“ဟေ့....ကျောက်ကျင့်ပါ”
“ဟေ့..ရှာဂျန်ကျောက်” ဤအမည် နာမကို ကြားလိုက် ရ၍ စိနတိုင်းဖွား မျိုးနွယ်များ ထင်လျှင် ပါစင်အောင် လွဲပါလိမ့်မည်။ ကျွန်တော်တို့ အချင်းချင်း နှုတ်ဆက် ပဋိ သန္ဓာရ ပြုမှု များသာ ဖြစ်ပါသည်။ ဘာကြောင့် ဤအမည် များဖြင့် ပြက်ရယ်ပြု ခေါ်ဝေါ်ကြသနည်းဟု မေးလာခဲ့လျှင် ရွံ့ရှားလွယ်သော ကိုယ်နှုတ်နှလုံးသုံးပါးလုံး အမူအရာ တို့ကို ကြည့်ကာ တင်စား ခေါ်ဝေါ် ကြခြင်း ဖြစ်ပါသည်။ တစ်ဖန် အမှန်တကယ် ထိတ်လန့် ကြောက်ရွံ့မှုကို သိ၍ ခေါ်ဝေါ်သည် ဆိုလျှင် တင်စားသည့် ရုဠီသညာ မဟုတ်၊ တကယ်အနက်မည် အန်ဝတ္တ သညာသာ ဖြစ်ရပေမည်။ ထိုအမည် ရလွယ်မှုကို သူတစ်ပါး ကိုထား မိမိ ကိုယ်တိုင် ကောက်ကြောင်း ဖွေမိရာ လူမှန်းသိစ စကားပီ နားကြားတွင် ရင်းနှီးရသော အကြောင်းအရာ များသည် ထိတ်လန့်ဖွယ် သရဲ၊ တစ္ဆေ၊ စုန်း၊ ဒဏ္ဍာရီများ၊ မှောင်မည်းမည်း ညဥ့်ရိပ်များ၊ ချောက်ချားဖွယ် ဆိုးခိုး တိုက်ခိုက်မှု များသည် တဖျတ်ဖျတ် ရုပ်ရှင် အမြန်ပြ ကွက်များလို့ ပေါ်လာကြသည်။
“ငါက ပဲပုံတွေ အပြည့်နဲ့ လှည်းမောင်းလာတာ၊ စစ်တွင်းက လေယာဉ် ပျက်ကုန်းလည်းရောက်ရော ဆူးလုံးကြီး လှိမ့်လာလိုက်တာ နွားတွေလည်း ထိန်းမရ၊ လှည်းလည်း မှောက်တော့တာပဲ။ ကံကောင်းလို့ မသေ”။
ညဥ့်ဦးယံ စကားဝိုင်းတွင် အဖေတို့ ဖလှယ် နေကြသော အတွေ့အကြုံများသည် ကြက်သီး တဖြန်းဖြန်းနှင့် နားထဲသို့ တိုးဝင် ကုန်ကြသည်။ ထိုညမျိုးတွင် ဘယ်လောက်ပင် ချွေးတွေ ပြန်နေပါစေ၊ ခေါင်းမြီးခြုံ မဖွင့်ရဲတော့။ ခုခေတ်လို တီဗွီ၊ ဗီဒီယိုတွေကလည်း မပေါ်သေးတော့ ကြောက်ရွံ့မှု ကို ဖျောက်စရာ အာရုံမရှိ။
နေ့ခင်းကျတော့ရော၊ “အောင်ရေ ကြီး ပိုးထိလို့တဲ့ ဟေ့၊ အပ မှီလာတာ အိမ်လည်း ရောက်ကရော ဆုံးတာပဲတဲ့” ဆိုသည့် သတင်းတို့ကလည်း တစ်မျိုးပြီး တစ်မျိုး မရိုးရလေ။ ထိုသို့ အကြောက်တရားနှင့် ဖွားမြောက်ခဲ့ရာ ကျောင်းနေသော အခါမှာကော ဆရာတော်ကို ကြောက်လိုက်ရတာ မလှုပ်ပင် မလှုပ်ရဲ။ ဆရာတော်က ဘုန်းတန်ခိုးကြီးပြန်၊ စာကလည်းတတ်၊ ဆွေကြီးမျိုးကြီးမှ ရဟန်း ပြုခဲ့လို့ထင့် ဒေါသလွယ်သည်မှာ ရွာသူကြီးမှ အစ ကိုရင် ကျောင်းသားအဆုံး အားလုံး ဖိန့် ဖိန့်တုန်ပင်။
