တည်ငြိမ်ရင့်ကျက်မှုကို ရရှိဖို့ ခင်မင်ရင်းနှီးမှု၊ ရိုးသားပွင့်လင်းမှုတွေကို ပေးဆပ်လိုက်ရတယ်ဆိုရင်တော့ မဟုတ် သေးဘူးထင်တယ်။ စိတ်ထဲမှာ အခန့်မသင့်တာ ကြုံလာတဲ့အခါ တည်ငြိမ်ရင့်ကျက်မှုဆိုတာကို ပြနိုင်ဖို့ ဒေါသ သောက မှန်သမျှကို မြိုချပြီး ပြုံးလိုက်ရတာ။ မြိုချရင်းကပဲ ခံစားရသမျှကို မေ့ပစ်လိုက်နိုင်တာ။ ရင်ထဲမှာ ခံစား ရသမျှ ရိုးသားပွင့်လင်းစွာ ပြောပြလို့ မဖြစ်နိုင်တဲ့ အခါ အရာရာကို မေ့ပစ်ဖို့ကြိုးစားရင်း မေ့ပစ်သွားနိုင်တာ။ ဒါတွေဟာ မှန်ကန်တဲ့ ရင့်ကျက်မှု ပုံစံ ဟုတ်ရဲ့လား။ ကြိုးစားခြင်းနဲ့ အတူ ရိုးသားခြင်းတွေကို စွန့်လွှတ်နေရတာ မှန်ကန်ရဲ့လား။
ငွေဟာ အရာရာကို ဖန်တီးပေးနိုင်တာ မဟုတ်ပေမဲ့ ငွေက အရာ အတော်များများကို သက်သာ လွယ်ကူဖို့တော့ ဖန်တီးပေးတယ်။ဘ၀ရဲ့ တိုးတက်မှုတွေကို ရှာဖို့ ငွေဟာ အရေးပါတဲ့ နေရာတစ်ခုမှာ ရပ်တည်နေတယ်။ လောကမှာ ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ဖို့ ငွေနဲ့ ရင်းနှီးနေရတယ်။ ဒီဂရီ တစ်ခုရဖို့ ငွေပေါင်းသောင်းချီ ရင်းနှီး ရတယ်။ အသိပညာ ကြွယ်ဝဖို့ ငွေမရှိပဲ မဖြစ်နိုင်ပြန်ဘူး။ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်ရေးအတွက် ငွေကြေးလိုအပ် ပြန်တယ်။ဒါဆို မိတ်ဆွေ အပေါင်းအသင်း ကြွယ်ဝဖို့ရော။ ငွေကြေးနဲ့ မိတ်ဆွေ မ၀ယ်နိုင်ပေမဲ့ မိတ်ဆွေတွေ လက်တွဲခိုင်မြဲစေဖို့ ငွေကြေးလိုအပ်ပြန်တယ်။ငွေကြေးတစ်ခုနဲ့ ဘ၀ရဲ့ အောင်မြင်မှုကို မတိုင်းတာနိုင်ပေမဲ့ အောင်မြင်မှုဆိုတာ ရဖို့ ငွေကြေးက ထောက်တိုင် တစ်ခု ဖြစ်တယ်။

No comments:
Post a Comment