Thursday, December 2, 2010

အမှတ်တရ နေ့လေးများ

၁၉၉၉
ဟင့်အင်း မဖြစ်ရပါဘူးကွယ်.. ကိုယ် ညီမအရင်းလို သိပ်ချစ်ရတဲ့ ဒီသူငယ်ချင်းလေးက ရည်းစားရသွားပြီတဲ့လား…

Wednesday, November 24, 2010

New Zealand သို့ အလည်တခေါက် (၄)

New Zealand သို့ အလည်တခေါက် (၁)
New Zealand သို့ အလည်တခေါက် (၂)
New Zealand သို့ အလည်တခေါက် (၃)
ကွန်ဖရင့်ရဲ့ စတုတ္ထနေ့......... ကိုယ်တို့တွေကို Skyline Gondola စားသောက်ဆိုင် ကွန်ဖရင့် ညစာနဲ့ တည်ခင်း ဧည့်ခံတယ်။

မြန်မာ လူမျိုးတွေ အပျင်းထူသလား။

မြန်မာလူမျိုးတွေက ဇာတိမာန် သိပ်ကြီးကြတယ်လို့ ဝေဖန်သံတွေ ကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု ကိုယ်တိုင် တွေ့ကြုံနေရတာတော့ မြန်မာလူမျိုးတွေ (အချို့ အချို့သော ဒါပေမဲ့ ရာခိုင်နှုန်း တော်တော်များများ)က မြန်မာ တွေ အပျင်းထူတယ်၊ပေါ့ပေါ့နေ ပေါ့ပေါ့စားတယ်.. ဒါကိုပဲ တချိန်လုံး ပြောနေတတ်ကြတယ်။ တကယ်တော့ မြန်မာ လူမျိုးတွေက ပျင်းတယ်လို့ ကိုယ်ကတော့ မယုံကြည်ဘူး။ နိုင်ငံတကာမှာ (အနဲဆုံး စင်္ကာပူ)မှာ ကိုယ်တို့ မြန်မာ တွေ ရာခိုင်နှုန်း ဘယ်လောက်များသလဲ။ ဒီလူမျိုးတွေက ဒီနိုင်ငံမှာ ကြိုးစားသူတွေ အဖြစ် အသိအမှတ်ပြုခံနေရတာ ဘာကြောင့်လဲ။ မြန်မာတွေ အပျင်းမထူ လို့ပေါ့။
မြန်မာ တွေ အပျင်းထူတယ်လို့ ဝေဖန်တဲ့လူတွေက များသောအားဖြင့် သူတို့ကိုယ် သူတို့ ကျန်မြန်မာတွေထက် တော်တယ်လို့ မသိမသာ သွေးနားထင်ရောက်နေတာတွေ့ရပါတယ်။ သူတို့ရဲ့ သိစိတ်က မဟုတ်ရင်တောင် မသိစိတ်မှာ ငါက ငါ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မြန်မာတွေထက် သာတယ်ဆိုတဲ့ စိတ်အခံရှိလို့သာ ဒီစကားမျိုးတွေ ပြောတယ်လို့ ခံစားရတယ်။
နောက် တချက်က ကိုယ့်လူမျိုးကို ကိုယ်က မလေးစားရင် ဘယ်သူက လာလေးစားမှာလဲ။ ကိုယ့်နိုင်ငံကို သူများ ရှေ့မှာ နှိမ်ပျတာအတွက် ဘယ်သူ့မှာ အကျိုးရှိမလဲ။ မြန်မာဆိုတာ ဒါပါလားလို့ အများက လေးစားလာရအောင် ကိုယ်တိုင်က မကြိုးစားပြသင့်ဘူးလား။ ကိုယ်ဟာ မတော်သေးဘူးဆိုရင် တော်အောင်၊ ကိုယ်က တော်ပြီးသား ဆိုရင်လဲ မြန်မာကို ကိုယ်စားပြုနိုင်တဲ့ လူတယောက်ဖြစ်အောင် မနေသင့်ဘူးလား။
လူမျိုးတိုင်း (သို့) လူတိုင်းမှာ ချို့ယွင်းချက်တော့ ရှိမှာပါပဲ။ ဒါပေမဲ့ မြန်မာတွေမှာ ညံ့တာ ရှိသလို၊ တော်တာတွေ ရှိတယ်ဆိုတာ မြန်မာတွေ လက်ခံသင့်ပြီလို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုတောင် မလေးစားနိုင်တဲ့ လူဟာ သူများ ကို မလေးစားနိုင်ပါဘူး။မြန်မာတွေအပျင်း ထူတယ်ဆိုတဲ့ မြန်မာတွေ ဂုဏ်ယူနိုင်ဖို့ တခုတော့ ပြောချင်ပါတယ်။ တိုးတက်နေတဲ့ အနောက်နိုင်ငံ တချို့ကို အလည်သွားရင်ပဲ ဖြစ်ဖြစ်၊ အလုပ်နဲ့ သွားရင်ပဲ ဖြစ်ဖြစ် သတိထားကြည့်ပါ။ အလုပ်လက်မဲ့တွေ၊ အိုးမဲ့ အိမ်မဲ့တွေကို လမ်းပေါ်မှာ တွေ့နိုင်ပါတယ်။ နိုင်ငံမှာရှိတဲ့ လူဦးရေ ရဲ့ တ၀က်လောက်က အလုပ်လုပ်နေရပြီး တ၀က်လောက်က အစိုးရက ပေးထားတဲ့ ထောက်ပံ့ကြေးနဲ့ အပျင်းထူ နေသူတွေပါ။မြန်မာတွေ ပျင်းတယ်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ နှိမ်ချ ပြောမယ်ကြံရင် ဒီလူတွေကို ပြေး မြင်ကြည့်ပါ။
အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ အဆိုးကိုပဲ ထုတ်ဖော်ပြောမယ်ဆိုရင် အဲဒီပြောနေတဲ့လူကို ဘယ်သူကမှ နှစ်သက်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ မြန်မာတွေက ကမ္ဘာ့ အနှံ့မှာ ရောက်နေပါပြီ။ ကိုယ် ပြုမူ လိုက်တဲ့ အပြုအမူ တခု၊ ကိုယ်ပြောလိုက်တဲ့ စကားတခွန်းက ကိုယ့်လူမျိုးကို နှိမ်ချရာ မရောက်အောင် ကြိုးစား ရမှာပါ။ ကိုယ့်လူမျိုးကို လေးစားခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုလဲ လေးစားပါ။ ဒါမှာသာ တခြားလူမျိုးတွေကလဲ ကိုယ့် လူမျိုးကို လေးစားမှာပါ။

Tuesday, November 23, 2010

ကိုယ်တိုင် ဖတ်ဖို့

အခက်အခဲဆိုတာ လူတိုင်း တွေ့ရမှာပဲမှလား။ ကြုံလာတဲ့ အခက်အခဲတွေကို ထိုင်ပြီး ငိုကြွေးနေလို့ ဘာဖြစ်လာမှာ လဲ။ ရှေ့ဆက်လျှောက်ရမဲ့ ခရီးအတွက် အားတွေ အဖြစ် ပြောင်းလဲ လိုက်စမ်းပါ။
ဝမ်းနည်းမှုတွေ၊ သောကတွေ၊ မတရားဘူးလို့ ခံစားရတာတွေ.. ဒါတွေအားလုံးဟာ အချိန်တခု လွန်သွားပြီးတဲ့ အခါ ဘာမှ မဟုတ်တော့ဘူးဆိုတာ သိနေရဲ့နဲ့ ဒါကို ပူဆွေးခံစားနေမယ်ဆိုရင် လူမိုက်ဖြစ်သွားမှာပေါ့။
ငိုချိန်တန်လို့ ငိုခဲ့ပြီးရင် ရှေ့ဆက်လျှောက်ရမဲ့ ခရီးကို အားအပြည့်နဲ့ လျှောက်လိုက်ပါ။
လူသားမှန်ရင် ခံစားတတ်၊ နာကျင်တတ်တာပဲ။ ဒါကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲဆိုတာက သင် ဘယ်လိုလူလဲဆိုတာ ဆုံးဖြတ်သွားပေးတာပဲ။
ဘ၀မှာ အမေ့ကို ဆုံးရှုံးခဲ့ရတဲ့ အချိန်လောက် နာကျင်ခဲ့ရတာ ရှိနိုင်အုန်းမလား။

Saturday, November 20, 2010

NewZealand သို့ အလည်တခေါက်(၃)





ကွန်ဖရင့် ပထမ (၂) ရက်မှာတော့ အစည်းအဝေးခန်းမထဲမှာပဲ အချိန်ကုန်ခဲ့တယ်။ workshop တွေ တက်တာ ဖြစ်တဲ့အတွက် တချို့ ပေပါတွေက တင်ပြတဲ့လူ ညံ့တာရော၊ သီအိုရီ သဘောတရား မကြေညက်တာ ရောကြောင့် မျှော်လင့်ထားသလောက် မကောင်းဘူး။ ဒါပေမဲ့ တခု သတိထားမိတာက ကိုယ်တက်သမျှ ကွန်ဖရင့် တိုင်းမှာ တရုတ် ကို ရာနှုန်းများများ တွေ့ရတာပဲ။ မြန်မာ တယောက်လောက်နဲ့ ဆုံချင်တဲ့ စိတ် ပြင်းပြင်းပြပြ ဖြစ်မိတယ်။
ကွန်ဖရင့် တတိယရက်မှာတော့ မနက်ခင်းပိုင်းတင်ပြမဲ့ အကြောင်းအရာတွေက ကိုယ်နဲ့ လုံးဝမဆိုင်တာက တကြောင်း၊ အဖော်ကောင်းတာ က တကြောင်း SHOTVER JET BOAT သွားစီးဖြစ်တယ်။ Queenstown မြို့ထဲကနေ shotover river အထိ အသွားအပြန် (jet boat စီးချိန် အပါအ၀င်) ၁ နာရီခွဲပဲ ကြာတယ်။ တကယ် JET BOAT စီးချိန်ကတော့ ၂၅ မိနစ်ပဲ ရှိတာပါ။ နယူးဇီလန် ဒေါ်လာ ၁၁၉ ကျပ်ပေးရပြီး မြို့ထဲကနေ SHOTOVER မြစ်အထိကို ကားနဲ့ လိုက်ပို့ပေးတယ်။ အဲဒီမှာ ကိုယ်တို့ကို JET BOAT လိုက်မောင်းပေးမဲ့လူတွေက တာဝန် လွှဲပြောင်းယူတယ်။ အသက်ကယ် အကျီတွေနဲ့ မိုးကာ ဆန်ဆန် လောင်းကုတ် အရှည်ကြီးတွေကို ပေးဝတ်တယ်။ အဲဒီနောက်မှာတော့ ကိုယ်တို့ရဲ့ စွန့်စားခန်း စတင်တော့တာပါပဲ။ စစီးစီးချင်းမှာတော့ BOAT မောင်းတဲ့လူက နံရံတွေနားကို ကပ်မောင်းလိုက်တိုင်း ကျောက်ခဲတွေနဲ့ လူနဲ့ ရိုက်မိမယ်လို့ ထင်မိတယ်။ နောက် ၁ ခါ ၂ ခါ ဖြစ်ပြီးတော့ သိပ်မကြောက်တော့ဘူး။ နောက် ပျော်စရာတခုက BOAT ကို ၃၆၀ ဒီဂရီ လှည့်တာပဲ။ အဲဒီလို လှည့်တာ (ကိုယ့်အထင်) ၅ ခါ လောက်တော့ ရှိမယ် ထင်တယ်။ လှည့်ခါနီးမှာ BOAT မောင်းတဲ့လူက သူ့ရဲ့လက်ကို ဝှေ့ပြပါတယ်။ ဒါဆို လှည့်တော့မယ်ပေါ့။ ပိုက်ဆံနဲ့ တန်တယ်၊ မတန်ဘူးဆိုတာ မစဉ်းစားရင်တော့ တော်တော်လေး ပျော်စရာကောင်းတဲ့ ကစားနည်း တမျိုးပါပဲ။

New Zealand သို့ အလည်တခေါက် (၂)

နယူးဇီလန် နိုင်ငံ (queenstown) မြို့လေးဟာ စွန့်စားမှုကို ကြိုက်တဲ့လူတွေအတွက် ပြီးပြည့်စုံတဲ့ မြို့လို့ ပြောနိုင် တယ်။ အဲဒီမှာ sky diving, bungy jumping (bungee jumping လို့လဲ ခေါ်ပါတယ်).. နောက် jet boat စတဲ့ စွန့်စားမှု အမျိုးမျိုးကို လုပ်လို့ရတယ်။ တောင်တက်တာ ၀ါသနာပါတဲ့လူတွေအတွက်လဲ တောင်တက် နိုင်တဲ့ အစီအစဉ်တွေလဲ ရှိတယ်။ Lords of the Ring ရုပ်ရှင်ရိုက်တဲ့ နေရာတွေကို သွားလို့ရတဲ့ ခရီးစဉ်တွေလဲ ရှိတယ်။ ဒါပေမဲ့ အစီအစဉ်အများစုက နေ့တ၀က်ပေးရမှာဖြစ်တဲ့အတွက်ရယ်၊ ဈေးကြီးတာရယ်ကြောင့် ကိုယ် မသွားဖြစ်ခဲ့ဘူး။



Sunday, November 14, 2010

NewZealand သို့ အလည်တခေါက် (၁)

နယူးဇီလန်ကို တနင်္ဂနွေနေ့ (၀၇-၁၁-၂၀၁၀) မှာ ရောက်တယ်။ ရောက်ရောက်ချင်း ကိုယ့်ကို ဆီးကြို နှုတ်ဆက် တာက လေအေး အေးပဲ။ ၂၀ ဒီဂရီ ဆိုတာ နေလို့ ကောင်းရုံ ရာသီဥတုပဲလေ။ လေယာဉ်ကွင်းကနေ ကိုယ်တို့ တည်းမဲ့ ဟိုတယ်ကို taxi ငှားသွားတော့ ၃၀ ကျော်ပေးရတယ်။ ကိုယ်တို့ မိနစ် ၂၀ လောက်ပဲ စီးရတယ်။ ဈေးကြီး လိုက်တာလို့ ပထမဆုံး တွေးမိ တာပဲ။ ကိုယ်တို့တည်းမဲ့ ဟိုတယ်က Rydges တဲ့။ wakatipu ရေကန်ကို မျက်နှာ မူထားတယ်။ Queenstown မြို့လေးမှာတော့ အကြီးဆုံး ဟိုတယ်လို့ ပြောလို့ရမယ် ထင်တယ်။ ဒီမြို့မှာ ရှုခင်းကို ဦးစားပေးထားတဲ့အတွက် ဟိုတယ်တွေရဲ့ အခမ်းအပြင်အဆင်တွေ၊ အစားအသောက်တွေက ဂျပန်က ဟိုတယ် လောက် မကောင်းတာ အမှန်ပဲ။ မနက်စာ မကျွေးဘူး၊ အင်တာနက် မပါဘူး။ မြင်ကွင်းကောင်းတာကလွဲရင် ကျန်တာ အခွံသက်သက်လို့ ပြောလို့ရတယ်။ ဒါက ကိုယ်တည်းခဲ့တဲ့ အခန်းလေး။ အခန်း ၀ရံတာကနေ ထွက်ကြည့်လိုက်မယ်ဆိုရင် ရေပြင်ကျယ် ကြီးကို တွေ့ရမယ်။ရေပြင်ကျယ် ကြီးရဲ့ အဆုံးမှာ မှိုင်းညို့နေတဲ့ တောင်တန်းတွေ ရှိတယ်။ ဒီတောင်တန်းတွေပေါ်မှာ Lords of The Ring ကို ရိုက်ခဲ့တယ်။ တောင်တန်းတွေရဲ့ ထိပ်ဖျားမှာတော့ အရည်ပျော်စပြုနေတဲ့ ရေခဲတွေကို မြင်ရတယ်။

