာပါ။ စာပေ မမြတ်နိုးပဲ ငွေကြေးတန်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီခန်းမထဲကို ရောက်လာတာ မဟုတ်ပါဘူး။ ဒီသဘောတရားကိုတောင် မသိပဲ စင်ပေါ်မှာ မိုက်ကိုင်ရ ပြီးရော တက်လာမယ် ဆိုရင်တော့ သူတို့ရဲ့ တန်ဖိုးကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကျွန်မ ယုံကြည်ပါတယ်။ စာပေ မြတ်နိုးလို့ ဒီအစီအစဉ်ဖြစ်အောင် ၀ိုင်းလုပ်ပေးခဲ့တဲ့ လူငယ်တွေထဲမှာ အခမ်းအနားမှုး အဖြစ် စီစဉ်နိုင်မဲ့ကလေးလူငယ်တွေ အများကြီး ပါပါတယ်။ မူလ ရည်ရွယ်ချက် မပျက်စေမဲ့ နောက်ထပ် စာပေ ဟောပြောပွဲများစွာကို စီစဉ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
စာရေးဆရာ၊ဆရာမများရဲ့ ဟောပြောချက်များကတော့ ပြောစရာ မရှိပါဘူး။ တကယ်လို့ ချီးကျူးမယ်ဆိုရင် မြင်းထိန်းငတာဘ၀ ရောက်သွားမှာဆိုးလို့ ကျွန်မ မချီးကျူးရဲပါဘူး။ သေချာတာကတော့ ဒီပွဲကနေ ကိုယ့်ရဲ့ မျိုး ချစ်စိတ်တွေကို ပိုပြီး ရှင်သန်လာအောင် နှိုးဆွပေးသွားတယ်။ လူတစ်ယောက်ဖြစ်ရခြင်းရဲ့ တန်ဖိုးကို ဂျူးက ပုတ်နှိုးသွားတယ်။ ဂျူးက ကျွန်မရဲ့ လေးစားမြတ်နိုးရတဲ့ စာရေးဆရာမတစ်ဦးမို့ ကျွန်မ ဒီပွဲကို သွားခဲ့တာပါ။ ဒါပေမဲ့ မသွားခင်မှာ တော်တော်လေး စဉ်းစားခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ ဂျူးက စကားပြော ညံ့တယ်လို့ ကြားဖူးထားလို့ပါ။ ကျွန်မ ဂျူးကို ကြိုက်တာက သူများ ပြောလို့လဲ မဟုတ်ဘူး။ အမှတ်တရဆိုတဲ့ ၀တ္ထုကြောင့်လဲ မဟုတ်ဘူး။ အမှန်ပြောရရင် အမှတ်တရ ၀တ္ထုကို မနှစ်မြို့သူတွေထဲမှာ ကျွန်မရဲ့ အဖေလဲ ပါတယ်။ အဖေ့ရဲ့ မကြိုက်တဲ့ လေသံကြောင့်မို့ ကျွန်မ ဂျူးကို ခပ်ဝေးဝေးပဲ နေခဲ့တာပါ။ အဲဒီအချိန်မှာ ကျွန်မ အဖတ်များခဲ့တာက မိုးမိုး(အင်းလျား)နဲ့ မစန္ဒာ။ ကျွန်မ ဂျူးကို နှစ်နှစ်ခြိုက်ခြိုက် ဖြစ်သွားရတာက ပင်လယ်နှင့်တူသော မိန်းမများ စာအုပ်ကို အကိုတစ်ယောက်ရဲ့ အိမ်မှာတွေ့ပြီး ဖတ်မိရာက စတယ်။ သူ့ရဲ့ ၀တ္ထုထဲက ဇာတ်ကောင်မှန်သမျှကို နှစ်ခြိုက်မိခဲ့တယ်။ ရိုးသားတဲ့ ပျော့ညံ့တဲ့ ဟင်္သာ၊ ထက်မြတ်တဲ့ အိမ်စိုးမေ၊ နောက်ဆုံး ဇာတ်ပို့၊ ဇာတ်ရံတွေက အစ ကျွန်မ နှစ်ခြိုက်သွားတယ်။ တစ်နှစ်လောက် အဲဒီစာအုပ်ကို ဖင်ပြန် ခေါင်းပြန် ဖတ်ရလောက်အောင် ကျွန်မ စွဲခဲ့တယ်။ နောက် ဒုတိယ ဖတ်ဖြစ်တာ လရဲ့ အောက်ဘက် မိုင်အဝေးမှာ ၊ နောက် ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်။ အဲဒီနောက်တော့ အမှတ်တရ ကိုလဲ ပြန်ဖတ်ဖြစ်သလို ရာဇ၀င်ထဲမှာ မောင့်ကို ထားခဲ့ကို လဲ ပြန်ရှာ ပြန်ဖတ်ခဲ့တယ်။ အဟောင်းတွေကို ပြန်ဖတ်မိတော့ နှစ်ခြိုက်မိသလို နောက်ပိုင်းရေးတဲ့ တိမ်နဲ့ ခြည်သောကြိုး၊ သူ မင်းကို ဘယ်တော့မှ တို့ကိုလဲ ကျွန်မ စွဲလန်းမိတယ်။ သူ့စာအုပ်တိုင်းနီးပါး ကျွန်မ ဖတ်ဖြစ်ခဲ့သလို တော်တော်များများကိုလဲ ၀ယ်သိမ်းဖြစ်ခဲ့ပါတယ်။ နဲနဲကြိုက်တာနဲ့ များများကြိုက်တာပဲ ကွာပြီး စာအုပ်တိုင်းနီးပါးကို ကျွန်မ ခံစားလို့ ရခဲ့တယ်။ ဒါဟာ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ ချစ်ခြင်းမေတ္တာတရားကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ကျွန်မက သူရဲ့ ရိုးသားမှုနဲ့ စာပေအပေါ်ထားတဲ့ စေတနာကို နှစ်သက်မိတာမို့ ဂျူးကို ကျွန်မ အရမ်းချစ်သလို လေးလဲ လေးစားပါတယ်။ အဲလို လေးစားရတဲ့ လူတွေကို အပြင်မှာတွေ့ရမှာ ကျွန်မကြောက်တယ်။ အဲဒီခံစားချက်ကြောင့်မို့ ဒီပွဲကို သွားဖို့ မသွားဖို့ စဉ်းစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျေနပ်တယ်။ သွားဖြစ်ခဲ့တဲ့အတွက် ကျွန်မကိုယ် ကျွန်မလဲ ကျေးဇူးတင်တယ်။ ကျွန်မ မျှော်လင့်ထားတာ ထက် ဂျူးက စကားပြော ဟောပြောမှု ကောင်းတယ်။ အခြေအနေပေးမယ်ဆိုရင် ဂျူးနဲ့ မိတ်ဆွေ တစ်ယောက် လို ခင်ချင်တယ်။
ဆရာ နေ၀င်းမြင့်ကို အမှန်ဝန်ခံရရင် ကျွန်မ မသိဘူး။ ကျွန်မက အမျိုးသား စာရေးဆရာတွေကို နံမည်စွဲပြီး ဖတ်ရလောက်အောင် နှစ်ခြိုက်မိသူ မရှိခဲ့ဘူး။ ချစ်ဦးညိုရဲ့ စာအုပ်တွေကို ဖတ်သလို သုမောင်ရဲ့ စာအုပ်ကိုလဲ နှစ်ခြိုက်တယ်။ ဒါပေမဲ့ စာအုပ်တိုင်းကို လိုက်ဖတ်ရအောင် မရူးသွပ်ဘူး။ အဲတော့ တစ်ချို့ စာအုပ်တွေက ဖတ်ဖူး ပေမဲ့ ဘယ်သူရေးတာလဲ မသေချာဘူး။ ကျွန်မက ရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်းကို တော်တော်လေး စွဲစွဲ လန်းလန်း ဖတ်ဖြစ်ပေမဲ့ ရွှေဥဒေါင်းရဲ့ တခြားစာအုပ်တွေ မဖတ်ဖူးတာ အများကြီးပဲ။ အဲလိုပဲ သုမောင်ရဲ့ စာမျက်နှာ ၁၆ ကို ကြိုက်ပေမဲ့ တချို့ဆောင်းပါးများကို မကြိုက်လှဘူး။ တချို့ဟာတွေဆို အမြင်တောင် ကပ်သေး။ အဲလို အမျိုးသားစာရေးဆရာတွေနဲ့ နဲနဲဝေးတဲ့ ကျွန်မက နေ၀င်းမြင့်ဆိုတာ ဘယ်သူမှန်းမသိတော့ အပေါက်ဝမှာ ရောင်းနေတဲ့ထဲက နေ၀င်းမြင့်ရဲ့ စာအုပ်လေး တစ်အုပ်ကို ရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါမှ နေ၀င်းမြင့်ဆိုတာ ဘယ်သူလို့ ကျွန်မက သိမှာကို။ (အခုထိတော့ မဖတ်ရသေးဘူး)။ ဒါပေမဲ့ ဟောပြောပွဲကို နားထောင်ပြီးမှာတော့ ကျွန်မ ခံစားချက်ပြောင်းသွားတယ်။ တော်လိုက်တာ ဆိုတဲ့ ခံစားချက်။ ဒါမှ မြန်မာ့ စာရေး ဆရာဆိုတဲ့ ခံစားချက်ပါ။ ဆရာမ ခင်ခင်ထူးရဲ့ အမျိုးသားလို့ သိလိုက်ရတဲ့အချိန်မှာ ရေကန်သာ ကြာတိုင်းအေး ကို ဘာသာပြန်နေတဲ့ဆရာလို့ သိရတဲ့ အချိန်အထိ ကျွန်မ နေ၀င်းမြင့်ကို အဲလောက် အထင်မကြီးသေးပါဘူး။ ဒါပေမဲ့ သူ့ဟောပြောချက်တွေကို နားထောင်ရင်း မျိုးချစ်စိတ်တွေ ရှင်သန်လာတော့ သူသာ ငါ့ဦးလေး ဖြစ်လိုက် ပါတော့လို့ တွေးမိသွားတယ်။ သူငယ်ချင်းတွေ (စလုံး)နဲ့ ပေးတွေ့လိုက်ချင်တယ်။ ဒါ ငါတို့ မြန်မာလူမျိုးပဲ။ ငါ ဘာကြောင့် မြန်မာလူမျိုးဖြစ်ရတာ ဂုဏ်ယူသလဲဆိုတော့ အခုလို စာပေကို အမှန်အကန်ချစ်မြတ်နိုးတဲ့ ဆရာတွေကြောင့်ပဲလို့ ရင်ကော့ ခေါင်းမော့ ပြောလိုက်ချင်တယ်။ ဂီတကို အမှန် လိုက်စားသူတစ်ယောက်၊ စာပေကို ရင်ဘက်ထဲက မြတ်နိုးသူတစ်ယောက်လို့ ခံစားရတယ်။
