molest: to touch or attack someone in a sexual way against their wishes
ခုတလော ဒီစကားလုံးလေးကို ခနခန တွေးမိနေတယ်။ အထူးသဖြင့် သတင်းစာမှာ ဒီအမှုနဲ့ ပတ်သတ်တဲ့ သတင်းတွေ ဖတ်ရတိုင်းပေါ့။ မြန်မာပြည်က အမျိုးသား အများစုဟာ ဒီကိစ္စအပေါ်မှာ ဘာအတွက် သာယာနေလဲ ဆိုတာ နားမလည်နိုင်ဘူး။
စင်္ကာပူနိုင်ငံမှာ အဲလို အမှုတွေကို ကျူးလွန်သူ အများစုဟာ စိတ်ပိုင်းဆိုင်ရာ မူမှန် မဟုတ် တာကို ကြားရတယ်။ ဒါဆိုရင် မြန်မာပြည်က အမျိုးသားတွေကရော စိတ်ပိုင်းဆိုင်ရာ မူမှန် မဟုတ်ဘူးလား။ bus ကားပေါ်မှာ ကားကြပ် တာကို အကြောင်းပြုပြီး မြန်မာ မိန်းကလေးတွေ အပေါ် molest လုပ်ကြတဲ့ ကိစ္စတွေဟာ သတင်းပို့ တိုင်ကြား ခြင်းမရှိလို့ ပိုဆိုးနေသလား။ တိုင်ကြားမှု ရှိမှ၊ အပြစ်ဆိုတဲ့ ကြိမ်လုံးရှိမှ ရှောင်ရှား ကြမယ်ဆိုရင် သူတို့ကို စိတ်မူမှန် ရှိသူတွေ အဖြစ် သတ်မှတ်လို့ ရနိုင်သေးရဲ့လား။
မြန်မာ့ ယဉ်ကျေးမှုအရ မိန်းကလေး တယောက်ကို အဆုံးစွန် စော်ကားထားဖူးတဲ့ ယောက်ျားတယောက်ကို လူယုတ်မာတယောက် အဖြစ် သတ်မှတ်ကြတယ်။ ဒီလို လူယုတ်မာ တယောက်ကိုလဲ ဘယ်မြန်မာ အမျိုးသား ကမှ ဒီလူ လူကောင်းပါလို့ ကာကွယ်တာမျိုး မကြားဖူးဘူး။ ဒါပေမဲ့ အဲလို လူတွေကိုယ်တိုင်က ဘတ်စ်ကားတွေ ပေါ်မှာ မိန်းကလေးတွေကို မထိအပ်တဲ့ နေရာတွေကို ထိကြ၊ ပြုကြတာ ဘာလို့လဲ။ ဒီလို molest မျိုးဟာ အရေးမပါဘူးလို့ သူတို့က ယူဆ ထားလို့လား။
မြန်မာ့ ဥပဒေမှာ (ကိုယ် သိထားသလောက်) မိန်းကလေး တွေကို တော်တော်လေး ကာကွယ် ပေးထားပါတယ်။ လမ်းမှာ မိန်းကလေး တယောက်ကို လက်ဆွဲ တဲ့အခါ ကာယအိနြေ္ဒ ပျက်ပြားစေမှုနဲ့ အရေးယူလို့ ရတယ်။
ရပ်ကွက်တခုမှာ အဲလို လက်လိုက်ဆွဲတဲ့ ယောက်ျားလေး ဦးရေဟာ ၁၀ ရာခိုင်နှုန်းတောင် ပြည့်ပါ့မလား။ ဒါဆိုရင် ဘတ်စ်ကားပေါ်မှာ molest လုပ်တဲ့ဦးရေကကျ ဘာလို့ ၁၀ ရာခိုင်နှုန်း မကရတာလား။ ဖြစ်နိုင်ချေတခု က လူကြပ်နေတဲ့အခါ ငါ ဒီလို လုပ်တာကို ဘယ်သူမှ မသိဘူးလို့ ယူဆကြလို့လား။
မေးခွန်းပေါင်းများစွာ......လားပေါင်းများစွာရဲ့ နောက်ကွယ်က အဖြေကတော့ ဒါတွေအားလုံးရဲ့ ပေါင်းစည်းရာ ဖြစ်နိုင်သလို တခုထဲသော အကြောင်းပြချက်ကြောင့်လဲ ဖြစ်နိုင်တာပဲ။ ဘတ်စ်ကားတွေ မကြပ်အောင် လုပ်ပေါ့ လို့ အလွယ်ဖြေလို့တော့ မဖြစ်နိုင်ပါဘူး။ ကားကြပ်တယ်ဆိုတာ မြန်မာပြည်တခုထဲ ဖြစ်တဲ့အရာမှ မဟုတ်ပဲ။ စင်္ကာပူမှာ၊ ဂျပန်မှာ၊ ဟောင်ကောင်မှာ၊ ဘန်ကောက်မှာ.. ကားတွေ ကြပ်နေတာပဲမဟုတ်လား။ မြန်မာပြည်လို ဘာလို့ မဖြစ်ကြရတာလဲ။ သေချာတာတခုက မြန်မာ အမျိုးသားတွေ ဘတ်စ်ကားပေါ်မှာ molest လုပ်တဲ့ အမှု ကို သူတို့ရဲ့ အသွေးအသားထဲက ရှက်တတ်လာအောင်၊ ဒါဟာ မကောင်းမှုတခု (လက်ဆွဲတဲ့ အမှုလို၊ မိန်းကလေး တယောက်ကို အဆုံးစွန် စော်ကားမှုလို) လို့ သူတို့ လက်ခံလာအောင် ပညာပေး စည်းရုံးမှု အားနည်း နေသေးတယ် ဆိုတာပါပဲ။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆက်စပ်တွေးမိတဲ့ အချက်ကတော့ ပါးစပ်သရမ်းတဲ့ ကိစ္စနဲ့ မျက်လုံး အရသာ ခံတဲ့ ကိစ္စ ပါပဲ။ ဒါကတော့ မြန်မာတွေတင် မကဘူး။ ကုလားတွေမှာလဲ တွေ့ရတယ်။ မြန်မာယောက်ျားလေး ၈၀ ရာခိုင်နှုန်း လောက်နီးပါး ပါးစပ်သရမ်းပြီး မျက်စိရိုင်းကြတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဘတ်စ်ကားပေါ်မှာ molest လုပ်တဲ့ အမှုကို ရှက်စရာ လို့ မြင်တဲ့ မြန်မာယောက်ျားလေး (ကိုယ့်သူငယ်ချင်းတွေ) အချို့တောင်မှ ပါးစပ်သရမ်းကြတာ ကို တွေ့ရတယ်။ တခါက ကိုယ်နဲ့အတူ စကားပြောနေတဲ့ ကိုယ့်သူငယ်ချင်းတယောက်က လမ်းမှာ ဖြတ်သွားတဲ့ မိန်းကလေးကို`ဘယ်ညာ..ဘယ်ညာ...‘ လို့ စတော့ ကိုယ်က မေးမိတယ်။ ဘာလို့ စတာလဲ ဆိုတော့ သူတို့က စစေချင်လို့ အဲလို ၀တ်လာတာတဲ့။ မြန်မာ မိန်းကလေးတွေ sexy ကျကျ ၀တ်တာ၊ လှလှပပ ၀တ်လာတာကို သူတို့ ကြည့်ဖို့၊ စဖို့လို့ ဘယ်လို နှလုံးသားနဲ့များ ခံယူလိုက်ကြပါလိမ့်လို့ တွေးပြီး ကိုယ် အသက်ရှုကြပ်သွားဖူး တယ်။ မိန်းကလေးမှ မဟုတ် ပါဘူး။ ဘယ်သူမဆို ကိုယ် လှလှပပ ၀တ်လာတာကို လူအများက အသိအမှတ် ပြုတာကို သဘောကျတာပါပဲ။ ဒါပေမဲ့ အဲလို သဘောကျတယ်ဆိုတာနဲ့ပဲ လမ်းမှာ တွေ့တဲ့ ယောက်ျားတိုင်းကို စိတ်ရှိတိုင်း စနောက်ခွင့် ပေးလိုက်တာလို့ ဘာလို့များ တွေးမိကြပါလိမ့်။ ကိုယ်တို့ မိန်းကလေးတွေကပဲ သူတို့ အဲလို တွေးမိအောင် လုပ်ပေးလိုက်မိကြတာလား။ မျက်စောင်းထိုး ကြည့်မိတာ၊ ပါးစပ်က ပွစိပွစိ ပြောမိတာက လွဲလို့ ရဲတိုင်တဲ့အထိ မလုပ်ဖြစ်တဲ့ မိန်းကလေးတွေရဲ့ သဘောကောင်းမှုကများ သူတို့ကို အဲလို အတွေးဖြစ်စေ တာလား။ ကိုယ်တွေးပြီး ၃ ရက်လောက် အိပ်ရေးပျက်မိတယ်။
တချို့ တွေကတော့ ဒါဟာ ပျော်စေ၊ပျက်စေ ခင်မင်မှုနဲ့ နောက်တာပဲလို့ ပြောကြတယ်။မိန်းကလေး တယောက် ခြေလှမ်းမှားတာဟာ ပျော်စေတယ်ဆိုတော့ ဒီလိုလူတွေရဲ့ စိတ်ဓါတ်ကို ဘယ်လို စကားလုံးနဲ့ ဝေဖန်ရမယ်ဆို တာတောင် မသိနိုင်အောင်ပါပဲ။ ကိုယ်က ဒီလို ရေးတော့ မြန်မာ မိန်းကလေးတွေ ယောက်ျားလေးတွေကို စကြ၊ နောက်ကြတာကို ထောက်ပြလိမ့် မယ်။ ကိုယ်ဟာ မ၀ါဒီ တယောက်၊ အစွန်းရောက် သမား တယောက် မဟုတ်ပါ ဘူး။ အဲလို လုပ်တဲ့ မိန်းကလေး တွေကိုလဲ ရှုံ့ချပါတယ်။ သူတို့က လူနည်းစု ဖြစ်နေလို့ ကိုယ့်အတွေးထဲ သိပ်ရောက်မလာသေးတာပဲ ရှိတယ်။
ကိုယ့်အတွက်တော့ ဒီလို အိနြေ္ဒ ပျက်အောင် စကြ၊ နောက်ကြတယ်ဆိုတဲ့ အဖြစ်ဟာ (ယောက်ျားလေးကပဲ စစ၊ မိန်းကလေးကပဲ စစ) အဆင့်မရှိသူတွေရဲ့ လုပ်ရပ်ပဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ လူတယောက်က ဒီလို အဖြစ် တွေကို လုပ်ဖို့၊ ကျူးလွန်ဖို့ တွေးမိမယ် မထင်ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ ကြိုးစားရင်း ကိုယ့်ပတ်ဝန်းကျင် ကလူတွေ သူတို့ကို သူတို့ တန်ဖိုးထားတတ်အောင် ကြိုးစားပါစေလို့ပဲ ဆန္ဒပြုနေမိပါတော့တယ်။

No comments:
Post a Comment