Tuesday, March 31, 2009

NTU က တတိယမြောက် လူသေမှု

လူတွေက ပထမ လူသေမှု နှစ်ခုအပေါ် စိတ်ဝင်စားမှု မကုန်သေးခင် ကားတိုက်မှု ဖြစ်တော့ တတိယမြောက် လူသေမှု အဖြစ် လူတွေက စိတ်ဝင်စားကုန်ရော။ သေတဲ့လူရဲ့ ၀ိညာဉ်က လူလဲတယ်၊ ခေါ်တယ် စသဖြင့် ယုံတဲ့ လူတွေလဲ ရှိတယ်။
ငယ်ငယ်တုန်းက ကိုယ်တို့ မြို့က ငလိုက်ချောင်း တံတားရဲ့ ထိပ်မှာလဲ အဲလို အစွဲမျိုး ရှိခဲ့ဖူးတယ်။ အချိန်တစ်ခု ရောက်တိုင်း အဲဒီနားမှာ ယာဉ်တိုက်မှု ဖြစ်ပြီး လူသေတယ်။ သေတဲ့လူတွေကလဲ အထက်တန်း ကျောင်းသား တွေ များတယ်။ အဲတော့ အဲနေရာလေးကို သရဲခြောက်တယ်၊ လူစားတယ်ပေါ့။ အမှန်တော့ ကိုယ့်အထင် အဲဒီ နေရာလေးက ယာဉ်တိုက်မှု ဖြစ်ဖို့ ရာနှုန်း အရမ်းများတဲ့နေရာဖြစ်တယ်။ လမ်းက သုံးပွင့်ဆိုင်၊ ဟိုင်းဝေးဘက် က ကုန်းအမြင့်ကလဲ တော်တော်လေး မတ်တယ်။ မြို့ထဲဘက်က ကျောင်းဆင်းလာတဲ့ ကျောင်းသားတွေကလဲ များသောအားဖြင့် ရှေ့နောက် မဆင်ခြင်သလို ဟိုင်းဝေးက ဆင်းလာတဲ့ ကားတွေကလဲ ကုန်းမြင့်ဆိုတော့ အရှိန်များတယ်။ ဒီလို အခြေအနေ နှစ်ခုက တံတားထိပ်မှာ သွားဆုံတော့ ယာဉ်တိုက်မှုတွေ ဖြစ်တာ သိပ်တော့ မဆန်းပါဘူး။ ဒါပေမဲ့ လူတွေကတော့ လူစားတယ်ဆိုတာ ယုံနေတုန်းပဲ။
အခုလဲ ကျောင်းက အဖြစ်အပျက်ဟာ တိုက်ဆိုင်မှု တစ်ခုပါပဲ။ ဒါပေမဲ့ ကိုယ်တိုင်လဲ စိတ်မသိုးမသန့်ဖြစ်မိတယ်။ ပထမ နှစ်ခုရဲ့ ရိုက်ခတ်မှုကြောင့်ပဲ ဖြစ်မယ်ထင်တယ်။ အခုအချိန်ထိ ပထမ နှစ်ခုအတွက် တိကျတဲ့ အဖြေ ထုတ်မပေးသေးတဲ့ စင်္ကာပူ ရဲအဖွဲ့ကိုလဲ နားမလည်ဘူး။ ဒီလောက် ရာဇ၀တ်မှု နည်းပါတယ်လို့ ကြွေးကြော်တဲ့ နိုင်ငံမှာ ဒီလို အဖြစ်တွေအတွက် တစ်လကျော် အချိန်ယူ ဖြေရှင်းနေရတာ ဘာလို့လဲ။ အရင်တစ်ခါ ထောင် ဖောက်တုန်းကလဲ ဘာလိုလို ညာလိုလိုနဲ့ အဖြေ ပေါ်မလာဘူး။ တခါတလေတော့ ဘာမှ မရေရာတဲ့ လောက ကြီးထဲမှာ နေနေရသလိုပဲ။

Saturday, March 28, 2009

စင်္ကာပူနိုင်ငံက လုပ်ငန်းခွင် အခြေအနေ

သူငယ်ချင်းတစ်ယောက်က စင်္ကာပူက အလုပ်ပွဲစား လူလိမ်တွေအကြောင်းကို မေးလ်ပို့လာတယ်။ မှန် မမှန် မသိပေမဲ့ မှန်ဖို့ ၉၀ ရာနှုန်းရှိမယ်ဆိုတာ သိနေသလိုပဲ။ စလုံး လူမျိုး လူလိမ်တွေအပေါ် ဘာမှ မဖြစ်ပေမဲ့ မြန်မာ လူမျိုး အချင်းချင်း လှည့်ပတ်တာကိုတော့ စိတ်မကောင်း ဖြစ်မိတယ်။
စင်္ကာပူနိုင်ငံမှာ စီးပွားရေးကျနေတာတော့ အမှန်ပဲ။ ဒီနိုင်ငံတင် မဟုတ်ပါဘူး။ ကမ္ဘာနဲ့ တ၀ှမ်း ဖြစ်ပျက်နေတဲ့ ကိစ္စတွေပဲ။ ဒါပေမဲ့ ဒီနိုင်ငံက သေးတော့ ဂယက်ရိုက်တာ ပိုခံရတာပေါ့။စင်္ကာပူ အစိုးရအနေနဲ့လဲ အကောင်း ဆုံး ဖြစ်ဖို့တော့ ကြားကန် ကြိုးစားနေတာပါပဲ။ ကိုယ်ကြားမိတဲ့ သတင်းအချို့အရတော့ စင်္ကာပူနိုင်ငံ NTU နဲ့ NUS က ကျောင်းပြီးတဲ့ လူငယ်တွေကို အလုပ်ခံဖို့ အစိုးရက ငွေကြေးပံ့ပိုးမှုတွေကို လုပ်နေပါတယ်။ စလုံးနဲ့ နိုင်ငံခြားသား ယှဉ်လာရင်တော့ စလုံးကို ဦးစားပေးခံထားဖို့ တိုက်တွန်းနေတယ်ဆိုတာလဲ အမှန်ပါပဲ။ ဒါမှလဲ သူ့နိုင်ငံသားကို ကာကွယ်ရာ ရောက်မှာပေါ့။ နိုင်ငံခြားသားတွေမှာက ပြန်ပြေးစရာ မြေရှိပေမဲ့ စလုံးတွေ အဖို့ ဘယ်သွားပြေးရမလဲ။
အခုအချိန်မှာ အကြောင်းကြောင်းနဲ့ အလုပ် ပြုတ်သွားခဲ့ရင် နောက်တစ်ခု ရဖို့တော့ လွယ်မှာ မဟုတ်ဘူး။ ဒါကြောင့် လက်ရှိအလုပ်အပေါ်မှာ ကြိုက်သည်ဖြစ်စေ မကြိုက် သည် ဖြစ်စေ ခနတော့ ခိုထားဖို့ လိုလိမ့်မယ်။ တစ်ခုရှိတာက သိပ်မကြောက်ဖို့တော့ လိုလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် အရည်အချင်းကို ယုံကြည်တယ်ဆိုရင် အထက်လူကြီးတွေကို သိပ်ကြောက်မပြပါနဲ့။ ကိုယ့် အတွေ့အကြုံအရ ဒီနိုင်ငံက လူကြီးတွေက သိပ်ကြောက် နေတယ်ဆိုရင် ပိုအနိုင်ကျင့်တယ်။ သူတို့က အသေးအဖွဲလေးတွေကအစ အတွန့်တက်တာကို အကျင့်ပါနေ တော့ ဘာမှ အတွန့်မတက်ပဲ ခိုင်းသမျှ နွားလို ရုန်းနေရင် အဲဒီလူကို အထင်သေးတယ်။ နှိမ်ချင်တယ်။ ကိုယ့်ရဲ့ အစွမ်းအစကို ရိုင်းပြမှု မရှိပဲ ဖွင့်လှစ်ပြဖို့တော့ လိုလိမ့်မယ်။ ကိုယ်တို့သူငယ်ချင်း အချင်းချင်းတော့ ကိုယ့်ကိုယ် ကို ရောင်းစားရ မဲ့ အချက်လေးတွေ ရှာထားလို့ နောက်လေ့ရှိကြတယ်။ တကယ်တော့ အဲဒါ အမှန်ပဲ။ ကိုယ် တော်ကြောင်း တတ်ကြောင်းကို မသိမသာ ပြထားနိုင်မှ ဒီမှာ နေရတာ အဆင်ပြေ ချောမွေ့ပါတယ်။ ဘ၀င် လေဟပ် ပြဖို့ မဟုတ်ပါဘူး။ ရိုကျိုးပြတာ မြန်မာပြည်မှာ အလုပ်ဖြစ်ကောင်း ဖြစ်ပေမဲ့ ဒီမှာတော့ အလုပ် မဖြစ် နိုင်ဘူးထင်တာပဲ။ မြန်မာတွေမှာက လေးစားတာနဲ့ ရိုကျိုးတာ၊ နှိမ့်ချတာနဲ့ ယုံကြည်မှု မရှိတာ နဲနဲတော့ ရော ထွေးနေသလိုပဲ။ ကိုယ့်ဘက်က လေးစားပြဖို့ လိုပေမဲ့ ရိုကျိုးပြဖို့တော့ မလိုဘူးလို့ ကိုယ်ကတော့ ထင်တယ်။ အဲလိုပဲ ကိုယ်က ကိုယ့်ကိုယ်ကို နှိမ့်ချပြတဲ့အခါ တဘက်က ယုံကြည်မှု မရှိရဘူးလို့ ထင်သွားတတ်တယ်။

Thursday, March 26, 2009

ရေနွေးပေါင်းအိုးထဲက ဖားကလေးများ

ဒီနေ့ စလုံးသူငယ်ချင်းတစ်ယောက် အလုပ်ပြုတ်သွားတယ်။ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ခွင့်မရှိဘူး။ ရုံးထဲကို ပြန်လာခွင့် မရဘူး။ သူငယ်ချင်းက မျှော်လင့်ထားပြီးသားမို့ ခံနိုင်ပါတယ်တဲ့။
ဒီနေ့ ကျောင်းပြီးတာ ၆ လ ရှိနေပေမဲ့ အလုပ်မရသေးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ သူ စိတ်ဓါတ် ကျ နေတယ်။
ဒီနေ့ ဆရာနဲ့ပတ်သတ်တဲ့ သတင်းတစ်ခုကြားရတယ်။ ရှောင်ပြေးတာက အဖြေတစ်ခု မဟုတ်ပေမဲ့ တခါတ လေ ထွက်ပြေးဖို့လိုနေတယ်။
ဒီနေ့ သူငယ်ချင်းက သူ့ဆရာရဲ့ မတရားမှုတွေကို ရင်ဖွင့်တယ်။ အမြင်ကောင်းတယ်၊ အပြောချိုတယ်။ ဒါပေမဲ့ အတွင်းစိတ်က သိပ်ကို ပုပ်နေလွန်းတယ်။ ဒါပေမဲ့ ဒါဟာ သူ့ရပ်တည်နိုင်မှုအတွက် အကောင်းဆုံး အဖြေလို့ ကိုယ်တို့ သိနေကြတယ်။
သူငယ်ချင်းက ပြောတယ်။ ရေနွေးပေါင်းအိုးထဲက ဖားတစ်ကောင် ဘ၀ပါပဲတဲ့။ ဖြေးဖြေးချင်းမှ ပူလာတာဆို တော့ အလန့်တကြား မခုန်မိ ဘူးပေါ့။ အခု ပူလာလို့ ခုန်မယ်စဉ်းစားတော့ ကိုယ့်မှာက အင်အားချိနဲ့နေပြီ။

Monday, March 23, 2009

ဆေးမကုရတဲ့ ဆရာဝန်၊ စာမသင်ရတဲ့ Prof

ဒီနေ့ ဒေါက်တာ အွိုင်းရဲ့ ရုတ်တရက် သတ်သေခြင်းနဲ့ ပတ်သတ်လို့ တရားဝင်ကြေငြာချက် ထုတ်ပြန်တယ်။ သူ့ရဲ့ အလုပ်ခွင်မှာမပျော်ရွှင်ခြင်းကို အထက်လူကြီးများက သတိထားမိလို့ တာဝန်ပြောင်းပေးဖို့ ကမ်းလှမ်းခဲ့ ကြောင်း၊ သူက မတုန့်ပြန်ခဲ့တာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ကြေငြာတယ်။ ဘာတာဝန်ကို ပြောင်းပေးခဲ့ တယ်ဆိုတာ မကြေငြာခဲ့ဘူး။ အခုလို ကြေငြာခဲ့တာတောင်မှ ဒေါက်တာအွိုင်း ထားရစ်ခဲ့တဲ့ အီးမေးလ်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ အင်တာနက်မှာ ပြန့်နှံ့နေမှုကို ထိန်းချုပ်နိုင်ဖို့ အခုလို တရားဝင် စာထုတ်လိုက်ရတယ်လို့ပဲ ယူဆရမှာပဲ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သတ်သေမှုဟာ ဂိမ်းတွေ၊ ရည်းစားသနာ ကိစ္စတွေကြောင့် မဟုတ်ပဲ အလုပ် ကြောင့်ဆိုတာကို မီးမောင်းထိုးပြခဲ့တဲ့ သူ့ရဲ့ အီးမေးလ် ကို ကျေးဇူးတင်ရမယ်။ သူ့ရဲ့ အီးမေးလ်ရယ် ၊ ဒီနေ့ ထုတ်ပြန်ကြေငြာချက်ရယ် အရ သူဟာ သင်ကြားလာခဲ့တဲ့ ဆရာဝန် အလုပ်ဆိုတာထက် ဆောင်းပါး ရေးခြင်း၊ ပေပါ ရေးခြင်းတွေကိုပဲ လုပ်နေခဲ့ရမယ်လို့ ယူဆနိုင်တယ်။ ဆရာဝန်တစ်ယောက် ဖြစ်ပါလျက်နဲ့ ဆေးကုခြင်း ထက် စာရွက်စာတမ်းကိစ္စဆိုင်ရာတွေကို လုပ်နေရခြင်းအပေါ်မှာ သူငြီးငွေ့နေခဲ့တယ်လို့ ယူဆနိုင်တယ်။ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းတွေကို လုပ်ခဲ့ရတာ မဖြစ်နိုင်ဘူး၊ လုပ်ခဲ့ရတယ်ဆိုရင်တောင် အရေးပါတဲ့ ဆုံးဖြတ် ချက်တွေကို ချခွင့်မရှိတဲ့ သာမာန်ဝန်ထမ်းလုပ်ငန်းတွေကိုပဲ လုပ်ခဲ့ရတယ်လို့ ယူဆရတယ်။ တကယ်တော့Research လောကမှာလဲ ဆောင်းပါးတွေအတွက်ပဲ အားတင်းနေကြတယ်။ဆောင်းပါးရေးတတ်တာနဲ့ လူ့အဖွဲ့ အစည်းကို အကျိုးပြုနိုင်တာက တိုက်ရိုက် ဆက်သွယ်နေသလား ကိုယ် မသိဘူး။ တခါတလေ လက်ခံပေးနိုင် သလိုလို တခါတလေလဲ စိတ်ပျက်မိတာ အမှန်ပဲ။

Saturday, March 21, 2009

မမှန်ပေမဲ့ မမှားဘူး....

