Tuesday, December 22, 2009

စာရေးဆရာတစ်ယောက်ရဲ့ မှတ်စကို ခံစားကြည့်ခြင်း

ဆရာမ ဂျူးက သူမရဲ့ စာရေးဆရာဘ၀ကို အပိုင်း (၅) ပိုင်း ခွဲခြားတင်ပြသွားပါတယ်။
သူမရဲ့စာရေးဆရာမ ဘ၀ ပထမ မျက်နှာ ကို အမှတ်တရ နဲ့ ဥပမာပေးသွားပြီး (living together) ရေးသော စာရေးဆရာမ အဖြစ်၊ အဆိပ်ပင်အဖြစ် သတ်မှတ်ခံ ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒုတိယဘ၀ စာမျက်နှာကိုတော့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်နဲ့ ဖွင့်လှစ်ပြသွားပြီး မ ၀ါဒီ တစ်ဦး အဖြစ် စွပ်စွဲခံခဲ့ရတယ် လို့ ပြောပြခဲ့ပါတယ်။
တတိယဘ၀ စာမျက်နှာကိုတော့ ကျွန်မချစ်သော ကမ္ဘာမြေ ဆိုတဲ့ စာအုပ်နဲ့ အတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦး (ကျွတ်ကျွတ်အိတ်ဆရာမ) အဖြစ် တံဆိပ်ကပ်ခံခဲ့ရပြန်တယ်လို့ ဆိုပါတယ်။
နောက် စတ္ထုတ္ထ စာမျက်နှာကိုတော့ စောင့်နေမယ်လို့ မပြောလိုက်ရဘူး ဆိုတဲ့ စာအုပ်နဲ့အတူ သူမရဲ့ စိတ်ဝင်စားမှုဟာ ပညာရေး (အထူးသဖြင့် လူငယ်တွေရဲ့ ပညာရေး)ကို အားပေးချင်သူအဖြစ် သူမကိုယ်သူမ သတ်မှတ်သွားပါတယ်။
လက်ရှိကာလ သူမရဲ့ စာရေးဆရာ မှတ်စုကိုတော့ အ၀ါရောင် ရထား နဲ့ ဖွင့်ဟပြသွားပါတယ်။
သူမဟာ လောလောဆယ်မှာ လူမှုရေး လုပ်ငန်းတွေကို အားသန်နေပြီး ကလေးသူငယ် ပြုစုရေးအပေါ် အားသန်နေပါတယ်ဆိုတာနဲ့ သူမရဲ့ စာရေးဆရာ မှတ်စုကို နိဂုံး ချုပ်သွားခဲ့ပါတယ်။