ဆရာ ချစ်ဦးညိုကိုတော့ ကျွန်မ အတိုင်းအတာ တစ်ခုအထိ သိတယ်။ သူ့ရဲ့ သူများနဲ့ မတူ ထူးခြားတဲ့ အတွေး တွေကြောင့် ချစ်ဦးညိုရဲ့ စာအုပ်အချို့ကိုတော့ ဖတ်ဖြစ်တယ်။ စာအုပ်တိုင်း လိုက်ဖတ်ရအောင် မစွဲလန်းခဲ့ပေမဲ့ ရှင်စောပု တို့၊ နှင်းကေသရာချစ်တဲ့ သူရဲကောင်းတို့ကို နှစ်သက်မိတယ်။ သမိုင်းကို လမ်းလွဲစေတယ်ဆိုတဲ့ သမိုင်းကို နှစ်ခြိုက်သူ သမိုင်းသုတေသီတွေရဲ့ ဝေဖန်ချက်တွေ ကြားရတဲ့အခါမှာတော့ ကျွန်မက ချစ်ဦးညိုကို ဆက်နှစ်သက်ရမလားဆိုတာ တွေဝေခဲ့မိတယ်။ စာရေးသူတစ်ယောက်အနေနဲ့ ရသ ခံစားမှုအနေနဲ့ကတော့ ကျွန်မ ချစ်ဦးညိုရဲ့ စာအုပ်တွေကို ချစ်တာ အမှန်ပဲ။ ဒါပေမဲ့ သူက ရိုးသားရဲ့လားလို့တော့ တခါတခါ ခံစားခဲ့ရတယ်။ ဒီနေ့ ဟောပြောပွဲမှာတော့ ဆရာချစ်ဦးညိုက ရိုးသားပါတယ်လို့ မှတ်ချက်ချမိတယ်။ သူ့မှာ ရိုးသားတဲ့ စာပေချစ်စိတ် ရှိတယ်။ အသွေးအသားထဲက ပါလာတဲ့ စာပေ မြတ်နိုးစိတ် ရှိတယ်လို့ ခံစားရတယ်။ စကားပြောကောင်းသူတစ်ယောက်ဆိုတာ မငြင်းနိုင်ပါဘူး။ ဂီတ အနုပညာကို မြတ်နိုးသူ၊ စာဖတ်သူအပေါ် စေတနာ ထားတဲ့သူ၊ ပြောချင်တဲ့ စကားကို ပေးချင်တဲ့ ပရိသတ်လက်ထဲ ရောက်အောင် ခပ်ပါးပါးလေး ပေးသွားနိုင်သူပါ။ စင်္ကာပူက အငြိမ့်ကတဲ့ပြဇာတ်ဆရာများ ဒါတွေကို အတုယူသင့်ပါတယ်။ အခုတော့ နိုင်ငံရေး ပျက်လုံးတွေကို အတစ်လိုက် အတုံးလိုက်ထည့် ပြောတာ ကြာတော့ ကြည့်ရတာ မျက်စိညောင်းလာပါတယ်။
Friday, December 11, 2009
သုံးနှစ် (၉ ရက် ဒီဇင်ဘာ ၂၀၀၉ အမှတ်တရ)
သုံးနှစ်ဆိုတာ ကွက်လပ်တစ်ခုရဲ့ တန်ဖိုးကို နင့်နင့်နဲနဲ ခံစားသိဖို့ လုံလောက်တဲ့အချိန်။
သုံးနှစ်ဆိုတာ အပြောင်းအလဲ တစ်ခုကို လက်ခံလိုက်နိုင်ဖို့ သင့်တော်တဲ့အချိန်။
သုံးနှစ်ဆိုတာ အရာရာကို အသစ်ပြန်စဖို့ အသင့်ရှိရမဲ့ အချိန်။
မေမေ....
ဒါပေမဲ့ ဆိုတဲ့ အတွေးတွေကို မတွေးမိဖို့ ကြိုးစားနေရင်းက တွေးနေမိသေးတယ်။
လောကမှာ အရာရာဟာ မှောင်အတိကျသွားပြီလားလို့ မတွေးတော့မိပေမဲ့ မေမေသာရှိရင်ဆိုတဲ့အတွေးနဲ့ လွမ်းနေမိဆဲပဲမေမေ။
လူသားတစ်ဦးက မိသားစုကို ခွဲခွာသွားခဲ့တယ်။ နောက်ထပ် လူသားတစ်ဦးက မိသားစုထဲ ၀င်ရောက်လာ ခဲ့တယ်။ ဟော ဒီလူသားကို အကြောင်းပြုလို့ နောက်ထပ် လူသားပေါက်စလေးက ဘ၀ထဲ ၀င်လာ ပြန်ပြီ မေမေ။
အားလုံးဟာ အရာရာတွေအတွက် လူသားပီသစွာ ဘ၀ကို ရှေ့ဆက်လျှောက်နေဆဲပါ။ သမီးလဲ ထို့အတူပါပဲ။ တခါတလေ အားပျော့ အားလျော့မိတဲ့အခါမှာတော့ မေမေ့ကို တမ်းတမိတယ်။ အားပေးစကားတွေ မဆိုတတ်လဲ အကြံဥာဏ်ကောင်းတွေ မပေးနိုင်လဲ ကိုယ့်ကို အထင်ကြီးတဲ့ ကိုယ့်ကို ယုံကြည်တဲ့ မေမေ့ စကားလုံးတွေနဲ့ မျက်နှာကို အခွင့်ရှိရင် ပြန်မြင်ချင် ကြားချင်မိတယ်။
တခါတလေ ၀မ်းသား ဂုဏ်ယူစရာ ကြုံတွေ့ရတဲ့အခါ မေမေ့ကို ပြောပြချင်မိတယ်။ မေမေရဲ့ ၀မ်းသာအားရနဲ့ အမျိုးတွေကြား ကြွားဝါ ဂုဏ်ယူနေမှာကို မြင်ချင်မိတယ်။ သားသမီးနဲ့ ပတ်သတ်လာရင် အမေက အမြဲ ဂုဏ်ယူ နိုင်ခဲ့တာဆိုတော့ အမေ့ရဲ့ အသံကို ပြန်ကြားချင်မိတယ်။
စာတိုက်ပုံးကို စစ်တဲ့အခါ အမေ့လက်ရေးနဲ့ ရေးထားတဲ့ စာလေး တစ်စောင်လောက်ကို ပြန်ဖတ်ချင်မိတယ်။ ဖေဖေနဲ့ မမအကြောင်း၊ အမျိုးတွေ အကြောင်း၊ ပတ်ဝန်းကျင်က လူတွေအကြောင်း စုံစုံစိစိ ရေးတတ်တဲ့ အမေ့ လက်ရေးလေးတွေကို လွမ်းမိတယ်။
ဖုန်းပြောရင် ဖုန်းခကုန်လိမ့်မယ်လို့ အမြဲပြောတတ်တဲ့ အမေ့ကို လွမ်းတယ်။ ငါက အင်တာနက် မသုံးတတ်တော့ ငတ်တာပေါ့ဆိုတဲ့ အမေ့ရဲ့ ခနဲ့တဲ့ အသံလေးတွေကို လွမ်းတယ်။
ဆယ်ကျော်သက် အရွယ်တုန်းက အဖေ မသိအောင် အမေ ချက်ကျွေးတတ်တဲ့ ဟင်းတွေနဲ့ အတူ အမေ့ကို လွမ်းတယ်။
ငယ်ငယ်က အဖေ ညဥ့်နက်ကာလ ပြန်မရောက်သေးရင် ဆိုင်ကယ်သံကြားတိုင်း အိပ်ရာထဲကနေ ကိုမောင်ပြန် လာပြီလို့ ထအော်တတ်တဲ့ အမေ့ ရဲ့ အပြုအမူတွေ၊ အဖေပြန်လာရင် တံခါးဖွင့်ပေးတတ်တဲ့ အမေ့ရဲ့ အကျင့်လေးတွေ၊ အပြင်သွားခါနီး အဖေ့ကို အုန်းဆီလိမ်းပေးတတ်တဲ့ အပြုအမူလေးတွေ၊ အားလုံးကို လွမ်းတယ်။
မေမေနဲ့ ပတ်သတ်လို့ လွမ်းနေမိတာတွေကို ချရေးရရင် ကုန်နိုင်မယ် မထင်ဘူး မေမေ။
Saturday, December 5, 2009
ကလေး ကဗျာ အချို့
မလေး ကြိုးစား ချင်။
ဂဏန်း သင်တဲ့ တို့မလေး
မသိတာ ဆိုမေး။
မေးလို့ရတော့ တွက်လိုက်ပြန်
လုံ့လ ဇွဲထက်သန်။
နှစ်စဉ်မှန်မှန် အတန်းတက်
သင်္ချာ ဂုဏ်ထူးထွက်။
.............................................................................................
င ငချိတ်ပေါင်း စားလို့ကောင်း
အငွေ့တထောင်းထောင်း။
ငချိတ်ပေါင်းရယ် နှမ်းထောင်းရယ်
ဆီ စိုရွှဲအောင်နယ်။
တို့လယ်တောက အဟာရ
ကောက်ညှင်း မွှေးမြမြ
မောင်ငယ် ညီမ လာကြကွယ်
လက်ဆုံ စားကြမယ်.
ဝိုင်းလယ်ခေါင်က ငချိတ်ပေါင်း
အငွေ့ တထောင်းထောင်း.........