လဆန်းပိုင်းတုန်းက ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ စလုံး ဆရာဝန်တစ်ယောက်အကြောင်းကို သတင်းစာမှာ အမျိုးမျိုး ရေးခဲ့ကြတယ်။ ထုံးစံအတိုင်း ဂိမ်းကို အပြစ်တင်တဲ့ လူတွေ၊ အချစ်ကြောင့်လို့ အပြစ်တင်တဲ့လူတွေ သတင်းတွေ ပလူပျံနေခဲ့ကြတယ်။ အခုတော့ ဒီစကားတွေကို အဆုံးသတ်စေမဲ့ သူ့ရဲ့ နောက်ဆုံး စကားလုံးကို သူငယ်ချင်းတစ်ယောက်က ဖွင့်ထုတ်လိုက်တယ်။ တကယ်လို့များ ဒီအီးမေးလ်ဟာ အမှန်တရား တစ်ခု ဖြစ်မယ် ဆိုရင် စင်္ကာပူ နိုင်ငံ အနေနဲ့ အလုပ်ခွင် မွန်းကြပ်မှုတွေကို အဖြေရှာဖို့ အချိန်တန်ပြီ ထင်တယ်။
သူ့ရဲ့ ဓါတ်ပုံကို ကြည့်ရတာ ကိုယ့်ကိုယ်ကို သတ်သေသွားမဲ့ လူတစ်ယောက်လို့ ထင်ရက်စရာ မရှိဘူး။ သူဟာ စိတ်ဓါတ်ကျနေတာ မဟုတ်ပါဘူးလို့ သူ့အီးမေးလ်မှာ အတိအကျ ရေးထားခဲ့တယ်။ သူ့အီးမေးလ်အတိုင်းဆို သူဟာ ဘ၀ကို အရှုံးပေးသွားတယ်ဆိုတာထက် လွတ်ရာ လွတ်ကြောင်းကို ရှာဖွေသွားတာလို့ ပြောရမယ်။ သေဖို့အတွက် အစစ ပြင်ဆင်သွားခဲ့တယ်။ သူ့အတွက် ခံစားရမဲ့ သူငယ်ချင်းတွေ၊ ညီအကို မောင်နှမတွေကို နှုတ်ဆက် နှစ်သိမ့်သွားခဲ့တယ်။ သေတမ်းစာတစ်စောင်ဆန်ဆန် ရေးထားခဲ့တယ်လို့ ခံစားရတယ်။ အားကျတာ မဟုတ်ပေမဲ့ သူ့ရဲ့ သတ်သေသွားခြင်းအတွက် သူ့ကို အပြစ်မတင်ရက်ဘူး။ တကယ်လို့ပေါ့ အလုပ်ခွင် မကျေနပ်မှုကြောင့်သာ ဖြစ်ခဲ့မယ်ဆိုရင် သူဟာ အသတ် စွန့်ပြီး မီးမောင်းထိုးပြသွားသူတစ်ဦးအနေနဲ့ ကိုယ် သူ့ကို ချီးကျူးမိလိမ့်မယ်။ ဘာသာ တရားတစ်ခုကို စွဲမြဲစွာ မယုံသူတစ်ယောက်အနေနဲ့ သူ့ ဆုံးဖြတ်ချက်နဲ့ သူ မှန်နေခဲ့လိမ့်မယ်။ မိသားစုဘက်က ကြည့်ရင် သူငယ်ချင်းတွေဘက်က ကြည့်ရင် သူ့ချစ်သူ တစ်ဦး အနေနဲ့ ကြည့်ရင် သူဟာ အတ္တကြီးသူ တစ်ယောက် ဖြစ်ပေမဲ့ မငဲ့ညှာသူ မဟုတ်ဘူးဆိုတာ တွေ့ရလိမ့်မယ်။ သူ့ရဲ့ နာကျင်မှုတွေကို ဒီနည်းနဲ့ အဆုံးသတ်ခဲ့ပေမဲ့ အားလုံးကို နောက်ဆုံး စကား အချို့ ပြောသွားခဲ့ခြင်းအားဖြင့် အားလုံးကို နှစ်သိမ့်မှု ပေးခဲ့တယ်။
တကယ်တော့ သတ်သေခြင်းအားဖြင့် အဖန်ငါးရာ ငါးကမ္ဘာ ခံစားရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို ကိုယ်လဲ လက်မခံနိုင်ဘူး။ တခါတလေ သေခြင်းရဲ့ အခြားတစ်ဖက်မှာ ဘာရှိမလဲလို့ တွေးနေရ တာထက် လက်တွေ့ သွားကြည့်ချင်မိတယ်။ ဗုဒ္ဒဘာသာက ဒါတွေကို အဖြေပေးတယ်လို့ ဆိုကြပေမဲ့ စိတ်ရဲ့ ထူးခြားမှုကို ကိုယ် ယုံ ပေမဲ့ နာကျင်မှုတွေကို မတရားသဖြင့် ခံစားလိုက်ရတဲ့အခါ ဒါတွေကို မတွန်းလှန်နိုင်တဲ့အခါ ဒီအရာတွေဟာ ကိုယ့်ကို သတ်သေခြင်းကို တွန်းပို့ခဲ့ပါတယ်ဆိုတာကို စာတမ်းတစ်စောင်ထားခဲ့ပြီး သတ်သေသွားခဲ့တာ မမှန်ပေမဲ့ မမှားဘူးလို့ ထင်တယ်။

Thursday, March 19, 2009

ဘ၀ဆိုတာ တိုက်ပွဲ

ယောက်ျားလေးတွေကြားမှာ ခန ခန ကြားရတဲ့ စကားလေးပါ။ ဘ၀ဆိုတာ တိုက်ပွဲ..ခယ်မဆိုတာ လိုက်ပွဲတဲ့.။ ခယ်မဆိုတာ လိုက်ပွဲ ဟုတ်၊မဟုတ်တော့ မသိဘူး။ ဘ၀ကတော့ တကယ့်ကို တိုက်ပွဲတစ်ခုလိုပါပဲ။ သက်တောင့် သက်သာရှိခြင်းနဲ့ သိပ်အသားကျနေခဲ့တော့ ရုန်းကန်ရတဲ့ အခါ တိုက်ပွဲဝင်ရတဲ့အခါ သွေးပျက်နေမိတယ်။

ပတ်ဝန်းကျင်တစ်ခုက စိတ်ဖိစီးမှုကို ဖန်တီးပေးနိုင်တယ်လို့ဆိုရင် ကိုယ်ဟာ ခန နားခိုရာ အရိပ်လေးအပေါ် မတရားသူ ဖြစ်တော့မယ်။ ဒါပေမဲ့ ဒီပတ်ဝန်းကျင်မှာ စကားကို လိုတမျိုး၊ မလိုတမျိုး ပြောတတ်တဲ့ လူကြီး အချို့ ရှိတယ်။ကိုယ့်ရဲ့ ရပိုင်ခွင့်အတွက် လက်အောက် ငယ်သားကို ထိုးကျွေးလိုက်ဖို့ ၀န်မလေးတဲ့ လူကြီး အချို့ ရှိတယ်။မနာလိုစိတ်အပြည့်နဲ့ အမှားကို စောင့်ကြည့် နေတဲ့ ၀ံပုလွေအချို့ ရှိတယ်။ လိုအပ်ချက်ရှိမှ အပေါင်း အသင်း လုပ်ချင်တဲ့ သူငယ်ချင်း အချို့ရှိတယ်။ ကိုယ် မွန်းကြပ်နေမိတာ အမှန်ပဲ။

တကယ်လို့သာ ဒီနေရာလေးမှာ ကိုယ် သိပ်ချစ်ရတဲ့ ကိုယ့်ညီမလေး မရှိဘူးဆိုရင်၊ ကိုယ် ဒေါက်တာဘွဲ့ကို မလိုချင်တော့ဘူး ဆိုရင်၊ ကိုယ့် အပေါ်မှာ နားလည်မှု အပြည့်နဲ့ ခင်မင်တဲ့ သူငယ်ချင်း အချို့မရှိဘူး ဆိုရင် ဒီနေရာလေးကို ကိုယ် စွန့်ခွာဖို့ ခုလို နှောင့်နှေး နေမိမယ် မထင်ဘူး။

ပြန်လာချင်တယ် မြန်မာပြည်ရယ်။ မင်းအရိပ်မှာဆိုရင် အခုလို အတ္တတွေ လွှမ်းခြုံထားခဲ့တဲ့ ပတ်ဝန်းကျင် တစ်ခု ကို ရင်ဆိုင်ရမယ်ဆိုရင် ကိုယ် အပြုံးမပျက် ရင်ဆိုင်နိုင်မယ် ထင်တယ်။ အဲဒီ မြေမှာ ကိုယ် သိပ်ချစ်ရတဲ့ မေမေ ခေါင်းချသွားခဲ့တယ်။ ကိုယ် ဘာလုပ်လုပ် ကိုယ့် ဘေးမှာ ရပ်တည်ပေးမဲ့ ကိုယ့်ရဲ့ ဖေဖေ ရှိတယ်။ အတ္တတွေ လွှမ်းခြုံထားတဲ့ အယောင်ဆောင် လောက တစ်ခုမှာ နေရတာချင်း အတူတူ ကိုယ့်ရဲ့ မွေးရပ်မြေမှာ ကိုယ် ချစ်တဲ့ ကိုယ့်လူမျိုးတွေ အတွက် ပေးဆပ်ရမယ်ဆိုရင် ကိုယ့်ဘ၀က ပိုပြီး အသက်ဝင်လာမလား တွေးနေမိ တယ်။

ဒါပေမဲ့ ဘ၀ဆိုတာ တိုက်ပွဲ တစ်ခုပဲလေ။ ကိုယ်သိပ်ချစ်တဲ့ ကိုယ့်နိုင်ငံအတွက် ကိုယ်ကြံ့ကြံ့ခံနိုင်ဖို့တော့ လိုလိမ့် မယ်။ကိုယ် ဒေါက်တာဘွဲ့ ကို တော့ ရအောင် ယူမယ်။ တစ်နေ့ကို ၇ နာရီ အိပ်ပြီး ၅ နာရီကျော် အချိန်ဖြုန်း နေသေးတဲ့ လူက ခြေကုန်လက်ပန်းကျပြီလို့ ငြီးချင်နေတာ ကိုယ် မဟုတ်သေးဘူး ထင်တယ်။ တကယ်တော့ ဒီထက်မက ကိုယ် အပင်ပန်းခံ နိုင်သင့်တာပဲလေ။

Sunday, March 15, 2009

Trafalgar Square




အင်္ဂလန်မှာ ကိုယ့်ကို စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံး နေရာလို့ ပြောရမယ်။ ဒီနေရာကို တမင်သိပြီး ရောက်သွားခဲ့ တာတော့ မဟုတ်ဘူး။ ကိုယ် Buckingham နန်းတော်က ထွက်လာပြီး အချိန်ပိုနေလို့ ဟိုသွား ဒီသွားလုပ်ရင်း ရောက်သွားခဲ့တာ။ ဒီနေရာဟာ လန်ဒန်မြို့ရဲ့ ဗဟို အချက်အချာနေရာလို့ ပြောရမယ်။ကျောက်တိုင် ရှည်မျော မျောတစ်ခုကို ခြင်္သေ့လေးကောင် ရံထားတဲ့ နေရာဟာ စိတ်အလှုပ်ရှားဆုံးလို့ ပြောတော့ တမျိုး ဖြစ်နေလိမ့် မယ်။ အမှန်တော့ ကိုယ့်ကို စိတ်လှုပ်ရှားမှု ပေးတာက နေရာကြောင့် မဟုတ်ဘူး။ အဲနေရာမှာ မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ အသံ၊ မမျှော်လင့်ဘဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်ပဲ။ ကိုယ် အဲနေရာနားကို ရောက်တော့ လူတွေ အများကြီးကို တွေ့ရတယ်။ အလံတွေ ကိုင်ထားတဲ့ လူတွေ၊ စင်ပေါ်မှာ မိုက်နဲ့ အော်နေတဲ့ အသံတွေ။ ဒါပေမဲ့ စင်္ကာပူမှာ ဒါမျိုးက ရိုးနေပြီဆိုတော့ ပထမ ကိုယ် စိတ်မ၀င်စားမိဘူး။ ကိုယ်ထင်တာက မျက်လှည့်တခုခု (သို့) စင်တင် ဖျော်ဖြေပွဲ တစ်ခုခုလို့ ထင်လိုက်တာ။ အဲဒီမှာ ရုတ်တရက် ကြားလိုက်ရတဲ့ အသံက “ကျွန်မက ဒီက လူထုအနေနဲ့ တခြားပါတီကို မဲပေးမယ်ဆိုရင်တောင် ၀မ်းသာအုန်းမှာ။ ဘာလို့လဲဆိုတော့ ဒါမှ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို အသုံးချရာ ရောက်မယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့ ကိုယ့်ရပိုင်ခွင့်ကို အသုံးချနိုင်ပါစေ” ဆိုတဲ့ အသံပဲ။ တီးလိုက်တဲ့ လက်ခုပ်သံတွေက လျှံထွက်သွားတယ်။ ဒီအမျိုးသမီး ဘယ်သူ၊ ဘာအတွက် ဟောပြောနေ တယ်ဆိုတာ ကိုယ် မသိပါဘူး။ ဒါပေမဲ့ ကိုယ့်ဘ၀မှာ နိုင်ငံရေးစင်မြင့်ရဲ့ ဟောပြောသံကို ကြားဖူးတာ ဒါ ပထမ ဆုံးပဲ။ နောက် အမိန့်စေခိုင်းချက်အရ မဟုတ်ပဲ တကယ့်ကို စိတ်ပါ လက်ပါ လာနားထောင်နေတဲ့ လူတွေ၊ အဲဒီ စင်ပေါ်က အမျိုးသမီးရဲ့ ကြည်လင် ပြတ်သားတဲ့ အသံ။ ဒါတွေက ကိုယ့်ရင်ကို လှိုက်ခနဲ ဖြစ်သွားစေတယ်။ များပြားလိုက်တဲ့ လူတွေကို ဒီတခါ ကိုယ်ပြန်ကြည့်လိုက်မိတော့ ခုနက ခံစားချက်နဲ့ တခြားစီ ဖြစ်သွားတယ်။ သူတို့ရဲ့ တက်ကြွတဲ့ အသံ၊ စိတ်လှုပ်ရှားမှုတွေက ကိုယ့်ကို ကူးစက်လာပြီ ရင်ထဲမှာတောင် မငြိမ်မသက် ဖြစ်သွားသလိုပဲ။
ကိုယ်လေ သိပ်ထက်မြက်တဲ့ အမျိုးသမီးတွေကို တွေ့တိုင်း အားကျတယ်။ ပြတ်သားတဲ့ စကားပြောဟန်ရှိတဲ့ အမျိုးသမီးတွေကိုတွေ့ရင် အထင်ကြီးတယ်။ ယောက်ျားတွေကို တော်ရုံနဲ့ အထင်မကြီးတတ်တဲ့ ကိုယ်ဟာ အမျိုးသမီးတွေကို လွယ်လွယ်နဲ့ အထင်ကြီးတတ်တယ်။ ယောက်ျားတွေထဲမှာတော့ အထင်ကြီးမိတာ ကိုယ့် အဖေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် ဒီလောက်ပဲ ရှိသေးတယ်လို့ ပြောရင် ကိုယ့်ကို လူတော်တော်များများ အမြင်ကတ်ကြမယ်။ အမျိုးသမီးတွေမှာတော့ ကိုယ် အထင်ကြီးတဲ့လူတွေအများကြီးပဲ။ တခြားလူတွေနဲ့တော့ တူချင်မှ တူမယ်။ သူငယ်ချင်း အချင်းချင်းမှာတောင် မိန်းကလေး သူငယ်ချင်းဆိုရင် လွယ်လွယ်နဲ့ အထင်ကြီး မိတယ်။ ကိုယ်မပိုင်ဆိုင်တဲ့ အရည်အချင်းရှိဖို့တော့ လိုတာပေါ့။ ဂျူးဆိုရင် လူတွေက အမျိုးမျိုး ဝေဖန်ကြမယ်။ ဂျူးကို ကိုးကွယ်တဲ့ မိန်းကလေးက တော်တော်လေးတော့ များလိမ့်မယ်ထင်တယ်။ အထူးသဖြင့် ကိုယ်တို့ အသက် အရွယ် မိန်းကလေးတွေပေါ့။ ကိုယ် သူ့ကို အထင်ကြီးတာက ကိုယ်လုပ်တဲ့ အလုပ်ကို တာဝန်ယူရဲလို့။ စာအုပ်တိုင်းကို လေ့လာပြီးမှ ရေးတယ် (အနဲဆုံး လေ့လာပြီးမှ ရေးတယ်လို့ စာဖတ်သူက ယုံကြည်အောင်) ဂျူးက စွမ်းဆောင်နိုင်တယ်။
ဘ၀မှာ မိန်းမတစ်ယောက် အောင်မြင်တယ်၊ ကျော်ကြားတယ် ဆိုရင် အဲဒီ မိန်းမရဲ့ ကိုယ်ပိုင် အရည်အချင်းက တော်လွန်းလို့ ဖြစ်ပြီး ယောက်ျားတစ်ယောက် အောင်မြင်တယ်ဆိုရင် အဲဒီယောက်ျားနောက်ကွယ်မှာ အဲဒီလူ ထက် သာလွန်ထက်မြတ်တဲ့ အရည်အချင်းပိုင်ဆိုင်ထားတဲ့ မိန်းမတစ်ယောက်ရှိနေလို့ ဖြစ်မယ်လို့ ကိုယ် စာအုပ် တစ်ခုမှာ ဖတ်ဖူးတယ်။ ဒီစကားကို ရုတ်တရက် ကြည့်ရင် မိန်းမ ၀ါဒီ တစ်ယောက်က ပြောတာလို့ လွယ်လွယ်နဲ့ ကောက်ချက်ဆွဲသွားကြလိမ့်မယ်။ အမှန်တော့ ဒီစကားက ၁၀၀ ရာနှုန်း မမှန်ရင် ၉၉.၉၉ ရာနှုန်း မှန်ပါတယ်။ အထူးသဖြင့် အာရှ ယဉ်ကျေးမှုမှာ ပိုမှန်တယ်လို့ ကိုယ်မြင်တယ်။
ထက်မြက်တဲ့ မိန်းမတစ်ယောက် အောင်မြင်ဖို့ ထက်မြတ်တဲ့ ကိုယ့်လင်သားဆီက ပံ့ပိုးမှု ရတယ်ဆိုတာ ရှားပါ တယ်။ယောက်ျားက ခပ်ညံ့ညံ့ ဆိုရင်တော့ အဲဒီ မိန်းမအနေနဲ့ ပံ့ပိုးမှု ရကောင်းရနိုင်ပေမဲ့ ယောက်ျားကလဲ ဥာဏ်ရည်ထက်ထက် မြက်မြက် ဆိုရင်တော့ ပံ့ပိုးမှု ရဖို့ အခွင့်အရေးဟာ သုညအောက် အနှုတ်လက္ခဏာ များစွာ ပါပဲ။ ဘာလို့လဲ ဆိုတော့ ထက်မြက်တဲ့ ယောက်ျားတွေက အတ္တလဲ ကြီးတတ်ကြတယ်။ အရာရာမှာ ဦးဆောင်ချင်တယ်။ မိန်းမတွေကလဲ အဲလို ဦးဆောင်နိုင်တဲ့ ယောက်ျားကိုပဲ အထင်ကြီးတတ်ကြပြန်တယ်။ အဲတော့ ထက်မြက်တဲ့ မိန်းမနဲ့ ထက်မြက်တဲ့ ယောက်ျား လက်တွဲလိုက်ပြီဆိုရင် များသောအားဖြင့် ထက်မြက် တဲ့ မိန်းမတွေက နောက်ကွယ်က ပံ့ပိုးကြတာ များပါတယ်။ ကိုယ့်လင်သားရဲ့ ကြိုးစားလိုစိတ်တွေ၊ အောင်မြင်လို စိတ် တွေကို အရောင်တင်ပေးဖို့ ကြိုးစားကြရပြန်တယ်။ ကိုယ့်လင်သားကို ဘယ်ရွေ့ဘယ်မျှ အားကိုးကြောင်း ပြကြရပြန်တယ်။သားသမီးတွေက အဖေကို အထင်ကြီးနေအောင် လမ်းပြပေးရတယ်။ မိန်းမနဲ့ သားသမီးရဲ့ အားကိုးသံဟာ ယောက်ျားတွေကို အခိုင်မာဆုံး တွန်းအား တစ်ခု ဖြစ်နေတတ်တယ်။ ဒါမို့ ဘ၀မှာ လျှမ်းလျှမ်း တောက် အောင်မြင်နေတဲ့ ယောက်ျားတွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့ နောက်ကွယ်မှာ သိပ်ကို ထက်မြတ်တဲ့ မိန်းမတစ်ယောက် ရှိနေတတ်ကြတာပဲ။ ချွင်းချက်တော့ ရှိနိုင်ပါတယ်။
မိန်းမတွေအဖို့မှာတော့ လျှမ်းလျှမ်းတောက် အောင်မြင်ပြီဆိုရင် အိမ်ထောင်ရေးကို အဆုံးရှုံးခံလိုက်ရတာ များ ပါတယ်။ နှစ်ဖက်လုံးမှာ အောင်မြင်နေဖို့ဆိုရင် သူကိုယ်တိုင်က သိပ်ကို ထက်မြက်နေမှ ဖြစ်နိုင်ပါတယ်။ ထက်မြတ်တဲ့ ယောက်ျားတစ်ယောက်ထက် ၂ ဆလောက်ပိုထူးချွန်တဲ့ မိန်းမမှသာလျှင် ခုနက ထက်မြတ်တဲ့ ယောကျား ရနိုင်တဲ့ အောင်မြင်မှုကို ရနိုင်တာပါ။ ဘာလို့လဲဆိုတော့ သူတို့က အတိုက်အခံ များတယ်။ ပံ့ပိုးမှု မရှိဘူး။
မိန်းမတစ်ယောက် သိပ်တော်နေရင် ယောက်ျားမပြောနဲ့၊ မိန်းမတွေကတောင် အသိအမှတ်ပြုဖို့ဝန်လေးတတ်ကြတယ်။ ယောက်ျားတစ်ယောက်ကို မိန်းမရော ယောကျားရော အလွယ်တကူ အထင်ကြီးတက် ပေမဲ့ မိန်းမဆိုရင်တော့ အသိအမှတ်ပြုဖို့ နဲနဲ နောက်တွန့်တတ်ကြတာ သဘာဝ တစ်ခုလိုတောင် ဖြစ်နေ တယ်။ အဲဒါမို့လဲ ထက်မြတ်တဲ့ အမျိုးသမီးအများစုဟာ အပျိုကြီး ဖြစ်ရင် ဖြစ်၊ မဖြစ်ရင် သူ့နောက်မှာ ရှိနေတဲ့ အိမ်ထောင်ဖက်ဟာ ခပ်ညံ့ညံ့ ယောက်ျားတစ်ယောက်ဖြစ်နေရတာပါပဲ။
ကိုယ့်ဘ၀မှာ ဆုတောင်းခွင့် ရှိမယ်ဆိုရင် ထက်မြတ်တဲ့ အမျိုးသမီးတွေနဲ့ နီးနီးကပ်ကပ် နေခွင့်ရတဲ့ ဘ၀တစ်ခု ကို ပိုင်ဆိုင်ချင်တယ်။