ဟိုတယ်မှာ ပစ္စည်းတွေ ခန ချပြီး ပြန်ထွက်တယ်။ မြို့ရဲ့ ဗဟို အချက်အချာ ဧရိယာလေးက ကျဉ်းကျဉ်းလေးပဲ။ နာရီဝက် လျှောက်ရင် နှံ့သွားပြီလို့ ပြောလို့ရတယ်။အိမ်တွေကို တောင်ကုန်းတွေပေါ်မှာ ဆောက်ထားတယ်။ မြို့လည်ခေါင်က ရေကန်ုအနီး မြေပြန့်မှာ ရှိပြီး အရှေ့ အနောက်ကို မျှော်ကြည့်လိုက်ရင်တော့ တောင်ကုန်းတွေ ထက်မှာ အိမ်တွေကို အခုလို တွေ့ရတယ်။
ဒါကတော့ စနေနေ့မှာပဲ ဖွင့်တဲ့ မြို့လည်ခေါင်က ဈေးလေး။ နောက် တပတ် စနေနေ့မှာ ဒေသထွက် သစ်သီးတွေကို ရောင်းမယ်လို့ သိရတယ်။ ကိုယ်တို့တော့ မကြုံရတော့ဘူးပေါ့။

ဒီမြို့လေးဟာ နိုင်ငံခြားသားတွေအတွက် အလည်လာဖို့ အဓိက ရည်ရွယ်ထားတာဆိုတော့ ဆိုင်တိုင်းဟာ ဧည့်သည်တွေ အတွက် ရည်ရွယ်ထားတယ်။ ဒီမြို့လေးမှာ ဂျပန်ဆိုင်တွေ ရှိတယ်။ ကိုရီးယားဆိုင်တွေ ရှိတယ်။ ပင်လယ်စာတွေ လတ်ဆက်တယ်။ သိုးသားကို တော်တော် လေး စားကြတယ်။အစားအသောက်တွေက နဲနဲတော့ ဈေးကြီးတယ်။ လမ်းဘေးက food court မှာပဲ စားစား၊ restaurant မှာပဲ စားစား ၂၀ နဲ့ ၃၀ ကြားတော့ ပေးရတယ်။ ဘာဂါ နံမည်ကြီးတယ်ဆိုတာကြောင့် ၀ယ်စားဖြစ်တယ်။ ဘာဂါက အရမ်းကြီးပြီး ၁၂ ကျပ် ပေးရတယ်။ အထဲမှာ ကြက်သွန်နီတွေ ပါတာက လွဲရင် အရသာကို တော်တော်လေး ကြိုက်တယ်။ နောက် ကီဝီ သီးက နံမည် ကြီးတယ်။ သူ့အရသာက ချဉ်ဖြုံးဖြုံး မဟုတ်ပဲ သရက်သီး အရသာမျိုး ချိုချိုမွှေးမွှေးလေး ဖြစ်နေတယ်။

သိုးလေးများ အကြောင်း

အန္တရာယ်ကို မသိသူများ
တောင်ခြေကနေ မီတာ ၇၉၀ အမြင့်လောက်ရှိတဲ့ မတ်စောတ်တဲ့ တောင်ကုန်းထက်မှာ ကပ်ပေါက်နေတဲ့ မြက်တွေကို မကြောက်မရွံ့ စားနေတဲ့ သိုးတွေပါ။ သူတို့ရဲ့ သတ္တိကိုပဲ ချီးကျူးရမလား။ အန္တရာယ်ကို မမြင်နိုင် လောက်အောင် မိုက်မဲလွန်းတဲ့ သိုးတွေကိုပဲ အပြစ်တင်ရမလား။ သူတို့ကတော့ ဘာကိုမှ မသိပဲ အေးအေးလူလူ မြက်စားနေကြတာပါပဲ။ တခါတလေမှာတော့ အန္တရာယ်ကို မသိတာဟာ အေးချမ်း စေသလိုပဲ။


Thursday, September 30, 2010

NTU အဆင့်မကျကြောင်း လက်ရှိကျောင်းအုပ် မှ ဖြေရှင်းချက်ထုတ်

NTU က အဆင့် ၁၀၁ အထိ ပြုတ်ကျသွားတယ်ဆိုပြီး Strait Times မှာ report ထွက်လာတာနဲ့ ပတ်သတ်ပြီး NTU president က ဖြေရှင်းစာ ထွက်လာပါတယ်။ ဖြေရှင်းစာရဲ့ အကျဉ်းချုပ်ကတော့ ၂၀၀၄ ခုနှစ်ကစလို့ Quacquarelli Symonds (QS) နဲ့ Times Higher Education (Times) ဆိုတဲ့ အဖွဲ့အစည်း နှစ်ခုဟာ တက္ကသိုလ်တွေရဲ့ အဆင့်ကို သတ်မှတ်ဖို့ စံညွှန်းတွေကို အတူတကွ သတ်မှတ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ အဆင့် စာရင်းကို ထုတ်ပေးခဲ့ပါတယ်။ ဒီသတ်မှတ်ချက်တွေအရ NTU ဟာ ၂၀၀၉ ခုနှစ်မှာ အဆင့် (၇၃) နေရာကို ရယူခဲ့ပါတယ်။

ယခုနှစ် ၂၀၁၀ မှာတော့ (QS) နဲ့ (Times) တို့ဟာ အသင်းနှစ်သင်း အဖြစ်ကွဲသွားခဲ့ပါတယ်။ QS က မူလ လက်ဟောင်း ချမှတ်ခဲ့တဲ့ စံညွှန်းတွေကို ဆက်လက်သုံးစွဲပြီး Times ကတော့ စံညွှန်းအသစ်တွေကို ရေးဆွဲ ကျင့်သုံးခဲ့ပါတယ်။ မူလ စံညွှန်းတွေကို ဆက်လက်ကျင့်သုံးတဲ့ QS က ထုတ်ဝေတဲ့ စံနှုန်းတွေအရဆိုရင် NTU ဟာ အဆင့် ၇၄ ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာ မနှစ်က (၂၀၀၉) နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆင့် တဆင့်သာ ပြုတ်ကျသွားတာ ဖြစ်ပါတယ်။

Straits Times က တင်ပြခဲ့တဲ့ NTU က အဆင့် ၁၀၁ အထိ ပြုတ်ကျသွားတယ်ဆိုတဲ့ သတင်းဟာ Times က ထုတ်ဝေတဲ့ ကမ္ဘာ့ တက္ကသိုလ်များ စာရင်းအရသာ ဖြစ်ပါတယ်။ Times က ကျင့်သုံးခဲ့တဲ့ စံညွှန်းတွေဟာ တက္ကသိုလ် အဟောင်းတွေကို ဦးစားပေးတဲ့ စံညွှန်းတွေ ဖြစ်တယ်လို့ Dr Su က ဆိုထားပါတယ်။ ဒီစံညွှန်းထဲကို အဓိကတိုင်းတာတဲ့ ဧရိယာ ၅ ခုကတော့ Citations (တက္ကသိုလ်က ထုတ်ဝေတဲ့ ဂျာနယ်၊ စာစောင်တွေကို အခြားသူများက ညွှန်းဆိုခြင်း )(၃၂.၅ %)၊ သုတေသန (၃၀%)၊ သင်ကြားမှုဆိုင်ရာ (၃၀%)၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (၅%) နှင့် Industry ၀င်ငွေ (၂.၅%) တို့ဖြစ်ပါတယ်။ ဒီအချက် တွေထဲက ၃၂.၅ % ယူထားတဲ့ Citations ဟာဆိုလို့ရှိရင် တက္ကသိုလ်တခုရဲ့ သက်တမ်းပေါ်မှာလဲ အများကြီး မူတည်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ Times က ကျင့်သုံးတဲ့ စံညွှန်းတွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ် လို့ Dr Su က တင်ပြသွားပါတယ်။

Tuesday, September 28, 2010

ဒုတိယ အကြိမ် စာပေဟောပြောပွဲ

MC
အမ်စီတွေကို ဝေဖန်ရမှာ လန့်တော့ ခပ်လန့်လန့်ပဲ။ မနှစ်က လူကြီးတွေထက်တော့ သာတယ်လို့ ပြောလို့ ရပါတယ်။ ပြဇာတ် သိပ်ဆန်နေတာနဲ့ အချိန်တွေ အပိုကုန်သွားတာ ဖယ်လိုက်ရင်ပေါ့။ ကိုယ့် အမြင်ကို ရိုးသားစွာ ပြောရမယ်ဆိုရင်တော့ ဒီလို စာပေဟောပြောပွဲ တခုက သိပ်ပြဇာတ်ဆန်တဲ့ အမ်စီ အစီအစဉ် ထည့်စရာမလိုဘူးလို့ ယူဆပါတယ်။ စာရေးဆရာတွေက ပရိသတ်ကို ဟာသတွေ၊ စကားလုံးတွေနဲ့ ထိန်းသွားတာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်တွေက မလိုအပ်ပဲ အချိန်ကုန်သွားစေတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ထည့်ရတယ်ဆိုရင်တော့လဲ ဝေဖန်ရန် အကြောင်း မရှိပေါ့လေ။
အစီအစဉ်
အစီ အစဉ်တွေကတော့ မနှစ်ကလောက် မပြည့်စုံတာ အမှန်ပဲ။ဥပမာ Outram Park ဘူတာက ထွက်လာတဲ့ မြန်မာတွေဟာ Theater ဘယ်နားရှိမှန်း မသိဖြစ်နေကြပါတယ်။လက်မှတ်မှာ မြေပုံပါတယ်ဆိုပေမဲ့ စမ်းတ၀ါးဝါး ဖြစ်နေတဲ့လူတွေ တော်တော်များများကို တွေ့ရပါတယ်။ မနှစ်ကတော့ မြေပုံအညွှန်းလေးတွေနဲ့ လမ်းညွှန်ပေး ထားတာကို မှတ်မိပါတယ်။ နောက်တခုက အချိန်အခက်အခဲပါ။ ညနေစောင်းကို ရွှေ့လိုက်တဲ့အတွက် ညနေစာ ကျွေးရပါတယ်။ဒါ့အပြင် လက်မှတ်နဲ့ ကြော်ငြာတွေမှာ ညနေ ၁၀ နာရီ အထိလို့ ရေးထားတာဖြစ်တဲ့အတွက် (အမှန်တကယ် ပြီးသွားတာက ၉ နာရီ ကျော်ကျော်ပါ) တချို့သူငယ်ချင်းတွေက အပြန်နောက်ကျမှာ ဆိုးပြီး မလာဖြစ်တော့ပါဘူး။ နောက်တခု မဆိုစလောက် အခက်အခဲကတော့ အစားအသောက်ဝေတဲ့နေရာနဲ့ စားရတဲ့ နေရာမှာပါ။ အအေးနဲ့ ဒန်ပေါက်ကို အတူတူဝေလို့ရပေမဲ့ ခွဲဝေတဲ့ အပြင် အအေးက ချက်ချင်းမဝေသေးတော့ စားရတဲ့လူ (အထူးသဖြင့် ဒန်ပေါက်ကို သိပ်မကြိုက်တဲ့လူအတွက် အအေးနဲ့ တွဲစားနိုင်ဖို့)က အအေးဝေမဲ့ အချိန်ကို တမျှော်မျှော်ဖြစ်နေရပါတယ်။
ဒါပေမဲ့ အခက်အခဲတွေနဲ့ ကြားထဲကနေ လုပ်တာ ဖြစ်တဲ့အတွက် စီစဉ်သူတွေ တော်တယ်လို့ ချီးကျူးရမှာပါပဲ။ လူကြီးတွေ(ကိုယ်အပါအ၀င်)က ဟိုလို လှော်၊ ဒီလိုခတ် သင်ပြ နေပြီး လူငယ်တွေက တကယ့်လှေပေါက်ကို ပိတ်ထားရတာမျိုး မဖြစ်ပါစေနဲ့ပဲ ဆုတောင်း ပါ တယ်။
ဟောပြောပွဲ
ဒီနှစ်လာတဲ့ ဆရာတွေက နိုင်ငံရေးဆန်ဆန် အယူအဆတွေ အများ ကြီး ဟောပြောသွားတာဆိုတော့ ကိုယ်ရဲ့ ဆန္ဒနဲ့တော့ ထပ်တူ မကျဘူးပေါ့။ မနှစ်က စာပေဟောပြောပွဲ အပြီးမှာ မြန်မာဖြစ်ရတာအတွက် ဂုဏ်ယူလိုစိတ် တွေနဲ့ လူက တက်ကြွနေခဲ့ပေမဲ့ ဒီနှစ် ဟောပြောပွဲ အပြီးမှာတော့ အသက်ရှူ မရသလို ခံစားလိုက်ရတယ်။ ကိုယ့် အကြိုက်ဆုံး စာရေးဆရာက လယ်တွင်းသား စောချစ် ဖြစ်ပြီး ကာတွန်း အော်ပီကျယ် နောက်ဆုံး ပြီးခါနီး ပြောသွားတဲ့ အပေါ်ကနေ ဆွဲတင်တာထက် ပုခုံးနဲ့ တွန်းတင်တာက ပိုထိရောက်မှာပါ ဆိုတဲ့ စကားကို ကိုယ် နားလည်ချင်သလို နားလည်လိုက်ပြီး ကြိုက်နေမိတယ်။
ဆရာ လယ်တွင်းသား စောချစ် ဟောသွားတဲ့ အဓိက အကြောင်းအရာကတော့ စာပေက သူ့ရဲ့ ဘ၀ကို ဘယ်လို လွှမ်းမိုးသွားသလဲ ဆိုတာပါပဲ။ ဆရာ ပီမိုးနင်းရဲ့ စာတွေကြောင့် သူ ပြောင်းလဲခဲ့ပုံတွေကို စိတ်ဝင်စားအောင် ပြောသွားခဲ့တယ်။ နောက် လှတောသား စကားကြွယ်ပုံကို ဥပမာလေးတွေနဲ့ ပြောသွားတာကို သဘောကျ တယ်။ ဒါပေမဲ့ ကိုယ်အကြိုက်ဆုံးကတော့ တောသား မြို့ရောက်တဲ့အခါ သိမ်ငယ်စိတ် ၀င်ရပုံကို ပြောပြသွားတာ ပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်တိုင် ကြုံခဲ့ရတာကို။ ဆရာ့ရဲ့ အသက်အရွယ်နဲ့ ကိုယ်တွေ အပေါ် စေတနာထား ဟောပြောပေးခဲ့တာအတွက် ကျေးဇူးတင်မိတယ်။
နောက် ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ကတော့ သူရဲကောင်းဆိုတာကို ဖွင့်ဆိုသွားခဲ့ပါတယ်။ ဆရာ ညွှန်းသွားတဲ့ သူရဲကောင်းအများစုက တချိန်က လူတွေ ဖြစ်နေတာ တခုပါပဲ။ အဲ့အတွက်တော့ စိတ်မကောင်း ဖြစ်မိတယ်။ အခုခေတ်မှာ သူရဲကောင်းတွေ မရှိတော့တာလား၊ အဲဒီလူတွေကို သူရဲကောင်းအဖြစ် မသတ်မှတ်ရဲ တာလား။ မပြောတတ်တော့ဘူး။ အဲဒီအတွက် ကိုယ့်ရင်ဘက်တွေ နာလာတယ်။
ဆရာ ကာတွန်း အော်ပီကျယ်ကတော့ လူကြိုက်အများဆုံး ဖြစ်မယ်ထင်ပါတယ်။ လက်ခုတ်သံ အများဆုံး ရသွားတဲ့ ဆရာတယောက်ပါပဲ။ ဆရာ ပြောတဲ့စကားတွေက မှန်လွန်းလို့ ရင်ကိုလာထိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ် ကို အားမရမှုကြောင့် ရင်အနာရဆုံးလဲ ဖြစ်တယ်။ အခက်အခဲတွေ အခြေအနေတွေကြားက တာဝန်ကျေသူ ဖြစ်တဲ့အတွက် ဆရာ့ကိုတော့ လေးစားမိပါတယ်။ ဒါပေမဲ့ နိုင်ငံရပ်ခြားမှာနေတဲ့ ကိုယ်တို့ မြန်မာတွေဟာ အပြောတရားမှာ လေးစားစရာကောင်းလောက်အောင် သိပ်ထူးချွန်ပြောင်မြောက်ကြတယ်လို့ မြင်မိတယ်။ အဲဒီ အပြောတွေရဲ့ နောက်မှာ အလုပ်တရားဘယ်လောက် ကပ်ပါလာသကြသလဲဆိုတာ စဉ်းစားစရာပါပဲ။ သိပ်မဝေးလှတဲ့ တနေ့မှာတော့ ကိုယ်ဟာ ပုခုံးနဲ့ တွန်းတင်နိုင်တဲ့ လူတယောက် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိတယ်။



