Friday, October 30, 2009

ဖေဖေ

သမီးဘ၀ရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ သူရဲကောင်းကတော့ ဖေဖေပါ။ မိသားစုအတွက်၊ မိန်းမ အတွက် ရှေ့ဆုံးက ကျောက်ဆိုင်တစ်ခုလို မားမားမတ်မတ် ကာကွယ်ပေးခဲ့တယ်။ သားသမီးတွေ ငယ်စဉ်ကာလမှာ မိန်းမနဲ့ အတူ ဒုက္ခ ခံပေးခဲ့တယ်။ ညဖက် မအိပ်တဲ့ အခါ ပုခုံးပေါ်မှောက်သိပ်လို့ လမ်းလျှောက်သိပ်ခဲ့တယ်။ ငွေကြေးရှာပေးနေတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပေမဲ့ အိမ်မှုကိစ္စအ၀၀မှာလဲ မိန်းမရဲ့ တာဝန်တွေလို့ သဘောမထားပဲ ၀ိုင်းထမ်းပေးခဲ့တယ်။
မေမေရေ.....သားသမီးတွေရဲ့ ကွယ်ရာ မှာ မေမေ့ကို လွမ်းဆွတ်တမ်းတနေဆဲ ဖေဖေ့ကို နှစ်သိမ့်ပေး လှည့်ပါအုန်း။ ဖေဖေ ခံစားနေရတာတွေကို ဖေဖေက မပြပေမဲ့ သမီး မြင်နေသိနေပါတယ် ဖေဖေ။ ညဖက်တွေ ဖေဖေ အိပ်မပျော်တဲ့အခါ သောကတွေနဲ့ ပူလောင်နေတဲ့အခါ မေမေ့ကို တိုင်တည်နေမဲ့ ဖေဖေ့ကို မမြင်ရပေမဲ့ အသိစိတ်နဲ့ မြင်နေသိနေမိပါတယ် ဖေဖေ။ ဒါပေမဲ့ ဖေဖေရေ....သမီးတို့အတွက် ဆက်လက်အသက်ရှင်ပေး ပါအုန်း။ ဖေဖေရဲ့ အနားမှာ အမြဲရှိမနေနိုင်ပေမဲ့ အဝေးက ဖေဖေ့သမီးငယ်တွေအတွက် ဖေဖေ အားတင်းထား ပေးပါအုန်းနော်။
အဆိုးတွေနဲ့ ကြုံတွေ့လာရတဲ့ အခါ သမီးကို အားပေးနှစ်သိမ့်ဖို့ဖေဖေ ရှိနေပေးပါ။ အဖေ ပျော်ရွှင်နေဖို့ မေမေ လိုလားမယ်ဆိုတာ ယုံတယ်မှလား ဖေဖေ။ သားသမီးတွေကို စောင့်ရှောက်ရင်း သူ့ကို လွမ်းဆွတ်နေတဲ့ ဖေဖေ့ကို မြင်နိုင်မယ်ဆိုရင် မေမေ ကျေနပ်ပျော်ရွှင်နေမှာပါ ဖေဖေ။
အခက်အခဲတွေနဲ့ ကြုံလာရတဲ့အခါ အဖေ့ဆီက သမီး လုပ်နိုင်မှာပါဆိုတဲ့ အဖေရဲ့အားပေးစကားတစ်ခွန်းက သမီးအတွက် အသက်ဆက်ဆေးပါ အဖေ။ စကားလုံးတွေ တူပေမဲ့ အဖေရဲ့ စကားတစ်ခွန်းမှာ ယုံကြည်ခြင်း၊ အားပေးခြင်း၊ မျှော်လင့်ခြင်းတွေ ပျော်ဝင်နေတယ်ဆိုတာ သမီးနဲ့ အဖေပဲ သိနိုင်မှာပါ။ အတူတူ ရှိနေတဲ့ အချိန်တွေ၊ အတူတူ မရှိနေနိုင်တဲ့အချိန်တွေ အရာရာကို အမှတ်တရအဖြစ် ရင်ထဲမှာ သိမ်းထားချင်ပါတယ် ဖေဖေ။
မိဘနဲ့ ပတ်သတ်လာရင် လောဘကြီးတဲ့ သမီးတစ်ယောက် အနေနဲ့ သမီးတို့နဲ့ အတူ နှစ်ပေါင်းများစွာ ဆက်ရှိနေပေးပါလို့ ဖေဖေရဲ့ နိုဝင်ဘာလ (ရ)ရက်နေ့မှာ ကျရောက်မဲ့ ၅ရ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ ဆုတောင်းရင်း အဝေးကနေပဲ ကန်တော့လိုက်ရပါတယ် ဖေဖေ ။

ဝိုင်ဝိုင်းရဲ့ အဖေကို ခံစားရင်း အမှတ်တရ

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~