Saturday, March 14, 2009

Buckingham Palace


Buckingham နန်းတော်တဲ့။ နန်းတွင်း ကိစ္စတွေကို ခုထိ ဆောင်ရွက်နေဆဲနေရာလို့ သိရတယ်။ အမှန်တော့ changing of the guard event ရှိတဲ့ အချိန်မှာ သွားသင့်တာ..မနက်ဖြန် မနက်မှာ ရှိတယ်လို့ သိပေမဲ့ ဒီနေ့ တလက်စထဲပဲ သွားဖြစ်သွားတယ်။ ဒီ အဖြစ်အပျက်ကို စိတ်ဝင်စားတယ် ဆိုရင် ဒီမှာ သွားကြည့်လို့ ရပါတယ်။ ဘုရင်စနစ်ကို ခုချိန်ထိ ထိန်းသိမ်းထားဆဲ နိုင်ငံ ပီသတယ်လို့ပဲ ပြောချင်ပါတယ်။ နန်းတွင်း ၀တ်စားမှုတွေ war museum က ၀တ်စုံ အပြည့်နဲ့ အစောင့်တွေ၊ စစ်သားရုပ်ထုတွေ.. အမှတ်တရ အများကြီးကို တွေ့ရတယ်။ ရင်ထဲမှာ ဗိုလ်ချုပ်ကို လွမ်းလွမ်းဆွေးဆွေး ဖြစ်သွားမိတယ်။ ကိုယ့်နိုင်ငံကို ကျွန်ပြုတာ မခံချင်တဲ့ ဗိုလ်ချုပ်က သူ့ထက် အစွမ်းအစ အများကြီး သာတဲ့ နိုင်ငံကို တွန်းလှန်သွားနိုင်ခဲ့တယ်။ ကိုယ် ဗိုလ်ချုပ်ကို အရမ်းချစ်သလို လေးလဲ လေးစားတယ်။ ဒါပေမဲ့ ကိုယ် အင်္ဂလိပ်ကို မမုန်းဘူး။ စစ်ဆိုတာ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ ကိုယ် လက်ခံထားတယ်။ သမိုင်းဆိုတာ လေ့လာ သင်ကြားရမဲ့ မှတ်တမ်းတစ်ခု ဆိုပေမဲ့ စနစ်တစ်ခု ခေတ်တစ်ခုအရ ဖြစ်သွားတဲ့ အဖြစ်အတွက် ကိုယ် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး။ လက်ရှိ အင်္ဂလိပ်တွေဟာ သူတို့ အဖိုး အဖွားတွေ ရေးသွားတဲ့ သမိုင်းအတွက် သူတို့မှာ အပြစ်မရှိဘူးလို့ ကိုယ်ထင်တယ်။အခုအချိန်မှာ လေ့လာ သင့်တဲ့ အရာတွေကို လေ့လာပြီး နိုင်ငံကို တိုးတက်ဖို့ပဲ ကြိုးစားချင်တယ်။ သမိုင်းဆိုတာ လေ့လာစရာဆိုပေမဲ့ အတိတ်ကိုတွေးပြီး တမြေ့မြေ့လုပ်နေရမဲ့ အရာ မဟုတ်ဘူးလို့ ကိုယ်ခံယူထားတယ်။ အဲမို့လဲ သမိုင်းကို တအုံ့နွေးနွေးနဲ့ တွေးပြီး အခုထိ အပြစ်ဆိုနေချင်တဲ့ လူတွေကိုလဲ အထင်သေးတယ်။

ရိုက်မိ ရိုက်ရာ




ဆရာက ကိုယ့်ကို စတယ်..နင်က တွေ့သမျှ လိုက်ရိုက်နေတာပဲတဲ့။ ဆရာ ပြောလဲ ပြောချင်စရာ ကိုယ်ကလဲ မြင်မြင် သမျှ ရိုက်ချင်နေတယ်။ ဒါတောင် ထိုင်းသွားတုန်းက မြောင်းဘေးက ဆင်းရဲသား အိမ်တွေကို လိုက် ရိုက်ထားတာ ဆရာ မသိသေးလို့...ပထမပုံက တံတားပေါ်ကနေ လှမ်းမြင်ရတဲ့ နာရီစင်ကို ရိုက်ထားတာ။ ဒုတိယပုံနဲ့ တတိယပုံကတော့ Tour Bus ပေါ့။အမှန်တော့ ဒီပုံတွေက ဘာမှ မထူးပါဘူး။ စလုံးက လူတွေ ဘယ်လောက် အတုခိုးသလဲလို့ တွေးမိလို့ ဒီပုံတွေကို ရိုက်မိတာ။ စတုတ္ထပုံ ကတော့ တံတားပေါ်ကနေ လန်ဒန်မျက်စိကို လှမ်းရိုက်ထားတာ။ ဝေးဝေးက ကြည့်တော့လဲ လှတော့ လှသား။

လူလား ကျောက်ရုပ်လား....




လန်ဒန်ရဲ့ လူစည်ကားရာနေရာတွေမှာ အခုလိုမျိုး လူကျောက်ရုပ်တွေ တော်တော်လေး တွေ့ရတယ်။ ဒါက london eye ကနေ hungerford တံတားကို သွားရာ လမ်းတလျှောက်မှာရိုက်ထားတာ။ပုံမှန်ဆိုရင်ကျောက်ရုပ် လို ငြိမ်နေပြီး လူအနားသွားကပ်လိုက်ရင် လှုပ်လာတတ်တယ်။ သူတို့နဲ့ ဓါတ်ပုံတွဲ ရိုက်တဲ့လူတွေလဲ အများကြီး ပဲ။ ဒုတိယပုံက လူပြာရဲ့ ဂီတလက်သံကတော့ ကိုယ့်ကို ရပ်နားထောင်ရလောက်အောင် ဆွဲဆောင်နေတယ်။ ဗွီဒီယို ရိုက်ဖို့ ကြိုးစားပေမဲ့ လူတွေက ဖြတ်သွားဖြတ်လာ များလွန်းတော့ ရိုက်ဖို့ အဆင်မပြေဘူး။ သူတို့ရဲ့ ငြိမ်နေအောင် လေ့ကျင့်ထားတဲ့ အစွမ်းအစကိုတော့ အထင်မကြီးပဲ မနေနိုင်ဘူး။ အခုလို ဂီတ လက်စွမ်းသံပါ ထပ်လိုက်တော့ ကိုယ် လေးစားမိတယ်။

london eye....




London Eye က အမြင့်ပေ ၁၃၅ မီတာ ရှိပြီး ၁၉၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ စတင် တည်ချိန်မှာ ကမ္ဘာရဲ့ အမြင့်ဆုံး ရဟတ်တစ်စင်း ဖြစ်ပါတယ်တဲ့။ ၂၀၀၈ ခုနှစ်မှာတော့ စင်္ကာပူက ၁၆၅ မီတာ ရှိတဲ့ Flyer ဖွင့်လိုက်ချိန်မှာတော့ သူက အမြင့်ဆုံး မဟုတ်တော့ဘူးပေါ့။ စင်္ကာပူ flyer ကတော့ လွန်ခဲ့တဲ့ ၃ လလောက်က လေထဲမှာ အတော်ကြာ ရပ်တန့်ပြီး ခရီးသည်တွေ လေထဲမှာ တန်းလန်း ဖြစ်နေခဲ့ကြသေးတယ်။ဘာကြောင့် ဆိုတဲ့ အဖြေကတော့ ထုံးစံအတိုင်း မသိရပေမဲ့ အခုတော့ ပြန်ဖွင့်တော့မယ်လို့ ကြားတာပဲ။ လန်ဒန် မျက်စိမှာ အဲလို သမိုင်း ရှိ၊ မရှိကတော့ မသိပေမဲ့ လူတွေကတော့ အများကြီးပဲ လာနေလိုက်ကြတာ။ ကိုယ်လဲ လန်ဒန်မှာ ရောက်နေမှတော့ သွားသင့်တယ်လို့ ယူဆလို့ ဒီနေ့ ရောက်သွားဖြစ်တယ်။ ဒါပေမဲ့ ပိုက်ဆံပေးရမဲ့ အလုပ်ကို စိတ်မ၀င်စားသူပီပီ ၀င်တော့ မစီးဖြစ်ဘူး။ ပုံလေးတွေကတော့ အမှတ်တရပေါ့။
ဒုတိယပုံက Hungerford bridge ဘက်က ရိုက်ထားပြီး တတိယပုံကတော့ westminister bridge ဘက်က ရိုက်ထားတာ.. ရာသီဥတုက ဘယ်လောက်များ အပြောင်းအလဲ မြန်သလိုဆိုတော့ ဒုတိယပုံနဲ့ တတိယပုံကို ယှဉ်ကြည့်ရင် သိသာတယ်။ ဒုတိယပုံကို ရိုက်နေတုန်းက ရာသီဥတုက မှောင်နေပြီး တတိယပုံကို ရိုက်တော့ နေမင်းက ချစ်ချစ်တောက်ကို ပူနေတယ်။ ခြေတံရှည် ဆင်ရုပ်ကြီးကလဲ စိတ်ဝင်စားစရာပဲ။ လန်ဒန်မှာ တစ်ခု သတိထားမိတာက အဆောက်အဦးတွေက အခိုင်အခန့်ဖြစ်သလို ကျောက်ရုပ်ထုတွေလဲ အများကြီး တွေ့ရတယ်။ လူရုပ်အမှတ်တရတွေ အခုလို ဆင်ရုပ်တွေကို နေရာတော်တော်များများမှာ တွေ့ရတယ်။