Friday, September 10, 2010

အတွေး........အရေး

molest: to touch or attack someone in a sexual way against their wishes
ခုတလော ဒီစကားလုံးလေးကို ခနခန တွေးမိနေတယ်။ အထူးသဖြင့် သတင်းစာမှာ ဒီအမှုနဲ့ ပတ်သတ်တဲ့ သတင်းတွေ ဖတ်ရတိုင်းပေါ့။ မြန်မာပြည်က အမျိုးသား အများစုဟာ ဒီကိစ္စအပေါ်မှာ ဘာအတွက် သာယာနေလဲ ဆိုတာ နားမလည်နိုင်ဘူး။

Saturday, September 4, 2010

ချန်ဂီ လမ်းခွဲ

--မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာတယောက် မြန်မာပြည်ပြန်တာ ရူးသွပ်ခြင်းတဲ့လား၊ မိုက်မဲခြင်းတဲ့လား။--

'နှောင်းငယ်' ......... သူမနားကို တိုးတိုးလေးကပ်ပြီး ခေါ်လိုက်တဲ့ ကို့အသံကြောင့် သူမ တုန်သွားမိတယ်။ ကိုက သူ့ထုံးစံအတိုင်း အပြာနုရောင် ရှပ်လက်ရှည်လေးကို ၀တ်လို့.... သူမကို လိုက်ပို့မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ တာမို့ သူမ ပျော်ရွှင်သွားမိတယ်။ နောက်ဆုံးတော့ ကို သူမကို နားလည်သွားပြီ ထင်ပါရဲ့။

'နှောင်း check in တောင် လုပ်ပြီး သွားပြီပဲ.. အစောကြီး ရှိသေးတာ.. ပြန်ရမှာကို သိပ်တက်ကြွနေတယ် ထင်ပါရဲ့ ' . ခပ်ထေ့ထေ့ပြုံးရင်း ပြောလိုက်တဲ့ ကို့မျက်နှာကို နှောင်း ဆက်ခနဲ မော့ကြည့်မိတယ်။ သူမ သိလိုက်ပါပြီ။ ကိုဟာ သူမကို နောက်ဆုံးအကြိမ် အဖြစ် လာနှုတ်ဆက်တာ ဖြစ်မှာပါ။ .. သူမ ကို့ကို သိပ်ချစ်ခဲ့တာနဲ့အမျှ ကို့ရဲ့ ခပ်ထေ့ထေ့ အပြုံးကို သိပ်မုန်း သိပ်ကြောက်တယ်။ အဲ့ အပြုံးမှာ သူမ သိပ်မုန်းတဲ့ ကို့ရဲ့ မာနတွေ ပျော်ဝင်နေတယ်။ .. မျက်ရည်တွေ ဝေ့လာပေမဲ့ သူမ အချိန်မီ ထိန်းပြီး ကို့ကို ပြုံးပြလိုက်တယ်။

'ဟုတ်တယ် ကို........နှောင်း စိတ်လှုပ်ရှားပြီး ညက အိပ်မပျော်တာနဲ့ ခပ်စောစောပဲ ထွက်လာခဲ့တာ.. ကိုရော ဘယ်သူ့ကို လိုက်ပို့တာလဲ'.....
သူမကို လိုက်ပို့နှုတ်ဆက်တာ သိသိနဲ့ သူမ ဇွတ်နှစ်ပြီး မေးလိုက်တော့ ကို မျက်နှာ ပျက်သွားတယ်.... မိန်းမတယောက်ရဲ့ မာနပေါ့ ကိုရယ်။ နှောင်းရဲ့ အမျိုးမျိုးသော ခယ တောင်းပန်မှု တွေကို လျစ်လျူရှူ့ပြီး နှောင်းကို အဆက်အသွယ် ဖြတ်ခဲ့တဲ့ ယောက်ျားတယောက်ကို နှောင်း ဒီလောက်တော့ တုန့်ပြန်သင့်တာပေါ့ မဟုတ်ဘူးလား။ သူငယ်ချင်းဘ၀ (၅) နှစ် ၊ ရည်းစား ဘ၀ (၃) နှစ်တာကာလအတွင်း တယောက်ကို တယောက် ဘယ်လောက် စိတ်ဆိုးဆိုး ဖုန်း မပြောခဲ့တဲ့ရက် တရက်မှ မရှိအောင် သံယောဇဉ် ကြီးခဲ့တဲ့ နှောင်းတို့ရဲ့ သံယောဇဉ်တွေကို လျစ်လျူရှူ့ပြီး ကို နေနိုင်ခဲ့တယ်နော်။ နှောင်း နံပါတ်ကို မြင်တာနဲ့ ဖုန်း ပိတ်ပြစ်တတ်လို့ အများသုံး ဖုန်းနဲ့ ခေါ်တော့လဲ နှောင်း အသံကြားရုံနဲ့ ကို ဖုန်းကို ပိတ်ပစ်လိုက်တယ်။ မြန်မာပြည်ကို အပြီးပြန်မှာမို့ အလုပ်ရှုပ်နေတဲ့ကြားက ကို့ကို တွေ့ချင်လွန်းလို့ အိမ်လိုက်လာတော့ 'မလေးရှား သွားတယ် ' တဲ့။ နှောင်း မြန်မာပြည်ကို ပြန်တာ အပြစ်တခု တဲ့လား ကိုရယ်......


'--မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာတယောက် မြန်မာပြည်ပြန်တာ ရူးသွပ်ခြင်းတဲ့လား၊ မိုက်မဲခြင်းတဲ့လား။ မြန်မာပြည်ဆိုတာ နှောင်းတို့၊ ကိုတို့ကို မွေးထုတ်ပေးခဲ့တဲ့ နေရာပါ ကို.. မြန်မာပြည်ကို ချစ်မိတာ အမြင်ကျဉ်းတာဆိုရင်တော့ ထားလိုက်ပါတော့ ကိုရယ်။ ဟုတ်ပါတယ်.. နှောင်းက အမြင်ကျဉ်းပါတယ်.. လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတခုကို မနှစ်မြို့လို့ မပြန်ဘူးဆိုရင် မြန်မာပြည် အခြေအနေက ပြန်ကောင်းလာ အုန်းမှာတဲ့လား ကို.......အစိုးရမှာ တာဝန်ရှိသလို နှောင်းတို့လို ခေတ်ပညာတတ် လူငယ်တွေမှာလဲ တာဝန် မရှိဘူးလား ကို..... ကိုပဲ မြန်မာပြည်ကို ချစ်တယ်ဆို...နှောင်းတို့ ဒီနိုင်ငံကို ပညာသင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ကြတာလေ.. သိပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ စာကြည့်တိုက်တွေကို မြင်တော့ နှောင်းတို့ နှစ်ယောက် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေအတွက် ဘယ်လို ခံစားခဲ့ကြရသလဲ.. ကို မှတ်မိအုန်းမယ် ထင်ပါတယ်။ ဘွဲ့ရတော့လဲ ငွေစုအုန်းမယ်ဆိုတဲ့ မရေမရာ အကြောင်းပြချက်တွေနဲ့ နှောင်းတို့ ဒီမှာ ဆက်နေဖြစ်ခဲ့တယ်။ ခုဆို နှောင်းလဲ ဒေါက်တာ ဘွဲ့တောင် ရလို့ ပိုက်ဆံ လဲ အသင့်အတင့် စုမိပြီ။ ခုချိန်မှ နှောင်းတို့ မပြန်ရင် ဘယ်အချိန်မှ ပြန်ဖြစ်မှာလဲ။.. အိုမင်း မစွမ်းတော့တဲ့ အချိန်မှလား......ပညာဆိုတာ ကိုယ်တိုင် ဆည်းပူးနေရုံနဲ့ လုံလောက်နေပြီလို့ ကိုက ယူဆနေတာလား။ ကိုယ်က သင်ယူသလို ကိုယ့်လို သင်ယူခွင့် မရတဲ့ ကိုယ့် နိုင်ငံက လူတွေအတွက် တခုခုတော့ ပြန်ပေးဆပ်သင့်တယ်လို့ ကို မတွေးမိဘူးလား။ နှောင်းတို့က နိုင်ငံတခုလုံးကို မပြင်နိုင်ပေမဲ့ နှောင်းတို့ ကျင်လည်ရာ ပတ်ဝန်းကျင်လေးတခုကိုတော့ ပြင်နိုင်မှာပါ။ နှောင်းကတော့ အဲလို ယုံကြည် မျှော်လင့်ထားတယ်... .. '
ကို့မျက်လုံးထဲ စိုက်ကြည့်ရင်း သူမ ပြောချင်သမျှတွေကို စိတ်ထဲက ပြောပြနေမိတယ်။ ခုချိန်မှတော့ ဖွင့်ဟဖို့ မလိုတော့ပါဘူးလေ။ မိန်းမတယောက်ရဲ့ ချစ်ခြင်းနဲ့ ခယတောင်းပန်မှုတွေ အားလုံးကို ကို လျစ်လျူရှူ့ခဲ့ပြီပဲ။