Sunday, November 29, 2009
တစ္တေပွဲတော်
အစွန်းရောက် ယုံကြည်မှု
တစ္တေပွဲတ်ာကို တရုတ်ပြက္ခဒိန်ရဲ့ ၇ လမြောက်မှာ ကျင်းပလေ့ရှိပါတယ်။ အပါယ်တခါးဘုံတွေဟာ ဒီလ ၁၅ ရက် နေ့ မှာ ပွင့်တဲ့အတွက် အပြင်ကိုထွက်လာတဲ့ သရဲ တစ္ဆေတွေအတွက် လူတွေက ပွဲတော် ကျင်းပ ပေးတယ်လို့ ဆိုတယ်။ ဒါမို့ ဒီလကို သရဲတွေ ပျော်တဲ့လ၊ တစ္ဆေလလို့ ခေါ်ကြတယ်။
ဘာသာရေး ယုံကြည်မှု (တရုတ် ဗုဒ္ဓဘာသာ)
မြတ်စွာဘုရား ဖွားမြင်ရာ၊သီတင်းသုံးရာ အိန္ဒိယနိုင်ငံမှာ မိုးတွင်းကာလဟာ ၃ လ ကြာမြင့်ပါတယ်။ တရုတ် ပြက္ခဒိန် အရတော့ ၁၅ ရက်နေ့ ၄လကနေ ၁၅ ရက်နေ့ ၇ လ အထိဖြစ်တယ်။ မိုးတွင်းကာလ ဖြစ်တဲ့ အလျောက် သံဃာတော်တွေအတွက် ခရီးသွားလာရ ခက်ခဲစေပါတယ်။ ဒီအတွက် ဗုဒ္ဓမြတ်စွာဘုရားက ဒီကာလ မှာ သံဃာတွေဟာ ကျောင်းမှာ နေရင်း တရားကို အထူးကျင့်ရမယ်လို့ ပြဌာန်းခဲ့ပါတယ်။ (မြန်မာမှာတော့ ဒီကာလကို ၀ါတွင်းကာလ လို့ သတ်မှတ်ပြီး သံဃာတွေ တရားကျင့်တဲ့ကာလဖြစ်ပါတယ်။ ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းအမှုကို ရှောင်ရှားခြင်း၊ သက်သက်လွတ်စားခြင်းတို့ကို ပြုကြလေ့ ရှိတယ်။)
အဲဒီလို ၃ လတာ ပြင်းပြင်းထန်ထန် တရားအားထုတ်ကြပြီးနောက် သံဃာ အများစုဟာ တရားထူး၊ တရားမြတ် တွေကို ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီနေ့မှာ အရပ်ဆယ်မျက်နှာမှာ ရှိတဲ့ သံဃာတွေ စုဝေးပြီး မိမိတို့ (၃) လတာ တရား အားထုတ်မှုကို ဆန်းစစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ သံဃာတော်တပါးဟာ သူ့ရဲ့ မယ်တော်က ပြိတ္တာဘုံမှာ ငရဲကျခံနေရတယ်ဆိုတာကို သွားတွေ့မိပါတယ်။ သူ့ မယ်တော်ရဲ့ အတိတ်ဘ၀က ပြုကျင့်ခဲ့တဲ့ အကုသိုလ်တွေဟာ များပြားလှတဲ့အတွက် သူ့ရဲ့ အစွမ်းအစနဲ့တင် မယ်တော်ကို မကယ်တင်နိုင်တာကို သိတဲ့ သံဃာဟာ မြတ်စွာဘုရားကို တင်လျှောက်ခဲ့ပါတယ်။ အဲဒီအတွက် အရပ်(၁၀) မျက်နှာက စုဝေးလာတဲ့ သံဃာ တွေ ၀ိုင်းဝန်းဆုတောင်းပေး၊ အမျှဝေပေးကြဖို့ ဘုရားက မိန့်ကြားခဲ့ပါတယ်။ ဒီလို အမျှဝေပေးခြင်းအားဖြင့် ကိုယ့်ရဲ့ အတိတ် ဘ၀က တော်စပ်ခဲ့ဖူးသော မိဘ၊ လက်ရှိဘ၀တွင် တော်စပ်နေဆဲ မိဘ၊ အနာဂတ်တွင် တော်စပ်ရမည် ဖြစ်သော မိဘတွေဟာ သာဓု ခေါ်နိုင်မဲ့ဘုံဘ၀မှာ ရောက်ရှိနေမယ်ဆိုရင် သာဓု ခေါ်ပြီး အကုသိုလ်တွေက ကင်းလွတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါမို့ ၇ လမြောက် (တရုတ်ပြက္ခဒိန်) ၁၅ ရက်နေ့ဟာ မိုးတွင်းကာလ ကုန်ဆုံးသောနေ့၊ ၀ါတွင်းကာလ ပြီးဆုံးတဲ့ နေ့၊ သံဃာများ တရားထူး တရားမြတ်ကို ရသောနေ့သာ ဖြစ်ပါတယ်။
Friday, November 27, 2009
တောကြီးတန်း (ရွှေအမြုတေ)
“စေတီတော်ကြီးက တော်တော့်ကို ယိုင်ဆင်းသွား ပြီလားဗျ”
“ဆင်းပါသော်ကောဗျာ၊ နေ့လား ညလားပဲဗျို့၊ ရသ လောက် သံမဏိ ကြိုးကြီးတွေနဲ့ ပတ်ချီပြီး ဆိုင်းထားရင်း ကတောင်မှ တအိအိနဲ့ ယိုင်ဆင်းနေတာဗျ၊ နောက်ဆုံး အနေနဲ့ လာပြီး ဆီမီး ပူဇော်ကြ၊ ၀တ်အဖွဲ့တွေက ပဋ္ဌာန်း ရွတ်ကြနဲ့ ရုတ်ရုတ်သဲသဲပေါ့ဗျာ၊ ဘုရားဖူးတွေ အတွက် သောက်ရေ ထမ်းပြီး ရာဝင်အိုးကြီးထဲ လာလာ ထည့်လှူတဲ့ အဘိုးကြီး ကောင်းမှုကြောင့် ဘုရား ဌာပနာ လာဖောက်တဲ့ လူစုကိုမိတဲ့ သတင်းတစ်ပုဒ် ကျွန်တော် ဦးဦးဖျားဖျား ရလိုက်သေး တယ်”စသဖြင့် သူတို့နှစ်ယောက် စကားကောင်းနေတုန်း၊ ကြီးကြီး ဒေါ်စိမ်းယဉ်က လက်ဖက်သုပ်ချိုင့် ကလေး လာ ချပေးပြီး နားစွန်နားဖျား ကြားသွားရာမှ “အဲဒီလူစု အခု အချုပ် ထဲမှာလား”ဟု မေးလိုက်သည်။ သတင်းထောက် ဦးဘချိုက
“ခရမ်းဂါတ်က ဌာနအုပ် ကိုယ်တိုင် လာဖမ်းသွားတာလေ။ တရားခံတွေက ညလူခြေ တိတ်ချိန်မှာ ဌာပနာ လာဖောက်တာကို ရေလှူတဲ့ ဘကြီး ဦးထွန်းသောင်းက လက်ပူး လက်ကြပ်သွားတွေ့တာကိုးဗျ၊ ဒါနဲ့ ဂါတ်ကို ပြေးပြီး အကြောင်း ကြားလိုက်တာပေါ့၊ မိမယ့် မိတော့လည်း တခြား လူစု မဟုတ်ဘူး၊ သူကြီးကို ငွေဆိုင့် သမီးနဲ့ သမက်တွေဗျ၊ ကောင်မလေးတွေက ငယ်ကြသေးတာကိုးဗျာ၊ ဥစ္စာ ခြောက်ပြီး မကြံကောင်း မစည်ရာတွေ လျှောက်ကြံစည်ကြတာကိုး၊ သူတို့ စိတ်ထဲမတော့ ဒီပစ္စည်းတွေ ကမ်းပြိုလို့ ရေထဲ ပါသွားမယ့် အတူတူ ငါတို့ ယူထား လိုက်တာမှ ကောင်းသေးလို့ မိုက်မိုက်မဲမဲ တွေးကြဟန်တူပါရဲ့” ဟု တဖျစ်တောက်တောက် ပြောနေသည်။
“----- တိုင်းမင်းကြီးနဲ့ သူ့မိသားစုကိုသာ ပြန်ပြော လိုက်ကြပါကွာ။ အဘဘုန်းရဲ့ ကျောင်းပတ်ဝန်းကျင်မှာနေတဲ့ ကျေးငှက် တိရစ္ဆာန်တွေဟာ သူ့သဘာဝနဲ့သူ လွတ်လွတ်လပ်လပ် အေးအေးသက်သာ နေထိုင် နေကြတာပါလို့။ လွတ်လွတ် လပ်လပ် ပျံနေတဲ့ ငှက်ကို မင်းတို့ ပင်ပင်ပန်းပန်းဖမ်းပြီး၊တကူးတက လှောင်အိမ်တွေနဲ့ ထည့်ယူသွားရတာကိုက မင်းတို့အတွက် ပိုမပင်ပန်းပေဘူးလား။ ငါးအရှင်တွေကို ဖမ်းပြီး တကူးတက ပင်ပင်ပန်းပန်း အိုးတွေ လှောင်ပိတ် ထည့်ပြီးကာမှ ရေကန်တို့၊ မြစ်တို့၊ ချောင်းတို့ထဲ သွားလွှတ် ရတာလည်း မပင်ပန်းကြလေဘူးလား။ ငှက်တွေပဲ ဖြစ်ဖြစ်၊ ငါးတွေပဲဖြစ်ဖြစ်၊ သူ့သဘာဝနဲ့သူ လွတ်လွတ်လပ်လပ် သူ့အနေအထား အတိုင်း နေခွင့် ပေးထားတာကိုက သဘာဝ အတိုင်း အလိုလိုလွှတ်ပြီးသားဖြစ်နေတဲ့ သဘောမို့လို့ ဒကာတို့ ရဲ့ တိုင်းမင်းကြီးနဲ့ သူ့မိသားစုကို ပြောဖြစ်အောင် ပြောလိုက် ကြစမ်းပါ။ အဘယ ဒါန ဇီဝိတ ဒါန ဖြစ်ပြီးသားပါလို့။------
-------------------------------------------------------------------------------------------------
ဝန်ထမ်း လောက သဘာဝ အဆင့်ဆင့် ဒူးတုန်အောင် ကြောက်ရတော့၊ အခုရောက်နေတဲ့ ခရိုင် ၀န်လည်း သူ့အထက်က တိုင်းမင်းကြီး လိုချင်တာ လုပ် မပေးနိုင်မှာ စိုးရိမ်ပြီး အခုလို မနက် အစောကြီးမှာတောင် ချွေးသီး ချွေးပေါက်တွေကျနေတာ သနားစရာပဲနော်”