Thursday, March 12, 2009

သူမရဲ့ ဆူးတစ်ချောင်း

သူမ ငယ်ငယ်တုန်းက အဒေါ် ကျောင်းဆရာမနဲ့ ကြီးပြင်းခဲ့ရသူပီပီ သူငယ်တန်းမတက်ခင်မှာ သင်ပုန်းကြီးကို ပိုင်နိုင်ခဲ့တယ်..သူမအတွက်တော့ ဆရာ၊ ဆရာမ ဆိုတာ ချစ်စရာ.. လေးစားစရာ ..အားကိုးစရာပေါ့...ဒါပေမဲ့ သူမရဲ့ အဲဒီ ယုံကြည်ချက်တွေကို ဒုတိယတန်းမှာပဲ ရိုက်ချိုးခံခဲ့ရတယ်။
ဇာတ်လမ်းအစကတော့ သူမနဲ့ သူမ အကိုရဲ့ ပျော်ရွှင် မြူးတူး ခုန်ပေါက်စွာ အိမ်ကို ပြန်လာခဲ့ရာက စတယ်။ သူမတို့ မောင်နှမတွေ အကုန်လုံးက ပတ်ဝန်းကျင်က ချီးကျူးရအောင် လိမ္မာခဲ့ကြတယ်။ စည်းကမ်းကြီးတဲ့ ဖခင် ရဲ့ အုပ်ထိန်းမှု အောက်မှာ အိမ်အလုပ်ကို ၀ိုင်းကူတဲ့ကြားက နှစ်တိုင်းဆုရခဲ့ကြတယ်။ အဲဒီနေ့ကလဲ မနှစ်က ဆုစရင်း တွေကို ကြေငြာတော့ သူမရော သူမ အကိုပါ ဆုရခဲ့ကြတယ်။ သူမက သူငယ်တန်းတုန်းကလဲ ပထမ၊ ပထမတန်းမှာလဲ ပထမဆိုတော့ နှစ်နှစ်ဆက်တိုက် ပထမရခဲ့တာပေါ့။ ကလေးတွေဆိုတော့လဲ ပျော်ရွှင်မှုကို မြိုသိပ်ရမှန်း မသိသေးတဲ့ အရွယ်တွေလေ။ အဲတော့ အိမ်ကို မရောက်ခင် လမ်းထိပ်ကထဲက သူမ ပထမ ရကြောင်းကို ခုနစ်သံချီ ဟစ်ပြီး အိမ်ဆီကို ပြေးလာခဲ့တယ်။သူမရဲ့ ပျော်ရွှင်သံဟာ သူများကို မနာလို ဖြစ်စေ မယ်ဆိုတာကို သူမ မတွေးတတ်ခဲ့ဘူးလေ။ အဲဒီနေ့က သူမရဲ့ အသံဟာ လမ်းထိပ်အိမ်က သူမရဲ့ သူငယ်ချင်း ချိုမရဲ့ အမေကို မနာလိုစိတ်တွေနဲ့ ပူလောင်စေခဲ့တယ်။ အမှန်တော့ သူမနဲ့ ချိုမက ငယ်သူချင်းအရင်းတွေလို့ ပြောရမှာပါ။ အဖေတွေကလဲ လုပ်ငန်းခွင်မှာ ရာထူးတူ၊ အိမ်ချင်းလဲ နီးတော့ သူမတို့ ကစားဖော်၊ ကစားဖက် တွေ ဖြစ်ခဲ့ကြတယ်။ ဒီအချက်တွေကပဲ အဲဒီ အန်တီရင်မှာ မနာလိုစိတ်တွေနဲ့ ပူလောင်ခဲ့ရှာတယ် ထင်ပါရဲ့။ အဲနေ့ကစလို့ သူမရဲ့ သူငယ်ချင်းမလေးက အရင်တုန်းကလို ညနေ ကျောင်းဆင်းချိန်တွေမှာ သူမတို့နဲ့ လာမကစားတော့ ဘူး။ သူမတို့ကလဲ သိပ်တော့ သတိမထားမိပါဘူး။ မောင်နှမ နှစ်ယောက် ကစားနေရရင် အားလုံးကို မေ့နေ တတ်ကြတာကို။
အဲလိုနဲ့ သူမတို့ ဒုတိယတန်း ပထအစမ်း စာမေးပွဲ ဖြေရမဲ့အချိန်ကို ရောက်လာတယ်။ သူငယ်တန်း မတတ်ခင် ကထဲက စာကို ပိုင်နေခဲ့တာဆိုတော့ သူမက ဒီစာမေးပွဲကို စိတ်တိုင်းကျပဲ ဖြေဆိုနိုင်ခဲ့တယ်။ သူမကို ချစ်တဲ့ လက်ထောက် ကျောင်းအုပ်ကြီးက သူမကို ပွေ့ချီပြီး သူမ ဖြေတာ ဘယ်လောက် တော်ကြောင်း ချီးကျူးခဲ့တယ်။ သင်္ချာနဲ့ အင်္ဂလိပ်မှာ အမှတ် (၁၀၀) ရကြောင်း၊ ပထမရကြောင်းကို သီတင်းကျွတ် ကျောင်းပိတ်ရက် ဈေးမှာ သူမရဲ့ အမေနဲ့တွေ့တော့ ၀မ်းသာအားရ သတင်းပေးခဲ့တယ်။ အဲတော့ ပထမရမယ်ဆိုတာ ကျောင်းမဖွင့်ခင် ကထဲက သူမက ကြိုသိနေခဲ့တယ်။ ဒါဟာ သူမအတွက် ၀မ်းနည်းစရာတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ဘူးလေ။ ဒါပေမဲ့ ကျောင်းပြန်ဖွင့်လို့ အမှတ်တွေလဲ ကြေငြာရော သူမက ဒုတိယရပြီး ချိုမက ပထမ ရနေခဲ့တယ်။သူမ ငိုပြီး အိမ်ကို ပြန်လာတော့ အံ့အားသင့်နေတဲ့ မိဘတွေက သူတို့ရဲ့ မကျေနပ်ချက်ကို မြိုသိပ်ပြီး သမီး လျှမ်းသွား လို့ ဖြစ်မှာပါလို့ အားပေးခဲ့ကြတယ်။ အစိမ်မှာ ထပ်ကြိုးစားဖို့ တိုက်တွန်းခဲ့ကြတယ်။ သူမကတော့ ကလေးဆိုတော့ ဘာမှ မသိပေမဲ့ မိဘတွေကတော့ အခြေအနေကို ရိပ်မိနေခဲ့မှာပေါ့။ပထမ မရတာကိုဝမ်းနည်း တာ မကျေနပ်တာကလွဲရင် သူမရဲ့ ဆရာ၊ ဆရာမတွေအပေါ် ယုံကြည်ကိုးစားမှုကတော့ မပျက်ခဲ့ ပါဘူး။ ဒါပေမဲ့ တစ်ရက်မှာတော့ .....
အဲဒီနေ့မနက်က အတန်းပိုင်ဆရာမ က ကျောင်းမလာတဲ့အတွက် ဒုကျောင်းအုပ်က အစားဝင်ပေးခဲ့တယ်။ ဆယ်၊ ခု ဇယားလေးတွေနဲ့ တွက်ရတဲ့ သင်္ချာ ပုစ္ဆာလေးတွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးပေးခဲ့ပြီး၊ပြီးအောင် တွက်ဖို့ မှာခဲ့ပြီး သူ့ရဲ့ အတန်းရှိရာကို ပြန်သွားခဲ့တယ်။ မတွက်တတ်တဲ့ သူငယ်ချင်းတွေက သူမဆီကကူးချဖို့ သူမ နားမှာ ၀ိုင်းလာခဲ့ကြတယ်။ ပထမရတဲ့ ချိုမ အပါအ၀င်ပေါ့။ အဲဒီမှာ သူမရဲ့ ညစ်တဲ့စိတ် လေး ပေါ်လာ တာပါပဲ။ တခြားသူငယ်ချင်းအားလုံးကို ကူးခွင့်ပြုပေမဲ့ ချိုမကိုတော့ နင်က ပထမရတာပဲ ကိုယ့်ဟာကိုယ်တွက် ဆိုပြီး လုံးဝမပြခဲ့ဘူး။ တခြားသူငယ်ချင်းတွေကလဲ သူမဘက်က နာနေကြသူတွေပီပီ ချိုမကို ပထမရပြီးတွက်လဲ မတွက်တတ် ဘူး ၊ ဘာညာနဲ့ ၀ိုင်းလှောင်ကြပါရော။ ပထမဆုရှင် ချိုမဟာ သူမကိုလဲ ပြန်မပြောရဲတော့ သူမရဲ့ နောက်သူငယ်ချင်းတစ်ယောက်နဲ့ ရန်သတ်ကြပါလေရော။ သူမကတော့ ပွဲကြည့် ပရိသတ်ပေါ့။ ဒါတွေရဲ့ အကျိုးဆက်ကတော့ နေ့လည် ထမင်းစားချိန် သူမတို့ မောင်နှမ အိမ်ပြန်ပြီး ထမင်းစား ကြချိန်မှာ ချိုမရဲ့ အမေ အိမ်ကို ရောက်လာခဲ့တာပဲ။ ထမိန်စွန်တောင်စွဲထားတဲ့ အန်တီ ဟာ လက်တစ်ဖက်မှာ သူ့သမီးကို ဆွဲပြီး ရောက်လာခဲ့တယ်။သူမက သူ့သမီးကို ကျောင်းမှာ အနိုင်ကျင့်ပါ သတဲ့။ အဲတုန်းက သူမ ကိုယ်တိုင် ခုထိတိုင် အံ့သြစေရမဲ့ အပြုအမူတစ်ခုကို သူမ လုပ်ခဲ့မိတယ်။ ဒေါသရဲ့ စေခိုင်းချက်အရ မခံချင်စိတ်နဲ့ သူမဟာ အမေ နှစ်ယောက်စလုံးရဲ့ ရှေ့မှာပဲ ချိုမရဲ့အင်္ကျီကော်လံကို ကိုင်ဆွဲပြီး နင့်ကို ငါ ဘာလုပ်လို့လဲလို့ မေးခဲ့တာပဲ။ အဲဒီ မှာ ချိုမရဲ့အဖြေဟာ သူ့အမေကို ပါးစပ်ပိတ် သွားစေခဲ့တယ်။ တခြားလူနဲ့ ဖြစ်တာပါလို့ ပြောလာတဲ့ သူ့သမီး ကို ဒေါသထွက်နေတဲ့ သူ့အမေဟာ သူမတို့ကိုလဲ မပြောသာ တော့ စိတ်ဆိုးဆိုးနဲ့ ပြန်သွားခဲ့တယ်။ မေမေက လဲ ကျောင်းပြသ၁နာကို ကျောင်းမှာပဲ ရှင်းပါ ဆိုတဲ့ စကား တစ်ခွန်းနဲ့ ဇာတ်လမ်းရပ်စေခဲ့တယ်။ ဖေဖေနဲ့ မေမေကတော့ ကျောင်းမှာ ဆရာမတွေက မေးရင် သေချာဖြေဖို့ပဲ မှာခဲ့တယ်။ ဖြစ်လာနိုင်တဲ့ အခြေအနေကို မေမေတို့များ ကြိုသိနေခဲ့သလားလို့ ခုချိန်မှာတော့ သူမ တွေးနေမိတယ်။
နေ့ခင်းပိုင်း သူမတို့ ကျောင်းကို ပြန်သွားတော့ ချိုမ အမေဟာ ကျောင်း စာသင်ခန်းထဲမှာ ရောက်နေခဲ့တယ်။ သူမတို့တွေ ငါးမူး၊ တစ်မတ်ပဲ မုန့်ဖိုးရတဲ့ အချိန်မှာ အန်တီဟာ အခန်းထဲက ကလေး အချို့ကို ၅ကျပ်တန်တွေ ဝေပြီး စည်းရုံးနေခဲ့တယ်။ ချိုမကို ပေါင်းကြဖို့ပေါ့။ မနက်က ချိုမနဲ့ ရန်ဖြစ်ခဲ့တဲ့ သူမရဲ့ သူငယ်ချင်းရယ်.. ၀ိုင်းရီ ခဲ့ကြတဲ့ သူငယ်ချင်းအချို့ကတော့ ကြောက်နေကြပြီပေါ့။ အဲဒီ အန်တီက ဆရာမကို တိုင်မယ်လို့ ပြောတာကို။ သူမကတော့ အပြုံးမပျက်ပါပဲ။ ဆရာ၊ ဆရာမတွေက အမှန်ကို သိတာပဲလေ။ စာခိုးချတာကို မပြတာ မှန်တယ် ဆိုပြီး သူမကိုတောင် ချီးကျူးအုန်းမယ်လို့ သူမက ထင်ခဲ့တာကို............
ဒါပေမဲ့..........အဲနေ့က အတန်းပိုင်ဆရာမက သူမတို့ကို တစ်ခွန်းမှ မမေးခဲ့ပါဘူး။ အဲဒီ အန်တီ ပြောသမျှကို ခေါင်းညိတ် နားထောင်ခဲ့ပြီးနောက် သူမရယ်၊ နောက်ထပ် တခြား သူငယ်ချင်း သုံးယောက်ရယ်ကို ခုံပေါ်တက် မတ်တပ်ရပ် ခိုင်းခဲ့တယ်။ ဖြေရှင်းခွင့် လုံးဝမပေးခဲ့တာရယ်၊ ချိုမကိုတော့ မရပ်ခိုင်းပဲ သူမတို့ကိုပဲ ရပ်ခိုင်းခဲ့တာ အတွက် သူမ ဆရာမကို သိပ်စိတ်ဆိုးခဲ့တယ်။ ဆရာ၊ ဆရာမဆိုတာ အခုလို မတရားလဲ လုပ်ပါလားလို့ သူမ နာကျင်ခဲ့ရတယ်။ အဲ့နေ့က ဆရာမ ထိုင်ခိုင်းတဲ့ အချိန်မှာတောင် လုံးဝ မထိုင်ပဲ ဆက်ရပ်နေတဲ့ သူမကို ဒု ကျောင်းအုပ်ကိုယ်တိုင် ချီပြီး စာသင်ခန်းထဲက လာခေါ်ခဲ့ရတယ်။ ငိုလဲ မငိုပဲ အတောင့်လေးတိုင် ဖြစ်နေတဲ့ သူမကို ဆရာကိုယ်တိုင် အိမ်ကို လိုက်ပို့ခဲ့ရတယ်။ အဲဒီက ဖြစ်လာတဲ့ အကျိုးဆက်တွေဟာ သူမ အတွက် ပြန်မတွေးချင်လောက်အောင် အဲဒီကျောင်းလေးနားကို ယောင်လို့တောင် မသွားချင်လောက်အောင် ခါးသီးခဲ့ ရတယ်။ နေ့စဉ် အပြစ်ရှာနေတဲ့ ဆရာမရယ်၊ ခေါင်းမာစွာနဲ့ ဆရာမကို ရွဲ့ချင်တဲ့ သူမရယ် အကြိမ်များစွာ ထိပ်တိုက်တွေ့ခဲ့ကြတယ်။ ဒုကျောင်းအုပ်ဆရာရဲ့ ထိန်းပေးမှုကြောင့် ဆိုးဆိုးဝါးဝါး ထပ်မဖြစ်ခဲ့ပေမဲ့ စာမေးပွဲ ပြီးပြီးချင်းမှာပဲ ဖေဖေဟာ သူမကို ကျောင်းပြောင်းပေးခဲ့တယ်။ ကျောင်းအုပ်နဲ့ ဒုကျောင်းအုပ် တားနေတဲ့ကြား က ဖေဖေဟာ သူမကို ဇွတ် ကျောင်းပြောင်းပေးခဲ့တယ်။ ဒုတိယတန်းမှာ သူမ တတိယ ရခဲ့ပါတယ်။ ဒါပေမဲ့ သူမမှာ ဆုတံဆိပ် မရှိဘူး။ ဘာလို့လဲ ဆိုတော့ သူမက သွားမယူခဲ့လို့ပဲ။ ကျောင်းတွေရဲ့ ထုံးစံအရ လာမယူ ရင် ပို့ပေးသင့်ပေမဲ့ သူမဆီကို အဲဒီ ဆုတံဆိပ် ရောက်မလာခဲ့ဘူး။ သူငယ်တန်းကနေ ၁၀ တန်းအထိ ရခဲ့ ဆုလက်မှတ်တွေ နေရာမှာ ဒုတိယတန်း ကွက်လပ်လေးကို မြင်တိုင်း သူမဟာ အဖြစ်အပျက်တွေကို အမှတ် ရနေတတ်တယ်။
ဆရာမတစ်ယောက်ရဲ့ မတရားမှုကို တွန်းလှန်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသူလေး တစ်ယောက် ရဲ့ ရာဇ၀င်ဟာ အဲဒီကျောင်းလေးမှာ နောက် (၁၀) နှစ်လောက် အထိ နံမည်ကြီး ကျန်ခဲ့တယ်။ အဲ့ကျောင်းလေးကို နောက်ပိုင်း ရောက်လာတဲ့ ဆရာမအသစ်တွေဟာ ကျောင်းနဲ့ မဝေးလှတဲ့ သူမတို့အိမ်ဆိုင်လေးကို ဈေး ၀ယ်သလိုနဲ့ လာပြီး သူမကို အကဲခတ် တတ်ကြတယ်။မြို့ကျောင်းမှာရော စာတော်သေးလားလို့ စုံစမ်းတတ်ကြတယ်။ ပတ္တမြားမှန်ရင် နွံ့မနစ်ရဘူးဆိုပြီး ထိန်းပေးခဲ့တဲ့ မိဘနဲ့ အန်တီ ဆရာမရဲ့ ကျေးဇူးကြောင့် သူမဟာ ဒီအချက် တွေကို တွန်းအားအဖြစ် အသုံးချတတ်လာခဲ့တယ်။ စာတော်နေမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့မှုကြောင့် သူမဟာ အခုအချိန်မှာ သင့်တင့်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဆရာဆိုတာ မတရားမှု လုပ်တတ်ပါလား၊ ဆရာ၊ဆရာမတိုင်းကို မလေးစားအပ်ဘူးဆိုတဲ့ ဆူးတစ်ချောင်း သူမရင်ထဲကို စိုက် ၀င်သွား ခဲ့တာကို လာဘ်စားပြီး မျက်နှာလိုက်ခဲ့တဲ့ ဆရာမတစ်ယောက်ရယ်၊ ဆရာမ မှားမှန်း သိပေမဲ့ တူမ ဖြစ်နေတဲ့ အတွက် မျက်စိ တစ်ဖက်မှိတ်နေခဲ့တဲ့ ကျောင်းအုပ်ကြီးရယ် အမှတ်ရနိုင်ပါအုန်းမလား။