'-----ဥက္ကာ သွေးတွေ ဆူပွက်တဲ့ အထိ ခံစားလာရတယ်.. (၃) နှစ်တာ အချစ်ကြီး ချစ်ခဲ့တဲ့ ချစ်သူကို လမ်းခွဲ ထားခဲ့မဲ့ မိန်းမ တယောက်က ခုလောက်ထိ မာကျောနေဖို့တော့ မကောင်းဘူး ထင်ပါတယ်။ .. ခပ်တင်းတင်း ပြုံးထားတဲ့ နှုတ်ခမ်းနဲ့ ထက်မြက်စူးရှတဲ့ မျက်ဝန်းတွေက ဘာကိုမှ နောင်တ မရဖူးသလို ကြည်လင် ပြတ်သား လွန်းတယ်။ သူ ချစ်ခဲ့တာလဲ အဲလို ထက်မြတ်ပြီး ရဲရင့်တဲ့ သူမရဲ့ စိတ်ဓါတ်ကိုပဲ။ ဒါပေမဲ့ ခုချိန်မှာတော့ သူချစ်ခဲ့တဲ့ သူမဟာ အခုလို အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဝံ့သူ မဟုတ်ပဲ သိုးငယ်လေးလို နာခံတတ်သူ ဖြစ်စေချင်တဲ့ ဆန္ဒက ရင်ထဲမှာ စူးခနဲ တောင်းတမိတယ်။ ..
ဲမြန်မာပြည်ကို ကိုယ်လဲ မချစ်လို့မှ မဟုတ်ပဲ... လုပ်ကိုင် စားသောက်လို့မရလောက်အောင် စုတ်ပြတ်နေတဲ့ နိုင်ငံမှာ နေထိုင်ချင်စိတ်မရှိတာ သူမလွန်ဘူး ထင်ပါတယ်။ မြန်မာပြည်ထဲမှာ ရှိနေတဲ့လူတွေတောင် နည်းအမျိုးမျိုးနဲ့ ဒီနိုင်ငံကို ထွက်လာဖို့ ကြိုးစားနေချိန်မှာ လက်ရှိဘ၀ကို အခြေဖျက်ပြီး ပြန်ဖို့ ကြိုးစားခဲ့တဲ့ သူမကို စိတ်တိုမိတာ သူ မှားသွားခဲ့သလား။ သူမ ပြောသလို သူက ဒီမှာ ဆက်နေ.. အဝေးကနေပဲ ချစ်နေဆိုတာ လက်တွေ့မဆန်ဘူးဆိုတာ သိပ်တော် သိပ်လက်တွေ့ဆန်လွန်းတဲ့ သူမက မသိဘူးတဲ့လား။ အကျိုးအကြောင်း အမျိုးမျိုး ရှင်းပြပြီး တောင်းပန်နေတဲ့ကြားက သူမသိအောင် လေယာဉ်လက်မှတ် ၀ယ်ခဲ့တဲ့ သူမကို စိတ်ဆိုးဆိုးနဲ့ ပြတ်ဖို့ ဆုံးဖြတ်ပြီး ရှောင်နေခဲ့ပေမဲ့ နောက်ဆုံးအချိန်မှာ သူမပြန်မဲ့ လေယာဉ်ကွင်းကို ရောက်လာခဲ့တဲ့ သူ့ကို သူမရဲ့ ကြိုဆိုမှုက ရက်စက်လွန်းပါတယ်။ ...
ချစ်ခဲ့တဲ့ (၃) နှစ်တာ ကာလတလျှောက်လုံးမှာ တခါမှ စိတ်မကောက်ဖူးတဲ့၊ မျက်ရည် မကျဖူးတဲ့ ချစ်သူ၊ မာနကြီး သလောက် သူ့အပေါ်မှာ နားလည်ပေးနိုင်စွမ်း အရှိဆုံး ချစ်သူလို့ ဂုဏ်ယူခဲ့တာ အားလုံးကို လွှင့်ပစ်ပြီး သူ့အပေါ်မှာ အရာရာ ဆိုးနွဲ့ အနိုင်ယူတတ်တဲ့ ချစ်သူ တယောက်သာ ဖြစ်စေချင်လိုက်တယ်။ သူမဘက်ကသာ ကို့ကို မခွဲနိုင်ဘူးဆိုတဲ့ စကားတခွန်းသာ ထွက်လာခဲ့မယ်ဆိုရင် သူ မိုက်ရူးရဲဆန်စွာပဲ သူမနဲ့ အတူ မြန်မာပြည် ပြန်လိုက်မိမှာ အသေအချာပဲ။ စိတ်ကို ထိန်းနေတဲ့ ကြားက သူမကို ပေးဖို့ မလေးရှားက ၀ယ်လာခဲ့တဲ့ လက်ဆောင် အိတ်ကို ကိုင်ထားတဲ့လက်က တဆတ်ဆတ် တုန်နေတယ်။ သူ့ရှပ်အကျီအနားစ ခါနေတာကို ထက်မြတ်လွန်းတဲ့ သူမ သိတော့မှာပဲ .....
ထိန်းစမ်း ဥက္ကာ .. နှောင်းဆိုတဲ့ မိန်းကလေးက စိတ်ထား ပြတ်သားမာကျောတဲ့ ဥက္ကာဆိုတဲ့ ယောက်ျားတယောက်ကို ချစ်ခဲ့တာလေ။ ဒီအချိန်မှာ မျက်ရည်ကျပြလိုက်မယ်ဆိုရင် သူ့ကို နှောင်း အထင်သေး သွားမှာ။ ချစ်ခွင့်မရတော့လို့ ခွဲရတော့မယ်ဆိုရင် နှောင်းရဲ့ အထင်ကြီးလေးစားမှုကိုတော့ သူ ပိုင်ဆိုင်ချင်တယ်။ အဲဒါကို အတ္တလို့ စွပ်စွဲလာမယ်ဆိုရင် ကို လက်ခံလိုက်မှာပါ.. နှောင်းရယ်.. '

..........ကို.. လက်တွေ တုန်နေတာလားဟင်.. အဲဒါဟာ သူမကို ချစ်လို့ သူမကို ခွဲရမှာ စိုးတဲ့ စိတ်ကြောင့် တုန်နေတာလို့ နှောင်း မမျှော်လင့်ပါဘူး.. ကို။ ဒေါသကြောင့် တုန်နေတာသာ ဖြစ်မှာပါ။ ကျေးဇူးပြုပြီး ကို့ရဲ့ ခပ်ထေ့ထေ့ အပြုံးကို မပယ်လိုက်ပါနဲ့ .. နှောင်းချစ်ခဲ့တဲ့ ကိုဟာ စိတ်ထား ပြတ်သား မာကျောပြီး ကိုယ် မှန်တယ် ထင်တဲ့ ဆုံးဖြတ်ချက်ကို အမြဲ ရဲရဲ ၀ံ့ဝံ့ လုပ်ခဲ့သူပါကွယ်... မိန်းမ တယောက်ကို ချစ်ရုံနဲ့.. နှောင်းကို ချစ်ရုံနဲ့ ပြန်လိုက်မလာပါနဲ့ ကိုရယ်.. မြန်မာပြည်ကို ပြန်လာမယ်ဆိုရင်လဲ ကို ကိုယ်တိုင် ယုံကြည်ပြီး ပြန်လာတာသာ ဖြစ်စေချင်ပါတယ်။ နှောင်းကို ချစ်ရုံနဲ့တော့ ကို မပြန်လာချင်တဲ့ နိုင်ငံကို ပြန်လိုက်မလာပါနဲ့ ကို။ နှောင်းလိုချင် တာ ကို့ရဲ့ ခန္ဓာကိုယ်ကို မဟုတ်ပါဘူးကွယ်။ ကို့ဆီက နားလည်မှုနဲ့ အားပေးစကားတခွန်းကိုပါ။ ကို ပြောပြော နေတဲ့ သားရဲတွင်းတွေ ကျက်စားရာ တောနက်ကို သွားမဲ့ နှောင်းအတွက် ချစ်သူရဲ့ အားပေးစကားတခွန်းကို လိုအပ်ပါတယ် ကိုရယ်။ လူမိုက်လို့ ၀ိုင်းပြီး လက်ညှိုးထိုးလာမဲ့ ဆွေမျိုး အသိုင်းအ၀န်းနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင် နိုင်ဖို့ နှောင်း သတ္တိတွေ အများကြီး လိုအပ်ပါတယ်.. အပေါ်ယံ မာကျောနေတယ်လို့ ကို ထင်နေတဲ့ နှောင်း.. သိပ်ကြောက်နေပါတယ် ကို။ နှောင်း ဘာတွေကို ရင်ဆိုင်ရအုန်းမယ်ဆိုတာ မသိနိုင်ဘူး။ အားလုံးကို ရင်ဆိုင်နိုင်ဖို့ နှောင်းလိုအပ်တာ ကို့ဆီရဲ့ စကားတခွန်းပါ။ ဒါပေမဲ့....................
'နှောင်း သွားတော့မယ်..............' လို့ နှုတ်ဆက်လိုက်ချိန်ထိ နှောင်း ကြားချင်တဲ့ စကား တခွန်း ကို့ နှုတ်ဖျားက ထွက်မလာဘူးနော်. ကျလာတော့မဲ့ မျက်ရည်ကို ထိန်းရင်း သူမ ကို့ကို ကျောခိုင်း လိုက်ပါတော့တယ်။




Saturday, August 21, 2010

မင်္ဂလာဦးညနဲ့ အရက်ပွဲ

လူတွေ ဘာကြောင့် အရက် သောက်ကြသလဲ။
ပျော်လို့၊ စိတ်ညစ်လို့၊ စိတ်အပန်းဖြေဖို့၊ သူငယ်ချင်းတွေနဲ့ စကားပြောကောင်းအောင်လို့ အကြောင်း အမျိုးမျိုးနဲ့ သောက်ကြတဲ့အထဲမှာ မင်္ဂလာဦးညမှာ သောက်တဲ့ အရက်ကတော့ ပျော်လို့၊ စိတ်လှုပ်ရှားလို့ သောက်တာ အပြင် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ညှင်းလို့ သောက်တဲ့ အရက်က ပိုများမယ် ထင်တယ်။
စင်္ကာပူနိုင်ငံမှာ မင်္ဂလာပွဲတွေ ကျင်းပတဲ့အခါ သတို့သားကို လူမှန်းမသိတဲ့အထိ အရက်သောက်ခိုင်းတာ ထုံးစံ တခုပါ။ ဓါတ်ပုံရိုက်ဖို့ လာတဲ့ သတို့သားကို တားပြီး အရက်ဇွတ်သောက်ခိုင်းတာ၊ သတို့သားက အားနာမှုနဲ့ ပျော်ရွှင်မှုပေါင်းလို့ သောက်ရတာတွေဟာ မင်္ဂလာပွဲတွေမှာ မရိုးနိုင်တဲ့ ပျော်ရွှင်မှု ရှာနည်းတမျိုးလို ဖြစ်နေပါ တယ်။ ဖိတ်တဲ့ ဧည့်သည်များလေ (စားပွဲဝိုင်းများလေ) သတို့သား သောက်ရတဲ့ အရက်ခွက်တွေ များလာလေပါပဲ။
ဒါပေမဲ့ ပွဲပြီးသွားတဲ့အခါ သတို့သားနဲ့ သတို့သမီး ဘာတွေ ဖြစ်ကြသလဲ။ အမူးလွန်နေတဲ့ သတို့သားက သတို့ သမီးရဲ့ ၀တ်စုံပေါ်ကို အရက်တွေ အန်ချလိုက်တဲ့အတွက် သတို့သမီးဟာ သူမရဲ့ မင်္ဂလာဦးညကို မင်္ဂလာ ၀တ်စုံ လျှော်ရင်း ဖြတ်သန်းလိုက်ရတဲ့ ဇာတ်လမ်းတွေ ကြားနေ၊ တွေ့နေရပေမဲ့ မင်္ဂလာပွဲတွေ ကြုံလာတဲ့အခါ အရက် ကို တိုက်သူတွေက တိုက်နေကြသလို သောက်သူတွေကလဲ သောက်နေကြဆဲပါပဲ။ ဒီတခေါက် သတင်းစာတွေ မှာပါ နေရာယူလာတဲ့ အဖြစ်အပျက်တခုကတော့ ၀မ်းနည်းစရာ ၊ ကြေကွဲစရာ ကောင်းလွန်းလှပါတယ်။

စင်္ကာပူနိုင်ငံက နံမည်ကြီး ဟိုတယ် တခုမှာ မင်္ဂလာပွဲ အကြီးအကျယ် ကျင်းပခဲ့တဲ့ သတို့သားဟာ သူ့ရဲ့ သတို့သမီးရှိရာ မင်္ဂလာဦး ဟိုတယ်ခန်းကို ပြန်လာရမဲ့ အစား ဟိုတယ် ၄ ထပ်က ပြုတ်ကျ အသက်ပေးသွားရခဲ့ ပါတယ်။ လုံခြုံရေး ကင်မရာတွေကနေ ရိုက်ယူထားခဲ့တဲ့ ဗွီဒီယို ပုံရိပ်တွေအရ သတို့သားဟာ ဆေးလိပ် ထွက် သောက်ပြီးနောက် သတို့သမီး ရှိရာကို ပြန်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ဟိုတယ်ရဲ့ လမ်းတွေနဲ့ အကျွမ်းတ၀င် ရှိပုံမရတဲ့ သတို့သားဟာ ထွက်ပေါက်ကိုတွေ့ဖို့ စိတ်လှုပ်ရှားစွာ ကြိုးစားခဲ့တာကို မှတ်တမ်းတင် ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ အရက်ကြောင့် အသိစိတ်လွတ်လုလု ဖြစ်နေတဲ့ သတို့သားဟာ သတို့ သမီး ဆီ ပြန်ရောက်ရမဲ့ အစား ၄ ထပ်က ပန်းအိုးတွေထားတဲ့ အစွန်းပေါ်ကို ကျော်တက်မိပြီး မြေပြင်ပေါ်ကို ပြုတ်ကျ အသက်ပေးခဲ့ရပါတယ်။
ဝမ်းနည်းစရာ အဖြစ်အပျက်ကို ထပ်ပြီး ကြေကွဲစေတာကတော့ သတို့သမီးပါပဲ။ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ ချစ်ခဲ့ရတဲ့ ချစ်သူရဲ့ ဒီအဖြစ်ဆိုးကို ဘယ်လိုမှ လက်သင့်မခံနိုင်ပဲ သတို့သမီးဟာ ဒီအဖြစ်ဆိုးတွေ ဖြစ်ပြီး ၈ လ အကြာမှာတော့ တိုက်ပေါ်က ခုန်ချပြီး သတ်သေသွားခဲ့ပါတော့တယ်။ ဖြစ်ဖြစ်ပြီးချင်း ပထမ အကြိမ် သတ်သေဖို့ ကြိုးစားစဉ်က မိဘတွေက အချိန်မီ သိပြီး တားမြစ်နိုင်ခဲ့ပေမဲ့ ဒီအချိန်မှာတော့ အချိန်မမီခဲ့တော့ပါဘူး။ သူတို့ ၂ ယောက် နောက်ဘ၀မှာ (ရှိများ ရှိခဲ့ရင်) ပေါင်းရလို့ မင်္ဂလာပွဲကျင်းပခွင့်ရမယ်ဆိုရင် အရက်တွေ အလွန်အကျွံ သောက်ကြ၊တိုက်ကြတဲ့ ပွဲမျိုးနဲ့ မကြုံရပါစေနဲ့လို့များ သူမ ဆုတောင်း သွားလေမလား လို့ တွေးနေမိပါတယ်။

Monday, August 16, 2010

မှတ်သားမှတ်ရာ အတိုအထွာ

yawing
လူတွေဟာ အောက်ဆီဂျင် လိုအပ်မှုကြောင့်ဖြစ်စေ၊ ပျင်းရိ ငြီးငွေ့မှုကြောင့် ဖြစ်စေ သမ်းဝေတတ်ကြပါတယ်။ အဲလို သမ်းဝေတဲ့အခါ မိမိ ပါးစပ်ကို လက်ဝါးနဲ့ ကွယ်ပြီး သမ်းဝေတာဟာ ဒီနေ့ခေတ်ရဲ့ ယဉ်ကျေးမှု တခုလို့ ဆိုနိုင်ပါ တယ်။ ဒါပေမဲ့ ဒီအလေ့အထရဲ့ မူလ အစကတော့ ကြောက်ရွံ့ခြင်းက စတယ်လို့ ဆိုပါတယ်။ ရှေးက လူတွေဟာ သမ်းဝေခိုက် မိမိ ခန္ဓာကိုယ်အတွင်းက ၀ိညာဉ်ထွက်သွားမှာကို စိုးရိမ်တဲ့ စိတ်ကြောင့် မိမိရဲ့ ပါးစပ်ကို ဖုန်းကွယ်တာ လို့ မှတ်သားရပါတယ်။
balding
ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ငဲ့ကြည့်လိုက်မယ်ဆိုရင် ထိပ်ပြောင်နေတဲ့ အမျိုးသား အများစုကို တွေ့ဖူးပါလိမ့်မယ်။ ဒီလို ဖြစ်ရခြင်းကတော့ သူတို့တွေမှာ ပါလာတဲ့ မွေးရာပါ ဟိုမုန်းဓါတ်တမျိုးကြောင့် ဖြစ်ပါတယ်။ ယောက်ျားလေး တွေ အရွယ်ရောက်လာတဲ့အခါ အသံပြောင်းခြင်း၊ မုတ်စိတ်မွေး၊ ပါးသိုင်းမွှေးများ ပေါက်ရခြင်းရဲ့ အကြောင်းရင်း ဟာလဲ ဒီဟိုမုန်းဓါတ်ကြောင့် ဖြစ်ပါတယ်။
hiccuping
လူတိုင်းဟာ တကြိမ်မဟုတ် တကြိမ်တော့ ကြို့ထိုးဖူးကြပါလိမ့်မယ်။ များသောအားဖြင့် ကြို့ထိုးခြင်းဟာ မိနစ်ပိုင်း သာ ကြာတတ်ပြီး အသေးအဖွဲအဖြစ်သာ သဘောထားတတ်ကြပါတယ်။ ဒါပေမဲ့ ကြို့ထိုးခြင်းဟာ နာရီပိုင်းအထိ ကြာလာတဲ့အခါမှာတော့ လူတွေရှေ့မှာ အရှက်ကွဲရတတ်ပါတယ်။ ကြို့ထိုးတာကို ကုသတဲ့ နည်းအမျိုမျိုး ရှိတဲ့ အနက် အသက်အောင့်ပြီး ရေတ၀ သောက်ခြင်း၊ ရုတ်တရက် လန့်သွားအောင် လုပ်ခြင်းတို့ဟာ အသုံးများ သော နည်းများ ဖြစ်ပါတယ်။

