Monday, April 27, 2009

လွတ်လပ်ချင်တယ်............

နောက်က ချည်နှောင်ထားတဲ့ ကြိုးတွေမရှိဘဲ တခါတလေ ငှက်ငယ်တစ်ကောင်လို လွတ်လပ် ပေါ့ပါးစွာ ပျံသန်း ချင်မိတယ်............
ကြိုးတွေနဲ့ ချည်နှောင်မထားလဲ မင်းရှိရာကို ပြန်လာမှာပါ ရစ်ဘီးငယ်.....ဒါပေမဲ့ ငါ့ကို တခါတလေတော့ လွတ်လပ်စွာ လေဟုန်မှာ ၀ဲပျံခွင့် ပေးပါလားကွယ်..............
ကိုယ့်ရဲ့ သွေးတွေကို ဖောက်စစ်လိုက်ရင် မင်းဆီကို ပြန်လာချင်စိတ် ရာခိုင်နှုန်းဟာ တစ်ရာ မဟုတ်တောင် ၉၉ ဖြစ်နေလိမ့်မယ် .......
ဒါပေမဲ့ ငါ့ရဲ့ အစွမ်းအစတွေကို ယုံကြည်နိုင်ဖို့..ငါ စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့ တခါတလေတော့ ငါ လွတ်လပ်ချင်တယ်..........
နေ့အိမ်မက်တွေထဲမှာ မင်းကို ရည်ရွယ် မက်တဲ့ အိမ်မက်တွေ ဘယ်လောက်ကြီးကျယ်ခမ်းနားနေသလဲ မင်းသိရဲ့လား.......
ဒါပေမဲ့ ငါ့ တောင်ပံတွေ ဖြန့်ပြီး အရည်အချင်းတွေကို ဖြည့်ဆည်းနိုင်ဖို့ငါ ခနတော့ လွတ်လပ်ချင်တယ်......... ချည်နှောင်မှုတွေ သိပ်များလာတဲ့ အခါ ငါဘယ်လောက် မွန်းကြပ်နေမလဲ မင်း ကိုယ်ချင်းစာ နိုင်ပါ့မလား........
ငါ့ဘ၀မှာ စကားတွေ အများကြီး မပြောတတ်ပါဘူး..ဒါပေမဲ့ ငါလုပ်နေသမျှ မင်းအတွက်ပါ ဆိုတာ မင်း သိနိုင်ဖို့ စကားတစ်ခွန်းတော့ ပြောပြချင်တယ်.
ဘ၀ဆိုတာရဲ့ နံရံ အခြားတစ်ဖက်မှာ ဘယ်အရာမှ မရှိတော့ဘူးဆိုတာကို လက်ခံသူမို့ တခါတလေတော့ ဒီမွန်းကြပ်မှုတွေက လွတ်မြောက်နိုင်ဖို့ ငါ ဘ၀ကို အဆုံးသတ်လိုက်ချင်တယ်...........

Sunday, April 26, 2009

ဖတ်မိဖတ်ရာ

သစ်ကိုင်း ပြုတ်ကျ လူတစ်ဦး သေဆုံး
Goodwood Hill ရှိ နံမည်ကြီး Pyramid Club တွင် အလုပ် လုပ်နေစဉ် မီတာ ၂၀ ကျော်ရှည်သော သစ်ကိုင်း ပြုတ်ကျသဖြင့် အသက် (၄၆) နှစ်ရှိ အလုပ်သမားတစ်ယောက် မနေ့က အသက်သေဆုံးသွားခဲ့သည်။ အတူ လုပ်ကိုင်နေသူ အလုပ်ဖော်က လှမ်အော် သတိပေးခဲ့သော်လည်း အချိန်မမီတော့ပဲ သစ်ကိုင်းကို မရှောင်နိုင်ပဲ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လေဆိပ်အသစ် ဆောက်လုပ်ခြင်း
မြန်မာအစိုးရသည် နေပြည်တော်တွင် လူဦးရေ ၁၀.၅ သန်းခန့်ဆန့်နိုင်သော လေဆိပ်ကို ယခုနှစ်ဇန်န၀ါရီ လ မှ စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ယနေ့ထုပ် မြန်မာ့သတင်းစာတွင် ကြေငြာသည်။ ယခု အသစ်ဆောက် လုပ်သော လေဆိပ်သည် ခေတ်မီ ဒီဇိုင်းများဖြင့် ဆောက်လုပ်ထားပြီး ခရီးသည်များ အလွယ်တကူသက်တောင့် သက်သာဖြင့် ၀င်ထွက်သွားလာနိုင်ကြောင်း ယနေ့ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
အာဆီယံ summit ကို ဇွန်လတွင် ပြန်လည်ကျင်းပရန် စီစဉ်
ထိုင်း ၀န်ကြီး အနေဖြင့် အာဆီယံ summit ကို ဇွန်လတွင် ပြည်လည်ကျင်းပနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားလိုက်သည်။ အာဆီယံ summit ကို ပြီးခဲ့သည့် ဧပြီလက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ရာ အစိုးရကို ဆန့်ကျင်သူများကြောင့် ဖျက်သိမ်းခဲ့ရသည်။ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတကာ ၀န်ကြီးများကို ဟယ်လီကော်ပတာဖြင့် ပြန်ပို့ခဲ့ရသည့်အဖြစ်မှာထိုင်းအစိုးရအတွက် အရှက်ရဖွယ် ဖြစ်ခဲ့ရသည်။ ယခု အသစ်ပြည်လည်ကျင်းပမည့် အာဆီယံ summit ကို မြို့တော်နှင့်ပို၍ အလှမ်းဝေးသော ဖူးခက် ဒေသတွင် ကျင်းပရန် စီစဉ်ထားသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

