Saturday, June 13, 2009

စွန်ကလေး......

စွန်ကလေး.......ရုတ်တရက် ကြည့်လိုက်တော့ လေထဲမှာ လွတ်လပ်စွာ လွင့်မျောနေသလိုပါပဲ။ ဒါပေမဲ့ သူ့ကို ချည်နှောင်ထားတဲ့ ကြိုးလေး တစ်ချောင်း။ ဘယ်သူတွေ မြင်နိုင်မလဲ။ သူ့မှာ အစွမ်းအစတွေ ရှိတယ်။ ယုံကြည် ချက်တွေ ရှိတယ်။ ဒါပေမဲ့ ဒီအရာတွေ အတွက် သူလွတ်လပ်စွာ မသွားနိုင်အောင် နောက်က တုန့်ဆွဲနေတဲ့ ကြိုးမျှင်မျှင်လေး ရှိတယ်။ အဲဒီ ကြိုးမျှင်လေးရဲ့ ဆွဲအားထဲမှာ တာဝန်သိမှုတွေ ပါတယ်။ ကျေးဇူးတရားတွေ ပါတယ်။ သံယောဇဉ်တွေ ရှိတယ်။ ၂၀၁၁ ကို စောင့်မျှော်နေတဲ့ စွန်ကလေးက တခါတရံမှာ တွေးတယ်။ ငါ လွတ်လပ်ချင်ပြီတဲ့....... နင့်ကို ဖြတ်တောင်လိုက်ဖို့ ၂၀၁၁ ကို ငါ မျှော်လင့်နေတယ်တဲ့။ ဒါပေမဲ့ စွန်ကလေးရဲ့ အတွေးတွေကို လွှမ်းမိုးထားတဲ့ အရာတွေမှာ ကိုယ့်ကိုယ်ကို ပေးအပ်ထားတဲ့ တာဝန်တွေ ရှိတယ်။ ကိုယ့်ကို ချည်နှောင်ထားတဲ့ ကြိုးတွေကို ဘယ်သူ ဖန်တီးနေတာလဲ။ ကိုယ်တိုင်ပဲ မဟုတ်ဘူးလား။ ကိုယ်တိုင် ချည်တဲ့ ကြိုးတွေက ပိုတင်းကြပ်နေတယ်ဆိုတာ စွန်ကလေး မသိမဟုတ်၊ သိနေပေမဲ့ မလွန်ဆန်နိုင်ဘူး။ တဘက်က ကြည့်လိုက်တော့ အဆုံးအစ မရှိတဲ့ ကောင်းကင်ကြီး၊ အဲဒီမှာ စိန်ခေါ်နေတဲ့ အန္တရာယ်တွေ ရှိပေမဲ့ ပျော်ရွှင်မှု တွေကို ဖန်တီးပေးမဲ့ စိန်ခေါ်မှုတွေပဲ မဟုတ်လား။ ကောင်းကင်ထဲကို ၀ဲနေမဲ့ စွန်ကလေးကို လူတိုင်းက မော့ကြည့်နေလိမ့်မယ်။ အများက အားကျမဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်မယ်။
ဒါပေမဲ့ စွန်ကလေး ကြိုးကို ဖြတ်ခဲ့ ရမယ်။ စွန်ကလေး လုပ်ဝံ့ရဲ့လား။ အသိတရားတွေက ခွင့်ပြုပါ့မလား။ မြေပြင်ကို ခုန်ဆင်းလိုက်မယ်ဆိုရင်ရော ဆူးတွေ ခြုံတွေနဲ့ မဟုတ်ဘူးလား။ စွန်ကလေး ရင်ဆိုင်နိုင်ပါ့မလား။ အမှန်ပြောရရင် စွန်ကလေး ထိတ်လန့် နေမိတယ်။ ဘ၀တစ်ခုလုံး စုတ်ပြတ်အောင် ပေးဆပ်လိုက်ရင်တောင် ဒီမြေတလင်းကလေး ရှင်းသွားနိုင်ပါ့မလား။ အတွေးတွေက စွန်ကလေးကို နောက်တွန့်စေတယ်။ ဒါပေမဲ့ စွန်ကလေး ပဲလေ။ တာဝန် အသိတရားထက် ဘာကို ဦးစားပေး ရအုန်းမှာလဲ။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~