Wednesday, March 11, 2009

NTU undergrad EEE- 2

Tutorial ခန်း ဘယ်လို ရွေးမလဲ။ ။
ကိုယ်တို့ ပထမနှစ်မှာ ကျောင်းစတက်တော့ Tutorial အခန်းတွေက ကျောင်းက ချထား ပေးပြီးသားပါ။ ဆိုလိုတာက ကိုယ့်မှာ ရွေးချယ်ခွင့် မရှိပါဘူး။ နောက်ဒုတိယနှစ်မှာတော့ အတန်းတွေကို ရွေးလို့ ရပါတယ်။ ကျောင်းသားတွေရဲ့ သဘာဝ အရ များသောအားဖြင့် မနက် အစော မထရမဲ့ Tutorial ချိန်တွေကို ကိုယ် ရွေးချယ်ခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါ ကိုယ့်အတွက် အမှားကြီး တစ်ခုပါပဲ ဆိုတာ ကိုယ် တတိယနှစ်ရောက်မှ သိလာတယ်။ အမှန်တော့ Lecture ခန်းထဲမှာ သင်တဲ့ ဆရာတွေက အရမ်းကို ယေဘူယျ ဆန်ပါတယ်။ သိပ် ကောင်းတဲ့ ဆရာက လွဲရင် အလုံးစုံ နားလည်နိုင်ဖို့ ခက်ပါတယ်။ နောက် ဆရာ့ကို စာထွက်မေးဖို့ဆိုတာလဲ သိပ်မလွယ်ပါဘူး။ တကယ် ကိုယ့်ကို နားလည်အောင် ကူညီနိုင်တာက Tutorial ခန်းမှာပါ။ ကိုယ့်ရဲ့ Tutor က သိပ်ကောင်းမယ်ဆိုရင် အဲဒီ ဘာသာအတွက် မပင်ပန်းပဲ အလွယ်တကူ A ရနိုင်ပါတယ်။ အဲတော့ ဘာသာရပ် တွေအတွက် Registration လုပ်တဲ့ အချိန်မှာ အဲဒါကို ထည့်စဉ်းစားသင့်ပါတယ်။ NTU EEE မှာက ဆရာတွေ များပါတယ်။ ဒါပေမဲ့ စာရှင်းကောင်းတဲ့ ဆရာ နည်းပါတယ်။ ဆရာတွေက သူတို့ ပင်ကိုယ်အားဖြင့် တော်ပေမဲ့ ကျောင်းသားကို ရှင်းတဲ့နေရာမှာတော့ လည်နေတတ်ကြပါတယ်။ တစ်ခါတစ်လေကျ ကိုယ်လိုချင်တဲ့ Tutorial ခန်းကို မရခဲ့ဘူးဆိုရင် အဲဒီ Tutor ကို သွားပြောပြီး သူ့အချိန်ကို လိုက်တက်လို့ ရပါတယ်။ ဆရာက တော်ရုံနဲ့ မောင်းမထုတ်တတ်ပါဘူး။ ကိုယ့်ရဲ့ Tutorial ခန်းကိုလဲ သွားတက်ဖို့တော့ (ဒါကတော့ ကိုယ့် Tutor တစ်မျိုး မမြင်အောင်) လိုပါလိမ့်မယ်။ နောက် Tutorial ခန်းတွေကို သွားတဲ့နေရမှာလဲ ဖြစ်နိုင်ရင်တော့ ကြိုတင် ပြင်ဆင် သွားပါ။ ဒါမှ ဆရာက ရှင်းလိုက်တဲ့ အခါ ကိုယ့်အနေနဲ့ မသိတာကို တစ်ခါထဲ မှတ်လို့ရသလို ပိုပြီးလဲ မှတ်မိပါတယ်။ ကိုယ်တို့နှစ်က EEE မှာ အမှတ်အများဆုံးရသွားတဲ့ တရုတ်ကျောင်းသားရဲ့ လက်ထဲမှာ မှင်(၂) ချောင်း အမြဲပါပါတယ်။ ဆရာ တွက်ပြတဲ့ ပုံစံက သူနဲ့ မတူဘူးဆိုရင် အဲဒါကို မှင်နီနဲ့ လိုက်မှတ်ပါတယ်။ သူ ကြိုတွက်လာတာကတော့ မှင်ပြာနဲ့ပါ။ နောက်ပြီးတာနဲ့ ဆရာ့ကို ထမေးပါတယ်။ သူ့နည်းက ပိုကောင်းတာကို လဲ ကြုံခဲ့ဖူးပါတယ်။ နောက် တစ်ချို့ ပုံနှိပ်စာအုပ်တွေမှာ တွက်ထားတာတွေကိုလဲ သူက မှတ်လာတတ်ပါတယ်။ ကိုယ့်အနေနဲ့ သူတို့လောက် လုပ်နိုင်ဖို့ မလွယ်ကူပေမဲ့ ကြိုပြီး ပြင်ဆင်သွားတာက တကယ်ကို အကျိုးရှိပါတယ်။
စာမေးပွဲမှာ အမှတ်ကောင်းအောင် ဘယ်လို ပြင်ဆင်မလဲ..
စာမေးပွဲမှာ အမှတ်ကောင်းဖို့ဆိုတာ စာကို သိရုံမက စာမေးပွဲဖြေတတ်ဖို့လဲ အရေးကြီးပါတယ်။ ကိုယ်က စာမေးပွဲကို မဖြေတတ်တဲ့ ကျောင်းသားတွေထဲမှာ ပါပါတယ်။ စာကို ပိုင်ပိုင်နိုင်နိုင် ကျက်နိုင်မှ ကိုယ်လိုချင်တဲ့ အဆင့်ကို ရမယ်လို့ သိတဲ့ ခပ်ညံ့ညံ့ ကျောင်းသားတစ်ယောက်ပါ။ ဒါပေမဲ့ ကိုယ် အတန်းကြီးလာတဲ့ အချိန် (ကံကောင်း ထောက်မစွာ) ကိုယ်တို့ မေဂျာရဲ့ အတော်ဆုံးကျောင်းသားတွေနဲ့ ခင်မင်ခွင့်ရလာတော့ သူတို့ ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေပါ။ သူတို့ အဆိုအရ ဘာသာတစ်ခုရဲ့ Coordinator က ဘယ်သူလဲဆိုတာ သိဖို့ လိုပါတယ်တဲ့။ များသောအားဖြင့် lecture notes တွေ ဝေတဲ့အချိန်မှာ သိနိုင်ပါတယ်။ အဲလို သိထားပြီးရင် ဒီဆရာရဲ့ စိတ်နေ သဘောထားကို အကြမ်းဖျင်း ခန့်မှန်းနိုင်ဖို့ လိုပါတယ်။ တစ်ချို့ဆရာက မေးခွန်းဟောင်းကို အားထားပါတယ်။ မေးခွန်းဟောင်းနဲ့ ပုံစံတူတွေထဲကပဲ မေးတာပါ။ တစ်ချို့ဆရာကတော့ သင်္ချာကို အားသန် ပါတယ်။ အင်ဂျင်နီယာ မေးခွန်းကို သင်္ချာသက်သေပြချက်တွေနဲ့ မေးတတ်တဲ့ဆရာတွေ EEE မှာ ရှိပါတယ်။ နံမည်လဲ ကြီးပါတယ်။ ကိုယ်တို့တုန်းက ရှေ့က စီနီယာတွေကို ဒါတွေ မေးရကောင်းမှန်း မသိခဲ့ပါဘူး။ တရုတ် ကျောင်းသားတွေမှာတော့ အချင်းချင်း အဲလို သတင်းပေးကြတဲ့ ဖိုရမ် ရှိပါတယ်လို့ သူငယ်ချင်းက ပြောတယ်။ မြန်မာကျောင်းသားတွေမှာတော့ အဲဒါမျိုး ရှိတယ်လို့ မကြားမိသေးပါဘူး။ သူတို့ဆိုရင် ဆရာ နံမည်တွေနဲ့ တိုက်ရိုက် ပြောကြတာပါတဲ့။ အဲတော့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ယူတဲ့ ဘာသာရဲ့ ဆရာတွေကို သတိထားမိ အောင် ကြိုးစားပါ။
project ဘယ်လို လုပ်ကြမလဲ။
ဒါကတော့ တတိယနှစ်လောက်မှာ စကြုံရတာပါ။တစ်ချို့ကျောင်းသားတွေက project လုပ်တဲ့ နေရာမှာ အရမ်း အားသွန်ကြပါတယ်။ ကိုယ်တိုင်လဲ အဲလိုပဲ ခံယူပြီး အပြင်းအထန် လုပ်ခဲ့ဖူးပါတယ်။ဒါပေမဲ့ တစ်ချို့တွေက ခိုးချ တယ်၊ ပုံတူကူးချတယ်၊ ပြီးတော့ A ရပါတယ်။ ကိုယ်တွေက အသေလုပ်ပြီး B လောက်ပဲ ရခဲ့တုန်းက ငါက တကယ် တတ်တာပဲလို့ ဖြေတွေးပြီး ကျေနပ်ခဲ့ရပါတယ်။ မှားတယ်၊ မှန်တယ် မပြောလိုပါဘူး။
ဒါပေမဲ့ ကိုယ် အတန်းကြီးလာတော့ သိပ်ရင်းနှီးသွားတဲ့ ဆရာ့ကို မေးကြည့်ပါတယ်။project လုပ်တဲ့ နေရာမှာ ကျောင်းသားတွေ ခိုးချတာကို ဆရာ သိပါသလားဆိုတော့ ဆရာက သိပါတယ်တဲ့။ အဲဒါဆို ဘာလို့ A ပေးတာ လဲ ဆိုတော့ ဆရာက ဒီလို ပြောပြပါတယ်။ Engineer ဆိုတာ ဘီး အသစ်ကနေ စတင် တီထွင်သူတွေ မဟုတ်ပါဘူးတဲ့။ လက်ရှိ ရှိနေတဲ့အရာတွေကနေ ဒီထက် ကောင်းမွန်အောင် ပြုပြင်ရမှာ၊ အသစ်တွေကို တီထွင် ရမဲ့လူတွေပါတဲ့။ သူတို့ အနေနဲ့ နှစ်ပေါင်းများစွာ ပေးလာခဲ့တဲ့ Assignment တွေအနေနဲ့ ရှေ့က လုပ်ထားခဲ့ သူတွေဆီက ကူးချလို့ရတယ်ဆိုတာ သိပါတယ်တဲ့။ သူတို့ဖြစ်စေချင်တာက အရှေ့က လုပ်ခဲ့တဲ့ အရာတွေကို ဘယ်လောက်နားလည်လဲ၊ အဲဒီကနေ ပိုကောင်းအောင် ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတာကို ကြည့်ပါတယ်တဲ့။ ဒါပေမဲ့ အာကောင်းတဲ့ ကျောင်းသားဆိုရင်တော့လဲ သူတို့က နားလည်တယ်လို့ ယူဆပြီး A ပေးလိုက်ပေမဲ့ တကယ်မသိတာလဲ ရှိနိုင်ပါတယ်တဲ့။ ဒါက ဆရာ့ရဲ့ အဖြေပါ။ကိုယ်နားလည်သလို ခံယူပြီး အဖြေရှာနိုင်ပါတယ်။ ဧ သည် မလွဲ ခိုးချဖို့ တိုက်တွန်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မှီငြမ်းလို့ရပါတယ်။ နောက် အင်တာနက်တွေ ရှိနေတာ ဘာလုပ်မှာလဲ။ ရှာလို့ရပါတယ်။ codeguru လို ၀က်ဒ်ဆိုဒ် မျိုးကို ရင်းနှီးနေဖို့ လိုပါတယ်။ကိုယ်တို့ တုန်းက ဒီအရာတွေကို သိလဲ မသိခဲ့ဘူး။ ဘယ်သူ့ကိုမှလဲ မမေးခဲ့ဖူးဘူး။ ကိုယ်မှန်တယ် ထင်တဲ့ အရာ ကို မျက်ကန်းလို လုပ်ခဲ့မိတယ်။ ကိုယ်တိုင် lab ခန်းတွေ ၀င်ရမှ ဒါတွေကို နားလည်လာတာပါ။
ဆရာနဲ့ ဆက်ဆံရေး (ဒါကတော့ နောက်ဆုံးနှစ်ကျောင်းသားတွေ အတွက် အဓိက အချက်ပါ)
Final year ကျောင်းသားတွေရဲ့ အစွမ်းအစတွေကို ဆရာတွေက MSc ကျောင်းသားတွေထက် အားထားပါ တယ်။ ဒါပေမဲ့ တွန်းလို့ရမယ်ထင်လို့ တွန်းကြတာမျိုးက ပိုပါတယ်။စာကိုလုပ်ရုံတင်မကဘူး ၊ ကိုယ် ကြိုးစား တယ်ဆိုတာ ဆရာ့ကိုပြဖို့လဲ လိုအပ်ပါတယ်။ အခန်းထဲမှာ တစ်ယောက်ထဲ လုပ်ချင်ရာ လုပ်နေတာ ဆရာက အလိုလိုနေရင်း မသိပါဘူး။ နောက် ဆရာနဲ့ ရန် မသတ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ဆရာက ဆရာပါပဲ။ ကိုယ်ဖြစ်ချင် တာကို ရအောင် ယူပါ။ ဒါပေမဲ့ သူတို့နဲ့ ရန်မသတ်ပါနဲ့။ နံရံကို ခေါင်းနဲ့ ဆောင့်ရင် ခေါင်းကွဲ သွားနိုင်ပါတယ်။ နောက် တစ်ချို့ဆရာတွေက စကားကို အစွန်းရောက် ပြောကြပါတယ်။ ကိုယ့်ရဲ့ project ကို အမှိုက်စလို့ ပြောလို့လဲ ၀မ်းမနည်းပါနဲ့။ စိတ်လဲ မဆိုးပါနဲ့။ သူတို့အမြင်မှာ ဒါဟာ အရမ်းညံ့နေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါ ဟာ ကိုယ်ညံ့လို့ မဟုတ်ပါဘူး။ ကိုယ့်ဆရာ ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အရမ်းပူတဲ့ သံဘောလုံး တစ်လုံး လက်ထဲ ရောက်လာတယ် ဆိုပါတော့..ဘာလုပ်မလဲတဲ့.. လွှတ်ချလိုက်မှာပဲမှလားတဲ့.. အဲလိုပဲပေါ့တဲ့ သိပ်နာကျင်စရာကောင်းတယ် ထင်ရင် ခံစားမနေနဲ့၊ ပြန် ပစ်လို့ရရင် ပစ်လိုက်၊ မရရင် လွှတ်ချလိုက်တဲ့။ ဒီစကားက သိပ်မှန်ပါတယ်။ တကယ်တော့ ကိုယ်တို့တွေဟာ project တစ်ခုထဲကို လုပ်နေရတာ မဟုတ်ပါဘူး။ တခြား ဘာသာတွေကိုလဲ လုပ်ရပါသေးတယ်။ အဲတော့ ကိုယ့်စိတ်ကို ပေါ့ပေါ့ပါးပါး ထားတတ်ဖို့ လိုပါတယ်။