Saturday, July 17, 2010

သတင်း..အတိုအထွာ

စင်္ကာပူနိုင်ငံမှာ ရေကြီးပြန်ပြီ။
ဒီသတင်းက တကယ်တော့ အထူး အဆန်း မဟုတ်တော့ပါဘူး။ ခုတလော စင်္ကာပူ မှာ ရွာတဲ့ မိုးတွေက ရေပါတယ်။ ရေပါတော့ ရေမြောင်းတွေရဲ့ လုပ်နိုင်စွမ်းကို ကျော်သွားတဲ့အခါ လမ်းတွေမှာ ရေလွှမ်းမှု ဖြစ်လာတယ်..လူတွေက အစိုးရကို အပြစ်တင်တယ်။ အစိုးရက ရာသီဥတုကို အကြောင်းပြတယ်။ လူတချို့က ဒါကို ရေကြီးတာ မခေါ်ဘူးလို့ ဆိုတယ်။

နိုင်ငံတကာ ကွန်ဖရင့်တွင် စာစောင် ထုတ်ဝေခွင့် ရခြင်း။
ဒီနေ့ အဖွဲ့ထဲက သုတေသန ပညာရှင်တယောက်တင်တဲ့ စာစောင်.. ကွန်ဖရင့်တခုမှာ ထုတ်ဝေခွင့် ရတယ်။ ကိုယ့် နံမည်က တတိယ နေရာမှာ။ ဒါပေမဲ့ မပျော်ဘူး။ ငါးကြီးက ငါးသေးကို စားတဲ့ ဒီ သုတေသန လောကလို့ ကိုယ် မြင်နေမိတာ ကြာပြီ။ စာရေးခြင်းက အနုပညာ တရပ်ဆိုရင် သုတေသန စာစောင် ရေးခြင်းကတော့ မရှိတာ ကို အရှိလုပ်ပြီး သေးသေးကို ကြီးကြီး လုပ်ရတဲ့ ပညာပဲ။ ကိုယ် အဲဒီ အနုပညာကို မကျွမ်းကျင်သေးဘူး။

(၅) နှစ်အရွယ် သမီးငယ်ကို ရေနွေးပူနဲ့လောင်းတဲ့အမှု အတွက် မိခင် တယောက်ကို ထောင် (၁၀) လ ချလိုက်ခြင်း။
မိခင်က သားသမီးကို နှိပ်စက်တယ်။ ရေနွေးအိုးထဲက ရေနွေးနဲ့ သမီးရဲ့ ခေါင်းပေါ်ကနေ လောင်းချတယ်။ အကျီလှမ်းတဲ့ ချိတ်နဲ့ ရိုက်တယ်။ လူတွေက စိတ်ပင်ပန်းမှုကြောင့်လား။ မိခင်နဲ့ သားသမီးကြားထဲမှာ ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတွေ လျော့လာလို့လား။ ဒီနေ့ သတင်းထဲမှာပဲ သားနဲ့ လိင်ဆက်ဆံမှု ကြောင့် မိခင်တယောက်ကို ထောင် ၉ နှစ်ချလိုက်တယ်။ ငယ်ငယ်လေးထဲက မွေးစားဖို့ ပေးလိုက်တဲ့ သားကို ၁၆ နှစ် အကြာမှာ facebook က တဆင့်လိုက်ရှာပြီးနောက် လိင်မှုဆက်ဆံခဲ့တဲ့ အမှုကြောင့် အပြစ်ပေးလိုက်တာ ဖြစ်တယ်။

ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ဒူးရင်းသီး အ၀ယ်လွှတ်ခြင်း။
ချမ်းသာတဲ့လူတွေက ချမ်းသာပြီး ဆင်းရတဲ့လူတွေက ဆင်းရဲနေရတာ လောကကြီးရဲ့ အမှန်တရားပဲလား။ ကမ္ဘာကြီးရဲ့ တနေရာမှာ ထမင်းမစားနိုင်တဲ့လူတွေ ထောင်သောင်းချီနေတယ်။ ဒီအချိန်မှာ တရုတ်ပြည်ရဲ့ သူဌေးတယောက်က စင်္ကာပူနိုင်ငံကို ကိုယ်ပိုင် ဂျက်လေယာဉ်တစီး လွှတ်လိုက်တယ်။ ဒူးရင်းသီး ၀ယ်ဖို့တဲ့။ စင်္ကာပူ ဒေါ်လာ ၂၀၆၅ ဖိုး ဒူးရင်းသီး ၈၈ လုံးကို ၈၁၈ ဆိုတဲ့ ဆိုင်က နေ ၀ယ်သွားခဲ့တယ်။

Wednesday, June 30, 2010

ဘယ်သူ ဥာဏ်ပိုသာသလဲ

အမျိုးသမီးများ၏ ဦးနှောက်သည် အမျိုးသားများ၏ ဦးနှောက်ထက် သေးငယ်ပြီးတော့ အလေးချိန်အားဖြင့်လည်း ၁၀ ရာနှုန်းထက် ငယ်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်က ဆိုပါတယ်။ အမျိုးသားများရဲ့ ဦးနှောက်က ပျမ်းမျှအားဖြင့် ၁.၃ ကီလိုဂရမ်လေးပြီးတော့ အမျိုးသမီးတွေရဲ့ ပျမ်းမျှဦးနှောက်ကတော့ ၁.၁၇ ကီလို ဂရမ်ခန့်သာရှိပါတယ်။ ယေဘူယျအားဖြင့် ဦးနှောက်ကြီးတဲ့ တရိစ္ဆာန်တွေဟာ ပိုပြီး ဥာဏ်ပြေးတယ်ဆိုတဲ့ သုတေ သန ပြုချက်တွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး တော်တယ်၊ ဥာဏ်ပြေးတယ်ဆိုတာ မှန်ပါသလား။ အဖြေကတော့ မှားပါတယ်။
အမျိုးသားနဲ့အမျိုးသမီးတွေဟာ ဥာဏ်ကို သုံးပြီး ဖြေဆိုရတဲ့ စစ်ဆေးချက်တွေမှာ အမှတ်တူရအောင် ဖြေဆိုနိုင် တာ တွေ့ရပါတယ်။ ဒီလေ့လာချက်နဲ့ ပတ်သတ်လို့ သိပ္ပံပညာရှင်တွေဟာ နှစ်ပေါင်းများစွာ အဖြေရှာမရ ဖြစ်ခဲ့ကြပါတယ်။ မကြာသေးခင်ကာလမှာပဲ ဒီအချက်နဲ့ ပတ်သတ်လို့ အဖြေကို သိပ္ပံပညာရှင် တဖွဲ့က အဖြေ ထုတ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ.. ဦးနှောက်ရဲ့ အရွယ်ပမာဏထက် ဦးနှောက်တွင်းမှာ ရှိတဲ့ အရာကသာ လူတဦးရဲ့ ဥာဏ်ရည်ကို ဆုံးဖြတ်ပေးပါတယ်။ လူတဦးရဲ့ ဦးနှောက်မှာ အဖြူရောင် အပိုင်း နဲ့ မီးခိုးရောင် အပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်း ရှိတဲ့အနက် မီးခိုးရောင်အပိုင်းက စဉ်းစားတွေးခေါ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ပြီး အဖြူရောင် အပိုင်းကအချက်အလက်တွေကို တနေရာကနေ တနေရာကို သယ်ယူပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ အမျိုးသားတွေရဲ့ ဦးနှောက်ကို အမျိုးသမီးတွေရဲ့ ဦးနှောက်ထက် ကြီးစေတာ ကတော့ အဖြူရောင် အပိုင်းသာ ဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်ရာမှာ အသုံးပြုတဲ့ မီးခိုးရောင် ဦးနှောက်ကတော့ အမျိုးသမီးနဲ့ အမျိုးသားမှာ အတူတူသာ ဖြစ်ပါတယ်။
တနည်းအားဖြင့် လူတွေမှာ ဦးနှောက်သေးခြင်းဟာ စွမ်းဆောင် နိုင်ရည်ပိုမြင့်ခြင်းလို့လဲ ဆိုနိုင်ပါသည်။ အမျိုးသမီးတွေရဲ့ ဦးနှောက်မှာ မီးခိုးရောင် အပိုင်းနဲ့ အဖြူရောင် အပိုင်းရဲ့ ဆက်သွယ်မှုက ပိုပြီး ကောင်းနေတာ ကို တွေ့ရပါတယ်။ ဒါရဲ့ အကျိုးဆက်အဖြစ် ကလေးဘ၀မှာ မိန်းကလေးအများစုက စကား မြန်မြန်ပြောနိုင်တာ ကို တွေ့ရပါတယ်။ ဒါ့အပြင် လူကြီးဘ၀မှာလဲ အမျိုးသမီးများကသာ လုပ်ငန်း ၄၊၅ ခုကို တပြိုင်နက် လုပ်ဆောင် နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်တာ တွေ့ရပါတယ်။ ဖုန်းပြောရင်း ဟင်းချက်နေတဲ့ အမျိုးသမီး တယောက်က သူမ ဘေးမှာ ဆော့ကစားနေတဲ့ ကလေးကို တပြိုင်နက်ထဲမှာ ထိန်းနိုင်ပါတယ်။ အမျိုးသားများကတော့ တချိန်မှာ အလုပ်တခုကိုသာ လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဖြူရောင် ဦးနှောက်ကို ပိုပြီး ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေမှာလည်း အားသာချက် အချို့ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ ခရီးလမ်းညွှန်၊ မြေပုံတွေနဲ့ ပတ်သတ်လာရင် အမျိုးသမီးတွေထက် အားသာတာကို တွေ့ရပါတယ်။
သုတေသနပညာရှင်တွေရဲ့ သုတေသနပြုချက်အရ အမျိုးသမီးနဲ့ အမျိုးသားရဲ့ ခြားနားချက်ဟာ မိခင် ၀မ်း အတွင်း မှာ စတယ်လို့ ဆိုပါတယ်။ ၉ ပတ် အရွယ်မှာ ကလေးရဲ့ ဦးနှောက်ဟာ စတင် ဖွံ့ဖြိုးလာပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ တက်စတို စတီရုန်းလို့ ခေါ်တဲ့ ဟိုမုန်း ဓာတ်တမျိုး တိုးပွားလာခြင်းဟာ မတူညီတဲ့ ယောက်ျားလေးနဲ့ မိန်းကလေး တွေရဲ့ ဦးနှောက် စတင်ဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်တယ်လို့ လေ့လာတွေ့ရှိချက်များက ဆိုပါတယ်။
လုပ်ငန်းခွင်ရွေးချယ်မှုဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ မတူညီတဲ့ ဦးနှောက်ပေါ်မှာ မူတည်နေတာ မငြင်းဆိုနိုင်ပါဘူး။ အမေရိကန် နိုင်ငံမှာ ၈၅ ရာခိုင်နှုန်း သော အာခီပညာရှင်တွေနဲ့ ၉၀ ရာခိုင်နှုန်း မက္ကင်းနစ် တွေဟာ အမျိုးသားများ ဖြစ်နေပြီးတော့ ဘာသာစကား ကျွမ်းကျင်သူ ၉၄ ရာခိုင်နှုန်းဟာ အမျိုးသမီးများ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။
အထက်ပါ လေ့လာဆန်းစစ်မှုများဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ယေဘူယျ သုံးသပ်ချက်သာ ဖြစ်ပါတယ်။ သို့သော် လူသားတို့ရဲ့ ဦးနှောက်သည် အချိန်နဲ့ အမျှ ပြောင်းလဲနေသည့်အပြင် အသုံးချမှု လေ့လာမှု အပေါ်မှုတည်ပြီး တိုးတက်မှု၊ ဆုတ်ယုတ်မှုများ ဖြစ်နေသည် ဖြစ်ရာ.. ထူးချွန်သူများ ဖြစ်လာစေရန် မိမိတို့၏ ဦးနှောက်ကို ပြုစု ပျိုးထောင်ကြရမည် ဖြစ်ပါသည်။

Saturday, June 5, 2010

အချိန်က တိုက်စားသည့်အခါ...