--------------- ကိုယ်ပိုင် အလုပ် ဆိုတာ လမ်းတကာ လှည့်ပြီး ပဲပြုတ်တောင်းလေး ခေါင်းပေါ် ရွက်ပြီး ရောင်းနေတဲ့ ပဲပြုတ်သည်တောင်မှ ဟော့ဒီ တောထဲက ငှက်ကလေးတွေ ပျံနေသလိုပဲ လွတ်လပ်တယ်လေ---------------
ကင်ပွန်းတပ် မင်္ဂလာ မပြုရသေးသူများ (ရွှေအမြုတေ)
“ဟေ့..ရှာဂျန်ကျောက်” ဤအမည် နာမကို ကြားလိုက် ရ၍ စိနတိုင်းဖွား မျိုးနွယ်များ ထင်လျှင် ပါစင်အောင် လွဲပါလိမ့်မည်။ ကျွန်တော်တို့ အချင်းချင်း နှုတ်ဆက် ပဋိ သန္ဓာရ ပြုမှု များသာ ဖြစ်ပါသည်။ ဘာကြောင့် ဤအမည် များဖြင့် ပြက်ရယ်ပြု ခေါ်ဝေါ်ကြသနည်းဟု မေးလာခဲ့လျှင် ရွံ့ရှားလွယ်သော ကိုယ်နှုတ်နှလုံးသုံးပါးလုံး အမူအရာ တို့ကို ကြည့်ကာ တင်စား ခေါ်ဝေါ် ကြခြင်း ဖြစ်ပါသည်။ တစ်ဖန် အမှန်တကယ် ထိတ်လန့် ကြောက်ရွံ့မှုကို သိ၍ ခေါ်ဝေါ်သည် ဆိုလျှင် တင်စားသည့် ရုဠီသညာ မဟုတ်၊ တကယ်အနက်မည် အန်ဝတ္တ သညာသာ ဖြစ်ရပေမည်။ ထိုအမည် ရလွယ်မှုကို သူတစ်ပါး ကိုထား မိမိ ကိုယ်တိုင် ကောက်ကြောင်း ဖွေမိရာ လူမှန်းသိစ စကားပီ နားကြားတွင် ရင်းနှီးရသော အကြောင်းအရာ များသည် ထိတ်လန့်ဖွယ် သရဲ၊ တစ္ဆေ၊ စုန်း၊ ဒဏ္ဍာရီများ၊ မှောင်မည်းမည်း ညဥ့်ရိပ်များ၊ ချောက်ချားဖွယ် ဆိုးခိုး တိုက်ခိုက်မှု များသည် တဖျတ်ဖျတ် ရုပ်ရှင် အမြန်ပြ ကွက်များလို့ ပေါ်လာကြသည်။
“ငါက ပဲပုံတွေ အပြည့်နဲ့ လှည်းမောင်းလာတာ၊ စစ်တွင်းက လေယာဉ် ပျက်ကုန်းလည်းရောက်ရော ဆူးလုံးကြီး လှိမ့်လာလိုက်တာ နွားတွေလည်း ထိန်းမရ၊ လှည်းလည်း မှောက်တော့တာပဲ။ ကံကောင်းလို့ မသေ”။
ညဥ့်ဦးယံ စကားဝိုင်းတွင် အဖေတို့ ဖလှယ် နေကြသော အတွေ့အကြုံများသည် ကြက်သီး တဖြန်းဖြန်းနှင့် နားထဲသို့ တိုးဝင် ကုန်ကြသည်။ ထိုညမျိုးတွင် ဘယ်လောက်ပင် ချွေးတွေ ပြန်နေပါစေ၊ ခေါင်းမြီးခြုံ မဖွင့်ရဲတော့။ ခုခေတ်လို တီဗွီ၊ ဗီဒီယိုတွေကလည်း မပေါ်သေးတော့ ကြောက်ရွံ့မှု ကို ဖျောက်စရာ အာရုံမရှိ။
နေ့ခင်းကျတော့ရော၊ “အောင်ရေ ကြီး ပိုးထိလို့တဲ့ ဟေ့၊ အပ မှီလာတာ အိမ်လည်း ရောက်ကရော ဆုံးတာပဲတဲ့” ဆိုသည့် သတင်းတို့ကလည်း တစ်မျိုးပြီး တစ်မျိုး မရိုးရလေ။ ထိုသို့ အကြောက်တရားနှင့် ဖွားမြောက်ခဲ့ရာ ကျောင်းနေသော အခါမှာကော ဆရာတော်ကို ကြောက်လိုက်ရတာ မလှုပ်ပင် မလှုပ်ရဲ။ ဆရာတော်က ဘုန်းတန်ခိုးကြီးပြန်၊ စာကလည်းတတ်၊ ဆွေကြီးမျိုးကြီးမှ ရဟန်း ပြုခဲ့လို့ထင့် ဒေါသလွယ်သည်မှာ ရွာသူကြီးမှ အစ ကိုရင် ကျောင်းသားအဆုံး အားလုံး ဖိန့် ဖိန့်တုန်ပင်။
စာမရလျှင် နကန်စာ ကျွေးသည်။ ရန်ဖြစ်လျှင် နကန်စာ ကျွေးသည်။ ဆော့လျှင်၊ ကဲလျှင် နကန်စာ ကျွေးသည်။ ၀ါးအဖျားကိုသပ်ထားသော ထိုနကန်သည် အရှိုးရာတို့ကို ပြိုင်းပြိုင်းထ စေသကဲ့သို့ တစ်လုံးကွဲလျှင်လည်း ကျောင်းတောင်ဘက် ၀ါးရုံကြီးက အစားရလွယ်သည့် အရာလေ။
နကန်က အများဆိုင် ဖြစ်သော်ငြား တစ်ရံတစ်ခါ ဆရာတော် လက်နားရှိသော အရာဝတ္ထုများသည်လည်း အထူးပြု နကန်ဖြစ်သွားရသည်။ မှတ်မိသေးတော့၊ ယောင်၍ပင် ကိုယ့်ခေါင်းကို စမ်းမိခဲ့၊ ဆရာတော်အား ဆွမ်းကပ်စဉ် နှစ်တောင်ထွာ အတွင်း ၀င်၍ကပ်မှ အကပ် မြောက်ကြောင်း သင်ကြားဖူးဖို့ ဝေး၊ ကြားပင် မကြားဖူးတဲ့ အရွယ်၊ ထို့ကြောင့် ဘောဇဉ်စားဖွယ် တစ်ခုကို နှစ်တောင်ထွာ အပြင်မှ ကပ်မိရာ “ခွပ်”ခနဲ နှီးဒေါင်းလန်းနှင့် ခေါင်းကို ကပ်ပိခံ လိုက်ရတော့သည်။
ဒေါင်းလန်းလည်း တစ်စစီ၊ ခေါင်းလည်း မူးဝေလျက်၊ ထိုအချိန်မှ စ၍ ဆရာတော် ခေါ်လျှင်ပင် ကြောက်တထိတ်ထိတ် စိုးတလန့်လန့် ရှိတော့သည်။ ရိုက်သောကြောင့် ကြောက်၊ ကြောက်သောကြောင့် ယောင်မှား၊ ယောင်မှားသောကြောင့် ရိုက်၊ ဤသို့ဖြင့် အကြောက် သံသရာ လည်တော့သည်။ သည်အထဲ မြို့မှာနေသော ခန်းနေ ဦးပဉ္စင်း နွေရာသီပြန်လာ ပြီဆိုလျှင် ကြောက်အား ပိုရပြန်သည်။ ဆွမ်းခံရာလည်း ခေါက်၊ ရေဆွဲရာလည်း ရိုက်၊ ဝေယျာ ၀စ္စတိုင်းသည် အငေါက်၊ အခေါက်တို့ဖြင့် မကင်း၊ ဘာကြောင့် ရိုက်မှန်း မသိ၊ ကြောက်ပြီးရင်း ကြောက်ရတာကို သိသည်။ ထို့ကြောင့်ထင့်။ ထိုဦးပဉ္စင်း ဦးစန္ဒောဘာသ လူထွက် သွားသည်ကြားသော အခါ ပျော်လိုက် ရသည် ဖြစ်ခြင်း။
နောင်လောကနီတိတွေ ဘာတွေ သင်ရတော့ ဆရာသမားဆိုတာ အိုးထိန်းသည်နှင့် တူသည်။ အိုးကို ကောင်းစေလိုလို့ ရိုက်ခတ်သကဲ့သို့ တော်စေ၊ တတ်စေ လို၍ ရိုက်ခြင်းဟု သင်ယူခဲ့ရ သည်။ စဉ်းစားကြည့်တော့ ပညာနှင့် အကြောက်တရား ဆတူများ ရခဲ့လေ သလား။
သည်လိုနှင့် ဘ၀ထဲ ရောက်သည့် အခါမှာတော့ ပညာတွေက ကျောင်းမှာ သာကျန်ခဲ့ပြီး အကြောက်တရားတွေ ကသာ တိုးပွားပါလာခဲ့လေရာ အရာရာကို တွန့်ဆုတ် နေမိတော့သည်။ ဟိုဟာ လုပ်ရင် အပြစ်ရှိမလား၊ သည်ဟာပြောရင် အပြစ်ရမလား စသည့် အလေ့တို့သည် မကျင့်ဘဲ ပွားလာတော့သည်။ အယုတ်ဆုံး ရည်းစား စကား ပြောရာမှာပင် ရဲဆေး မတင်ဘဲ မပြောဝံ့၊ သည်အထဲ ၀ါသနာပါလို့ စာလေး ပေလေးဖတ်ပြန် တော့လည်း လက်လှမ်း မီတာက စုန်း၊ တစ္ဆေ၊ ကဝေ ၀တ္ထုများ၊ ကဝေသင်္ချိုင်း ဆိုသည့် စာအုပ်ထဲမှ ဇာတ်ဝင်ခန်းများ ဆိုလျှင် အခုထိပင် ကြောက်လို့ ကောင်းတုန်း၊ အကြောက်တရားကို နည်းနိုင်၊ လျော့နိုင်၊ ပယ်နိုင်၊ ရှားနိုင်မလား အောက်မေ့ပါသည်၊
အကြောက်ဆင့် လောင်းသည့် အရာတွေကသာ ၀န်းကျင်မှာ ပြည့်နှက်လို့၊ မကြောက်မရွံ့ လွတ်လပ်စွာ ကိုယ့်စိတ် ကိုယ့်ကိုယ် လုပ်ကိုင်ဖို့ မဆိုထားနှင့် လွတ်လပ်စွာ ပြောဆိုရမည်ကိုပင် “ထရံကြား နားရှိသည်” ဆိုသည့် စကားဟောင်းများကြောင့် နှုတ်ဆွံ့ခဲ့သည်။ တွေးမည်ခေါ် မည်ကြံစည်တော့လည်း ငါ့အကြံကို တစ်စုံ တစ်ဦးများ သိသွားလေမလား ဆိုပြီး ရဲရဲ မတွေးတတ်၊ ကြုံသမျှ အရေး တို့ကို အပ်သလား၊ ရာသလား မစဉ်းစား၊ ကြောက်ဖို့သာ အသင့် ပြင်နေတော့သည်။ ကြာတော့ ကြောက်ရွံ့ခြင်းသည် အကျင့် ပါနေခဲ့ပြီ။
