အဲဒီနေ့က ကျွန်တော်တို့ တအိမ်လုံးဟာ သုသာန်တစပြင်လို တိတ်ဆိတ်နေခဲ့ပါတယ်.. ကျွန်တော် အခန်းထဲက စာကြည့်စားပွဲရှေ့မှာ တချိန်လုံး ထိုင်နေခဲ့တယ်.. ခရီးတခုကို ထွက်ခွာသွားဖို့ ပြင်ဆင်နေတဲ့ ကိုကို့ကို မကူညီပဲ ပေါ့..
သူ့ကို ကျွန်တော် နှုတ်မဆက်ချင်ဘူး။ ဟိုးအဝေးတနေရာမှာ စစ်ဖြစ်နေပြီဆိုတာကိုလဲ လက်မခံချင်ဘူး။ အဲဒီ စစ်ပွဲအတွက် ကိုကို အိမ်က ထွက်သွားတော့မယ်ဆိုတာကို ဦးနှောက်က သိနေပေမဲ့ ကျွန်တော့်ရဲ့ အသိတရား က လက်မခံခဲ့ဘူး။
ကိုကိုက အိမ်ရှေ့လမ်းမအတိုင်း တရွေ့ရွေ့ ထွက်ခွာသွားတာကို ကျွန်တော် ပြတင်းပေါက်ကနေ လှမ်းကြည့်နေ ခဲ့တယ်. ကိုကိုများ လှည့်ပြန်လာအုန်းမလားလို့ပေါ့.. ဒါပေမဲ့ သူ နောက်ကို တချက်မှ လှည့်မကြည့်ခဲ့ဘူး။ ခန္ဓာ ကိုယ် တချက်မှ မယိမ်းယိုင်ခဲ့ဘူး။ ခြေလှမ်း မပျက်ခဲ့ဘူး...
ကျွန်တော် တင်းမထားနိုင်တော့ဘူး.. လှေကားထစ်တွေကို ခုန်ကျော်ပြီး ကျွန်တော် သူ့နောက်ကို ပြေးလိုက်သွား ခဲ့တယ်..
ကိုကိုရေ.......ပြန်လာခဲ့ပါ...မင်းကြားရဲ့လား...
မင်းလိုချင်တဲ့ ငါ့ရဲ့ စစ်သားရုပ်လေးလဲ ပေးမယ်..
မင်းခိုင်းသမျှလဲ လုပ်ပါ့မယ်..
မင်းရဲ့ အခန်းကို ရှင်းပေးမယ်..မင်းကားကို ဆေးပေးမယ်...
ကိုကို......မင်း မသွားပါနဲ့..ပြန်လာခဲ့ပါ...
ကျွန်တော့် ငိုသံကို အကြားမှာ သူလှည့်ကြည့်လာတယ်.. ကျွန်တော့်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တဲ့ ကိုကို့ရဲ့ လက်တွေက ခွန်အား အပြည့်နဲ့ပါပဲ။ ကျွန်တော့ မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး စကားတခွန်းကိုပဲ သူ ပြောခဲ့ပါတယ်။ ညီ.....ညီအကို ဆိုတာ ဒါပဲပေါ့ကွာတဲ့....