အခန်း(၁)
ကိုယ် တတိယတန်း၊ သူမတို့ အိမ် အလည်လိုက်သွားသည့်နေ့မှာ မိမိကိုယ်ကို ယုံကြည်စိတ်တို့ ပျောက်သွားခဲ့သည်။ ကြီးကျယ် ခမ်းနားသည့် တိုက်ကြီးကို ငေးရင်း သူမကို အားကျစိတ်နှင့်အတူ မိမိဘ၀ကို သိမ်ငယ်စိတ် ၀င်လာခဲ့သည်။ အဲဒီအခါ ကိုယ့်ကိုယ်ကို လှည့်စားရင်း သူမတို့ကိုပါ လှည့်စားဖြစ်ခဲ့သည်။ မိမိရဲ့ ဖြစ်ချင်သော ချမ်းသာကြွယ်ဝမှုများကို အမှန်ရှိသယောင် သူမတို့ ယုံအောင် ပုံပြင်တပုဒ်လို ပြောပြဖြစ်ခဲ့သည်။

သို့သော်.. ကိုယ့်ရဲ့ အယောင်ဆောင်ဘ၀ဟာ စောစောစီးစီးပဲ အဆုံးသတ်သွားခဲ့ရသည်။ ကိုယ် (၅) တန်းနှစ် အသည်းရောင် အသားဝါရောဂါနှင့် ကျောင်းမတတ်နိုင် ဖြစ်နေစဉ်မှာ ကိုယ့်ရဲ့ ဘ၀အမှန်ကို သူမတို့ သိသွားခဲ့သည်။နေမကောင်းဖြစ်ကာ အိမ်မှာ နားနေရစဉ် သူမတို့ ရေးပေးလိုက်သော စာတစ်စောင်နှင့်အတူ သူမတို့နဲ့ ကိုယ့်ရဲ့ သူငယ်ချင်းဘ၀က အဆုံးသတ်ခဲ့ရသည်။ အဲဒီနေ့က စလို့ပေါ့ .. ဒီမြို့လေးရဲ့ အထက်တန်းကျောင်းမှာ စာပြိုင်ဘက် ၂ ဖွဲ့ ထွက်ပေါ်လာခဲ့သည်။ တဘက်က သူမ ဦးဆောင်တဲ့ သူငယ်ချင်း (၅) ယောက်၊ ဒီဘက်မှာက ကိုယ် တဦးတည်းပါဝင်တဲ့ တကိုယ်တော်အဖွဲ့။ ပညာနဲ့ပတ်သတ်လို့ အပြင်းအထန် ယှဉ်ပြိုင်ကြိုးစားခဲ့တဲ့ ကိုယ်ဟာ သူမတို့ရဲ့ ချိုးနှိမ်သမျှ စကားလုံးတွေကို ကိုယ် ခေါင်းညိတ်ခံခဲ့တယ်။ သူမတို့က ဘာကို အခဲမကြေနိုင်သည် မသိ။ ကိုယ် တတ်နိုင်သမျှ ရှောင်နေတဲ့ကြားက တခါတရံ ကိုယ့်ရဲ့အတန်းခွဲရှေ့ ကိုလာပြီး ကိုယ့်ကို ရစရာမရှိအောင် နှိပ်ကွပ်တတ်သည်။ သူမကို (၁၀) နှစ်ကြိုးစားတောင် မမီနိုင်ပါဘူးဆိုတဲ့ စကားတွေနဲ့ လှောင် ရယ်သံတွေကြားမှာ ကိုယ် မျက်ရည်ကြတတ်ခဲ့သည်။ သူမကို ကိုယ်မုန်းသည်။ သူမဘေး က ၀န်းရံပြီး ကိုယ့်ကို ၀ိုင်းအာနေကြသော သူမရဲ့ အဖွဲ့ဝင် သူငယ်ချင်းများ(တချိန်က ကိုယ့်ရဲ့ သူငယ်ချင်းတွေ) ကို မုန်းသည်။ ဒါပေမဲ့ ကိုယ် သူတို့နှင့် ထိပ်တိုက် ရင်မဆိုင်ရဲခဲ့။ ကိုယ် သူတို့ကို ရင်ဆိုင်လိုက်ရင် ကိုယ့်ရဲ့ ကြွားဝါတတ်တဲ့ စိတ်ကို တခြားသူငယ်ချင်းတွေ သိသွားမှာ စိုးရိမ်ခဲ့သည်။ ဒီလိုနဲ့ သူမတို့အဖွဲ့ စော်ကားသမျှ ကို ရင်ထဲမှာ သိမ်းရင်း ကိုယ့်ဘ၀ကို ၀မ်းနည်းအားငယ်သည့်အခါ မျက်ရည်ကျရင်း ကိုယ် (၁၀) တန်း မြန်မြန်ရောက် ဖို့ သာ ဆုတောင်းခဲ့မိသည်။ အဲဒီအချိန်က ကိုယ့်ဘ၀ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို မေးလာခဲ့ရင် (၁၀)တန်းမှာ သူမတို့ တဖွဲ့လုံးထက် (ဖြစ်နိုင်မယ်ဆိုရင်) တမြို့နယ်လုံးမှာ ရှိသမျှ ကျောင်းသားတွေထက် ကျော်နိုင်ဖို့သာ ဖြစ်တယ်။ အဲ့ဒီအတွက် ကိုယ် အပြင်းအထန် ကြိုးစားခဲ့ရသည်။

သူမနှင့် ကိုယ်သည် ကိုယ်ပိုင်စွမ်းအင် ရှိတာခြင်း၊ ဥာဏ်ကောင်းတာခြင်း တူကောင်းတူမည် ဖြစ်သော်လည်း သူမက မိဘ တီထွင်ပေးသော လမ်းပေါ်တွင် သက်တောင့်သက်သာ လျှောက်လှမ်းနေရတာ ဖြစ်သည်။ သူမတွင် သူမကို သိပ်ချစ်သည့် လမ်းညွှန်ပြသပေးနိုင်သည့် ပြလဲ ပြသပေးနေသည့် အမ နှစ်ယောက် ရှိသည်။ ကိုယ့်မှာလဲ ကိုယ့်ကို သိပ်ချစ်တဲ့ အမ တယောက် အကို တယောက် ရှိပါသည်။ သို့သော် မမနှင့်ကိုကိုက ပညာရေးနှင့် ပတ်သတ်၍ ကိုယ့်ကို မညွှန်ပြနိုင်ခဲ့။ ထို့အတွက် ကိုယ် သူမတို့အဖွဲ့ကို ကျော်နိုင်ဖို့ သူမတို့ထက် ပိုကြိုးစားခဲ့ရသည်။ ကိုယ်မှတ်မိနေပါသေးသည်။ ကိုယ်တို့ (ရ)တန်းနှစ်မှာ ကျောင်း ကိုယ်စားပြု စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ၀င်ဖို့ ကိုယ်တို့ နှစ်ယောက်ကို ကျောင်းက ရွေးသည်။ ကိုယ့်မှာ ပြိုင်ပွဲနေရာကို သွားဖို့ စက်ဘီးလေး တစီးတောင် မရှိခဲ့။ အဲဒီအတွက် သူမရဲ့ စက်ဘီး နောက်မှာ ကိုယ် ထိုင်လိုက်ခဲ့ရသည်။ ထူးခြားတာတခုက သူမက ကိုယ့်ကို ရန်မရှာခဲ့။ ဆရာမတွေပါလို့ ဖြစ်နိုင်ပေမဲ့ သူမနှင့် ကိုယ် ၂ ယောက်ထဲ ရှိချိန်မှာလဲ သူမ စာပဲ ဖတ်နေတတ်တသည်။ ဒါပေမဲ့ သူမ သူငယ်ချင်းတွေ ပါလာပြီ ဆိုလျှင်တော့ ကိုယ့်မှာ နေစရာ မရှိတော့ ဒေါင်းယောင်ဆောင်သော ကျီးတို့ ၊ တောသမတို့.. စတဲ့ စကားတွေနဲ့ နှိပ်ကွပ်တတ်ကြသည်။ ထို့အတွက်လဲ သူမထက်စာရင် (သူမက အဓိက စာပြိုင်ဘက် ဖြစ်နေခဲ့သော်လည်း) သူမ သူငယ်ချင်းတွေကို ကိုယ် ပိုမုန်းခဲ့သည်။

ကိုယ်နဲ့ သူမက နေရာတော်တော်များများမှာ တူနေတတ်သည်။ နှုတ်ခမ်းဖျား တွင် မှဲ့ပါတာခြင်းတူသည်။ လက်ရေး လက်သား တူသည်။ ကိုယ်တို့ (၄)တန်းနှစ်မှာ သူမနှင့်ကိုယ့်လက်ရေးကို မှားပြီး ဆရာမက လေ့ကျင့်ခန်း စာအုပ် မှားပေးခဲ့ဖူးသည်။ (နောက်တော့ သူမ လက်ရေးပြောင်းသွားခဲ့သည်ဟု သိရသည်။ အခုအချိန်မှာ သူမ လက်ရေး ဘယ်လိုရှိနေမလဲ ကိုယ် သိချင်ပါသေးသည်။)အတန်းထဲမှာ စာအသစ်တပုဒ်ပေးလိုက်ရင် အဖြေရတဲ့အချိန်၊ အလွတ်ဆိုရမည့် စာဆိုပါက အလွတ်ပြန်နိုင်တဲ့ အချိန် တူသည်။ ဘ၀ပေး အခြေအနေကလွဲလို့ နေရာတော်တော်များများမှာ ထပ်တူကျနေခဲ့သော သူမနှင့် ကိုယ့်ကို အဆင်ပြေ နိုင်ဖို့ ဆရာ၊ဆရာမ တော်တော်များများက ကြိုးစားခဲ့ဖူးသည်။

ကိုယ်တို့ (၁၀)တန်းနှစ်မှာတော့ သူမ ရန်ကုန်ကို ကျောင်းသွားတက်ခဲ့သည်။သို့သော် သူမ၏ နံမည်ကတော့ ကျောင်းက ဖြေဆိုမည့် ကျောင်းသားတွေရဲ့ စာရင်းမှာပဲတဲ့။ အဲဒီစကားကို ကြားတော့ ကိုယ်ကျောင်းကို နာကျည်းစွာ ရီမိသည်။ သူမကို ကျောင်းက ထားရှိတဲ့ မျှော်လင့်ချက်၊ အထင်ကြီးမှုတွေက မကုန်နိုင်အောင်ပါပဲလား ဟူသော အတွေးဖြင့် ကိုယ် ပြုံးခဲ့မိသည် ထင်ပါသည်။

အခန်း(၂)

(၁၀) တန်းအောင်တော့ သူမက ဂုဏ်ထူး နှစ်ခု၊ ကိုယ်က သုံးခု။အောင်စာရင်း ကြည့်ရာ ကျောင်းအုပ်ကြီး ရုံးခန်းမှာဆုံတော့ ကိုယ့်လက်ထဲက အောင်စာရင်းစာရွက် မိတ္တူကို သူမလက်ထံ ကမ်းပေးခဲ့မိ သည်။ အပြုံးသဲ့သဲ့ ဖြင့် နှုတ်ဆက်ဖြစ်တော့ သူမလဲ ပြန်ပြုံးပြခဲ့သည် ထင်ပါရဲ့။ အဲဒီအချိန်မှာ ကိုယ်ဘာလို့ ပြုံးပြ လိုက်မိသလဲ အခုအချိန်ထိ စဉ်းစားမရနိုင်။ သူမကို ကိုယ်နိုင်သွားပြီဆိုတဲ့ သဘောနဲ့တော့ မဟုတ်တာ သေချာ သည်။ အဲဒီနေ့က ကိုယ် မပျော်နေခဲ့ဘူးလေ။ ဘာသာစုံ ဂုဏ်ထူးမထွက်ပေမဲ့ အမှတ်ကောင်းမှာပါဆိုတဲ့ မိဘတွေရဲ့ အားပေးစကားနဲ့ အမှတ်စာရင်းကို မျှော်နေတုန်း ကိုယ် ကွန်ပျူတာ သင်တန်း တက်ဖြစ်ခဲ့သည်။ ရေစက် တခုရဲ့ စေခိုင်းရာလို့ပဲ ဆိုရမလား။ သူမကလဲ ကိုယ်တက်တဲ့ သင်တန်းမှာပဲ ကွန်ပျူတာ လာတတ်ပြန်သည်။ သင်တန်း ချိန် မတူပေမဲ့ သင်တန်းဆင်းပွဲ နောက်ဆုံးနေ့မှာတော့ ကိုယ်တို့ ဆုံဖြစ်ကြပြန်သည်။ ဒီပွဲမှာတော့ သူမကို ကိုယ် စကားစပြောနိုင်ခဲ့သည်။အတိတ်ကို ပြန်လည်တူးဆွမှု မရှိတဲ့ စကားတွေဖြင့် အပြန်အလှန် နှုတ်ဆက်ခဲ့ဖြစ်ကြ သည်။ ရင်ထဲက နာကျည်းခဲ့ရတဲ့ အမုန်းတွေ မကြေနိုင်သေးခဲ့ပေမဲ့ သူမကို နှစ်ကိုယ်ခွဲ အဖြစ် ကိုယ် မြင်နိုင်ခဲ့ပြီ ဖြစ်သည်။ ကိုယ့်ကို အမြဲအနိုင်ကျင့်ခဲ့တဲ့ သူမ တကိုယ်ကို ကိုယ်မုန်းတီးနေဆဲပေမဲ့ ကိုယ့်ဘ၀ရဲ့ စာပြိုင်ဘက်၊ နေရာတော်တော်များများမှာ ထပ်တူကျနေတတ်တဲ့ သူမ တကိုယ်ကို ကိုယ် ခင်မင်နေဆဲဆိုတာ သိလိုက်ရသည့် ကာလလဲ ဖြစ်ပြန်သည်။

အခန်း(၃)
ကိုယ် ဒီနေ့ သူမရဲ့ မင်္ဂလာပွဲက ပြန်လာခဲ့သည်။ သေချာတာ တခုက ကိုယ်သိပ်မုန်းတီးတဲ့ သူမ တကိုယ် သေသွားခဲ့ပြီ ဖြစ်သည်။ အမုန်းမရှိတော့တဲ့ အခါ အပြုံးတွေက ချိုနေပြန်သည်။ အစ အနောက်စကားတွေ ကြားမှာ သူမ ပျော်ရွှင်သလို ကိုယ်လဲ ပျော်ရွှင်မိပြန်သည်။ ဘယ်အရာက ကိုယ့်ရင်ထဲက အမုန်းတွေကို ဖယ်သွား သလဲ ကိုယ်မသေချာပေမဲ့ အမုန်းတွေ ဖယ်သွားသည့် ကိုယ့်ရင်က အေးချမ်းနေတာတော့ အမှန်ဖြစ်သည်။ ၁၅ နှစ်ကျော် ထမ်းလာခဲ့ရသော ၀န်ထုပ်တခု ပြုတ်ကျသွားသလို ကိုယ်ခံစားရသည်။

ကိုယ်ပျော်နေသည်။.............

Tuesday, March 2, 2010

နှုတ်ဆက်ဖို့ ခက်တယ်...