ထို့ပြင် အခြားသူတွေ အဖမ်းအဆီး ခံတာ ကြုံလျှင်လည်း ငါ့ကိုလည်း ဖမ်းဆီးမှာလား၊ အခြားသူတွေ မကျန်းမမာ ဖြစ်ကုန်ပြီ ငါ့မှာရော စသည်ဖြင့် အကြောင်းကို မရှာဘဲ အမျိုးမျိုးကြံ ကြောက်မိတော့သည်။ သည်အမူ အကျင့်တွေကြောင့် အထက်ပါ အမည်သညာ ရှိခဲ့ ရခြင်းပင်။
ကျွန်တော်တို့ ၀န်းကျင်တွင် ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေတတ် သော အကြောင်းများစွာရှိရာ အာရုံ ခြောက်ပါး အပြည့်ဟုပင် ဆိုလိုက်ချင်ပါသည်။ ကြာတော့ အကြောက်တရား၌ ပျော်ပိုက် နေသူများဟု မျိုးခြားမြေခြား သူအများတို့ ကဲ့ရဲ့သင်္ဂြိုဟ်ဖွယ် ဖြစ်နေတော့သည်။
တကယ် စဉ်းစားကြည့်သော အခါ ကျွန်တော်တို့သည် “ကြောက် တတ်လျှင် ၀န်ကင်း”ဆိုသည့် စကားပုံ ကိုသာ နားစွဲနေပြီ၊ “ကြောက်ရင်လွဲ ရဲ မင်းဖြစ်”ဆိုသည့် စကားကိုတော့ မေ့ပျောက် နေကြသည်။ကြောက်ရွံ့ခြင်းသည် ဘ၀ အတွက် အလွန် အန္တရာယ် ကြီးလှပေသည်။ ကြောက်ရွံ့မှု အားကြီးလျှင် ယုံကြည်မှု ပျောက်ဆုံးတတ်သည်။ ယုံကြည်မှု ပျောက်ဆုံးလျှင် သိမ်ငယ်စိတ် ၀င်လာသည်ကို သတိပြုသင့်သည်။ စာတွေရပါလျက် ဆရာကို ရွံ့၍ စာတွေ ပျောက်ရသည့် အဖြစ်၊ စာတွေရ ပါလျက် ကြောက်သောကြောင့် ပုစ္ဆာကို မှန်ကန်စွာ မဖြေနိုင်သည့် အဖြစ်များ၊ အလုပ်ရှင်များကို ၀ံ့ဝံ့စားစား ရင်မဆိုင်မှု၊ ခမ်းနား ထည်ဝါသော နေရာများ၊ ဆိုင်ကနားများကို ၀င်မဆံ့ခြင်းများသည် ကိုယ်တိုင် ဆုံဖူးကြသည့် သာဓက များပင်။
သတ္တု ချကြည့်သော် ကြောက်ရွံ့ခြင်း၏ အခြေခံသည် ဗဟုသုတ မရှိခြင်းနှင့် စဉ်းစားဆင်ခြင်ဥာဏ် မရှိခြင်းကြောင့်ဟု တွေ့ရပေသည်။ ဤနှစ်ချက် ဖြင့် ကြောက်ရွံ့စိတ် ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း ဘာကို ကြောက်တာလဲ၊ ဘာကြောင့် ကြောက်တာလဲ စသည်ဖြင့် နှိုင်းချိန်စဉ်းစား ဆင်ခြင် သုံးသပ်ခြင်း ပြုနိုင်လျှင် ကြောက်ရွံ့စိတ်တို့ ဖယ်ရှား နိုင်ကာ ရဲဝံ့မှုဖြင့်ပင် အစားထိုး နိုင်မည်မှာ ဧကန်ပင် ဖြစ်ပါသည်။
နန်းမ အလယ် ရံရွေများစွာနှင့် စံနေသော အလောင်းမင်းသား သိဒ္ဓတ္ထသည် တစ်ကိုယ်တည်း တောနက်ထဲ လှည့်လည် တရားရှာဖွေစဉ် ကြောက်ရွံ့ ထိတ်လန့်ဖွယ် နိမိတ် အာရုံတို့ ကြုံသော်တိုင်း “ဒါဟာ ငါ့ကို ဆုတ်နစ်စေတဲ့ မာရပဲ”ဟု ဆင်ခြင်ကာ ပယ်ရှားဝေးလွှင့် စေခဲ့ကြောင်းတို့ကို သံယုတ် ပါဠိတော်၌ အထင်အရှား တွေ့နိုင်ပါသည်။
နည်းတူ ဂရိ အတွေးအခေါ် ပညာရှင်ကြီး ဆော့ကရေးတီးသည်လည်း သေဒဏ် စီရင်ခံရအံ့ နီးတွင် တပည့်များက ငိုယိုနေကြရာ သင်တို့ သေခြင်းကို ကြောက်စရာဟု ဘာကြောင့် ပြောနိုင်သလဲ။ သင်တို့ ခံစားဖူးလို့လား ဟု မေးခဲ့သည်။ တပည့်များက မခံစားဖူးကြောင်း ပြောကြတော့ သေခြင်း ရဲ့ဟိုဘက်မှာ သင်တို့ ထင်သလို ဆိုးချင်မှ ဆိုးမှာဟု ပြောကာ သေခြင်းကို မတုန်မလှုပ် ရင်ဆိုင်သွားတော့သည်။ ဤကိုချင့်၍ ကြောင်းကျိုး စဉ်းစား ဥာဏ်ရှိခြင်းနှင့် အထွေထွေ ဗဟုသုတ ကြွယ်ဝခြင်းသည် လူတိုင်းကြောက်ရွံ့သော သေခြင်း တရားကိုပင် ရဲဝံ့စွာ ရင်ဆိုင်စွမ်း ရှိသည် မဟုတ်ပါလား။ ထို့ကြောင့် အကြောက်တရားကို အနိုင် ယူနိုင်သော သူတို့သည် အရာရာကို အောင်နိုင်သူများဟု ဆိုလိုက်ချင်ပါသည်။ “ရဲရင့်ခြင်းကြောင့် တစ်ကြိမ်သာ သေဆုံးရ၍ ကြောက်ရွံ့ခြင်းကား အကြိမ်ကြိမ် သေခဲ့ရသည်” ဆိုသော စကားမှာ ထိုသို့သော အာဇာနည်တို့ ကျူးရင့်ခဲ့သော ဥဒါန်း ပင်။
ထိုသို့သော ဥဒါန်းမျိုးကို ကျွန်တော်တို့ အစ်မ တစ်ဦးလည်း ကျူးရင့်ခဲ့ ဖူးပါသည်။ အသက်ဘေးနှင့် လက်တစ်ကမ်းအကွာ၊ သေမင်းက တစ်၊ နှစ်၊ သုံး တိုင်မင် ခေါ်နေချိန်၊ အဖော် အားလုံးတို့ တွန့်ဆုတ် သွေးပျက် သည့်ကာလ၊ ထိုကာလတွင် ကျွန်တော်တို့ အစ်မကား သေခြင်းကို တည်ငြိမ် အေးဆေးစွာ ရင်ဆိုင် ဖြတ်သန်း သွားခဲ့သည်။ ထိုအစ်မ ပြောခဲ့သော စကားမှာ “လူတိုင်း ကြောက်ရွံ့တတ်ကြသူချည်း ပါပဲ၊ ဒါပေမယ့် အများအတွက် လုပ်သင့်တာကိုတော့ ကြောက်လျက်နှင့် လုပ်ကြရမှာပဲ”ဟု ဖြစ်ပါသည်။
နောက်တစ်ခါ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် သူ့မိတ်ဆွေ အားပေးစာမှ စကားလေး တစ်ပိုဒ်ကလည်း “ကြောက်စရာရှိ ကြောက်၊ ငိုစရာရှိ ငို၊ ပူစရာရှိ ပူပင်၊ လုပ်စရာရှိတာ လုပ်”ဟူ၍ ဖြစ်ပါသည်။ ဤအကြောင်းများကို စဉ်းစား ဆင်ခြင်ရင်း သူငယ်ချင်းများနှင့် တွေ့ သောအခါ ကျွန်တော်တို့ နာမည်များကို ပြောင်းဖို့ ကြိုးစားရပါမည်။ နာမည်ပေး ကင်ပွန်းတပ် မင်္ဂလာ အသစ် ပြုကြပါ မည်။ ထိုအခါ အမေရိကန် သမ္မကြီး သီအို ရုစဗဲ့၏ ဤစကားလေးကို မေတ္တာ လက်ဆောင် ပေးရပါမည်။
“ကျွန်ုပ်တို့မှာ ကြောက်စရာ ဆိုလို့ ကြောက်စိတ် တစ်ခုတည်းသာ ရှိသည်” တဲ့။
Sunday, November 8, 2009
စင်္ကာပူ သတင်း
လက်ထပ်ပြီးစ သတို့သား သေဆုံး
လက်ထပ်ပြီးစ သတို့သားဟာ လက်ထပ်တဲ့ညမှာပဲ ဟိုတယ်က ရေကန်ထဲကို ပြုတ်ကျ သေဆုံးသွားခဲ့တယ်။ သတင်းစာ ထဲမှာတော့ ၂၁ ထပ်ကပဲ ပြုတ်ကျသလိုလို ရေးထားတယ်။ သူတို့တည်းတဲ့နေရာက ၁၀ ထပ်ဆိုတော့ ..ဒီ ၂၁ ထပ်ကို ဆေးလိပ်သောက်ဖို့ တက်သွားသလိုလို ရေးထားတယ်။ ဒါပေမဲ့ မသေချာတဲ့ ကောလဟလတွေအရ ဒီလူက သတ်သေတာလို့ ပြောကြတယ်။ မှုခင်းကို စစ်နေလိုက်နေရတဲ့ လူရဲ့ အသိုင်းအ၀န်းက ထွက်လာတာမို့ မှန်ဖို့ သေချာသလောက် ရှိတယ်။ သို့သော် စင်္ကာပူ သတင်းစာတွေ မှာ ဒီအကြောင်းအရာကို တင်ပြခွင့် ရပါ့မလား စောင့်ကြည့်ရအုန်းမယ်။
ကိုယ့်သားသမီးကို သတ်တဲ့ အဖေ
မနေ့က Ang Mo Kio မှာ တိုက်ခန်းတစ်ခုကို မီးရှို့မှု ဖြစ်သွားခဲ့တယ်။ ရဲတွေ ရောက်လာချိန်မှာတော့ တိုက်ခန်းအောက်ခြေမှာ လူတစ်ယောက်ကို တွေ့ရတယ်လို့ ဆိုတယ်။ မီးလောက်ကျွမ်းနေတဲ့ တိုက်ခန်းကို တက်ကြည့်တော့ အခန်းထဲမှာ သေဆုံးနေတဲ့ ၅ နှစ် အရွယ် ကောင်လေးတစ်ယောက်နဲ့ ၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့ရတယ်။ သားသမီးတွေ ကို မီးရှို့ သတ်ပြီး ကိုယ့်ကိုယ်ကိုတော့ တိုက်ပေါ်က ခုန်ချ သတ်သေသွားခဲ့တယ်လို့ ယူဆနိုင်တယ်။