မေတ္တာတရား.............

မိဘရဲ့ မေတ္တာတရား
ရင်မှာ ခံစား
နားလည်ငြား
ပြန်ပေးနိုင်မှုကား
နည်းပါးလှ၏။

မိနဲ့ ဖရဲ့ ကျေးဇူးတရား
ရင်မှာ နက်နဲစွာ
အသိခက်က
အဆပ်ခက်၏

ရင်က အသိတရား
ဦးနှောက်က သတိပေးငြား
နှလုံးသားက ခံစားသိငြား
လက်တွေ့မှာ လှုပ်ရှား
ပေးဆပ်မှုတရား
နည်းပါးလှ၏............

Tuesday, April 21, 2009

အဖော်.............

မေမေ မဆုံးခင်က ကိုယ်တို့တွေကို သူ့အဒေါ် အပျိုကြီး အကြောင်းကို ပြောပြလေ့ရှိတယ်။ ဆွေမျိုးတွေနဲ့ သိပ် အစေးမကပ်လှတဲ့ သူ့အဒေါ်ဟာ အိမ်မှာ တစ်ယောက်ထဲ နေရတဲ့အကြောင်း၊ ဆုံးသွားတဲ့အခါ ပုရွက်ဆိပ်တွေ တက်နေပြီး အချိန်တော်တော်ကြာကြာမှ သိရတဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်လို မေမေက ပြောပြဖူးတယ်။ မေမေရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ ကိုယ် သေချာမသိပေမဲ့ ကိုယ်တို့ မောင်နှမတွေကို စည်းလုံးစေချင် တဲ့ သဘောတွေ အများကြီး ပါလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ မေမေ့ကို စချင်တဲ့ ကိုယ်တို့တွေက တခါတလေ “မေမေက ယောက်ျားယူခိုင်းနေတာလား” လို့ မေးလေ့ရှိတယ်။ မေမေက အဲဒါဆို ရီပြီး “ယူပေါ့” လို့ ပြန်ပြော တတ်တယ်။
တကယ်တော့ ကိုယ်က မေမေ့ကို စချင်လို့သာပြောမိပေမဲ့ အဲဒီ အချိန်တုန်းက တွေးမိခဲ့တာက မေမေ့ရဲ့အဒေါ် အခုလို အဖြစ်မျိုးနဲ့ ဆုံးရတာဟာ အပျိုကြီးဖြစ်လို့ ဆိုတာထက် ဆက်ဆံရေး ညံ့လို့လို့ တွေးမိခဲ့တာပဲလေ။ အခုတော့ စင်္ကာပူမှာ လောလောလတ်လတ် ဖြစ်သွားခဲ့တဲ့ လူသေမှု နှစ်ခုက ကိုယ့်အတွေးတွေကို ခိုင်မာသွား စေတယ်။ ဒီနှစ်ခုက ဆက်သွယ်ချက်တော့ မရှိပါဘူး။
ဒါပေမဲ့ တိုက်ဆိုင်မှုတစ်ခုက နှစ်ယောက်လုံးဟာ အိမ်ထောင် ရှိပါလျက်နဲ့ အခန်းထဲမှာ လူမသိ၊ သူမသိ သေသွားခဲ့ရတာပဲ။
ပထမ တစ်ခုမှာတော့ မိန်းမက သူ့အခန်းထဲမှာ ဆုံးနေတာကို ယောက်ျားလုပ်သူက အနံ့ ထွက်လာမှ သိတယ်။ သားသမီး မရှိတဲ့ လင်၊မယား နှစ်ယောက်ဟာ ကွဲတာ ကွာတာလဲ မဟုတ်ပဲ စကား မပြောဖြစ်တာ နှစ်ကြာနေတော့ မနက်အလုပ်သွား၊ ညအလုပ်ပြန် မိန်းမကို မတွေ့မိပေမဲ့ အိပ်နေတာလို့ပဲ ယူဆခဲ့သတဲ့။ အခန်းကလဲ ခွဲအိပ်တာ ဆိုတော့ နှစ်ရက် လောက်နေလို့ မိန်းမ အလောင်းက အနံ့ထွက်လာမှ သေဆုံးမှန်း သိခဲ့ရတယ်တဲ့။ မိန်းမ အလောင်းရဲ့ ဘေးမှာ ဆေးဘူးလေးတွေ တွေ့ရတယ်ဆိုတော့ ဒီအမျိုးသမီး ဟာ မသေခင်မှာ ဝေဒနာကို တစ်ယောက်ထဲ ခံစားသွားခဲ့ရပုံပဲ။
