Tuesday, October 6, 2009

ကျိုတိုခရီးစဉ်

ဂျပန်နိုင်ငံကို ဘာလို့ရောက်ဖူးချင်တာလဲဆိုရင် ဂျာနယ်ကျော်မမလေးရဲ့ သွေးကို အပြစ်တင်ရမယ် ထင်တယ်။ ငယ်ငယ်ကလေးထဲက ဂျပန်တော်လှန်ရေးကားတွေ၊ ဂျပန်ငပုတွေ စသည်ဖြင့် ကြည့်နေ ကြားနေခဲ့ရပေမဲ့ ကိုယ် ဂျပန်တွေကို ခါးခါးသီးသီး မုန်းတီးမနေတာ သွေးရဲ့ ကျေးဇူးတွေ အများကြီး ပါတယ်။ လူနဲ့ စနစ်ကို ခွဲခြားသိမြင်စေခဲ့ခြင်းဟာ စာအုပ်တွေက ရတဲ့ အကျိုးကျေးဇူးတွေပဲမှလား။

တကယ်တော့ ကိုယ် ဂျပန်နိုင်ငံကို သွားဖို့ အခွင့်အရေးရတာ ဒီတစ်ခေါက်နဲ့ဆို ၂ ကြိမ်မြောက်ပဲ။ ပထမ တစ်ကြိမ်တုန်းက မေလမှာ တိုကျိုကို သွားရဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ကိုယ်မသွားဖြစ်ခဲ့ဘူး။ အခုက ဒုတိယအကြိမ်မြောက်ပေါ့။ ဒီတခေါက်တော့ ကျိုတိုတဲ့။ အမှန်ပြောရရင် မသွားချင်က သွားချင်ခဲ့ရသလောက် တကယ် တေ့တေ့ဆိုင်ဆိုင် သွားရခါနီးမှာ ကိုယ် သိပ်စိတ်လှုပ်ရှားမနေခဲ့ဘူး။

ရာသီဥတု၊ အစားအသောက် စသဖြင့် အခြေအနေတွေကို လေ့လာခဲ့တယ်ဆိုပေမဲ့ သိပ်တော့ အားမစိုက် ခဲ့တာ အမှန်ပဲ။ ဒါမို့လဲ မလိုအပ်ပဲ ကိုယ် အနွေးထည်တွေ သယ်လာခဲ့မိတယ်။ ကွန်ဖရင့်ကို ခုမှ စတက်ဖူး တဲ့လူဆိုတော့ ဘာတွေ လိုအပ်နိုင်တယ်ဆိုတာကို သေချာ သိမနေတာလဲပါတယ်။ ကိုယ်လာတဲ့ လက စက်တင်ဘာ လကုန်၊ အောက်တိုဘာ လဆန်းဆိုတော့ ဆောင်းဦးကို ပီပီပြင်ပြင် မရောက်သေးဘူး။ ကိုယ်ရှိနေတုန်း ၂ ရက်လောက် မိုးရွာတဲ့နေ့တွေကလွဲရင် အနွေးထည် ၀တ်စရာ မလိုခဲ့ဘူး။ မိုးရွာတဲ့ နေ့တွေမှာတော့ နဲနဲအေးတယ်။ ကံကောင်းချင်တော့ ကိုယ်ပြန်ခါနီးရက်တွေမှာ နေသာတဲ့အတွက် ကိုယ် စိတ်တိုင်းကျ လျှောက်လည်ခွင့်ရခဲ့တယ်။

ခရီးစဉ်စပြီ


ကိုယ့်ရဲ့လေယာဉ်ဆိုက်ရာ ကန်ဆိုင်း လေဆိပ်ကနေ ကျိုတိုကို သွားဖို့အတွက် ရထား တစ်ဆင့် စီးရတယ်။ ကြာချိန်က ၁ နာရီ ခွဲ။ ရထားစီးရင် ရှုခင်းတွေကို ငေးတတ်တဲ့ ကိုယ်ဟာ အဲဒီနေ့ကတော့ ဘယ်လိုမှ မဟန် နိုင်ခဲ့ဘူး။ လေယာဉ်ပေါ်မှာ ပင်ပန်းလာတဲ့ အရှိန်နဲ့ ကိုယ် မျက်စိကို မှိတ်လို့ မှိန်းနေခဲ့ရတယ်။ ကိုယ့်ရဲ့ လေယာဉ်ချိန်က ည ၁ နာရီမှာ ချန်ဂီက ထွက်ခဲ့တယ်။အမှန်ဆို အိပ်လို့ ကောင်းမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ကိုယ့်ရဲ့ ထုံးစံအတိုင်း ညစာကို ဟက်ဟက် ပက်ပက် မစားထားတော့ ဗိုက်ဆာနေခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မရဘူး။ နောက် လေဆိပ်ပေါ်က လူတွေရဲ့ လှုပ်ရှားမှုလဲ ပါတာပေါ့။ အချိန်ကပဲ တိုနေလို့လား.. ကိုယ် အိပ်ပျော်မယ်လို့ ဖြစ်လိုက် လေယာဉ်မယ်တွေက တစ်ခုခု လာကျွေး လိုက်နဲ့ ကိုယ်တော်တော်လေး စိတ်ပျက်ခဲ့ရတယ်။