စာမရလျှင် နကန်စာ ကျွေးသည်။ ရန်ဖြစ်လျှင် နကန်စာ ကျွေးသည်။ ဆော့လျှင်၊ ကဲလျှင် နကန်စာ ကျွေးသည်။ ၀ါးအဖျားကိုသပ်ထားသော ထိုနကန်သည် အရှိုးရာတို့ကို ပြိုင်းပြိုင်းထ စေသကဲ့သို့ တစ်လုံးကွဲလျှင်လည်း ကျောင်းတောင်ဘက် ၀ါးရုံကြီးက အစားရလွယ်သည့် အရာလေ။
နကန်က အများဆိုင် ဖြစ်သော်ငြား တစ်ရံတစ်ခါ ဆရာတော် လက်နားရှိသော အရာဝတ္ထုများသည်လည်း အထူးပြု နကန်ဖြစ်သွားရသည်။ မှတ်မိသေးတော့၊ ယောင်၍ပင် ကိုယ့်ခေါင်းကို စမ်းမိခဲ့၊ ဆရာတော်အား ဆွမ်းကပ်စဉ် နှစ်တောင်ထွာ အတွင်း ၀င်၍ကပ်မှ အကပ် မြောက်ကြောင်း သင်ကြားဖူးဖို့ ဝေး၊ ကြားပင် မကြားဖူးတဲ့ အရွယ်၊ ထို့ကြောင့် ဘောဇဉ်စားဖွယ် တစ်ခုကို နှစ်တောင်ထွာ အပြင်မှ ကပ်မိရာ “ခွပ်”ခနဲ နှီးဒေါင်းလန်းနှင့် ခေါင်းကို ကပ်ပိခံ လိုက်ရတော့သည်။
ဒေါင်းလန်းလည်း တစ်စစီ၊ ခေါင်းလည်း မူးဝေလျက်၊ ထိုအချိန်မှ စ၍ ဆရာတော် ခေါ်လျှင်ပင် ကြောက်တထိတ်ထိတ် စိုးတလန့်လန့် ရှိတော့သည်။ ရိုက်သောကြောင့် ကြောက်၊ ကြောက်သောကြောင့် ယောင်မှား၊ ယောင်မှားသောကြောင့် ရိုက်၊ ဤသို့ဖြင့် အကြောက် သံသရာ လည်တော့သည်။ သည်အထဲ မြို့မှာနေသော ခန်းနေ ဦးပဉ္စင်း နွေရာသီပြန်လာ ပြီဆိုလျှင် ကြောက်အား ပိုရပြန်သည်။ ဆွမ်းခံရာလည်း ခေါက်၊ ရေဆွဲရာလည်း ရိုက်၊ ဝေယျာ ၀စ္စတိုင်းသည် အငေါက်၊ အခေါက်တို့ဖြင့် မကင်း၊ ဘာကြောင့် ရိုက်မှန်း မသိ၊ ကြောက်ပြီးရင်း ကြောက်ရတာကို သိသည်။ ထို့ကြောင့်ထင့်။ ထိုဦးပဉ္စင်း ဦးစန္ဒောဘာသ လူထွက် သွားသည်ကြားသော အခါ ပျော်လိုက် ရသည် ဖြစ်ခြင်း။
နောင်လောကနီတိတွေ ဘာတွေ သင်ရတော့ ဆရာသမားဆိုတာ အိုးထိန်းသည်နှင့် တူသည်။ အိုးကို ကောင်းစေလိုလို့ ရိုက်ခတ်သကဲ့သို့ တော်စေ၊ တတ်စေ လို၍ ရိုက်ခြင်းဟု သင်ယူခဲ့ရ သည်။ စဉ်းစားကြည့်တော့ ပညာနှင့် အကြောက်တရား ဆတူများ ရခဲ့လေ သလား။