EEE က Civil တို့ Mech တို့နဲ့ စာရင် အပြိုင်အဆိုင် ပိုများတယ်လို့ပြောကြတယ်။ ဆရာတွေကြားမှာ ကျောင်းသားတွေကြားမှာ ပိုပြီး အပြိုင်အဆိုင်များတယ်လို့ ထင်ရတယ်။ တရုတ်ကျောင်းသား အရမ်းများပြီး စာလုပ်တဲ့လူလဲ များပါတယ်။ တစ်ချို့ ကျောင်းသားတွေက ပိတ်ရက်တွေမှာ အလုပ်မလုပ်ပဲ အိမ်မပြန်ပဲ စာကြိုလုပ်ကြတာပါ။ အဲတော့ ကိုယ်တိုင်လဲ စာလုပ်ဖို့တော့ လိုပါတယ်။ ဒါပေမဲ့ အလကားရတဲ့ ညစာ ဆိုတာ ဘယ်နေရမှာမှ မရှိပါဘူး။ ကြိုးစားရုံတင် မဟုတ်ပဲ ပါးပါးနပ်နပ် နေတတ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အဆင့်ကို လွယ်လွယ်ကူကူပဲ ရနိုင်ပါတယ်။ အပေါ်က အချက်တွေကို အသုံးပြုရင် အဆင့်ကောင်းမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လှေကားထစ်လေးတွေ ဖြစ်နိုင်ပါတယ်။ စာဆိုတာ လုပ်ရုံနဲ့လဲ မရပါဘူး။ ဆရာတွေနဲ့ ကျောင်းရဲ့ အနေအထားကိုလဲ မှန်မှန်ကန်ကန် မြင်နိုင်မယ်ဆိုရင် စာလုပ်ရတာ ပိုပြီး သက်တောင့် သက်သာ ရှိနိုင်ပါတယ်။

Monday, March 9, 2009

NTU undergrad EEE - 1

NTU မှာ ကိုယ်တတ်တဲ့နှစ်က စနစ်သစ်ကို ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ နှစ်ဖြစ်တဲ့အတွက် common engineering ကို နှစ်နှစ်တိတိ တက်ခဲ့ရပါတယ်..အကျိုးဆက်ကတော့ Third year/ Fourth year မှာ စာပိတဲ့ ဒဏ်ကို အလူးအလှိမ့်ခံခဲ့ရပါတယ်။အခု နောက်ပိုင်းတော့ common engineering ကို တစ်နှစ်ပဲထားတဲ့စနစ်ကို ပြန်ပြောင်းလိုက်ပါတယ်. .
နောက် အမှတ်ပေးစနစ်နဲ့ ပတ်သတ်လို့ နိုင်ငံတကာမှာ သုံးတဲ့ GPA (Grade Point Average) စနစ်ကိုတော့ ၂၀၀၅ ခုနှစ်က စတင်အသုံးပြုပါတယ်.. ဒီစနစ်ကို ယေဘူယျ ပြောရမယ်ဆိုရင် ဘာသာတစ်ခုမှာ ကျောင်းသား တစ်ယောက်အနေနဲ့ A+, A, A-, B+, B, B-, C+, C, D+,D နဲ့ F တို့ကို ရနိုင်ပါတယ်.. A+ နဲ့ A အတွက် GPA အမှတ်က (၅) ဖြစ်ပြီး A- အတွက် ကတော့ ၄.၅ မှတ်၊ နောက် B+ ကနေ D ကတော့ အမှတ်ဝက်ဆီ နှုတ်သွားရမယ်..ဆိုလိုတာက B+ သည် ၄ ဖြစ်ပြီး D ကတော့ ၁ မှတ်ဖြစ်ပါတယ်.F ကတော့ ကျတဲ့ သဘောပါ။ GPA သုညပဲ ရပါတယ်..
CGPA (Cumulative GPA) ဆိုတာကတော့ ကျောင်းသားရဲ့ GPA အမှတ်အားလုံးနဲ့ AU(Academic Unit) ကို မြှောက်ပြီး Academic Unit နဲ့ ပြန်စားတာပါ.. ပြောရရင်တော့ ပျမ်းမျှ တွက်လိုက်တဲ့ သဘောပါပဲ။ အဲ AU ဆိုတာက ဘာသာရပ် အပေါ်မှာ မူတည်ပြီး ၂ (သို့) ၃ (သို့) ၄ ဖြစ်နိုင်ပါတယ်.. အကြမ်းပြောရရင်တော့ AU များတဲ့ဘာသာက အရေးကြီးတဲ့ ဘာသာလို့ ပြောလို့ရပါတယ်.. ဥပမာ ပေးရရင်.. မောင်ကကြီး က ပထမနှစ်မှာ ၅ ဘာသာ သင်ရတယ်ဆိုပါတော့။ ၂ ဘာသာအတွက် AU က ၃ မှတ်ဖြစ်ပြီး ကျန်တဲ့ဘာသာက ၂ မှတ်ဆိုပါတော့။ သူစာမေးပွဲ ရမှတ်က A,A,B+,B,C ဆိုကြပါစို့။ AU ၃ မှတ်ဖြစ်တဲ့ ဘာသာတွေမှာ သူက A ရတယ် ထားပါတော့။ ဒါဆိုရင် ဒီနှစ်အတွက် သူ့ရဲ့ Year GPA ကို ဒီလို တွက်ရပါမယ်..
Year GPA = (3*(A= 5) + 3* (A = 5) + 2*(B+ = 4) + 2*(B = 3.5) + 2* (C = 2) )/(2*3 + 3*2)
ဆိုတော့ သူ့ရဲ့ ဒီနှစ်အတွက် Year GPA = 49/12 = 4.08 ရပါတယ်.. သူက ပထမနှစ် ကျောင်းသားဆိုရင် ဒီအမှတ်ဟာ သူ့ရဲ့ CGPA လဲဖြစ်ပါတယ်.. တကယ်လို့ အတန်းကြီး သွားပြီဆိုရင်တော့ ဖြေပြီးခဲ့သမျှ ယူခဲ့ပြီး သမျှ ဘာသာအားလုံးကို ထည့်တွက်ရမှာ ဖြစ်ပါတယ်..
ဒီစနစ်က ကိုယ့်ရဲ့ လက်ရှိ ရောက်နေတဲ့ အခြေအနေကို အမှန်အတိုင်း သိသာစေတဲ့ စနစ်ဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်အရ ဒီစနစ်ကို ပိုသဘောကျပါတယ်.. ဒါပေမဲ့ အားနည်းချက်တစ်ခုက ပထမနှစ်.. ဒုတိယနှစ်မှာ စာမေးပွဲ တစ်ဘာသာလောက် ကျသွားခဲ့ရင် CGPA (Cumulative GPA) ကို ပြန်ဆွဲတင်ရတာ တော်တော် လေး ခက်ပါတယ်. အဲတော့ ပုံမှန် ကြိုးစားနေဖို့ လိုအပ်ပါတယ်..

Sunday, March 8, 2009

စင်္ကာပူက တက္ကသိုလ် ကျောင်းသားဘဝ

ဒီနေ့ ကိုယ်သာ တာဝန်ရှိသူ တစ်ယောက်ဆိုရင် ဘာဆက်လုပ်မလဲလို့ တွေးနေမိတယ်..ပထမ တစ်ခုက ဖြေရှင်းလို့ မပြီးသေးခင် နောက်တစ်ခု...ကျောင်းအနေနဲ့ ဒီကိစ္စကို တိတ်တိတ်လေး ပြီးဆုံးစေဖို့ ကြိုးစားနေ တယ်ဆိုတဲ့ စွပ်စွဲချက်တွေ...ကိုယ်ကတော့ အဲလို မထင်ပါဘူး..ကျောင်းအနေနဲ့ အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားနေဆဲလို့ ယုံကြည်(ချင်)ပါတယ်..တကယ်လို့ တိတ်တိတ်လေး ပြီးဆုံးလိုက်မယ်ဆိုရင် ကျောင်းမှာ ရှိနေတဲ့ အင်ဒိုကျောင်းသားတွေရဲ့ စည်းလုံးမှုကို ဥပက္ခာ ပြုထားလို့ မရဘူးဆိုတာ ကျောင်းက တာဝန်ရှိသူတွေ အနေနဲ့ မသိ မဟုတ် ..သိနေကြမှာပဲ။ ဖြစ်လာမဲ့ အခြေ အနေတွေအတွက် အကောင်းဆုံး အဖြေတစ်ခုကို ထုတ်နေတာလို့ပဲ ထင်တယ်..
ဒီကိစ္စတွေဟာ ကျောင်းသားတွေ အတွက် ထွက်ပြေးဖို့ တိုက်တွန်းစေတဲ့ လှုံ့ဆော်မှုမဖြစ်ပါစေနဲ့လို့ ကိုယ်ဆု တောင်းပါတယ်..ကိုယ့်ရဲ့ အမြင်အရ စင်္ကာပူမှာ တက္ကသိုလ်တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ဘ၀ ဟာ သိပ်တော့ မချောမွေ့တာ အမှန်ပဲ။ တခြားနိုင်ငံတွေမှာ ဘယ်လို ရှိလဲ ဆိုတာ တိတိကျကျ မပြောတတ် ပေမဲ့ ဒီနိုင်ငံမှာတော့ စလုံး ကျောင်းသားတွေဟာ ဖော်ရွေမှုနည်းတာ အမှန်ပဲ။ (ဆောရီးပါ စလုံးသူငယ်ချင်းတို့ ရယ်..ဒီစကားပြောရတာ မင်းတို့ကို အားနာပါတယ်) သူတို့ ကိုယ်တိုင်လဲ JC ကလာတဲ့ ကျောင်းသားနဲ့ Poly ကျောင်းသား ကွဲနေတာမျိုး..JC အချင်းချင်းကွဲနေတာမျိုး တွေ့ဖူးတယ်.
ကိုယ့်ရဲ့ ပထမနှစ်တုန်းက စလုံးအခန်းဖော် ဆိုရင် သူ့သူငယ်ချင်းတွေနဲ့ ကွဲလာပြီး စိတ်တွေလေ သင်းကွဲ ငှက် ဖြစ်..ပထမနှစ်ကို ၅ ဘာသာကျပြီး ကျောင်းပြောင်းသွားခဲ့တာကို ကြုံခဲ့ဖူးတယ်..တကယ်တော့ စလုံးတွေ ကိုယ်တိုင်လဲ တက္ကသိုလ်မှာ အဖော်မဲ့တဲ့ ခံစားချက်တွေ ရှိတယ်ဆိုတာကို ပြောပြချင်ပါတယ်.. အထူးသဖြင့် တရုတ်စကားကို မပြောနိုင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ပိုဆိုးပါတယ်.. တက္ကသိုလ်ဆိုတာ ပညာသာ မဟုတ် အပေါင်းအသင်းကိုပါ ရှာတဲ့ နေရာဆိုပေမဲ့ ဒီမှာ အဲဒီ အခွင့်အရေး ရဖို့ ခက်ပါတယ်..နောက်တစ်ခုက စာတွေ အနေနဲ့ကလဲ လိုက်နိုင်ဖို့ ကြိုးစားရပါတယ်.. အထူးသဖြင့် မြန်မာနိုင်ငံက ထိပ်တန်း ကျောင်းသားတွေအနေနဲ့ ဒီနိုင်ငံမှာ သတိထားဖို့လိုပါတယ်..ဟိုမှာ သိပ်တော်ခဲ့တဲ့ ကျောင်းသားတွေဟာ ဆရာ၊ ဆရာမတွေရဲ့ ဦးစားပေး မှုကို အမြဲရခဲ့ကြတာပါ။ ဒီရောက်တဲ့အခါကျတော့ ကိုယ်က သမုဒ္ဒရာထဲက ငါးတစ်ကောင် ဖြစ်သွားပါတယ်..နောက် ဦးစားပေးခံရတယ်ဆိုတာကလဲ စာတော်ရုံမက ၀င်ဆန့်နိုင်မှသာ ဖြစ်နိုင်တာဆိုတော့ ရောက်ခါစ တစ်နှစ် နှစ်နှစ်မှာ စိတ်ဓါတ်ကျမသွားဖို့ ကြိုးစားနိုင်မှသာ ဆက်လက်ရပ်တည်နိုင်ပါတယ်..နောက်တစ်ခု က စာလုပ်တဲ့ပုံစံပါ.. များသောအားဖြင့် ကိုယ်တို့ မြန်မာတွေဟာ စာကို ကပ်လုပ်တာကို အားသန်ပါတယ်. ကျောင်းဖွင့်စ ပထမ တစ်လလောက်ကတော့ လေနေချင်ပါတယ်.. ကိုယ့်ရဲ့ အမြင်အရ ဒီအချက်က ရေရှည် အတွက် မကောင်းနိုင် ပါဘူး။ တစ်ချို့ကျတော့ မြန်မာနိုင်ငံမှာ သင်ထားခဲ့ဖူးတဲ့ အခြေခံတွေအရ ပထမ၊ ဒုတိယနှစ်မှာ ကပ်လုပ်ပေမဲ့ အခြေအနေကောင်းပါသေးတယ်.တစ်ချို့ဘာသာတွေမှာ အမှတ်နဲပေမဲ့ တစ်ချို့ ဘာသာတွေက အမှတ်ကောင်းနေတော့ ကိုယ့်ကိုယ်ကို အထင်ကြီးသွားတတ်ပါတယ်.. ဒါပေမဲ့ အဲလို အခြေ မခိုင်ခဲ့တာအတွက် ခံရတာက တတိယနှစ်လောက်မှပါ။ အဲ့အချိန် မှာ စာမေးပွဲတွေ ကျ..စိတ်လေပြီး ၄ နှစ်နဲ့ ပြီးရမဲ့ ကျောင်းကို ၅ နှစ် ၆ နှစ် တက်ရတဲ့ ကျောင်းသားတွေလဲ ရှိပါတယ်.
မြန်မာနိုင်ငံက ၁၀ တန်းအောင်ပြီး တက္ကသိုလ်ကို တိုက်ရိုက် ၀င်လာကြတဲ့ မြန်မာကလေးတွေအနေနဲ့ အခု အဖြစ်အပျက်တွေကြောင့် အထိအခိုက်မခံကြဖို့ တိုက်တွန်းချင်ပါတယ်.. မြန်မာတွေ အချင်းချင်း စည်းစည်း လုံးလုံးလဲ ရှိစေချင်တယ်.. ကိုယ်က ဘာမှတော့ မဟုတ်ပါဘူး..ဒါပေမဲ့ senior တစ်ယောက်အနေနဲ့ အခုလို ဖြစ်ပျက်နေမှုအပေါ် အငယ်တွေ အတွက် စိတ်ပူမိတာအမှန်ပဲ။ ပြောရရင် ကိုယ့်ကို ကိုယ်လဲ စိတ်ပူပါတယ်.. ဒီ အဖြစ်အပျက်က ကိုယ့်အပေါ်မှာ တော်တော်လေးတော့ ရိုက်ခတ်မှု ဖြစ်တာ အမှန်ပဲ..