ချစ်သူ....
ခုတလော နင့်ရဲ့ မျက်လုံးတွေမှာ အရိပ်တခုကို တွေ့နေရတယ်။ နင် ဘာဖြစ်နေတာလဲ ချစ်သူရယ်။ ငါ့ကို ဖွင့်ပြောဖို့ ခက်နေတာလား။ ငါဆိုတဲ့ ငါဟာ နင့်ကို နင်ကိုယ်တိုင်ထက် ဖတ်တတ်ခဲ့သူ တယောက်ဆိုတာ နင်မေ့နေပြီလား။ နင့်ရဲ့ မျက်လုံးတွေက တဆင့် နင့်နှလုံးသားကို ငါ မြင်နေရပါတယ်။ ခံစားချက်မရှိတော့ရင် အချစ်ဆိုတာ ဘာအတွက်လဲ ချစ်သူရယ်။ နင် စိတ်ညစ်မနေပါနဲ့ ချစ်သူရယ်။ အားလုံး အဆင်ပြေသွားမှာပါ။

ချစ်သူ...
ငါတို့ ၂ ယောက် စတွေ့ကထဲက ငါ ပြောခဲ့ဖူးပါတယ်။ နင့်ဆီက ဘာတခုမှ ငါမတောင်းဆိုလိုပါဘူး။ အသစ်တွေ့ နေပြီဆိုရင်လဲ ငါခွင့်လွှတ်နားလည်ပေးနိုင်ပါတယ် ချစ်သူ။ ငါ နင့်ဆီက ဘာကိုမှ မလိုချင်ပါဘူး ချစ်သူ။ နင် ခေါ်တုန်းက အတူပါခဲ့သလို နင် ထားခဲ့မယ်ဆိုရင်လဲ ကျေကျေနပ်နပ် နေရစ်ခဲ့မဲ့သူပါ။ စိတ်မဆင်းရဲပါနဲ့ ချစ်သူ. နင့်ရဲ့ သောကကို ကြည့်ရက်နိုင်စွမ်း မရှိလို့ပါလေ။

ချစ်သူ...
နင့်ကို မျက်ရည်တွေနဲ့ ဆွဲဆောင်ထားဖို့ စိတ်ကူးမရှိပါဘူးလေ။ ငါဆိုတဲ့ ငါဟာ နင့်ရဲ့ ဆန္ဒတခုနဲ့ အသက်ရှင် နေသူ တယောက်ပါ။
နင် ဖြစ်ချင်တဲ့ အရာဟာ ငါဖြစ်ချင်တဲ့အရာပါပဲ ချစ်သူ။ နင်လိုချင်တဲ့ အရာတခုကို ရဖို့ ငါဟာ ပထမဆုံး ကူညီခွင့် ရသူ တယောက်ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ချစ်သူရယ်...နင့်ကို နှုတ်ဆက်လိုက်ဖို့တော့ ငါ့နှလုံးသားက အဆင်သင့် မဖြစ်သေးလို့ပါ ချစ်သူ။
လမ်းခွဲဖို့တော့ မပြောလိုက်ပါနဲ့ဟာ....

နင်လိုချင်တဲ့ အရာဟာ ငါလိုချင်တဲ့အရာပါ ချစ်သူ။ နင် စိတ်ချမ်းသာမှုကိုသာ လိုလားတဲ့သူပါ။ ငါလေ နင့်ကို မျက်ရည်တွေနဲ့ ဆွဲဆောင်မထားချင်ပါဘူးလေ။ ငါ့အပါးမှာ မပျော်တော့တဲ့ နင့်ကို ထိန်းချုပ်ထားဖို့ ဆန္ဒ မရှိတာ အမှန်ပါ ချစ်သူ။
ယုံကြည်ပေးပါ ချစ်သူ..........
နင် ဖြစ်ချင်တဲ့ အရာဟာ ငါဖြစ်ချင်တဲ့အရာပါပဲ ချစ်သူ။ နင်လိုချင်တဲ့ အရာတခုကို ရဖို့ ငါဟာ ပထမဆုံး ကူညီခွင့် ရသူ တယောက်ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ချစ်သူရယ်...နင့်ကို နှုတ်ဆက်လိုက်ဖို့တော့ ငါ့နှလုံးသားက အဆင်သင့် မဖြစ်သေးလို့ နှုတ်ဆက်စကားမဆိုပဲ တိတ်တိတ်လေး ထွက်သွားပေးပါ ချစ်သူ....
နှုတ်ဆက်ဖို့ ခက်တယ်...


ယုံကြည်ပေးပါ ချစ်သူ..........
နင် ဖြစ်ချင်တဲ့ အရာဟာ ငါဖြစ်ချင်တဲ့အရာပါပဲ ချစ်သူ။ နင်လိုချင်တဲ့ အရာတခုကို ရဖို့ ငါဟာ ပထမဆုံး ကူညီခွင့် ရသူ တယောက် ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ချစ်သူရယ်...နင့်ကို နှုတ်ဆက်လိုက်ဖို့တော့ ငါ့နှလုံးသားက အဆင်သင့် မဖြစ်သေးလို့ နှုတ်ဆက်စကားမဆိုပဲ တိတ်တိတ်လေး ထွက်သွားပေးပါ ချစ်သူ....
နှုတ်ဆက်ဖို့ ခက်တယ်..


ယုံကြည်ပေးပါ ချစ်သူ..........
နင် ဖြစ်ချင်တဲ့ အရာဟာ ငါဖြစ်ချင်တဲ့အရာပါပဲ ချစ်သူ။ နင်လိုချင်တဲ့ အရာတခုကို ရဖို့ ငါဟာ ပထမဆုံး ကူညီခွင့် ရသူ တယောက် ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ချစ်သူရယ်...နင့်ကို နှုတ်ဆက်လိုက်ဖို့တော့ ငါ့နှလုံးသားက အဆင်သင့် မဖြစ်သေးလို့ပါ ချစ်သူ။
လမ်းခွဲစကားမဆိုပဲ တိတ်တိတ်လေး ထွက်သွားပေးပါ ချစ်သူ....

နှုတ်ဆက်စကားဆိုဖို့ သိပ်ခက်နေလို့ပါ ချစ်သူ....

It is hard to say goodbye.
http://www.youtube.com/watch?v=7a0q-601_eM 

Saturday, February 27, 2010

သံသရာ စက်ဝိုင်း (၂၆ ရက် ဖေဖော်ဝါရီလ အမှတ်တရ)

တချိန်က....
ကိုယ်က လက်ပြနှုတ်ဆက်ခဲ့သူ....
ရှေ့ဆက်ရမဲ့ ခရီးလမ်းအတွက် အားမာန်တွေ အပြည့်ကြားမှာ ခွဲခွာခြင်းအတွက် ကြေကွဲမှုတွေနဲ့ အတူ...

အခုတော့...
ကိုယ်က နှုတ်ဆက်ကျန်ခဲ့ရသူ..
ထားခဲ့သူအတွက် ၀မ်းသာကြည်နှုးမှုတွေနဲ့ အတူ ကိုယ့်ဘ၀အတွက် ၀မ်းနည်းနေမိသူ..

ဒီနေ့ ဒီအချိန်ကနေ.. နောက် ၂ နှစ် ပြည့်တဲ့အခါ...ဘာတွေ ဖြစ်လာမလဲ..
ဘ၀ဆိုတာ အနိမ့်အမြင့်တွေနဲ့ သံသရာ စက်ဝိုင်းလည်ပတ်နေဆဲ..
ရပ်နေသူက ရပ်နေခိုက်မှာ...နောက်က ပြေးလိုက်လာသူတွေက ကျော်တက်...
ရေစီးကြောင်းနဲ့အတူ တရွေ့ရွေ့ နောက်ကို မျောပါသူက မျောပါ..
ပြေးသူက ပြေးနေဆဲ.....
ကိုယ်က ဘာလဲ...ဘယ်လဲ...ဘာအတွက်လဲ........

Tuesday, February 23, 2010

ကိုကို့အတွက်

အဲဒီနေ့က ကျွန်တော်တို့ တအိမ်လုံးဟာ သုသာန်တစပြင်လို တိတ်ဆိတ်နေခဲ့ပါတယ်.. ကျွန်တော် အခန်းထဲက စာကြည့်စားပွဲရှေ့မှာ တချိန်လုံး ထိုင်နေခဲ့တယ်.. ခရီးတခုကို ထွက်ခွာသွားဖို့ ပြင်ဆင်နေတဲ့ ကိုကို့ကို မကူညီပဲ ပေါ့..

သူ့ကို ကျွန်တော် နှုတ်မဆက်ချင်ဘူး။ ဟိုးအဝေးတနေရာမှာ စစ်ဖြစ်နေပြီဆိုတာကိုလဲ လက်မခံချင်ဘူး။ အဲဒီ စစ်ပွဲအတွက် ကိုကို အိမ်က ထွက်သွားတော့မယ်ဆိုတာကို ဦးနှောက်က သိနေပေမဲ့ ကျွန်တော့်ရဲ့ အသိတရား က လက်မခံခဲ့ဘူး။

ကိုကိုက အိမ်ရှေ့လမ်းမအတိုင်း တရွေ့ရွေ့ ထွက်ခွာသွားတာကို ကျွန်တော် ပြတင်းပေါက်ကနေ လှမ်းကြည့်နေ ခဲ့တယ်. ကိုကိုများ လှည့်ပြန်လာအုန်းမလားလို့ပေါ့.. ဒါပေမဲ့ သူ နောက်ကို တချက်မှ လှည့်မကြည့်ခဲ့ဘူး။ ခန္ဓာ ကိုယ် တချက်မှ မယိမ်းယိုင်ခဲ့ဘူး။ ခြေလှမ်း မပျက်ခဲ့ဘူး...

ကျွန်တော် တင်းမထားနိုင်တော့ဘူး.. လှေကားထစ်တွေကို ခုန်ကျော်ပြီး ကျွန်တော် သူ့နောက်ကို ပြေးလိုက်သွား ခဲ့တယ်..

ကိုကိုရေ.......ပြန်လာခဲ့ပါ...မင်းကြားရဲ့လား...
မင်းလိုချင်တဲ့ ငါ့ရဲ့ စစ်သားရုပ်လေးလဲ ပေးမယ်..
မင်းခိုင်းသမျှလဲ လုပ်ပါ့မယ်..
မင်းရဲ့ အခန်းကို ရှင်းပေးမယ်..မင်းကားကို ဆေးပေးမယ်...
ကိုကို......မင်း မသွားပါနဲ့..ပြန်လာခဲ့ပါ...

ကျွန်တော့် ငိုသံကို အကြားမှာ သူလှည့်ကြည့်လာတယ်.. ကျွန်တော့်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တဲ့ ကိုကို့ရဲ့ လက်တွေက ခွန်အား အပြည့်နဲ့ပါပဲ။ ကျွန်တော့ မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး စကားတခွန်းကိုပဲ သူ ပြောခဲ့ပါတယ်။ ညီ.....ညီအကို ဆိုတာ ဒါပဲပေါ့ကွာတဲ့....

အဲဒီနေ့ကစလို့ ကျွန်တော့်ဘ၀ထဲက ကိုကို ထွက်ခွာသွားခဲ့တယ်.. ကျွန်တော့်ဘ၀မှာ အားကျ အထင်ကြီးရတဲ့ လူတွေ အများကြီးပေါ့.. ဒါပေမဲ့ ကိုကို.. ကျွန်တော့်ကို အမဲလိုက်တတ်အောင် သင်ပေးခဲ့တဲ့... ကြက်တောင်ရိုက် တတ်အောင် သင်ပြပေးခဲ့တဲ့ မင်းကတော့ ငါ့ရဲ့ အချစ်ဆုံး သူရဲကောင်းတဦးပါ.။ ကျွန်တော် ညတိုင်း သူ့ဆီကို စာရေးခဲ့ပါတယ်။ ညတိုင်း အိပ်ရာထက်မှာ ကစားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ စကားပွဲတွေကို လွမ်းဆွတ်နေတဲ့ အကြောင်း ပြောပြခဲ့တယ်။

တခါတလေမှာ လွတ်လပ်ခွင့်ဆိုတာကြီးကို ရရှိဖို့အတွက် ကျွန်တော်တို့ဘ၀ထဲက ဘာတွေကို ပေးဆပ်ရအုန်း မှာလဲ။ ကျွန်တော်ချစ်တဲ့ လူသားနဲ့ အတူနေခွင့် ဆုံးရှုံးလိုက်ရတဲ့အခါ လွတ်လပ်မှုဆိုတာကြီးကို ကျွန်တော် မုန်းတီးမိတယ်။

ကိုကို...မင်းကြားရဲ့လား...
ကိုကို...ပြန်လာခဲ့ပါ...
သစ်ပင်ရိပ်အောက်မှာ ငါးဖမ်းရင်း၊ ဂစ်တာအတူ တီးရင်း အရင်လို ငါတို့ အတူ ရယ်မော ပျော်ရွှင်နိုင်ဖို့ ပြန်လာခဲ့ပါ။
မင်းခိုင်းသမျှအားလုံး ငါလုပ်ပေးမယ်..
မင်း ပြန်လာခဲ့ပါ။

တကယ်လို့ပေါ့ ကျွန်တော်သာ တန်ခိုးရှင် တယောက်ယောက်ဆီမှာ ဆုတောင်းလို့ ရခဲ့မယ်ဆိုရင်..ဒီစစ်ပွဲတွေ ကို ရပ်တန့်ဖို့ ဆုတောင်းမယ်. ဒါဆိုရင် စစ်ဆိုတာ မရှိတော့သလို တိုက်ပွဲတွေလဲ မရှိတော့ဘူး။ ဒါဆို ကိုကိုလဲ အိမ်ပြန်လာလို့ ရမယ်။ ဒါပေမဲ့ ကိုကိုကတော့ ကျွန်တော့် ဆီကို တကြောင်းထဲသော စာကို ပြန်ခဲ့ပါတယ်။ ညီ...ညီအကိုဆိုတာ ဒါပဲပေါ့ကွာ........တဲ့

ကျွန်တော့် ဘ၀မှာ သေနတ်တွေအကြား မပြေးလွှားခဲ့ရဘူး။ သွေးသံတွေကြား မလဲလျောင်းခဲ့ရဘူး။ ဒါတွေဟာ ကျွန်တော့ကို သိပ်ချစ်တဲ့ ကိုကိုကြောင့်ပဲပေါ့။

ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးခဲ့တယ်။ ဒီနေ့ဆိုရင် ကိုကို ကျွန်တော့်အနားက ခွဲသွားတာ ၂ နှစ်တိတိ ပြည့်တဲ့နေ့။ အိမ်ရှေ့ကို စစ်ကားတစီး ထိုးဆိုက်လာပြီး ဘီးတပ်ကုလားထိုင်နဲ့ ကိုကို့ကို တွေ့လိုက်ရတဲ့ ခနမှာ ကျွန်တော့် မျက်ရည်တွေကို သိမ်းခဲ့တယ်။
ညီ... မင်း ငါ့ကို အိမ်ထဲထိ တွန်းပို့ရတော့မယ်.. အဲဒီအတွက် ခွင့်လွှတ်ပါလို့ ပြောလာတဲ့ ကိုကို့ရဲ့ စကားသံ အဆုံးမှာ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း သူ့မျက်ဝန်းထဲကို စိုက်ကြည့်ရင်း ကျွန်တော် စကားတခွန်း ပြောနိုင် ခဲ့ပါတယ်။

ကိုကို.. ညီအကိုဆိုတာ ဒါပဲလေ..
dean brody brothers ကို ခံစားရေးဖွဲ့သည်။

Friday, February 12, 2010

ဖေဖေ့အတွက်

ကိုယ့်အသက် ငါးနှစ်။

ကိုယ့်ရဲ့ မျက်နှာပြင်ကို လေက ခပ်ပြင်းပြင်း တိုးဝှေ့နေသလို
ကိုယ်ငုံကြည့်လိုက်တဲ့အခါ ကတ္တရာ လမ်းမကြီးက ကိုယ့်ရဲ့ စက်ဘီးအောက်မှာ တ၀ှီးဝှီး ပြေးနေတယ်...
ငါးနှစ်အရွယ် မိန်းကလေးတယောက်အဖို့
လွတ်လပ်ခြင်းရဲ့ အရသာကို စတင် ခံစားခဲ့ခြင်းပေါ့....

