Monday, July 6, 2009

ကျွန်ရုပ်မ

“သမီး မရှိတဲ့နောက် သမီးနဲ့ တူတဲ့ သမီး (သို့) သားလေးတစ်ယောက်လောက် လူ့လောကကြီးထဲမှာ မထားခဲ့ ချင်ဘူးလား” အန်တီရဲ့မေးခွန်းကို ကျွန်မ ခပ်ပြုံးပြုံးပဲ ခေါင်းခါပြလိုက်တယ်။ ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ ဘ၀မှာ အတ္တတွေ အဲလောက်ထိ မကြီးချင်ဘူး လေ။

ဒါဆိုရင် “သမီးဘ၀မှာ အတူနေဖို့ လက်တွဲဖော်ဆိုတာတောင် မလိုအပ်တော့ဘူးလား၊ သမီး အကို၊အမတွေက အချိန်တန်ရင် အိမ်ထောင်ပြုကြသွားမှာလေ၊ အဲဒီအခါ သမီးတစ်ယောက်ထဲ လောကကြီးထဲမှာ တစ်ယောက်ထဲ ဖြစ်နေမှာပေါ့”။ဟင့်အင်းကွယ်.. ကိုယ် ခေါင်းခါရတာ အားနာလာတယ်။ “အဖော်ဆိုတာ လိုအပ်တာပေါ့၊ လူ ဆိုတာ အဖော်အပေါင်းနဲ့ နေတဲ့ သတ္တ၀ါတွေပဲ မှလား” ဒါပေမဲ့ လက်တွဲဖော်မှ မဟုတ်ပါဘူးကွယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေဟာ ကိုယ့်ရဲ့ ဘ၀မှာ အတူရှိနေမဲ့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် တွေပဲ မဟုတ်လား။

သူမ မျက်နှာမှာ စိတ်ပျက်လက်ပျက် အပြုံးကို မြင်ရတော့ ကိုယ် အန်တီ့ကို အားနာသွားမိတယ်။ သူမက ကိုယ့် အတွက် အဒေါ်ဆိုပေမဲ့ သူငယ်ချင်းလဲ ဖြစ်နေပြန်တယ်။ဖေဖေ့ရဲ့ ညီမအငယ်ဆုံးပီပီ အန်တီက ကိုယ်နဲ့ ဆယ်နှစ်တောင် မကွာချင်တော့ တူအရီးလိုတစ်မျိုး ညီအမလို တစ်မျိုး ချစ်ခဲ့ကြတာလေ။ အိမ်ထောင် မကျခင် ကဆို သူဘယ်သွားသွား ကိုယ်တို့ကို ခေါ်သွားတတ်တယ်။ ရည်းစားရပြီးတာတောင် ရည်းစားနဲ့ ချိန်းတွေ့တဲ့ အခါ ကိုယ့်ကို ခေါ်သွားတတ်ခဲ့တာ။ အဲလို အဒေါ်မျိုးကို ဆန့်ကျင်နေရတာအတွက် ကိုယ် တကယ်ပဲ သူမကို အားနာနေမိတယ်။အိမ်ထောင်ကျပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့တဲ့ အဒေါ်နဲ့ ကိုယ်ဟာ ဒီကိစ္စမှာ အယူ အဆ လွဲနေမယ်ဆိုတာ သေချာနေတာပဲလေ။ အဲ့အတွက် ကိုယ် သူမကို အတိုက်အခံ မလုပ်ရက်ပါဘူး။

“သမီးက အိမ်ထောင်ရေးကို ကြောက်နေတယ် ထင်တယ်၊တော်တဲ့ မိန်းကလေးတွေက အဲလိုပဲ အိမ်ထောင်ရေး ကို ကြောက်တတ်တယ် သမီးရဲ့၊ တကယ်တော့သမီးရယ် ယောက်ျားဆိုတာ ချွဲလိုက်ရင် အစစ ကိုယ့်သဘော ဖြစ်သွားတာမျိုးပါ၊ သမီးလုပ်ချင်တာတွေ ဆက်လုပ်လို့ ရပါတယ်၊ အန်တီ့ကို ကြည့်ပါလား”။