ဘာလို့လဲ။ စင်္ကာပူနိုင်ငံက အာရှနိုင်ငံ တစ်ခုဖြစ်ပါလျက်နဲ့ ခုတလော အဖေက သမီးကို မုဒိန်းကျင့်တာတွေ၊ ကိုယ့်သားသမီးကို ပြန်သတ်တာတွေ ကြားနေရတာ စိတ်ပျက်မိတယ်။ အပြင်ပန်းမှာ တည်ငြိမ်နေတယ်လို့ ထင်ရတဲ့ ဒီနိုင်ငံရဲ့ အတွင်းမှာ အခုလို မှုခင်းတွေ ဘာလို့ ဖြစ်နေရတာလဲ။
Sunday, November 1, 2009
တည်ငြိမ်ရင့်ကျက်မှု
ငွေဟာ အရာရာကို ဖန်တီးပေးနိုင်တာ မဟုတ်ပေမဲ့ ငွေက အရာ အတော်များများကို သက်သာ လွယ်ကူဖို့တော့ ဖန်တီးပေးတယ်။ဘ၀ရဲ့ တိုးတက်မှုတွေကို ရှာဖို့ ငွေဟာ အရေးပါတဲ့ နေရာတစ်ခုမှာ ရပ်တည်နေတယ်။ လောကမှာ ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ဖို့ ငွေနဲ့ ရင်းနှီးနေရတယ်။ ဒီဂရီ တစ်ခုရဖို့ ငွေပေါင်းသောင်းချီ ရင်းနှီး ရတယ်။ အသိပညာ ကြွယ်ဝဖို့ ငွေမရှိပဲ မဖြစ်နိုင်ပြန်ဘူး။ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်ရေးအတွက် ငွေကြေးလိုအပ် ပြန်တယ်။ဒါဆို မိတ်ဆွေ အပေါင်းအသင်း ကြွယ်ဝဖို့ရော။ ငွေကြေးနဲ့ မိတ်ဆွေ မ၀ယ်နိုင်ပေမဲ့ မိတ်ဆွေတွေ လက်တွဲခိုင်မြဲစေဖို့ ငွေကြေးလိုအပ်ပြန်တယ်။ငွေကြေးတစ်ခုနဲ့ ဘ၀ရဲ့ အောင်မြင်မှုကို မတိုင်းတာနိုင်ပေမဲ့ အောင်မြင်မှုဆိုတာ ရဖို့ ငွေကြေးက ထောက်တိုင် တစ်ခု ဖြစ်တယ်။
Friday, October 30, 2009
ဖေဖေ
ဝိုင်ဝိုင်းရဲ့ အဖေကို ခံစားရင်း အမှတ်တရ
Tuesday, October 6, 2009
ကျိုတိုခရီးစဉ်
ဂျပန်နိုင်ငံကို ဘာလို့ရောက်ဖူးချင်တာလဲဆိုရင် ဂျာနယ်ကျော်မမလေးရဲ့ သွေးကို အပြစ်တင်ရမယ် ထင်တယ်။ ငယ်ငယ်ကလေးထဲက ဂျပန်တော်လှန်ရေးကားတွေ၊ ဂျပန်ငပုတွေ စသည်ဖြင့် ကြည့်နေ ကြားနေခဲ့ရပေမဲ့ ကိုယ် ဂျပန်တွေကို ခါးခါးသီးသီး မုန်းတီးမနေတာ သွေးရဲ့ ကျေးဇူးတွေ အများကြီး ပါတယ်။ လူနဲ့ စနစ်ကို ခွဲခြားသိမြင်စေခဲ့ခြင်းဟာ စာအုပ်တွေက ရတဲ့ အကျိုးကျေးဇူးတွေပဲမှလား။
တကယ်တော့ ကိုယ် ဂျပန်နိုင်ငံကို သွားဖို့ အခွင့်အရေးရတာ ဒီတစ်ခေါက်နဲ့ဆို ၂ ကြိမ်မြောက်ပဲ။ ပထမ တစ်ကြိမ်တုန်းက မေလမှာ တိုကျိုကို သွားရဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ကိုယ်မသွားဖြစ်ခဲ့ဘူး။ အခုက ဒုတိယအကြိမ်မြောက်ပေါ့။ ဒီတခေါက်တော့ ကျိုတိုတဲ့။ အမှန်ပြောရရင် မသွားချင်က သွားချင်ခဲ့ရသလောက် တကယ် တေ့တေ့ဆိုင်ဆိုင် သွားရခါနီးမှာ ကိုယ် သိပ်စိတ်လှုပ်ရှားမနေခဲ့ဘူး။
ရာသီဥတု၊ အစားအသောက် စသဖြင့် အခြေအနေတွေကို လေ့လာခဲ့တယ်ဆိုပေမဲ့ သိပ်တော့ အားမစိုက် ခဲ့တာ အမှန်ပဲ။ ဒါမို့လဲ မလိုအပ်ပဲ ကိုယ် အနွေးထည်တွေ သယ်လာခဲ့မိတယ်။ ကွန်ဖရင့်ကို ခုမှ စတက်ဖူး တဲ့လူဆိုတော့ ဘာတွေ လိုအပ်နိုင်တယ်ဆိုတာကို သေချာ သိမနေတာလဲပါတယ်။ ကိုယ်လာတဲ့ လက စက်တင်ဘာ လကုန်၊ အောက်တိုဘာ လဆန်းဆိုတော့ ဆောင်းဦးကို ပီပီပြင်ပြင် မရောက်သေးဘူး။ ကိုယ်ရှိနေတုန်း ၂ ရက်လောက် မိုးရွာတဲ့နေ့တွေကလွဲရင် အနွေးထည် ၀တ်စရာ မလိုခဲ့ဘူး။ မိုးရွာတဲ့ နေ့တွေမှာတော့ နဲနဲအေးတယ်။ ကံကောင်းချင်တော့ ကိုယ်ပြန်ခါနီးရက်တွေမှာ နေသာတဲ့အတွက် ကိုယ် စိတ်တိုင်းကျ လျှောက်လည်ခွင့်ရခဲ့တယ်။
ခရီးစဉ်စပြီ
ကိုယ့်ရဲ့လေယာဉ်ဆိုက်ရာ ကန်ဆိုင်း လေဆိပ်ကနေ ကျိုတိုကို သွားဖို့အတွက် ရထား တစ်ဆင့် စီးရတယ်။ ကြာချိန်က ၁ နာရီ ခွဲ။ ရထားစီးရင် ရှုခင်းတွေကို ငေးတတ်တဲ့ ကိုယ်ဟာ အဲဒီနေ့ကတော့ ဘယ်လိုမှ မဟန် နိုင်ခဲ့ဘူး။ လေယာဉ်ပေါ်မှာ ပင်ပန်းလာတဲ့ အရှိန်နဲ့ ကိုယ် မျက်စိကို မှိတ်လို့ မှိန်းနေခဲ့ရတယ်။ ကိုယ့်ရဲ့ လေယာဉ်ချိန်က ည ၁ နာရီမှာ ချန်ဂီက ထွက်ခဲ့တယ်။အမှန်ဆို အိပ်လို့ ကောင်းမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ကိုယ့်ရဲ့ ထုံးစံအတိုင်း ညစာကို ဟက်ဟက် ပက်ပက် မစားထားတော့ ဗိုက်ဆာနေခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မရဘူး။ နောက် လေဆိပ်ပေါ်က လူတွေရဲ့ လှုပ်ရှားမှုလဲ ပါတာပေါ့။ အချိန်ကပဲ တိုနေလို့လား.. ကိုယ် အိပ်ပျော်မယ်လို့ ဖြစ်လိုက် လေယာဉ်မယ်တွေက တစ်ခုခု လာကျွေး လိုက်နဲ့ ကိုယ်တော်တော်လေး စိတ်ပျက်ခဲ့ရတယ်။
ဂျပန်ကို ရောက်ရောက်ချင်းမှာပဲ သူ့ကို အားကျသွားစေခဲ့တာကတော့ ရထားတွေရဲ့ ပုံစံပဲ။ ရထားတွေက တော်တော်လေး သန့်တယ်။ နောက်တစ်ခုက ခုံတွေကို ရထားသွားရာ လမ်းကြောင်းအတိုင်း လှည့်ပေး တာကိုပဲ။ သန့်ရှင်းရေး လုပ်နေတာကို ကြည့်ပြီး ကိုယ်တော်တော်လေး နှစ်ခြိုက်သွားမိတာ အမှန်ပဲ။ ကျိုတိုကို ရောက်တဲ့အချိန်က နေ့ခင်း ၁၂ နာရီ ၀န်းကျင် ဖြစ်နေပြီ။ ဟိုတယ်ကို ရောက်တဲ့အချိန်မှာ ကိုယ် တော်တော်လေး ပင်ပန်းနေပြီ။ ဒါပေမဲ့ အတွေ့အကြုံအသစ်ကြောင့်ပဲလား ထမင်းမစားရသေးလို့ပဲလား ကိုယ် မအိပ်ချင်သေးဘူး။ ဒါနဲ့ ရေမိုးချိုး၊ ခနနားပြီး အပြင်ကို ထမင်းထွက်စားဖြစ်တယ်။ ကျိုတို ဘူတာရုံ ၀န်းကျင်မှာ လျှောက်သွားရင်း ကိုယ်တော်တော်လေး ပင်ပန်းပြီး အိပ်ချင်လာတယ်။ ပြန်ရောက်ပြီး ခနဆို အိပ်လိုက်တာမှာ ကိုယ် ညနေ (၈) နာရီလောက်မှ နိုးလာတော့တယ်။ ကျိုတိုမှာ နေရာတော်တော် များများက ညနေ ၅ နာရီလောက်မှာ ပိတ်တယ်ဆိုတော့ ကိုယ်လျှောက်သွားဖို့ အချိန်မရတော့ဘူးပေါ့။ ဒါနဲ့ပဲ နောက်နေ့ ကွန်ဖရင့် သွားဖို့ပြင်ဆင်ရင်း ကိုယ်အိပ်ပျော်သွားခဲ့တယ်။
ကျိုတိုမှာ လည်စရာ
ဒုတိယ ရောက်ဖြစ်တဲ့ နေရာက ဂီရွန်း ကော်နာ။
Sunday, July 19, 2009
သူရဲကောင်း
ငယ်ငယ်တုန်းက ထိန်လင်းခေါ်
ပညာတော်လို့ တက္ကသိုလ်သွား
လူရည်ချွန်သည့် ကျောင်းတော်သား
စစ်ပညာများ စုံလင်စွာ
ဗိုလ်တေဇဘွဲ့ ခံလို့လာ
မမေ့နိုင်ပါ တို့ဗိုလ်ချုပ်
တကယ်အလုပ်လုပ်........