သူ ကိုယ့်စက်ဘီးရဲ့ ဘေးက ထပ်ကြပ်မကွာ စက်ဘီးနဲ့ အတူပြေးလိုက်နေခဲ့တယ်...
သူ့ရဲ့ ညာဘက်လက်က ကိုယ့်စက်ဘီး ထိုင်ခုံကို တင်းတင်း ဆုပ်ကိုင်လို့ပေါ့....

ကိုယ် အသက်ပြင်းပြင်းတချက် ရှုသွင်းလိုက်ပြီး လေနဲ့ အတူ အော်ပြောလိုက်တယ်.......

ဖေဖေရေ......
လက်လွှတ်လိုက်လို့ရပြီ...
သမီး ကိုယ့်ဟာကိုယ် စီးလို့ ရပြီ ထင်တယ်...
နဲနဲတော့ ကြောက်နေသေးပေမဲ့...
ဖေဖေ့ကို သိစေချင်တယ်...သမီး ကိုယ့်အားကိုယ်ကိုးပြီး စီးလို့ရပြီ....

ကိုယ့်အသက် ၂၅ နှစ်
အဲဒီနေ့က ဘုရားကျောင်းမှာ
ကိုယ်ဟာ ကိုယ်ဘ၀ရဲ့ အရေးအပါဆုံ့း လူနှစ်ယောက်ရဲ့ ကြားမှာ မတ်တပ်ရပ်နေခဲ့တယ်..
တဦးက ကိုယ့်ဖေဖေပေါ့..
တဦးကတော့ ကိုယ့်ကို မကြာခင်မှာ ဇနီးမယားဘ၀ကို ပို့ဆောင်ပေးမဲ့ ကိုယ့်ရဲ့ သတို့သားလောင်း...
သင်းအုပ်ဆရာက လက်ထပ်ပေးဖို့ သဘောတူပါသလားလို့ မေးလိုက်တဲ့ ခန...
ကိုယ့်လက်ကို တင်းတင်းဆုပ်လို့ မျက်ရည်တွေနဲ့ ပြည့်လျှံနေတဲ့ မျက်လုံးတွေနဲ့
ကိုယ့်ကို ကြည့်နေခဲ့တယ်....

ဖေဖေ့နားကို ကပ်လို့ ကိုယ်တိုးတိုးလေး ပြောလိုက်တယ်...

ဖေဖေ..သမီးကို လက်လွှတ်လိုက်လို့ရပါပြီ
သမီး ထင်ပါတယ် ဖေဖေ.....သမီး ကိုယ့်အားကိုယ်ကိုးလို့ ဆက်လျှောက်သွားနိုင်မှာပါ...
ဒီခရီးက နဲနဲတော့ ရင်ခုန်စရာ စိတ်ပူစရာ ကောင်းပေမဲ့
စိတ်ချပါ ဖေဖေ.....သမီး ဆက်လျှောက်သွားနိုင်မှာပါ....


ဒီနေ့တော့...
ဖေဖေဟာ ခုတင်ပေါ်မှာ ပက်လက်ဖြစ်နေခဲ့ပြီ...
အသက်ကို ခက်ခက်ခဲခဲ ရှုနေရတဲ့...ဖေဖေ့ရဲ့ နဘေးနား တိုးကပ်သွားရင်..
ဖေဖေ့နားကို ကပ်လို့ ကိုယ့်ဘ၀မှာ အခက်ခဲဆုံး စကားတခွန်းကို ပြောလိုက်တယ်..

ဖေဖေ..သမီးကို လက်လွှတ်လိုက်လို့ရပါပြီ
သမီး ထင်ပါတယ် ဖေဖေ.....သမီး ကိုယ့်အားကိုယ်ကိုးလို့ ဆက်လျှောက်သွားနိုင်မှာပါ...
ဝမ်းနည်းကြေကွဲစရာ အဖြစ်တခုပေမဲ့
စိတ်ချပါ ဖေဖေ.....သမီး ဆက်လျှောက်သွားနိုင်မှာပါ.. ရင်ဆိုင်နိုင်မှာပါ...

Daddy, you can let go now by Crystal Shawanda
http://www.youtube.com/watch?v=pQ3p8FVdGaU&feature=related

Tuesday, February 9, 2010

အမြန် ပြန်လာပါ

၁၉၈၀
သူ့အသက် ၃၈ နှစ်။ သူမ အသက်က ၁၇ နှစ်။
အဲဒီနေ့က သူမတို့ (၁၀)တန်း အောင်စာရင်းထွက်ပြီး ဒုတိယမြောက်နေ့။
အိမ်က ထွက်သွားပြီ။ လိုက်မရှာပါနဲ့ ဆိုတဲ့ စာတစောင်ထားခဲ့ပြီး သူမ အိမ်က ထွက်ပြေးသွားခဲ့သည်။
အဲဒီစာကို ဖတ်ပြီးကထဲက သူ ဖုန်းနဘေးမှာ မလှုပ်မယှက်ထိုင်နေခဲ့တယ်။ တချိန်ချိန်မှာ သူမ ဖုန်းဆက်လာမယ်ဆို တဲ့ မျှော်လင့်ချက်နဲ့ပေါ့။ သူ ရုံးတွေလဲ ပျက်ပေါင်းများလှပြီ။ ရုံးပြန်တက်ရတော့မယ်ဆိုတဲ့ နေ့မှာတော့ နံရံမှာ ထောင်ထားတဲ့ ဖုန်တက်နေသော သူ့ရဲ့ ဂစ်တာအိုလေးကို ကိုင်ဆွဲပြီး သူ သီချင်းလေး တပုဒ်ကို ညည်းခဲ့တယ်။
သမီးလေးရေ
သမီး ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့.... သမီးလေးကို ဖေဖေ သိပ်ချစ်တယ်။
ဘယ်ကိုပဲ ရောက်နေပါစေ... သမီးလေး ... အိမ်ပြန်လာလို့ ရတယ်။
သမီးလေးရေ........သမီးသာ ပြန်လာခဲ့မယ်ဆိုရင် ဖြစ်ပျက်ခဲ့သမျှကို တို့တွေ ပြင်ဆင်ကြမယ်လေ...
သမီးလေးကို ဖုန်းက တဆင့် အဖေ ဖက်လို့ မရဘူး၊ နမ်းလို့ မရဘူး။ ဒါမို့ အိမ်ကို အမြန်ပြန်လာခဲ့ပါ သမီးရေ...

သူ မရှိတုန်း သူမသာ ဖုန်းဆက်ခဲ့မယ်ဆိုရင် ဖုန်းရဲ့ အလိုအလျောက်ပြန်ကြားစက်က သူ့ရဲ့ သီချင်းသံလေးကို သမီးလေး ကြားနိုင်ပါစေပေါ့။
ညနေ သူရုံးက ပြန်ရောက်ချိန်မှာ ဖုန်းလေးက အစိမ်းရောင်မီးလေး လင်းနေခဲ့တယ်။ သမီးလေးများ မတ်ဆေ့ဂ်ျ ထားခဲ့သလား။ ရင်ခုန်စွာနဲ့ ဖုန်းကို ဖွင့်နားထောင် လိုက်တော့ သူ့ရဲ့ သူငယ်ချင်းဟောင်း တယောက်.. သတင်းကြားလို့ ဖုန်းဆက်တာပါ..သူငယ်ချင်းရေ...မင်းရဲ့ သမီးကို ရှာတွေ့ပါစေလို့ ငါ ဆုတောင်းပါတယ်ကွာ.. တကယ်လို့များ ငါ မင်းရဲ့ သမီးကို တွေ့ခဲ့မယ်ဆိုရင် သူ့အဖေ စိတ်ပူနေတယ်လို့ ဆက်ဆက် ပြောပေးပါ့မယ် ကွာတဲ့..

သမီးလေးရေ
သမီး ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့.... သမီးလေးကို ဖေဖေ သိပ်ချစ်တယ်။
ဘယ်ကိုပဲ ရောက်နေပါစေ... သမီးလေး ... အိမ်ပြန်လာလို့ ရတယ်။
သမီးလေးရေ........သမီးသာ ပြန်လာခဲ့မယ်ဆိုရင် ဖြစ်ပျက်ခဲ့သမျှကို တို့တွေ ပြင်ဆင်ကြမယ်လေ...
သမီးလေးကို ဖုန်းက တဆင့် အဖေ ဖက်လို့ မရဘူး၊ နမ်းလို့ မရဘူး။ ဒါမို့ အိမ်ကို အမြန်ပြန်လာခဲ့ပါ သမီးရေ...

ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတယ်။ တရက်ပြီး တရက်၊ တနှစ်ပြီး တနှစ် သက္ကရာဇ်တွေသာ ပြိုလဲ သွားတယ်။ သူမကတော့ ပြန်ရောက်မလာခဲ့ပါဘူး။သူမဆီက စကားတခွန်းမှ မကြားရပေမဲ့ သူကတော့ သူမရဲ့ ဖုန်းကို မျှော်နေဆဲပါပဲ။ သူ့ရဲ့ မိတ်ဆွေအချို့က ပြောကြတယ်။ သူမ ပြန်လာတော့မှာ မဟုတ်ပါဘူးတဲ့။ အလို အလျောက် ပြန်ကြားစက်ထဲက ဖုန်းမတ်ဆေ့ဂ်ျကို ပြောင်းလိုက်ပါတော့လို့ တိုက်တွန်းကြတယ်။ အဲဒီအခါ သူ ပြန်ပြောတတ်တာက............. တနေ့နေ့ သူမ သူ့ဆီ ဖုန်းဆက်လာမှာပါ..တဲ့။

၂၀၁၀
သူ့အသက် ၆၈ နှစ်။ သူမအသက်က ၄၇ နှစ်...
အဲဒီနေ့က သူမ ရန်ကုန်မြို့က အရက်ဆိုင်တခုရဲ့ အပြင်မှာ ထိုင်နေခဲ့တယ်။ သူမ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ တွေလို့ ထင်ခဲ့ဖူးသူတွေ အားလုံးက သူမကို တယောက်ထဲ ထားသွားခဲ့ကြပြီ။ သူမ သူ့ကို အရမ်းသတိရ လာ တယ်။ သူ သူမကို အလို ရှိတော့မယ်လို့ သူမ မမျှော်လင့်ဝံ့ဘူး။ ဒါပေမဲ့ ကြောက်ရွံ့တဲ့စိတ်ကို လွမ်းတဲ့စိတ်က အနိုင်ယူသွားတဲ့အဆုံး သူမ သူ့ရဲ့ ဖုန်းနံပါတ်အဟောင်းလေးကို မ၀ံ့မရဲ နှိပ်လိုက်မိတယ်။ သူမ ကြားလိုက် ရတာက သူ့ရဲ့ သီချင်းသံ...........

သမီးလေးရေ
သမီး ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့.... သမီးလေးကို ဖေဖေ သိပ်ချစ်တယ်။
ဘယ်ကိုပဲ ရောက်နေပါစေ... သမီးလေး ... အိမ်ပြန်လာလို့ ရတယ်။
သမီးလေးရေ........သမီးသာ ပြန်လာခဲ့မယ်ဆိုရင် ဖြစ်ပျက်ခဲ့သမျှကို တို့တွေ ပြင်ဆင်ကြမယ်လေ...
သမီးလေးကို ဖုန်းက တဆင့် အဖေ ဖက်လို့ မရဘူး၊ နမ်းလို့ မရဘူး။ ဒါမို့ အိမ်ကို အမြန်ပြန်လာခဲ့ပါ သမီးရေ...

ဖုန်းမြည်သံကြောင့် အိမ်ထဲကို အပြေးပြန်ဝင်လာတဲ့ သူကြားလိုက်ရတာကတော့ ........
သူမရဲ့ အဖေ သမီး ပြန်လာပြီ............ဆိုတဲ့ စကားသံပါပဲ။

Jason Michale ရဲ့ Hurry Home ကို ခံစားရေးဖွဲ့သည်။
http://www.youtube.com/watch?v=wm7BvwlJh6A

Tuesday, February 2, 2010

မေမေ.......

မေမေ..
ဘယ်လိုမှ မယုံနိုင်ခဲ့ပါဘူးလေ.......အဲဒီနေ့က သတင်းကြားတဲ့ခန သမီးနှလုံးသွေးတွေ ရပ်တန့်ခဲ့တယ်။ သူတို့က ပြောကြတယ် မေမေ ဆုံးသွားပြီတဲ့။
မယုံချင်ပေမဲ့ လဲလျောင်းနေတဲ့ မေမေ့ရဲ့ မျက်နှာကို မြင်ရတဲ့ခန သမီးယုံကြည်ခဲ့ရတယ်။.......

မေမေ
အဝေးမသွားခင် သမီးကို တခု ပြောခဲ့ပေးပါ။ မေမေ မရှိတဲ့ ဘ၀မှာ သမီး ဘယ်လို ဆက်လက် ရပ်တည်ရမလဲ။ မေမေ့အတွက် သမီးအသက်ရှင်ခဲ့တယ်၊ ကြိုးစားခဲ့တယ်။ အခု မေမေ မရှိတော့တဲ့နောက် ဘယ်သူအတွက် သမီး ကြိုးစားရမလဲ။

မေမေ...
သမီး အကြိမ်များစွာ စိတ်ကူးယဉ်ခဲ့တယ်။ တနေ့.............သမီး ဒေါက်တာ ဘွဲ့ရတဲ့တနေ့ ..ဖေဖေ..မေမေတို့နဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ အထပ်ထပ် အခါခါ ပြင်ဆင်ခဲ့တယ်။ ...တွေးခဲ့ဖူးတယ်...

မေမေ......
စာတွေဖတ်ရတာ ပင်ပန်းလာတဲ့အခါ...မေမေ့ မျက်နှာကို ပြေးမြင်ပြီး အားတင်ခဲ့ဖူးတယ်။မေမေ့ အားပေးသံတွေ ကြားမှာ စိတ်ရဲ့ အမောတွေ ဖြေခဲ့ဖူးတယ်...

မေမေ.......
ဟိုးအဝေးကို မရောက်ခင် ပြောခဲ့ပါအုန်း မေမေ...... မေမေ မရှိတဲ့ ဘ၀မှာ သမီး ဘယ်လို အသက်ရှင်ရမလဲ။

မေမေ.....
ဒေါက်တာဘွဲ့တခု ရဖို့ သမီး ပေးဆပ်လိုက်ရတာ တန်ရဲ့လား၊ ပြောခဲ့ပါအုန်း။ မေမေ....... သမီးရဲ့ ကြိုးစားမှုကို ဂုဏ်ယူပေးမဲ့ မေမေ မရှိတဲ့နောက် သမီး ဘယ်သူ့အတွက် ကြိုးစားရမှာလဲ ပြောခဲ့ပါအုန်း မေမေ..
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~