သည်လိုနှင့် ဘ၀ထဲ ရောက်သည့် အခါမှာတော့ ပညာတွေက ကျောင်းမှာ သာကျန်ခဲ့ပြီး အကြောက်တရားတွေ ကသာ တိုးပွားပါလာခဲ့လေရာ အရာရာကို တွန့်ဆုတ် နေမိတော့သည်။ ဟိုဟာ လုပ်ရင် အပြစ်ရှိမလား၊ သည်ဟာပြောရင် အပြစ်ရမလား စသည့် အလေ့တို့သည် မကျင့်ဘဲ ပွားလာတော့သည်။ အယုတ်ဆုံး ရည်းစား စကား ပြောရာမှာပင် ရဲဆေး မတင်ဘဲ မပြောဝံ့၊ သည်အထဲ ၀ါသနာပါလို့ စာလေး ပေလေးဖတ်ပြန် တော့လည်း လက်လှမ်း မီတာက စုန်း၊ တစ္ဆေ၊ ကဝေ ၀တ္ထုများ၊ ကဝေသင်္ချိုင်း ဆိုသည့် စာအုပ်ထဲမှ ဇာတ်ဝင်ခန်းများ ဆိုလျှင် အခုထိပင် ကြောက်လို့ ကောင်းတုန်း၊ အကြောက်တရားကို နည်းနိုင်၊ လျော့နိုင်၊ ပယ်နိုင်၊ ရှားနိုင်မလား အောက်မေ့ပါသည်၊
အကြောက်ဆင့် လောင်းသည့် အရာတွေကသာ ၀န်းကျင်မှာ ပြည့်နှက်လို့၊ မကြောက်မရွံ့ လွတ်လပ်စွာ ကိုယ့်စိတ် ကိုယ့်ကိုယ် လုပ်ကိုင်ဖို့ မဆိုထားနှင့် လွတ်လပ်စွာ ပြောဆိုရမည်ကိုပင် “ထရံကြား နားရှိသည်” ဆိုသည့် စကားဟောင်းများကြောင့် နှုတ်ဆွံ့ခဲ့သည်။ တွေးမည်ခေါ် မည်ကြံစည်တော့လည်း ငါ့အကြံကို တစ်စုံ တစ်ဦးများ သိသွားလေမလား ဆိုပြီး ရဲရဲ မတွေးတတ်၊ ကြုံသမျှ အရေး တို့ကို အပ်သလား၊ ရာသလား မစဉ်းစား၊ ကြောက်ဖို့သာ အသင့် ပြင်နေတော့သည်။ ကြာတော့ ကြောက်ရွံ့ခြင်းသည် အကျင့် ပါနေခဲ့ပြီ။
ထို့ပြင် အခြားသူတွေ အဖမ်းအဆီး ခံတာ ကြုံလျှင်လည်း ငါ့ကိုလည်း ဖမ်းဆီးမှာလား၊ အခြားသူတွေ မကျန်းမမာ ဖြစ်ကုန်ပြီ ငါ့မှာရော စသည်ဖြင့် အကြောင်းကို မရှာဘဲ အမျိုးမျိုးကြံ ကြောက်မိတော့သည်။ သည်အမူ အကျင့်တွေကြောင့် အထက်ပါ အမည်သညာ ရှိခဲ့ ရခြင်းပင်။
ကျွန်တော်တို့ ၀န်းကျင်တွင် ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေတတ် သော အကြောင်းများစွာရှိရာ အာရုံ ခြောက်ပါး အပြည့်ဟုပင် ဆိုလိုက်ချင်ပါသည်။ ကြာတော့ အကြောက်တရား၌ ပျော်ပိုက် နေသူများဟု မျိုးခြားမြေခြား သူအများတို့ ကဲ့ရဲ့သင်္ဂြိုဟ်ဖွယ် ဖြစ်နေတော့သည်။
