Sunday, November 14, 2010

သိုးလေးများ အကြောင်း

အန္တရာယ်ကို မသိသူများ
တောင်ခြေကနေ မီတာ ၇၉၀ အမြင့်လောက်ရှိတဲ့ မတ်စောတ်တဲ့ တောင်ကုန်းထက်မှာ ကပ်ပေါက်နေတဲ့ မြက်တွေကို မကြောက်မရွံ့ စားနေတဲ့ သိုးတွေပါ။ သူတို့ရဲ့ သတ္တိကိုပဲ ချီးကျူးရမလား။ အန္တရာယ်ကို မမြင်နိုင် လောက်အောင် မိုက်မဲလွန်းတဲ့ သိုးတွေကိုပဲ အပြစ်တင်ရမလား။ သူတို့ကတော့ ဘာကိုမှ မသိပဲ အေးအေးလူလူ မြက်စားနေကြတာပါပဲ။ တခါတလေမှာတော့ အန္တရာယ်ကို မသိတာဟာ အေးချမ်း စေသလိုပဲ။


သိုးများနှင့် သိုးထိန်း သခင်
လောကမှာ အထိန်းကျောင်းရ အလွယ်ဆုံး သတ္တ၀ါဟာ သိုးပဲ ဖြစ်မယ် ထင်ပါရဲ့။ သိုးတွေဟာ အုပ်စုဖွဲ့နေတဲ့ အမျိုးအစား ဖြစ်တာမို့ သူတို့က အဖွဲ့ကနေ ခွဲထွက်ရမှာကို သိပ်ကြောက်တတ်ကြတယ်။ အဲတော့ သူတို့ကို ထိန်းချုပ်ရတာ လွယ်တယ်။ တကောင်က ပြေးလိုက်ရင် ကျန်တဲ့ တဖွဲ့လုံးက စဉ်းစား ဆင်ခြင်မှု မရှိ ထွက်ပြေး တော့တာပါပဲ။ ဒီ သိုးအဖွဲကို ထိန်းချုပ်ထားတာကတော့ ခွေးတကောင်ပါပဲ။ လူက ခွေးကို ထိန်းတယ်။ ခွေးက သိုး တအုပ်လုံးကို ထိန်းတယ်။ လူက ရပ်လို့ အော်လိုက်ရင် ခွေးက ရပ်သွားသလို သိုးတဖွဲ့လုံးကလဲ ရပ်သွားတော့ တာပါပဲ။ လူက တချက် ငေါက်လိုက်ရင် ခွေးက တ၀ုတ်ဝုတ်နဲ့ ဟောင်တော့တာပဲ။ ဒါဆို သိုးတွေက အလန့်တကြား ပြေးတော့တာပဲ။
ကျွန်မတို့တွေလဲ သိုးတွေလိုများ ဖြစ်နေသလားလို့ တွေးမိတယ်။ သူများ ယောင်လို့ လိုက်ယောင် ဘယ်မှန်း ညာမှန်း မသိတဲ့ လူတွေက သိပ်များ များနေသလားလို့။ သူများတွေက ပျော်တယ်ဆိုရင် လူတိုင်းက လိုက်ပျော်ကြတာပါ ပဲ။ ကျွန်မတို့တွေဟာ သိုးလို ကျင့်သုံးနေကြလို့များ နှစ်ပေါင်း ၂၀ လောက် ဒီဘ၀မှာ နေနေကြရတာလား။

လူတွေနွေးဖို့ အေးရသော သိုးကလေးများ
သိုးမွှေးကို ကျွန်မတို့တွေ နှစ်နှစ်ခြိုက်ခြိုက် ၀တ်တတ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လဲ ဒီသိုးမွှေး အကျီကို နှစ်သက်တယ်။ဒါပေမဲ့ ကျွန်မတို့တွေ နွေးစေဖို့ သိုးလေးတွေခမျာ တနှစ်ကို ၂ ခါ အမွှေးချွတ် ပေးရရှာတယ်။ သူတို့ရဲ့ အမွှေးတွေကို ရိတ်တဲ့အခါ မျက်လုံးက အကြောင်သားလေးနဲ့ လူတွေ ပြုသမျှ နုရတဲ့ သူတို့ကို ကြည့်ရတာ သနားဖို့လဲ ကောင်း၊ စိတ်ပျက်ဖို့လဲ ကောင်းပါရဲ့။ သိုးကောင်လေးကို လက် ၂ ဖက်က နေ ကိုင်ပြီး ဖင်ထိုင် ချလိုက်တဲ့အခါ ဓါတ်ပုံထဲကလိုပဲ သိုးလေးက ဖင်ထိုင်ကျသွားတယ်။ ဒါဆို သူတို့က ရုန်းလဲ မရုန်းနိုင် သလို ပြန်လဲ မထနိုင်တော့ဘူး။ အဲဒီအခါမှာ လူက သူ့ကို လက်ကနေကိုင်ပြီး စက်နဲ့ အမွှေးရိတ်တော့ တာပါပဲ။ အရေခွံတွေ ပေါ်လာတဲ့ အထိ ရက်ရက်စက်စက် ရိတ်ပစ်လိုက်တယ်။ အမွှေးတွေ အားလုံး ကျွတ်သွားတဲ့ သိုးက လေး ဟာ ဘယ်လောက်များ ချမ်းနေရှာမလဲ။ သူတို့ကို နွေးနွေးထွေးထွေး နေနိုင်ဖို့ သဘာဝက ပေးထားတဲ့ အနွေးထည်ကို လူတွေက လုယူတာ တရားရဲ့လား။ ဒီလို အမွှေးပြောင်အနေအထားကနေ သူတို့ရဲ့ မူလ အနေအထားကို ပြန်ရောက်ဖို့ ၄ လ လောက် အချိန်ပြန်ယူရပါတယ်။ အဲတခါ ၆ လ လောက်ကြာတဲ့အခါ သူတို့ ရဲ့ အမွှေးတွေကို တခါ ပြန်ရိတ်ပြန်တော့ သိုးလေးတွေဟာ နွေးနွေးထွေးထွေး နေရတဲ့ အချိန်က တနှစ်မှာ ၂ လ တောင် မပြည့်ချင်ပါဘူး။



No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~