သူမကို ဒီတစ်ခါ တော့ ကိုယ် သနားသွား မိတယ်။ သူမက အလွန်အမင်း တဖက်သက် အလျော့ပေး အလိုလိုက် တတ်တဲ့ အိမ်ထောင်ဘက်ကို ပိုင်ဆိုင်ထားသူပီပီ ချွဲ့နွဲ့ အနိုင်ယူတဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားသူ ဖြစ်နေတယ်လေ။ အဲလို အိမ်ထောင်ရေးကို “ပထမ” အဆင့်လို့ ကိုယ် မသတ်မှတ်ထားတာ ဘယ်လို သူမကို ပြောရက်မှာလဲ။ ဘယ်အရာမှာမဆို “ပထမ” ရချင်တဲ့ ကိုယ်ဟာ “ပထမ” မရနိုင်ဘူးထင်ရင် မကြိုးစားချင်တဲ့ သွေးကြောင်သူ တစ်ယောက် ဖြစ်နေပြန်တယ် ဆိုတာ သူမကို ကိုယ် မရှင်းပြရက်ဘူး။

ကိုယ် ယုံကြည်ထားတဲ့ အိမ်ထောင်ရေးဆိုတာ အချင်းချင်း ညှာတာရမယ်၊ သိတတ်ရမယ်၊ ဖြစ်ချင်တာတွေ ညှိယူရမယ်။ သေချာတာကတော့ ကြိုးလေးတွေကို အလျော့ အတင်း ကစားသင့်တယ်။ တစ်ဖက်သက် အလျော့ပေးတဲ့ အိမ်ထောင်ရေးဟာ စံပြ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့လဲ ညှိယူရတယ်ဆိုပေမဲ့ ချစ်သူနဲ့ သူငယ်ချင်းဆီက မျှော်လင့်ပုံတွေ မတူနိုင်ဘူးမှလား။ အဲလောက် သဘောထားကြီးနိုင်အောင်လဲ ကိုယ်က မရင့်ကျက်သေးဘူးလေ။ တပြိုင်တည်းမှာပဲ ကိုယ်ဟာ မညှိချင်သူ တစ်ယောက်လဲ ဖြစ်နေပြန်တယ်။ ကိုယ် လုပ်ချင်တဲ့ အရာတွေအတွက် ဘယ်သူနဲ့မှ မညှိရပဲ ရှေ့ပန်းတိုင်ကို အရောက်လှမ်းချင်လဲ ဖြစ်ပြန်တယ်။ အရာရာမှာ အကောင်းဆုံးပဲ ဖြစ်ချင်တဲ့ ကိုယ်ဟာ စံပြ အိမ်ထောင်ရေးကို တည်ထောင်ချင်သူလဲ ဖြစ်တယ်။ အိမ်ထောင်ပြုပြီးနောက်မှ သားသမီးတွေကို ပစ်ထားမဲ့ မိန်းမတစ်ယောက်လဲ မဖြစ်ချင်သလို ကိုယ့်ရဲ့ လက်တွဲ ဖော်ကို မငဲ့ညှာ၊ မလေးစားသူလဲ မဖြစ်ချင်ပြန်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ အသွေးအသားထဲကနေ လူတစ်ဦးကို အမြဲ လေးစားသွားနိုင်ဖို့ဆိုတာ ခက်နေပြန်တယ်။ ဘ၀မှာ ပန်းတစ်ပွင့်ထက် ပန်းများစွာကို ပွင့်ချင်သူလဲ ဖြစ်ပြန်တယ်။ အိမ်မက်တွေများစွာကို မက်တတ်သူလဲ ဖြစ်ပြန်တယ်။ ကိုယ့်ရဲ့ အိမ်မက်တွေဟာ တခါတလေမှာ ကိုယ် နားမလည်နိုင်အောင် ကျယ်ပြန့်နေပြန်တယ်။ အစွန်းနှစ်ခုလို့ ကိုယ်မြင်ထားတဲ့အရာတွေကို ဘယ်လို အားမျိုးနဲ့ ပေါင်းစည်းရမလဲ။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~