တကယ် စဉ်းစားကြည့်သော အခါ ကျွန်တော်တို့သည် “ကြောက် တတ်လျှင် ၀န်ကင်း”ဆိုသည့် စကားပုံ ကိုသာ နားစွဲနေပြီ၊ “ကြောက်ရင်လွဲ ရဲ မင်းဖြစ်”ဆိုသည့် စကားကိုတော့ မေ့ပျောက် နေကြသည်။ကြောက်ရွံ့ခြင်းသည် ဘ၀ အတွက် အလွန် အန္တရာယ် ကြီးလှပေသည်။ ကြောက်ရွံ့မှု အားကြီးလျှင် ယုံကြည်မှု ပျောက်ဆုံးတတ်သည်။ ယုံကြည်မှု ပျောက်ဆုံးလျှင် သိမ်ငယ်စိတ် ၀င်လာသည်ကို သတိပြုသင့်သည်။ စာတွေရပါလျက် ဆရာကို ရွံ့၍ စာတွေ ပျောက်ရသည့် အဖြစ်၊ စာတွေရ ပါလျက် ကြောက်သောကြောင့် ပုစ္ဆာကို မှန်ကန်စွာ မဖြေနိုင်သည့် အဖြစ်များ၊ အလုပ်ရှင်များကို ၀ံ့ဝံ့စားစား ရင်မဆိုင်မှု၊ ခမ်းနား ထည်ဝါသော နေရာများ၊ ဆိုင်ကနားများကို ၀င်မဆံ့ခြင်းများသည် ကိုယ်တိုင် ဆုံဖူးကြသည့် သာဓက များပင်။
သတ္တု ချကြည့်သော် ကြောက်ရွံ့ခြင်း၏ အခြေခံသည် ဗဟုသုတ မရှိခြင်းနှင့် စဉ်းစားဆင်ခြင်ဥာဏ် မရှိခြင်းကြောင့်ဟု တွေ့ရပေသည်။ ဤနှစ်ချက် ဖြင့် ကြောက်ရွံ့စိတ် ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း ဘာကို ကြောက်တာလဲ၊ ဘာကြောင့် ကြောက်တာလဲ စသည်ဖြင့် နှိုင်းချိန်စဉ်းစား ဆင်ခြင် သုံးသပ်ခြင်း ပြုနိုင်လျှင် ကြောက်ရွံ့စိတ်တို့ ဖယ်ရှား နိုင်ကာ ရဲဝံ့မှုဖြင့်ပင် အစားထိုး နိုင်မည်မှာ ဧကန်ပင် ဖြစ်ပါသည်။
နန်းမ အလယ် ရံရွေများစွာနှင့် စံနေသော အလောင်းမင်းသား သိဒ္ဓတ္ထသည် တစ်ကိုယ်တည်း တောနက်ထဲ လှည့်လည် တရားရှာဖွေစဉ် ကြောက်ရွံ့ ထိတ်လန့်ဖွယ် နိမိတ် အာရုံတို့ ကြုံသော်တိုင်း “ဒါဟာ ငါ့ကို ဆုတ်နစ်စေတဲ့ မာရပဲ”ဟု ဆင်ခြင်ကာ ပယ်ရှားဝေးလွှင့် စေခဲ့ကြောင်းတို့ကို သံယုတ် ပါဠိတော်၌ အထင်အရှား တွေ့နိုင်ပါသည်။