Saturday, March 7, 2009

နားထောင်ဖြစ်နေတဲ့ သီချင်းလေး နှစ်ပုဒ်

http://www.youtube.com/watch?v=CqbhsgeTpZM&feature=related
Verse 1:
Back when I was a child
Before life removed all the innocence
My father would lift me high
And dance with my mother and me and then
Spend me around till I fell asleep
Then up the stairs he would carry me
And I knew for sure I was loved

Chorus:
If I could get another chance
Another walk, another dance with him
I'd play a song that would never ever end
How I'd love love love to dance with my father again

Verse 2:
When I and my mother would disagree
To get my way I would run from her to him
He'd make me laugh just to comfort me(yeah, yeah)
Then finally make me do just what my momma said
Later that night, when I was asleep
He left a dollar under my sheet
Never dreamed that he would be gone from me

Chorus:
If I could steal
One final glance
One final step
One final dance with him
I'd play a song that would never ever end
Cause I'd love love love to dance with my father again

Verse 3:
Sometimes I'd listen outside her door
I'd hear how my mother cried for him
(2x) I'd pray for her even more than me

I know I'm praying for much too much
But could you send back the only man she loved
I know you don't do it usually
But dear Lord she' s dying to dance with my father again

Every night I fall asleep
And this is all I ever dream

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လောကရဲ့ ပင်လယ် ဒုက္ခလှိုင်းတွေထဲ ကလေးလေးတစ်ယောက် ငိုနေ...
ကြောက်ရွံ့စိတ်တွေဝေ နောက်လှည့်ပြေးမှာလား
ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ.....
စွန့်ပစ်ရက်သူတွေ အမုန်းရဲ့ မြှားချက်များ
ကလေးလေး တစ်ယောက် နာကျင်နေ
လမ်းမကြီးတွေပေါ် လမ်းပျောက်ခဲ့ပြီလား
ထွက်မပြေးနဲ့ ကလေးလေးရေ.....
လောကရဲ့ ရင်ခွင် ရှားပါး မေတ္တာတရား
ကလေးလေးတစ်ယောက် ရှာဖွေနေ
ခုထိ မတွေ့နိုင်ပါ..စိတ်ပျက်သွားပြီလား
ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ....

မှားယွင်းမှုတွေအပေါ် အမှားနဲ့ တုံ့ပြန်မလား
ကလေးလေးတစ်ယောက် တွေဝေနေ
အဆိပ်သင့်လက်တွေကို အဆိပ်နဲ့ တုံ့ပြန်မလား
ထွက်မပြေးနဲ့ ကလေးလေးရေ....

နွံ့အိုင်အလယ်မှာ မနစ်မြုပ်နဲ့ ကလေးလေး..
နွံ့အိုင်တွေကို ဖောက်ထွက်ခဲ့ ကလေးလေး..
ကြာဖြူတွေလို ဖူးပွင့်လိုက်
ထွက်မပြေးနဲ့ ကလေးလေး
ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ...

လောကရဲ့ ပင်လယ် ဒုက္ခလှိုင်းတွေထဲ ကလေးလေးတစ်ယောက် ငိုနေ...
ကြောက်ရွံ့စိတ်တွေဝေ နောက်လှည့်ပြေးမှာလား

ထွက်မပြေးနဲ့ ကလေးလေးရေ
တစ်နေ့တော့ တွေ့မှာပါ ကောင်းမြတ်တဲ့ အရာများ
ကလေးလေးတစ်ယောက် ပျော်ရွှင်စေ..
လောကရဲ့ တစ်နေရာ
အဆုံးထိ မင်းရှာလိုက်...
ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ.....

ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ.....
ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ.....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပထမ တစ်ပုဒ်က မရှိတော့တဲ့ အဖေကို တမ်းတနေတဲ့ သားရဲ့ သီချင်းသံ..အဖေနဲ့ အမေရဲ့ အချစ်ကို ပြည့်ပြည့်၀၀ ရခဲ့တဲ့ သားတစ်ယောက်ရဲ့ တမ်းတသံ...သူ အချစ်ခံခဲ့ဖူးတယ်..သူ ချစ်တတ်တယ်...သူ့ရဲ့ တမ်းတသံဟာ ကိုယ့်ရဲ့ ငယ်ဘ၀ကို လွမ်းဆွတ်စေတယ်...အဖေ စာသားလေးမှာ အမေလို့ ပြောင်းထည့်လိုက် မယ်ဆိုရင် ဒီသီချင်းက ကိုယ့်ဘ၀ကို ဖော်ကျူးဖို့ ပြီးပြည့်စုံတဲ့ သီချင်း တစ်ပုဒ် ဖြစ်သွားလိမ့်မယ်..အဖေနဲ့ ကိုယ်နဲ့ သဘောထား မကိုက်ညီတဲ့ အခါ အမေ့ရင်ခွင်မှာ ငိုကြွေးတိုင်း အမေ့ရဲ့ ဖြောင်းဖြမှုတစ်ခုနဲ့ အဖေ ဖြစ်စေချင်တဲ့ လမ်းကို ကိုယ်ပျော်ပျော်ရွှင်ရွှင် လျှောက်တတ်ခဲ့တယ်..တကယ်လို့ သာ အခွင့်အရေး တစ်ခုလောက် ရခဲ့မယ်ဆိုရင် ကိုယ်က ရှိသမျှ ဒီဂရီဆိုတာတွေကို ပစ်ချပြီး အိမ်ကို တမ်းတမ်းမက်မက် ပြန်ပြီး အမေနဲ့ အတူ နေလိုက်ချင်တယ်..တကယ်လို့သာ ..တကယ်လို့သာ ပေါ့..

ဒုတိယ တစ်ပုဒ်က လမ်းပျောက်နေတဲ့ ကလေးတစ်ယောက်ကို အားပေးတဲ့ သီချင်းသံ..အငဲရဲ့ အသံလေးနဲ့ ဒီသီချင်းလေးက ရင်ထဲကို စိမ့်ဝင်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကလဲ သေသွားတဲ့ NTU ကျောင်းသား ရဲ့ နာရေးကို ဖတ်နေချိန်... လောကကြီးထဲကနေ အရှုံးတစ်ခုနဲ့ ထွက်ပြေးသွားခဲ့တဲ့ အသက် ၂၁ အရွယ် ကလေးလေး တစ်ယောက်ရဲ့ သတင်းကို ဖတ်နေမိချိန်..နွံအိုင်တွေ အလယ်မှာ နစ်မြုပ်သွားခဲ့တဲ့ ကလေးလေး..
သူ ဘယ်လို ခါးသီးမှုတွေနဲ့ ကြုံခဲ့ရတာလဲ..တကယ်လို့ သူသာ သူ့ရဲ့ ခံစားချက်တွေကို တစ်ဦးဦးကို ရင်ဖွင့် ခဲ့မယ်ဆိုရင်.. သူသာ ဆရာ့လက်အောက်က အကြီးတန်းတစ်ယောက်ယောက်နဲ့ ရင်းနှီးခဲ့မယ်ဆိုရင်.. သူသာ မှားယွင်းမှုတွေကို အမှားနဲ့ မတုံ့ပြန်ခဲ့ဖူးဆိုရင်.. သူသာ အဆိပ်သင့်လက်တွေကို အဆိပ်နဲ့ မတုန့်ပြန်ခဲ့ဖူး ဆိုရင်.. သူရဲ့ ထွက်ပြေးရာလမ်းဟာ အခုလမ်းရဲ့ ဆန့်ကျင်ရာ အရပ်သာ ဆိုရင်..တကယ်လို့သာ..တကယ်လို့သာ..ပေါ့.. ဘ၀မှာ “တကယ်လို့သာ” ဆိုတဲ့ အတွေးကို တွေးတဲ့သူဟာ အရှုံးကို ရင်ဆိုင်ရမဲ့ သူတွေတဲ့..ဒါပေမဲ့ ဒီနေ့ ကိုယ် တကယ်လို့သာ လို့ ကြိမ်ဖန်များစွာ တွေးမိတယ်..တကယ်လို့ အခွင့်ရမယ် ဆိုရင်..မင်းကို ဒီသီချင်းလေး ဆိုပြချင်ပါတယ်...

Friday, March 6, 2009

we need to move on.....

ငါးသေးကို ငါးကြီးစား
မီးများ မီးနိုင် ရေများ ရေနိုင်
သမိုင်းကို နိုင်သူက ရေးတဲ့
လောကကြီးထဲမှာ
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ
လုပ်သင့်တာနဲ့ လုပ်ချင်တာ
မျှမျှတတ ချိန်ဆရင်း
ဘ၀ကို ရှေ့ဆက်လျှောက်တတ်ဖို့တော့ လိုလိမ့်မယ်...

မတရားတဲ့
လောကကြီးကို
ဟစ်ကြွေး ပြစ်တင်နေရုံနဲ့
မည်းနေတဲ့ တိမ်မှောင်တွေ လင်းမသွားဘူး...
ငိုနေတဲ့ ကလေးတွေ တိတ်မသွားဘူး...

အမှန်တရားအတွက်လို့
ဟစ်အော်ရင်း
နံရံကို ခေါင်းနဲ့ ဆောင့်ရုံနဲ့
အမှားတရားတွေ ဖယ်ရှားမသွားဘူး...
အမှန်တရားတွေ ရောက်မလာဘူး....

အမှန်နဲ့ အမှားဆိုတာ
တရားမှုနဲ့ မတရားမှုဆိုတာ
ကြည့်သူနဲ့ ခံရသူ
ဒီလူတွေ အပေါ်မှာလည်း
မူတည်သေးတယ်...

ဘာပဲဖြစ်ဖြစ်...
ရှင်သူတွေက
ရှေ့ဆက်လျှောက်ဖို့ လိုလိမ့်မယ်....

ဒီအချိန်မှာ
အမှားတရားလို့ ကိုယ့်ခံယူမှုကို
နောင်တစ်ချိန်မှာ အမှန်တရားအဖြစ်
ကိုယ့်ကိုယ်ကို မလိမ်ညာဖို့
သတ္တိမွေးရင်း
ရှေ့ဆက်လျှောက်ဖို့တော့ လိုလိမ့်မယ်....

Thursday, March 5, 2009

ရပ်နေတဲ့ လှေ...

ငယ်ငယ်က အဖေက ပြောဖူးတယ်..လူ့ဘ၀ဆိုတာ ပင်လယ်ထဲမှာ ကူးနေတဲ့ ရေကူးသမားလိုပဲတဲ့.. မကူးပဲ နေရင် နစ်မြုပ်သွားမှာတဲ့..အမြဲ ကူးနေမှ ဘ၀ဆိုတာ တိုးတတ်တယ်တဲ့...

အခုမှ အဲဒီစကားရဲ့ လေးနက်မှုကို ပိုသတိထားမိတယ်..ဘ၀ခရီးလမ်းကို ပြန်ကြည့်လိုက်တော့ ကိုယ် အားကြိုး မာန်တတ် မကူးဘဲ နေခဲ့မိတာ...၄ - ၅ နှစ် မကတော့ဘူး ထင်တယ်..သာမာန်လောက် ရေမနစ်ရုံ ကူးရင်း ဘ၀ကို သတ်တောင့်သတ်သာ ဖြတ်သန်းလာခဲ့တာ.အခု ပြန်လည် သုံးသပ်မိတဲ့ အချိန်ကျတော့ ကိုယ့်ရဲ့ တိုးတက်မှု ဟာ natural log function တစ်ခု လိုဖြစ်နေခဲ့ပြီပဲ...အပြင်ပန်း လူမြင်ကောင်းရုံ အရည်အချင်းတွေ ဘွဲ့တံဆိပ် တော့ ရခဲ့ပါရဲ့..ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်မှု မရှိရုံမက ဆုတ်ယုတ်နေတယ်. ငွေကြေးဆိုတာကို သိပ်ထည့်တွက်ခဲ့ရလို့ပါလို့ တွေးပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နေပေမဲ့ အမှန်တော့ ဒါဟာ ကိုယ့်ဟာကိုယ် ညာနေတာပါပဲ။

ဘာပဲဖြစ်ဖြစ်လေ..“နောင်တဆိုတာ ဘာကြောင့်ရနေရမှာလဲ ..မှားရမှာမို့ မှားခဲ့ပြီပဲ.. အခု အချိန်မှာ ပြင်သင့် သလောက် ပြင်..လုပ်နိုင်သလောက် လုပ်ရင်း နောင် ၅ နှစ် ကြာတဲ့ အချိန် ဒီစာသားတွေကို မရေရွတ်ရဖို့ ကြိုးစားရအုန်းမယ်...”
ဟိုးအဝေးမှာ နေရောင်ခြည်တွေ လင်းနေပြီ..အမြင့်ဆုံးကို ပျံထားတော့ ငှက်ကလေးရေ...

Wednesday, March 4, 2009

Royal Botanic Gardens: Palm House





ဒါကတော့ Palm house နဲ့ သူ့နားက ရေကန်..ကိုယ် အဲ့နေရာလေးကို အတော် သဘောကျမိတယ်..Palm house ကိုလဲ ချစ်တယ်..အပြင်ပန်းက ကြည့်လိုက်ရင် နန်းတော်ကြီးတစ်ခုလိုပဲ..တကယ်တော့ အထဲမှာက နံမည်ပေးထားတဲ့ အတိုင်း အပင်တွေပါပဲ.. အဲထဲမှာ ငှက်ပျောပင်တွေ ထန်းပင်တွေကိုလဲ တွေ့ရတယ်..နောက် အောက်ထပ်မှာက ရေသတ္တ၀ါတွေကို ပြထားတဲ့ အခန်းရှိတယ်.ငါးလေးတွေ အကောင်လေးတွေကို မှန်လုံခန်းနဲ့ ပြထားတယ်..ဒါကတော့ သိပ်မဆန်းပါဘူး။ ဒီနေရာမှာတော့ အချိန်သိပ်ကြာကြာ မဖြုန်းဖြစ်ဘူး.. အပြင်က ကြည့်ရတာကို ပိုလှနေလို့ ..

ဒါကတော့ Rock garden နဲ့ Davies Alpine House.. wiki မှာ ရှာကြည့်လိုက်မှ ကိုယ် မရောက်ခဲ့သေးတဲ့ နေရာတွေလဲ တော်တော်များသေးတာကို တွေ့ရတယ်..အင်းပေါ့လေ ဧက ၃၀၀ ကျော် ဘယ်လို လျှောက်နိုင်မလဲ .. ဒါတောင် ကိုယ် ၂ နာရီ နီးပါးလောက် အချိန်ဖြုန်းလိုက်တာနော်..ခြေထောက်တွေလဲ ညောင်းပဲ။ ရာသီဥတုကလဲ မိုးဖွဲဖွဲ ရွာနေတော့ အတော်အေးတာ..




Royal Botanic Gardens: Kew

Royal Botanic Garden main gate ၀င်ပေါက်

Royal Botanic Garden တဲ့...အမှန်ဆိုရင် ရောက်ဖြစ်ဖို့ မလွယ်ဘူး။ ဆရာရဲ့ အလုပ်ကိစ္စရှိလို့ ပါသွားတာ..ဧက ၃၀၀ ကျော်ရှိတဲ့ ဒီဥယျာဉ်ခြံကြီးထဲမှာ လမ်းလျှောက်သွားရင်း အဖေ့ကို အရမ်း သတိရမိတယ်။ အဖေသာ ဒီလို နေရာမှာ နေရရင် အသက်ရှည်မှာလို့ တွေးမိရင်းပေါ့။ အချိန်က ၂ နာရီပဲ ရတော့ နေရာ အနှံ့တော့ မရောက်နိုင်တော့ဘူး။ ဒီ ဥယျာဉ်ကို ၁ရ ရာစုလောက်မှ စတင်ပျိုးထောင်ခဲ့ပြီး ဘုရင် မင်းအဆက်ဆက် ပြုပြင်ခဲ့ ကြတယ်လို့ ဆိုတယ်. ဝေလ မင်းသမီး လက်ထပ်က အိမ်ဖြူတော်ကိုတော့ ၁၈၀၂ ခုနှစ်မှာ ဖျက်သိမ်းခဲ့တယ် လို့ ဆိုတယ်။ မြက်ခင်းစိမ်းပေါ်မှာ အမှတ်တရာ ကျောက်တိုင်တစ်ခုကလွဲလို့ ဘာမှ မရှိတော့ဘူး။ဂျော့ရှ်(၃) ရဲ့ နန်းတွင်းကလေးတွေ အတွက်အသုံးပြုခဲ့တဲ့ Kew palace ကတော့ အခုအချိန်ထိ ထိန်းသိမ်းထားဆဲပေမဲ့ ဆောင်းတွင်းဖြစ်နေလို့ ပိတ်ထားတယ်ဆိုတော့ အထဲထိတော့ ကိုယ်ဝင်မကြည့်ခဲ့ရဘူး။ ဒါက အပြင်က ရိုက်လာတဲ့ kew palace ..အပြင်က ကြည့်ရတာတော့ သာမာန်လိုပါပဲ။

kew palace

အောက်ကပုံကတော့ တိုက်ရိုက် ဘာသာပြန်ရင် ဝေလမင်းသမီးလေးရဲ့ အနုပညာ သင်ကြားရာနေရာ အခန်းလို့ ပြောရမယ် ထင်တယ်.. နံမည်ပေးထားပုံက Princess of Wales Conservatory တဲ့...အပြင်က မြင်ရတာနဲ့တင် အရမ်းလှနေတယ်။ အထဲမှာတော့ သစ်ခွအမျိုးမျိုး ပန်းပင် အမျိုးမျိုးကို အပူချိန်အလိုက် ပြသထားတယ်.. အားလုံးပေါင်း အခန်း ၁၀ ခု ကျော်မယ်ထင်တယ်.. အဖေတို့အရွယ် လူကြီးတွေ အများစု တွေ့ရတယ်.အေးအေးလူလူ ကြည့်ကြ ဓါတ်ပုံ ရိုက်နေကြတာ ကိုယ်က သူတို့ကို ကြည့်ပြီး အဖေနဲ့ အမေ့ကိုပဲ လွမ်းနေမိတယ်...