မိမိ အတန်းကို ကောင်းအောင် ကြိုးစားမည်။
မိမိ ကျောင်းကို ကောင်းအောင် ကြိုးစားမည်။
မိမိ တိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။
“မည်သူ မဆို မည်သူမဆို မကူညီသည် ဖြစ်စေ။ မည်သူမဆို မည်သူမဆို ကူညီသည် ဖြစ်စေ ...ရှေ့သို့သာ သွား သောကြာကြယ် အလားလေ။ ဘ၀ဆိုတာများ နောက်မပြန်နဲ့လေ ..”
ဆိုတဲ့ အဖေရဲ့ သီချင်းနဲ့ အားပေးသံကို နားထောင်ပြီး ကြိုးစားခဲ့ဖူးပါတယ်။
အခုတော့ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနေတဲ့ အဆင့်ကနေ မတတ်နိုင်တဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက် မိသလို ၀မ်းလဲ နည်းမိပါတယ်။ ဗိုလ်ချုပ်ရဲ့ ခြေဖ၀ါးက မြူမှုန်မျှလောက်ဖြစ်စေ နိုင်ငံအပေါ် ယုံကြည်စွာ စေတနာ ထား စွမ်းဆောင်နိုင်သူ တစ်ယောက် ဖြစ်ရပါလို၏။
Thursday, July 16, 2009
Love's Unending Legacy
Sunday, July 12, 2009
ကိုယ်တိုင် ဖတ်ဖို့ ဂျူးရဲ့ ခံစားရသော စာသားများ
Monday, July 6, 2009
ကျွန်ရုပ်မ
Saturday, July 4, 2009
မနေ့က
Tuesday, June 30, 2009
H1N1 Flu
Friday, June 26, 2009
ပထမခြေလှမ်း (သို့) သံယောဇဉ် ကြိုးမျှင် အသစ်
Monday, June 22, 2009
အချစ် ခေါင်းစဉ်အောက်က ဖောက်ပြန်မှုများ
နွေရာသီ ကျောင်းပိတ်ရက်ရောက်တော့မယ်။ စာမေးပွဲပြီးတာနဲ့ နောက်နေ့ဆိုရင် ရထားကြီးစီးပြီး ကိုယ့်ရဲ့ မွေးရပ်ဇာတိလေးကို သွားရတော့မယ်။ ဖေဖေရဲ့ တာဝန်အရ လက်ရှိမြို့မှာ နေနေရာပေမဲ့ ကိုယ် လက်ရှိမြို့မှာ မပျော်ဘူး။ နောက် မေမေ့မှာ ကိုယ့်ထက် ပိုပြီး ဂရုစိုက်ရမဲ့ ကိုယ့်ညီမလေး ရှိတယ်။ ကိုယ်တို့ မွေးရပ်မြို့လေး မှာတော့ ကိုယ့်ကို သိပ်ချစ်တဲ့ မေမေ့ရဲ့ ညီမ ကိုယ့်အဒေါ်ရှိတယ်။ နောက် အဲဒီမြို့လေးမှာ ကိုယ် သိပ်ခင်တွယ် ရတဲ့ ကိုယ့်ရဲ့ မွေးစားအမ မမသီတာ ရှိတယ်။ မမသီတာက ဖေဖေ့သူငယ်ချင်းရဲ့ သမီး၊ ကိုယ့်အဒေါ်ရဲ့ တပည့်…ကိုယ်ရောက်လာပြီဆိုတာနဲ့ မမက ကိုယ်သွားချင်တဲ့ နေရာတွေ အကုန်လိုက်ပို့တယ်။ ၉ တန်း ကျောင်းသူ မမက ကိုယ့်ကို ပုံပြင်တွေ၊ ၀တ္ထုတွေ စိတ်ရှည်လက်ရှည် ဖတ်ပြတတ်တယ်။ ကိုယ် စားချင်တာ တွေကို တခုပြီး တခု လုပ်ကျွေးတတ်တဲ့ မမကို ကိုယ်သိပ်ချစ်တယ်။ ကိုယ် အဲဒီ မြို့လေးကို ရောက်ပြီဆိုတာနဲ့ မမက ကိုယ့် အဒေါ် (သူ့ ဆရာမ) အိမ်မှာပဲ လာနေတတ်တယ်။ ဖေဖေ့သူငယ်ချင်း အန်ကယ်ကျော်နဲ့ အန်တီ ခက်မာတို့ကလဲ ကိုယ့်ကို သိပ်ချစ်တာ။ ကလေး မရှိတဲ့ အန်ကယ်ကျော်တို့က ကိုယ်လာပြီဆိုရင် သိပ်ပျော် တယ်။ စာမေးပွဲ မစခင်ကထဲက ဖေဖေ့ဆီ ဖုန်းဆက်ပြီး ကိုယ်ဘယ်နေ့လာမလဲဆိုတာကို မေးတတ်ကြတယ်။ ဒီနှစ်တော့ အန်ကယ်ကျော်က ဖုန်းဆက် မလာသလို အန်တီကလဲ ကိုယ့်ကို သိပ်လာစေချင်ပုံ မပေါ်ဘူး။ မေမေတို့ကလဲ ကိုယ့်ကို မသွားစေချင်ဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ ကိုယ့်ရဲ့ ငိုကြွေး ဆန္ဒပြမှုကို မခံနိုင်တဲ့ မေမေတို့က ကိုယ့်ကို လွှတ်လိုက်ရတယ်။ ကိုယ်မသွားခင် မေမေက မမသီတာက အတန်းကြီးလာပြီမို့ သူ့ကို မနှောက်ယှက်ဖို့ အကြိမ်ကြိမ် မှာတယ်။ ကိုယ်လဲ “ဟုတ်ကဲ့” အကြိမ်တရာလောက် ရေရွတ်ပြီး သွားဖို့ မေမေပြင်ပေးတဲ့ အထုတ်လေးကိုဆွဲရင်း ကိုယ့်ကို လိုက်ပို့မယ့် ဖေဖေ့ တပည့်နောက်က ကောက်ကောက် ပါအောင် လိုက်ခဲ့တယ်။
တကယ်တော့ လူကြီးတွေက မသိလို့ပါ။ ကိုယ်ကလဲ သူတို့ကို မပြောပြဘူးရယ်။ ကိုယ့်မှာ မမသီတာအပြင် နောက်ထပ် သူငယ်ချင်း အသစ်တစ်ယောက် ရှိသေးတယ်။ သူ့နံမည်က နွေးချယ်ရီတဲ့။ ကိုယ်နဲ့ မနှစ်က နွေရာသီ ကျောင်းပိတ်ရက်မှာ ခင်လာတဲ့ ကိုယ့်ရဲ့ သူငယ်ချင်း အသစ်လေး။ သူက ကိုယ်တို့ရဲ့ မွေးရပ်မြို့လေး ကို ပြောင်းလာ တာတဲ့။ ကိုယ်နဲ့ အသက်တူပေမဲ့ နွေးက ကိုယ် မသိတာတွေ အများကြီး သိတယ်။ သူ့မေမေ က ကိုယ်တို့ မြို့လေးက တခုတည်းသော ဘဏ်မှာ စာရေးမတဲ့။ သူ့မေမေရဲ့ သူငယ်ချင်း၊ သူ့ဖေဖေရဲ့ညီ သူ့ဦးလေးက လယ်ယာစိုက်ပျိုးရုံးက မန်နေဂျာတဲ့။ သူ့ဦးလေးက သူ့ကို သိပ်ချစ်တယ်၊ အ၀တ်အစားတွေလဲ ၀ယ်ပေးတယ်၊ နောက်ဆိုရင် သူတို့က အတူတူ နေတော့မှာလို့ နွေးက ကိုယ့်ကို ပြောပြဖူးတယ်။ နွေးက စကားပြောရင် လေအေးလေးနဲ့ ကိုယ့်ကို ပုံပြင်လို ပြောပြတတ်တယ်။ နွေးတို့သားအမိက ကိုယ်တို့ အိမ်နဲ့ ငါးအိမ်ကျော်လောက်က အိမ်မှာ ငှားနေကြတယ်။ ကိုယ်က အဲဒီအိမ်ကို သွားကစားနေကြဆိုတော့ အဲဒီအိမ်က ဒေါ်ကြီးက ကိုယ်နဲ့ နွေးကို အတူကစားဖို့ ခိုင်းခဲ့တာကနေ ကိုယ်နဲ့ နွေး ခင်သွားခဲ့တာ။ နွေးမေမေ ကိုတော့ မမြင်ဖူးဘူး။ နွေးမေမေရဲ့ အလုပ်က မြို့အစွန်မှာဆိုတော့ မနက် အစောကြီး ရုံးကို သွားရတာတဲ့။ ညနေဆိုလဲ မှောင်မှ ပြန်လာတာဆိုတော့ ကိုယ်နဲ့ တခါမှ မဆုံဖူးဘူး။
၀၆-၀၃-၁၉၉၂
