Sunday, June 14, 2009

အိမ်ပြန်ချင်တယ်..အမေ မရှိတော့တဲ့ အမေ့ အိမ်

ရထားဥသြသံလေးတောင် မကြားရတာ အတော်ကြာသွားခဲ့ပြီ။ ငယ်ငယ်က ကိုယ်နေခဲ့တဲ့ အိမ်က ရထားလမ်း နဘေးမှာ။ မနက်ဆိုရင် ရထားဥသြသံလေးနဲ့ ကိုယ်နိုးထခဲ့ဖူးတယ်။ အဖေ ရန်ကုန် သွားတဲ့အခါ၊ အမတွေ အကိုတွေ ကျောင်းသွားတက်တဲ့ အခါတွေမှာ ရထားဥသြသံလေးတွေကို နားထောင်ပြီး ပြန်ရောက်မဲ့ အချိန်၊ ထွက်သွားမဲ့ အချိန်တွေကို တွက်ဆ လွမ်းခဲ့ဖူးတယ်။ ရထားသံကို သမီး ဘယ်တုန်းကမှ မမုန်းခဲ့ဖူးတာ အမှန်ပါ။ အခုတော့ မေမေရယ်......ဒီရထားလမ်းကြီးကြောင့်ပဲ မေမေ့ အသက်ကို အချိန်မီ မကယ်နိုင်ခဲ့တာဆိုတဲ့ အသိနဲ့ သမီး ရထားသံတွေကို မုန်းတယ် မေမေ......
မေ မရှိတော့တဲ့ အိမ်ကလေးကို ပြန်ဖို့ ရထားကြီးကို အသုံးပြုရအုန်းမယ်။ တခါတလေတော့လဲ မေမေ မရှိတဲ့ အိမ်က သမီးအတွက် ဘာတန်ဖိုး ရှိအုန်းမှာလဲလို့ တွေးမိတဲ့အခါ ဖေဖေနဲ့ မမကို အားနာမိတယ်။ ဖေဖေသာ မရှိခဲ့တော့ဘူးဆိုရင် ဒီအိမ်ရိပ်ကို နင်းဖို့ ကိုယ် သတ္တိရှိမှာ မဟုတ်ဘူး။ တကယ်တော့ သမီးကလေ အတ္တတွေနဲ့ ပညာရေးလောဘတွေနောက်ကို လိုက်ရင်း မိဘကို ဥပက္ခာ ပြုခဲ့ဖူးသူပါ။ မေမေလိုချင်တာ ငွေ မဟုတ်ဘူး။ ဒါကို သမီး သိနေခဲ့ပေမဲ့ သမီးရဲ့ ပညာရေးလောဘတွေက သမီးကို မေမေ့ဆီ အချိန်မီ ပြန်ဖို့ ခွင့်မပြုခဲ့ဘူး မေမေရယ်။ “စာမတော်တဲ့ သမီး တစ်ယောက်လောက် အနားမှာ ရှိစေချင်တယ်ဆိုတဲ့ ” မေမေ့ စကားကို လျစ်လျူရှု့ပြီး ညီမငယ်ကို ဒီ အရောက် ခေါ်ခဲ့မိတာတွေအတွက် တခါတလေ နောက်တရ နာကျင်မိတယ်။ နှလုံးရောဂါကြောင့် မေမေဆုံးရတယ်လို့ ဆရာဝန်တွေက နံမည်တပ်တယ် မေမေ။ အဲဒီ နှလုံးကို ထိခိုက်အောင် လုပ်ခဲ့တဲ့ သူဟာ လူတွေက သမီးလိမ္မာလို့ ချီးကျူးတဲ့ သမီးကိုယ်တိုင်ပဲ ဖြစ်နေခဲ့မယ် ထင်တယ် မေမေရယ်။ မိဘကို သိတတ်တယ်ဆိုတဲ့ စကားသံတွေ အကြားမှာ သမီး ၀မ်းနည်းနာကျင် ရှက်ရွံ့နေမိတယ်။ အမေ မရှိတော့တဲ့ အမေ့အိမ်ကို ပြန်ရမှာ တခါတလေတော့လဲ သွေးကြောင်နေမိတယ်။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~