Princess of Wales Conservatory

ကိုယ်က အနုပညာ မျက်စိပဲ နဲတာလား...ဓါတ်ပုံ ပညာပဲ မကျွမ်းကျင်တာလား မသိဘူး။ ပန်းပင်လေးတွေက အပြင်မှာလောက် မလှသလိုပဲ။



Monday, March 2, 2009

စိတ်မကောင်းဖြစ်ရသော နေ့

ဒီနေ့ စိတ်မကောင်း တော်တော်လေး ဖြစ်မိတယ်...မနက် မိုးလင်းလို့ မျက်လုံး နှစ်လုံး ဖွင့်လိုက်တော့ ကိုယ့် ကွန်ပျူတာမှာ MSN လေး၊ ငါး ခုကို တွေ့လိုက်ရတယ်ဆိုရင်ပဲ တစ်ခုခုတော့ မှားနေပြီလို့ သိလိုက်တယ်.. ပို့ထားတဲ့ မတ်စေ့ဂ်ျတွေကလဲ တစ်ခုထဲလေ..သတင်း တစ်ပုဒ်ဆီကို သွားမဲ့ Link ကို ပို့ပေးထားကြတယ်..ဒါနဲ့ ဖွင့်ဖတ်လိုက်တော့ NTU က ဆရာတစ်ယောက် ဒါးထိုးခံရလို့တဲ့..ကျောင်းသားက ဆရာ့ကို ဒါးနဲ့ ထိုးပြီး သူ ကိုယ့်သူ သတ်သေသွားတယ် ဆိုတော့ တုန်တော့ တုန်လှုပ်မိတယ်.. နောက် သေချာဖတ်လိုက်တော့မှ ဆရာ့ နံမည်က ကိုယ်နဲ့ အရမ်း ရင်းနှီးနေတယ်... ရင်ထဲမှာ နင့်နင့်သီးသီး ခံစားလိုက်ရတယ်.. ဖြစ်လာမဲ့ အကျိုးဆက် တွေ အတွက်လဲ ရင်ပူသွားတာ အမှန်ပဲ။
ဆရာ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း စင်္ကာပူမှာ ရှိနေတဲ့ ဆရာ့ တခြား တပည့်တွေကို လှမ်းမေးမိ တယ်.. တစ်ယောက်မှ စကားမပြန်တော့ ပိုစိတ်ပူမိတယ်.. ဆရာသာ တစ်ခုခု ဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ဆရာ့ ကလေး ၂ ယောက်နဲ့ သူ့မိန်းမ မျက်နှာကို ပြေးမြင်ပြီး စိတ်မကောင်း ဖြစ်သွားတယ်.. ကိုယ်တိုင်လဲ သွားကြည့်လို့ မရတဲ့ အနေအထားမှာလေ..
နေ့လည် ၂ နာရီလောက်မှ ကိုယ့် senior က ဖုန်းခေါ်လာတယ်.. ဆရာ ဘာမှ မဖြစ်ဘူးတဲ့.. မနက်ဖြန် ဆေးရုံက ဆင်းရင် ဆင်းမယ် ဆိုမှ သက်ပြင်း ရဲရဲ ချမိတယ်... ရင်ထဲမှာတော့ စိတ်မကောင်းတာရော.. တုန်လှုပ်မိတာရော..ဘာတွေ ဖြစ်သွားမှန်းတောင် မသိတော့ဘူး။ သေသွားတဲ့ ကျောင်းသားအတွက်လဲ စိတ် မချမ်းသာသလို ဆရာ့အတွက်လဲ ရင်ထဲမှာ မကောင်းဖြစ်နေမိတယ်. သတင်းတွေအဆိုအရ ကျောင်းသားက စာအသင့်အတင့် တော်တဲ့ ကျောင်းသားဖြစ်နေတာရယ်.. Final year project အတွက် ဆရာနဲ့ ဆွေးနွေးနေရင်းက ဖြစ်တာရယ် ဆိုတော့ ဆရာလဲ တော်တော်လေး စိတ်မကောင်း ဖြစ်နေမှာပဲ။ နောက်တော့ ရုံးခန်းထဲမှာ ဘယ်ကျောင်းသားနဲ့မှ ဆရာတွေ ဆွေးနွေးရဲမှာ မဟုတ်ဘူး။
internet မှာတော့ ဒီသတင်းတွေ ပလူပျံနေတာပဲ။ တစ်ချို့ကလဲ ဆရာ့ကို အပြစ်တင်ကြတယ်။ ကိုယ့် junior ကတော့ ကျောင်းသားက စာလုံးဝ မလုပ်တာလို့ ပြောတယ်.. FYP အတွက် လုံးဝကို lab ကို မလာခဲ့ဘူးတဲ့.. ဘာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ပြီ ဆိုမှတော့ ၂ ဘက်လုံးအတွက် ကြေကွဲစရာပဲပေါ့။ သေသွားတဲ့ ကျောင်းသားရဲ့ မိဘတွေ ညီအကို မောင်နှမတွေ အတွက်လဲ စိတ်မကောင်းစရာပဲ။ ဘာပဲဖြစ်ဖြစ်လေ ဆရာ့အတွက်ရော ကျောင်းသားအတွက်ရော..ပြီးတော့ ကျောင်းအတွက်ရော ဒါဟာ ရလဒ်ကောင်းတစ်ပုဒ်တော့ မဟုတ်နိုင်ဘူး။
၎-၀၃.. ဒီနေ့ ဆရာ့ကို အွန်လိုင်းတွေ့တယ်..ဆေးရုံက ဆင်းပြီတဲ့..လှမ်းနှုတ်ဆက်လိုက်ပေမဲ့ စကားတော့ အရှည်ကြီး မပြောဖြစ်ဘူး။ ဆရာ စိတ်မကောင်းဖြစ်နေတယ် ထင်တယ်..ဘာတစ်ခုမှ ဆိုးဆိုးဝါးဝါး ထပ်မဖြစ်လာပါစေနဲ့..

Sunday, March 1, 2009

ဝိုင် သောက်ဖြစ်တဲ့ နေ့တစ်နေ့

ကိုယ် မနေ့က Campo Viejo ၀ိုင် နဲနဲ သောက်ဖြစ်သွားတယ်...ဆရာရဲ့ အတင်းအကြပ် တိုက်တွန်းမှုအရ မငြင်းချင်လို့ သောက်ဖြစ်သွားတယ်.
တကယ်တော့ ကိုယ်က alcohol ဆိုတာကို အစွန်းရောက် ဆန့်ကျင်သူတော့ မဟုတ်ပါဘူး။ အလွန်အကျွံ မသောက်ရင် ပီးတာပဲ သင့်သလောက် သောက်ဖို့ ဖေဖေ့ကိုတောင် တိုက်တွန်းခဲ့မိသေးတဲ့သမီးပဲလေ.. ကိုယ်တိုင်လဲ NTU undergrad အပြီး ညစာစားပွဲမှာ လက်တစ်လုံးလောက်သော ၀ိုင်လား ဘာလား မမှတ်မိတော့တဲ့ alcohol အနည်းငယ်ကို ကိုယ်သောက်ခဲ့ ဖူးတယ်။(စင်္ကာပူမှာ ပထမဆုံးနဲ့ နောက်ဆုံး သောက်ခဲ့တာပဲ)။ နောက် မမ မင်္ဂလာဆောင်တော့ အဖေ့ရဲ့ ခံစားချက်တွေ ထွက်ပေါက်ရဖို့ အဖေ သောက်မဲ့ ဝေစုထဲကနေ ကိုယ်ယူသောက်ခဲ့ဖူးတယ်။
ဒါပေမဲ့ ကိုယ်တို့ မြန်မာ မိန်းကလေးတွေ ၀ိုင်သောက်ရတာ..ဘီယာသောက်ရတာကို ဂုဏ်ယူစရာတစ်ခုလို လုပ်ပြီး သောက်နေရင်တော့ ကိုယ့်စိတ်မှာ ရှုံ့ချမိတာအမှန်ပဲ။ ကြိုက်လို့ သောက်တယ်ဆိုရင်တော့ ပြောစရာ မရှိပေမဲ့ ညစာစားပွဲတွေ တက်တဲ့အခါ သောက်နိုင်တာ သောက်တတ်တာကို ဂုဏ်ယူပြီး သောက်တာကိုတော့ စိတ်ပျက် မိတယ်။ ကျန်းမာရေးအရ၊ ယဉ်ကျေးမှုအရ အာစွတ်ရုံ သောက်ကြတာကိုတော့ အပြစ်ဆိုရလောက် အောင် ကိုယ်လဲ ခေတ်နောက်ပြန်မစွဲပါဘူး။ ဒါပေမဲ့ ကိုယ်တွေ့ဖူးသလောက် တစ်ချို့မြန်မာတွေက အဲလို သောက်တာကို ခေတ်မီတယ်..နိုင်ငံခြားသားတွေနဲ့ ရင်ဘောက်တန်းနိုင်တယ်ဆိုတဲ့ အစွဲမျိုး ခံယူချက်မျိုး ရှိနေသလိုပဲ။ alcohol ဆိုတာကို အအေးတစ်မျိုးလို သဘောထားလိုက်မယ်ဆိုရင် ဒီအရည်ကို သောက်ခြင်း မသောက်ခြင်းအပေါ်မှာ ဂုဏ်ယူ ၀ံ့ကြွားစရာ အချက်တစ်ခုမှ မရှိဘူး ထင်တယ်..
ဝင်ဆန့်မှုအတွက် သောက်တယ်ဆိုတာကို ကိုယ်တိုင်လဲ အသင့်အတင့်တော့ လက်ခံထားးပါတယ်.. အခုဆိုပဲ ကြည့်လေ..ဆရာက တိုက်တွန်းလာတဲ့အခါ ကိုယ်မငြင်းအပ်ဘူး ထင်တဲ့အတိုင်းအတာကို ကိုယ်လက်ခံ လိုက်တာပဲ။ ဆရာက ဘီယာလဲ စမ်းသောက်ကြည့်ဖို့ ကိုယ်သောက်သမျှ သူရှင်းမယ်ဆိုပြီး ဇွတ် ပြောပေမဲ့ ကိုယ်လက်မခံခဲ့ဘူး။ နောက် ၀ိုင်ကိုတော့ တစ်ပုလင်းလုံး မှာပြီး ၅ ခွက်ခွဲတဲ့ ပွဲမှာတော့ ကိုယ် မငြင်းအပ်ဘူးလို့ ယူဆလို့ သောက်ဖြစ်တယ်. ဒါပေမဲ့ အာရှနိုင်ငံ (အထူးသဖြင့် ရန်ကုန်)လို နေရာမျိုးမှာတော့ ၀င်ဆန့်မှု အတွက် သောက်ရတယ် ဆိုတာကို လက်သင့်ခံပေးလို့ မရနိုင်ဘူး။ စလုံး သူငယ်ချင်းတွေ ဆရာတွေ လူကြီး တွေနဲ့ ကိုယ် အကြိမ်ပေါင်း များစွာ ညစာစားပွဲတွေကို တက်ခဲ့ဖူးပါတယ်. alcohol (wine or beer) က အနောက်နိုင်ငံတွေမှာလို အဓိက အရေးပါတဲ့ အရာ မဟုတ်ဘူးလို့ ထင်တယ်.. ကိုယ်တို့တွေ ကြိုက်တဲ့ အရာကို ဘာလွှမ်းမိုးမှု ခြယ်သမှုမှ မပါဘဲ လုပ်နိုင်တဲ့သူတွေ ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။

Oxford သို့ အလည်တစ်ခေါက်....(၁)

မနေ့က Oxford ကို ဆရာရယ်..ဂျပန်က ဆရာရယ်..သူ့ကျောင်းသား နှစ်ယောက်ရယ် သွားဖြစ်တယ်..ဒီခရီးစဉ်ကို စစီစဉ်တာ လွန်ခဲ့တဲ့ တစ်ပတ်ကထဲက..အဲ့အချိန်ကထဲက ရင်ထဲမှာ ခုန်နေခဲ့တာ...အင်းလေ ပြောရမယ်ဆိုရင် ကလေးဘ၀ကထဲကပေါ့..Oxford ဆိုတာ ကိုယ်ငယ်ငယ်ကထဲက ရင်ခုန်ခဲ့ရတဲ့ နေရာလေး တစ်ခုပေါ့..
ကိုယ်တို့ စနေနေ့ မနက် (၁၀) နာရီမှာ ကျောင်းမှာ လူစုတယ်..ဆရာ့ကို စောင့်ရင်း ဂျပန်က ကျောင်းသား နှစ်ယောက်နဲ့ မိတ်ဆက်ကြ တာပေါ့. ကောင်မလေး နံမည်က Yuri တဲ့..ကောင်လေး နံမည်ကတော့ မမှတ်မိ တော့ဘူး။ ကိုယ့်ထက်တော့ ငယ်ကြမှာ အသေအချာပဲ. ဆရာက ၁၀ နာရီ ၅ မိနစ်မှာ ရောက်လာတယ်..ဆရာလာတာနဲ့ Kingston ကနေ စထွက်လာခဲ့ကြတယ်။ ဆရာက ကားမောင်းတော့ ရေလည်ကြမ်းပဲ။ ပထမ နဲနဲတောင် ခေါင်းမူးတယ်..ဒါနဲ့ပဲ Welcome break ဆိုတဲ့ နေရာ ရောက်တော့ ဆရာ ခနနားတဲ့ အချိန်မှာ ချိုချဉ် အပြေးအလွှား ၀ယ်လိုက်မိတယ်. ကျန်တဲ့လူတွေကို ဝေပေးလိုက်တော့မှ သိတယ်..အားလုံးလဲ မူးနေတာပဲ..အဲမှာ ကိုယ်တို့ နဲနဲ ရင်းနှီး သွားသလိုပဲ။ (တစ်ခုက ဆရာ့ကားကိုလိုက်စီးရင်း ထိုင်းကို သွားတုန်းက အခြေအနေတွေကို သတိရမိတာတော့အမှန်ပဲ။ အဲတုန်းက ကိုယ်တို့ သူငယ်ချင်း သုံးယောက် ကားကွေ့တိုင်း ကွေ့တိုင်း လူတွေယိမ်းပြီး ပျော်ခဲ့ကြတာလေ။) အချိန်ကလဲ ၁၂ နာရီ ထိုးတော့မယ်.. အဲက ညာဘက်ကို ချိုးလိုက်တော့ ကိုယ်တို့ ကားရပ်ထားခဲ့မဲ့ ThornHill ကားဂိတ်ကို ရောက်တယ်. အဲမှာက Free Packing တဲ့. ကားတွေကို ထားခဲ့ပြီး public bus နဲ့ မြို့ထဲကို ၀င်လို့ရတယ်. ကိုယ်တို့လဲ bus နဲ့ မြို့ထဲကို
ဝင်ခဲ့ကြတယ်.
ဒါက ThornHill Park and Rides ပေါ့.ကားတွေက များလွန်းလို့ ရပ်စရာ နေရာကို မနဲ ရှာလိုက်ရတယ်..

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~