မွေးရပ်မြေကို ရောက်ပြီ။ ကိုယ်က နွေးတို့အိမ်ကို သွားမယ်ဆိုတော့ အန်တီက ပေးမသွားဘူး။ သူတို့ ဒေါ်ကြီး တို့ အိမ်မှာ မနေတော့ဘူးတဲ့။ နွေးကလဲ သူ့အမေနဲ့ ဘဏ်ကို လိုက်သွားတယ်တဲ့။ အိမ်မှာ မနေခဲ့တော့ဘူးတဲ့။ ဒါဆို ကိုယ်က ဘယ်သူနဲ့ သွားဆော့ရမှာလဲလို့ အန်တီ့ကို မေးတော့ မမသီတာ လာလိမ့်မယ်တဲ့။ တကယ်ပဲ ညနေမှာ မမသီတာ ရောက်လာတယ်။ ဒါပေမဲ့ အန်တီ့ရင်ခွင်မှာ ၀င်ပြီး ငိုနေတော့တာပဲ။ “မေမေ့ကို ဖေဖေက သိပ်ချစ်ခဲ့တာဆို.. သိပ်ချစ်လွန်းလို့ ခိုးတောင်ပြေးခဲ့ရတာဆို ဆရာမရယ်”ဆိုပြီး ငိုနေတဲ့ မမကိုကြည့်ရင်း ကိုယ် လဲ ငိုချင်လာတယ်။ မေမေတို့ ပြောပြလို့ ရင်းနှီးနေခဲ့တဲ့ အန်ကယ်ကျော်နဲ့ အန်တီခက်မာရဲ့ ဇာတ်လမ်းက သိပ်ကို ကဗျာဆန်တယ်။ နိုင်ငံခြား ပညာသင်ခွင့် ရပါလျက်နဲ့ အန်တီခက်မာကို မခွဲနိုင်တဲ့ အန်ကယ်ကျော်ဟာ နိုင်ငံခြားသွားခွင့်ကို စွန့်ပြီး အန်တီခက်မာကို ခိုးပြေးခဲ့တယ်။ ကိုယ့်အတွက်တော့ အန်ကယ်ကျော်က အချစ် သူရဲကောင်းပါပဲ။ ငယ်ငယ်က အန်ကယ်ကျော်နဲ့ အန်တီခက်မာ ဇာတ်လမ်းကို အန်တီတို့ မေမေတို့က ပုံပြင်တစ်ခုလို ပြောပြတတ်တယ်။ အခု မမသီတာက ဘာလို့ အဲလို မေးခွန်းတွေ မေးနေရတာလဲ ကိုယ် နားမလည်ဘူး။ ဒါပေမဲ့ ကိုယ်လဲ မေးလဲ မမေးရဲ ခဲ့ဘူး။
၂၀-၀၃-၁၉၉၂
မနက်က လူတစ်ယောက် ရထားအတိုက်ခံရလို့တဲ့။ ရထားက တိုက်တာ မဟုတ်ဘူး။ အဲဒီလူက ရထားလာ နေတုန်း ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာတဲ့။ အဲဒီညနေမှာပဲ အန်တီက ကိုယ့်ကိုပြောတယ်။ မနက် ဖြန် မေမေတို့ဆီ ပြန်ရမယ်တဲ့။ အန်တီလဲ လိုက်မယ်တဲ့။ အဲလိုနဲ့ ကိုယ် မွေးရပ်မြေလေးကနေ ပြန်လာခဲ့ရ တယ်။
၂၂-၀၆-၂၀၀၉
အခု အချိန်မှာ အခွင့်သင့်ရင် ကိုယ်နွေးကို တွေ့ချင်သေးတယ်။ ကိုယ့်ရှေ့မှာ ကိုယ့်အမေကို ရက်ရက်စက်စက် ဒါးနဲ့ ထိုးသတ်ခဲ့တာကို အမြင် သွေးလန့်ဆွံ့အသွားတဲ့ နွေးကို နှစ်သိမ့်မှုတွေ ပေးချင်တယ်။ အခုအချိန်မှာ နွေး ဘယ်ရောက် နေမလဲ။ အသက်ရှင်လျက်မှ ရှိသေးရဲ့လား။ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုရင်တောင် နွေး စကားမှ ပြန်ပြောနိုင်ပါတော့မလား။ လူကြီးတွေရဲ့ ဖောက်ပြန်မှုတွေကြားမှာ ဘ၀ပျက်သွားခဲ့တဲ့ နွေးရေ..မင်းကို ကိုယ်ပြန်တွေ့ချင်တယ်။ အချစ်ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်ကြီးသုံးပြီး စိတ်ခံစားချက်မှုကို နောက်ကို လိုက်ခဲ့ တဲ့ မမသီတာရဲ့ အဖေ ကိုယ့်ရဲ့ ဦးလေးကျော်၊ မင်းရဲ့ မေမေနဲ့ မင်းရဲ့ ဦးလေး ..ဒီလူကြီးတွေကိုလေ အခု အချိန်မှာ ပြန်တွေ့ခွင့်ရရင် ပျက်ဆီးသွားတဲ့ လူငယ်တစ်ယောက်ရဲ့ ဘ၀ကို ဘယ်လို အဖက်ဆယ်ပေးမလဲလို့ မေးလိုက်ချင်ပါသေးတယ်။ အချစ်ဆိုတဲ့ စကားလုံးကို လူကြားကောင်းအောင် လှိုင်လှိုင်သုံးပြီး ဖော်ပြန်တတ်တဲ့ လူတွေကို ကိုယ်မုန်းနေမယ် နွေးရေ……….
ဦးလေးကျော်က နွေးမေမေအလုပ်လုပ်တဲ့ ဘဏ်ကလေးနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဆေးရုံက ဆေးရုံ အုပ်ကြီးပေါ့။ အန်တီခက်မာကို သိပ်ချစ်ခဲ့တဲ့ ဦးလေးကျော်ဟာ နွေးမေမေကို တွေ့တဲ့အချိန်မှာ အချစ်စစ်ကို ထပ်မံတွေ့ရှိသွားခဲ့ တယ်တဲ့။ စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့ ဦးလေးကျော်ရဲ့ စွဲဆောင်မှုအောက်မှာ အချစ် ဆိုတာကို တွေ့ရှိသွားတဲ့ နွေးမေမေဟာ ပတ်ဝန်းကျင်ရဲ့ စကားတင်းတွေကို ဂရုမစိုက်နိုင်တော့ပဲ ဦးလေးကျော်ကို နှစ်သက်မိတယ်တဲ့။ဒါကို ကြားတော့ နွေးတို့ ဒီမြို့လေးကို စရောက်ပါပြီဆိုကထဲက ကူညီပေး ခဲ့တဲ့ နွေးရဲ့ ဦးလေးက မခံမရပ်နိုင်ဖြစ်ပြီး စကားများကြတယ်တဲ့။ ဘဏ်မှာ စကားများရင်း ရုန်းရင်းဆန်ခတ် ဖြစ်ကြတော့ နွေးမေမေက “လာကြပါအုန်း…သူ့ကို မတရားလုပ်နေပါတယ်” လို့ အော်လိုက်တယ်တဲ့။ အဲဒီ အော်သံရဲ့ အောက်မှာ နွေးရဲ့ ဦးလေးက (ရ) ရက်ကြာ အချုပ်ခံခဲ့ရတယ်။ အချုပ်က လွတ်ရင် အလုပ်ပြုတ်မှာ သေချာနေတဲ့ နွေးရဲ့ ဦးလေးဟာ အချုပ်က လွတ်လွတ်ချင်းပဲ နွေးမေမေရှိရာ ဘဏ်ကို ရောက်လာခဲ့တယ်။ နေ့ခင်း ထမင်းစားချိန် အေးအေးလူလူ ထမင်းစားနေတဲ့ နွေးနဲ့ နွေးမေမေရဲ့ ထမင်းဝိုင်းဘေးမှာ ချထားတဲ့ သရက်သီးလှီးထားတဲ့ ဓါးကို ယူပြီး နွေးမေမေကို မသေမချင်း ထိုးသတ်ခဲ့တယ်။ နွေးရဲ့ မျက်စိရှေ့မှာပဲ ဖြစ်ပျက်သွားတာမို့ နွေးဟာ အဲဒီနေရာမှာပဲ ဆွံ့အ မေ့မျောသွားခဲ့တယ်။ နွေးဦးလေးကတော့ သူလူသတ်မိ တာသိသိချင်းပဲ ဆောက်တည်ရာမရ ထွက်ပြေးခဲ့တယ်။ မြို့လေးရဲ့ လေးဘက် လေးရံမှာ ရဲတွေ ၀ိုင်းထားခဲ့ ပေမဲ့ စိတ်ထားကောင်းတဲ့ နွေးဦးလေးကို လေးစားခင်မင်တဲ့လူတွေက လက်ခံပြီး ၀ှက်ထားပေးခဲ့ကြတယ်။ ဒါပေမဲ့ နောင်တတရားတွေနဲ့ ပူလောင်နေတဲ့ နွေးဦးလေးဟာ နွေးမေမေကို သတ်ပြီး ၁၄ ရက် တိတိ အကြာ မနက်စောစောမှာ ရထားလမ်းပေါ်ခုန်ချပြီး သတ်သေသွားခဲ့တယ်။
နွေးမေမေဟာ တကယ်တော့ ပျော့ညံ့တဲ့ ခပ်ပျက်ပျက်မိန်းမတစ်ယောက် မဟုတ်ခဲ့ပါဘူး။ တိကျတဲ့ ပြတ်သားတဲ့ ခပ်သွက်သွက် မိန်းမ တစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့တဲ့ အချစ်ကို ဦးစားပေးသူ တစ်ယောက်တော့ ဖြစ်ခဲ့တယ်။
Wednesday, June 17, 2009
ရောက်မိရောက်ရာ---တွေးမိတွေးရာ
Sunday, June 14, 2009
အိမ်ပြန်ချင်တယ်..အမေ မရှိတော့တဲ့ အမေ့ အိမ်
Saturday, June 13, 2009
စွန်ကလေး......
မျက်စိတစ်မှတ် လျှပ်တပြက်
Sunday, June 7, 2009
ဖတ်မိဖတ်ရာ
Monday, June 1, 2009
H1N1
Friday, May 29, 2009
စိတ်ခံစားမှု များစွာနှင့် အသုဘ အခမ်းအနား
ဒီနေ့
Sunday, May 17, 2009
maladaptive perfectionists (သို့) ကျွန်မ၏ အတ္တ
Thursday, May 14, 2009
eat or be eaten
Tuesday, May 12, 2009
အကြမ်းဖက်သမား (သို့) အေးချမ်းသော ဘ၀က လူ
Monday, April 27, 2009
လွတ်လပ်ချင်တယ်............
~~~~Starting Long Journey on 10 Nov 2008~~~~