နည်းတူ ဂရိ အတွေးအခေါ် ပညာရှင်ကြီး ဆော့ကရေးတီးသည်လည်း သေဒဏ် စီရင်ခံရအံ့ နီးတွင် တပည့်များက ငိုယိုနေကြရာ သင်တို့ သေခြင်းကို ကြောက်စရာဟု ဘာကြောင့် ပြောနိုင်သလဲ။ သင်တို့ ခံစားဖူးလို့လား ဟု မေးခဲ့သည်။ တပည့်များက မခံစားဖူးကြောင်း ပြောကြတော့ သေခြင်း ရဲ့ဟိုဘက်မှာ သင်တို့ ထင်သလို ဆိုးချင်မှ ဆိုးမှာဟု ပြောကာ သေခြင်းကို မတုန်မလှုပ် ရင်ဆိုင်သွားတော့သည်။ ဤကိုချင့်၍ ကြောင်းကျိုး စဉ်းစား ဥာဏ်ရှိခြင်းနှင့် အထွေထွေ ဗဟုသုတ ကြွယ်ဝခြင်းသည် လူတိုင်းကြောက်ရွံ့သော သေခြင်း တရားကိုပင် ရဲဝံ့စွာ ရင်ဆိုင်စွမ်း ရှိသည် မဟုတ်ပါလား။ ထို့ကြောင့် အကြောက်တရားကို အနိုင် ယူနိုင်သော သူတို့သည် အရာရာကို အောင်နိုင်သူများဟု ဆိုလိုက်ချင်ပါသည်။ “ရဲရင့်ခြင်းကြောင့် တစ်ကြိမ်သာ သေဆုံးရ၍ ကြောက်ရွံ့ခြင်းကား အကြိမ်ကြိမ် သေခဲ့ရသည်” ဆိုသော စကားမှာ ထိုသို့သော အာဇာနည်တို့ ကျူးရင့်ခဲ့သော ဥဒါန်း ပင်။
ထိုသို့သော ဥဒါန်းမျိုးကို ကျွန်တော်တို့ အစ်မ တစ်ဦးလည်း ကျူးရင့်ခဲ့ ဖူးပါသည်။ အသက်ဘေးနှင့် လက်တစ်ကမ်းအကွာ၊ သေမင်းက တစ်၊ နှစ်၊ သုံး တိုင်မင် ခေါ်နေချိန်၊ အဖော် အားလုံးတို့ တွန့်ဆုတ် သွေးပျက် သည့်ကာလ၊ ထိုကာလတွင် ကျွန်တော်တို့ အစ်မကား သေခြင်းကို တည်ငြိမ် အေးဆေးစွာ ရင်ဆိုင် ဖြတ်သန်း သွားခဲ့သည်။ ထိုအစ်မ ပြောခဲ့သော စကားမှာ “လူတိုင်း ကြောက်ရွံ့တတ်ကြသူချည်း ပါပဲ၊ ဒါပေမယ့် အများအတွက် လုပ်သင့်တာကိုတော့ ကြောက်လျက်နှင့် လုပ်ကြရမှာပဲ”ဟု ဖြစ်ပါသည်။
နောက်တစ်ခါ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် သူ့မိတ်ဆွေ အားပေးစာမှ စကားလေး တစ်ပိုဒ်ကလည်း “ကြောက်စရာရှိ ကြောက်၊ ငိုစရာရှိ ငို၊ ပူစရာရှိ ပူပင်၊ လုပ်စရာရှိတာ လုပ်”ဟူ၍ ဖြစ်ပါသည်။ ဤအကြောင်းများကို စဉ်းစား ဆင်ခြင်ရင်း သူငယ်ချင်းများနှင့် တွေ့ သောအခါ ကျွန်တော်တို့ နာမည်များကို ပြောင်းဖို့ ကြိုးစားရပါမည်။ နာမည်ပေး ကင်ပွန်းတပ် မင်္ဂလာ အသစ် ပြုကြပါ မည်။ ထိုအခါ အမေရိကန် သမ္မကြီး သီအို ရုစဗဲ့၏ ဤစကားလေးကို မေတ္တာ လက်ဆောင် ပေးရပါမည်။
“ကျွန်ုပ်တို့မှာ ကြောက်စရာ ဆိုလို့ ကြောက်စိတ် တစ်ခုတည်းသာ ရှိသည်” တဲ့။

No comments:
Post a Comment