ဂျပန်ကို ရောက်ရောက်ချင်းမှာပဲ သူ့ကို အားကျသွားစေခဲ့တာကတော့ ရထားတွေရဲ့ ပုံစံပဲ။ ရထားတွေက တော်တော်လေး သန့်တယ်။ နောက်တစ်ခုက ခုံတွေကို ရထားသွားရာ လမ်းကြောင်းအတိုင်း လှည့်ပေး တာကိုပဲ။ သန့်ရှင်းရေး လုပ်နေတာကို ကြည့်ပြီး ကိုယ်တော်တော်လေး နှစ်ခြိုက်သွားမိတာ အမှန်ပဲ။ ကျိုတိုကို ရောက်တဲ့အချိန်က နေ့ခင်း ၁၂ နာရီ ၀န်းကျင် ဖြစ်နေပြီ။ ဟိုတယ်ကို ရောက်တဲ့အချိန်မှာ ကိုယ် တော်တော်လေး ပင်ပန်းနေပြီ။ ဒါပေမဲ့ အတွေ့အကြုံအသစ်ကြောင့်ပဲလား ထမင်းမစားရသေးလို့ပဲလား ကိုယ် မအိပ်ချင်သေးဘူး။ ဒါနဲ့ ရေမိုးချိုး၊ ခနနားပြီး အပြင်ကို ထမင်းထွက်စားဖြစ်တယ်။ ကျိုတို ဘူတာရုံ ၀န်းကျင်မှာ လျှောက်သွားရင်း ကိုယ်တော်တော်လေး ပင်ပန်းပြီး အိပ်ချင်လာတယ်။ ပြန်ရောက်ပြီး ခနဆို အိပ်လိုက်တာမှာ ကိုယ် ညနေ (၈) နာရီလောက်မှ နိုးလာတော့တယ်။ ကျိုတိုမှာ နေရာတော်တော် များများက ညနေ ၅ နာရီလောက်မှာ ပိတ်တယ်ဆိုတော့ ကိုယ်လျှောက်သွားဖို့ အချိန်မရတော့ဘူးပေါ့။ ဒါနဲ့ပဲ နောက်နေ့ ကွန်ဖရင့် သွားဖို့ပြင်ဆင်ရင်း ကိုယ်အိပ်ပျော်သွားခဲ့တယ်။


ကျိုတိုမှာ လည်စရာ

ကိုယ် ပထမဆုံး ရောက်ဖြစ်တဲ့နေရာကတော့ ကင်ကကူချီ လို့ အမည်ရတဲ့ ဘုရားပဲ။

ဒုတိယ ရောက်ဖြစ်တဲ့ နေရာက ဂီရွန်း ကော်နာ။

အဲဒီမှာ ဂျပန်ရိုးရာ ဖျော်ဖြေမှုတွေ ရှိတဲ့အတွက် ရိုးရာကို တနေရာတည်း ခံစားနိုင်ဖို့ သွားဖြစ်ခဲ့တယ်။ မိနစ် ၅၀ ကြာတဲ့ ဖျော်ဖြေမှုအတွက် ၃၁၅၀ ယွမ် ပေးရတယ်။ များတယ်လို့ မဆိုနိုင်ပေမဲ့ ဈေးကြီးတဲ့ ဖျော်ဖြေမှုလို့တော့ ဆိုရမယ်။ အဲဒီမှာ အစီအစဉ် ငါးခု ပါပြီး တစ်ခုကို ၁၀ မိနစ် ပျမ်းမျှကြာတယ်။ ပထမဆုံး စလာတာကတော့ ဂျပန်ရိုးရာ ရေနွေးဝိုင်း၊ နောက် ဂျပန်ရိုးရာ တူရိယာ တီးမှုတ်မှု၊ နောက် ဂျပန် အက၊ နောက်ဆုံး ၂ ခုကတော့ ပရိသတ်ကို အဖမ်းစားနိုင်ဆုံး ပြောနိုင်တယ်။ အဲဒါတွေကတော့ ဂျပန်ရိုးရာ ပြဇာတ်လေးတစ်ခုနဲ့ ရုပ်သေးအကပဲ။ပြဇာတ်မှာ လယ်ပိုင်ရှင် သဌေးရယ်၊ နောက် သူ့အလုပ်သမား ၂ ယောက်ရယ် ပါတယ်။ မြို့ကို သွားရမဲ့ သဌေးက သူ့ အလုပ် သမားတွေ အရက်ခိုးသောက်မှာဆိုးလို့ ကြိုးတုပ်ခဲ့ပေမဲ့ တပည့် ၂ ယောက်က မရရအောင် သောက်တဲ့ ပြဇာတ်တိုလေးပဲ။ ဒါပေမဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ပီပြင်မှုကြောင့်ကိုယ့်ကို စွဲဆောင်နိုင်ဆုံးလို့ ပြောနိုင်တယ်။ နောက်ဆုံး အခမ်းအနားကတော့ ရုပ်သေးပေါ့။ ဂျပန်ရုပ်သေးက မြန်မာ့ရုပ်သေးလို ကြိုးနဲ့ဆွဲတာ မဟုတ်ပဲ လူက လက်ထိုးပြီး ကတာ ဖြစ်တယ်။ အရုပ်က အ၀တ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး မျက်နှာ အမူအရာ ခံစားမှုကို ပို အသေးစိပ် ဖော်ပြနိုင်တာတွေ့ရတယ်။





No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~