အဲဒီနေ့ကစလို့ ကျွန်တော့်ဘ၀ထဲက ကိုကို ထွက်ခွာသွားခဲ့တယ်.. ကျွန်တော့်ဘ၀မှာ အားကျ အထင်ကြီးရတဲ့ လူတွေ အများကြီးပေါ့.. ဒါပေမဲ့ ကိုကို.. ကျွန်တော့်ကို အမဲလိုက်တတ်အောင် သင်ပေးခဲ့တဲ့... ကြက်တောင်ရိုက် တတ်အောင် သင်ပြပေးခဲ့တဲ့ မင်းကတော့ ငါ့ရဲ့ အချစ်ဆုံး သူရဲကောင်းတဦးပါ.။ ကျွန်တော် ညတိုင်း သူ့ဆီကို စာရေးခဲ့ပါတယ်။ ညတိုင်း အိပ်ရာထက်မှာ ကစားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ စကားပွဲတွေကို လွမ်းဆွတ်နေတဲ့ အကြောင်း ပြောပြခဲ့တယ်။
တခါတလေမှာ လွတ်လပ်ခွင့်ဆိုတာကြီးကို ရရှိဖို့အတွက် ကျွန်တော်တို့ဘ၀ထဲက ဘာတွေကို ပေးဆပ်ရအုန်း မှာလဲ။ ကျွန်တော်ချစ်တဲ့ လူသားနဲ့ အတူနေခွင့် ဆုံးရှုံးလိုက်ရတဲ့အခါ လွတ်လပ်မှုဆိုတာကြီးကို ကျွန်တော် မုန်းတီးမိတယ်။
ကိုကို...မင်းကြားရဲ့လား...
ကိုကို...ပြန်လာခဲ့ပါ...
သစ်ပင်ရိပ်အောက်မှာ ငါးဖမ်းရင်း၊ ဂစ်တာအတူ တီးရင်း အရင်လို ငါတို့ အတူ ရယ်မော ပျော်ရွှင်နိုင်ဖို့ ပြန်လာခဲ့ပါ။
မင်းခိုင်းသမျှအားလုံး ငါလုပ်ပေးမယ်..
မင်း ပြန်လာခဲ့ပါ။
တကယ်လို့ပေါ့ ကျွန်တော်သာ တန်ခိုးရှင် တယောက်ယောက်ဆီမှာ ဆုတောင်းလို့ ရခဲ့မယ်ဆိုရင်..ဒီစစ်ပွဲတွေ ကို ရပ်တန့်ဖို့ ဆုတောင်းမယ်. ဒါဆိုရင် စစ်ဆိုတာ မရှိတော့သလို တိုက်ပွဲတွေလဲ မရှိတော့ဘူး။ ဒါဆို ကိုကိုလဲ အိမ်ပြန်လာလို့ ရမယ်။ ဒါပေမဲ့ ကိုကိုကတော့ ကျွန်တော့် ဆီကို တကြောင်းထဲသော စာကို ပြန်ခဲ့ပါတယ်။ ညီ...ညီအကိုဆိုတာ ဒါပဲပေါ့ကွာ........တဲ့
ကျွန်တော့် ဘ၀မှာ သေနတ်တွေအကြား မပြေးလွှားခဲ့ရဘူး။ သွေးသံတွေကြား မလဲလျောင်းခဲ့ရဘူး။ ဒါတွေဟာ ကျွန်တော့ကို သိပ်ချစ်တဲ့ ကိုကိုကြောင့်ပဲပေါ့။
ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးခဲ့တယ်။ ဒီနေ့ဆိုရင် ကိုကို ကျွန်တော့်အနားက ခွဲသွားတာ ၂ နှစ်တိတိ ပြည့်တဲ့နေ့။ အိမ်ရှေ့ကို စစ်ကားတစီး ထိုးဆိုက်လာပြီး ဘီးတပ်ကုလားထိုင်နဲ့ ကိုကို့ကို တွေ့လိုက်ရတဲ့ ခနမှာ ကျွန်တော့် မျက်ရည်တွေကို သိမ်းခဲ့တယ်။
ညီ... မင်း ငါ့ကို အိမ်ထဲထိ တွန်းပို့ရတော့မယ်.. အဲဒီအတွက် ခွင့်လွှတ်ပါလို့ ပြောလာတဲ့ ကိုကို့ရဲ့ စကားသံ အဆုံးမှာ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း သူ့မျက်ဝန်းထဲကို စိုက်ကြည့်ရင်း ကျွန်တော် စကားတခွန်း ပြောနိုင် ခဲ့ပါတယ်။
ကိုကို.. ညီအကိုဆိုတာ ဒါပဲလေ..
dean brody brothers ကို ခံစားရေးဖွဲ့သည်။
No comments:
Post a Comment