ကျွန်မအနေနဲ့ ခံစားလိုက်ရတာကတော့ ဂျူးဟာ ကမ္ဘာမြေကြီးရဲ့ တန်ဖိုးရှိတဲ့ လူသားတစ်ဦးဆိုတာပါပဲ။ အသက်အရွယ်နဲ့ အတူ သူမဟာ ကြီးပြင်းလာတယ်။ ဆယ်ကျော်သက်အရွယ် အချစ်ကို စိတ်လှုပ်ရှားစဉ်ကာလ မှာလည်း အချစ်ကို အကြောင်းပြုပြီး တန်ဖိုးရှိတဲ့ စာပေတွေကို ထားခဲ့နိုင်တယ်။ နောက် ၂၀ ကျော် ၃၀ နားနီးလာ တော့ လိင်ခွဲခြားဆက်ဆံမှုကို တွေ့ကြုံခံစားလာရတဲ့အခါ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့် တွေကို စာပေကတဆင့် ပညာပေးခဲ့ပြန်ပါတယ်။
နောက် အသက် ၃၀ ကျော်စဉ်ကာလမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ဆောင်ခဲ့တယ်။ ပညာတတ်အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ယိုယွင်းမှုတွေကို မြင်လာရတဲ့အခါ သူမရဲ့ ကလောင်သွားကနေ ဒါတွေကို လှစ်ဟပြမိတာလို့ ကျွန်မ ထင်ပါတယ်။ အဲဒီလို ကမ္ဘာ့ဆိုင်ရာ ယိုယွင်းမှုတွေကို ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ လူငယ်တွေ၊ ကလေးတွေရဲ့ ဒုက္ခကို မြင်လာတဲ့အခါ အဝေးက ဒုက္ခထက် အနီးက ဒုက္ခ အရေးကြီးတယ်လို့ ဆရာမ ဂျူး ခံစားလိုက်ရတယ်လို့ ကျွန်မမြင်မိတယ်။
လူငယ်တွေ အတွက် ပညာရေးကို ဆရာမ တတ်နိုင်သလောက် စာပေကနေ ထိန်းမတ်ပေးခဲ့တယ်လို့ ခံစား ရတယ်။ စနစ်တစ်ခုကို လွန်ဆန်လို့ မရနိုင်သေးတဲ့ကာလမှာ တက္ကသိုလ်ဆိုတာ ဘွဲ့ရဖို့ထက် ပိုပါတယ် ဆိုတာ ကို ကျွန်မတို့ လူငယ်တွေ ခံစားသိရှိအောင် စာပေကတဆင့် ပညာပေးခဲ့ပြန်ပါတယ်။ အဲလို လုပ်ရင်းကနေ အခုအချိန်မှာ တိုင်းပြည်ရဲ့ အနှစ်ဖြစ်တဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ လူမှုရေးကို စောက်ချလုပ်ကိုင်နေတဲ့ သူ၊ ကမ္ဘာလောကကြီးကို ပေးသူ အဖြစ် ရပ်တည်နေတဲ့ တန်ဖိုးရှိ လူသားတစ်ယောက်ပဲလို့ ရင်ထဲမှာ လေးစားမိ ပါတယ်။
ဒီစာပေဟောပြောပွဲကနေ သူမ မသိမသာ လှစ်ဟပြသွားတဲ့ အချက်တစ်ခုကတော့ မြန်မာပြည်က အင်တာဗျူး ဆရာတွေရဲ့ ချို့ယွင်းချက်ပါပဲ။လူတစ်ယောက်ကို လေးစားစိတ်အခံမရှိဘဲ ၊ အဲဒီလူရဲ့ အကြောင်း (သမိုင်း)ကို မသိဘဲ ချဉ်းကပ်တတ်တဲ့ လူအချို့ပါပဲ။ ဆရာမဆီက အချက်အလက်တွေ လိုချင်လို့ လာမေးတဲ့ လူက ဆရာမ ဘာကြောင့် အပျိုကြီး ဖြစ်ရသလဲဆိုတာကို မသိဘဲ စွတ်ပြီး ဆုတောင်းပေးခဲ့တဲ့အတွက် ဆရာမ စိတ်တိုရတယ် လို့ ပြောပြသွားတာပါ။ အဲဒီမှာ ဆရာမ ပြောခဲ့တဲ့စကားလေးကို ကျွန်မ အရမ်းသဘောကျမိပါတယ်။ ကျွန်မက လိုတာ မရလို့ စိတ်တိုတာ မဟုတ်ပါဘူး။ ကျွန်မ အကြောင်းကို ဒါလေးတောင် မသိရကောင်းလားလို့ စိတ်တို တာပါ ဆိုတဲ့ စကားပါ။ ရုတ်တရက် နားထောင်မယ်ဆိုရင် ဒီဆရာမ ဘ၀င် မြင့်လှချေလား သိချင်မှ သိမှာပေါ့လို့ ထင်စရာပါပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ဆရာမ ခံစားချက်က သိပ်မှန်ပါတယ်။ ဆရာမဆီက အချက်အလက်တွေကို လာမေးတဲ့ လူတစ်ယောက်အနေနဲ့ ဆရာမကို အနဲဆုံး လေးစားတဲ့ စိတ်တော့ ရှိသင့်ပါတယ်။ ဆရာမရဲ့ စာအုပ်တွေကို ဖတ်ဖူးတဲ့လူဆိုရင် ဆရာမ ဘယ်လိုလူဆိုတာ သိနိုင်ပါတယ်။ တာဝန် မယူချင်လို့ (သို့) လိုတာ မရလို့ အပျိုကြီး လုပ်နေတဲ့ လူမျိုး မဟုတ်ဘူးဆိုတာ ဆရာမကို ဆက်ဆံကြည့်ရင် သိသင့်ပါတယ်။ အဲဒီလို အခြေခံ အချက်ကိုတောင် မသိပဲ ဆရာမဆီက အခွင့်အရေး၊ အချက်အလက်တွေကို လာယူတာကတော့ စိတ်ပျက်စရာပါ။
ဒီကိစ္စကို လေးဖြူလဲ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးတယ်လို့မှတ်မိပါတယ်။ အဲဒီအတွက် လေးဖြူက ရိုင်းတယ် လို့ အစွပ်အစွဲ ခံခဲ့ရပါတယ်။ အဲဒီလို လေးဖြူအကြောင်းဝေဖန်သံကို ကြားဖူးကထဲက လေးဖြူ မှန်တယ် လို့ ကျွန်မ ခံစားခဲ့ရပါတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေက နံမည်ကြီးပြီးသား ကလောင်ရှင်တွေ ၊ အဆို တော်တွေကို အင်တာဗျူးတာ သူတို့ စောင်ရေ တတ်ချင်တာ အဓိကဖြစ်နေပါတယ်။ တကယ်ဆိုရင် အနုပညာလောကမှာ အလုပ်လုပ်တဲ့လူတွေဟာ အနုပညာကို တကယ်ချစ်တဲ့လူတွေ မဖြစ်သင့်ဘူးလား။ စာရေးဆရာမကို အင်တာဗျူး မဲ့လူဟာ အဲဒီစာရေးဆရာမကို မသိရင်၊ အဆိုတော်တစ်ယောက်ကို အင်တာဗျူးမဲ့ သူက အဲဒီအဆိုတော်ကို မသိရင် ဘယ်လို ရိုးသားမှုမျိုးနဲ့ ဒီအင်တာဗျူးကို ရေးကြမလဲ။ မရိုးသားနိုင်ပါဘူး။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~