ဒုတိယ အမှုကတော့ ပိုရင်နာဖို့ ကောင်းတယ်။ သားသမီး နှစ်ယောက် (သို့) သုံးယောက် ရှိတဲ့ လင်မယားစုံတွဲ မှာ ယောက်ျားက အခန်းတွင်းမှာ တစ်ယောက်ထဲ သေဆုံးရခဲ့တယ်။ ဒီအမှုမှာတော့ လင်နဲ့ မယားက တရားဝင် ကွဲနေတာ ဖြစ်တယ်။ ဒါပေမဲ့ တစ်အိမ်ထဲမှာပဲ အတူဆက်နေတဲ့ ဒီလင်မယားက စကား ပုံမှန်မပြောကြဘူးတဲ့။ ယောက်ျားက အရက်သောက်တတ်ပြီး အရက်မူးလာတဲ့ အခါ ကြမ်းတတ်တဲ့ အတွက် အဲဒီညက အသံတွေ ကြားပေမဲ့ မိန်းမက သွားမကြည့်ခဲ့ဘူး။ နောက် နှစ်ရက်လောက်နေလို့ ဘာသံမှ မကြားရ၊ အခန်းထဲက ထွက်မ လာတော့မှ ယောက်ျားရဲ့ တူမကို လှမ်းအကြောင်းကြားပြီး တံခါးကို ဖွင့်ကြည့်တော့ ပါးစပ်က အမြှုပ်တွေနဲ့ သေနေတဲ့ ယောက်ျားကို တွေ့ရတာဖြစ်တယ်။ အိမ်ထောင်ပြုခဲ့တယ်၊ သားသမီးလဲ ရှိတယ်။ ဒါပေမဲ့ သေတဲ့ အချိန်မှာ တစ်ယောက်ထဲ ဝေဒနာ ခံစားပြီး သေရတယ်။
တကယ်တော့ လူတွေက အိမ်ထောင်ဘက်ကိုမှ အဖော်လို့ ယူဆလိုက်တဲ့အခါ အပျိုကြီး၊ လူပျိုကြီး လုပ်ရမှာကို လူတွေက ကြောက်စရာ၊ လန့်စရာအဖြစ် တွေးတတ်ကြတယ်။ တကယ်တော့ အိမ်ထောင်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကံတရားက ဖန်တီးလာရင် ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး ကောင်းရင်၊ ကိုယ့်ရဲ့ စိတ်ရင်းက ကောင်းရင် ကိုယ့်အနားမှာ ကူညီချင်သူတွေ ၀ိုင်းဝိုင်းလည် နေမှာပါ။ အဲလို မဟုတ်ပဲ ကိုယ့်အတွက်ပဲ ကြည့်တဲ့ အတ္တကြီးသူ တစ်ယောက်ဆိုရင်တော့ လူလွတ်ဖြစ်စေ၊ အိမ်ထောင်သည် ဖြစ်စေ အဖော်မဲ့ နေမှာပါပဲ။

Friday, April 17, 2009

ဖေဖေ့ကို ချစ်တယ်။

ကိုယ့်ဘ၀မှာ ဘာတွေ ဖြစ်မယ်ဆိုတာ ဘယ်သူက ကြိုသိနိုင်မလဲ။သေချာတာတစ်ခုကတော့ ကိုယ်တို့ အားလုံး ဟာ နေသာတဲ့ စက်တင်ဘာ ၁၁၊ ၂၀၀၁ မှာ ၀မ်းနည်းစရာတွေ ဖြစ်လာလိမ့်မယ်လို့ မတွေးထားခဲ့ပါဘူး။ ကိုယ့်ဘ၀၊ ကိုယ်သိပ်တန်ဖိုးထားတဲ့ ဘ၀လေးတစ်ခုဟာ စက်တင်ဘာ ၁၁၊ ၂၀၀၁ အင်္ဂါနေ့မနက်ခင်းမှာ ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားခဲ့တယ်။
အဲဒီနေ့က ကိုယ်နဲ့ ကိုယ့် ဇနီး ရှယ်ရီတို့က ကားကိုယ်စီနဲ့ အလုပ်ကို ထွက်လာခဲ့ကြတယ်။ ပုံမှန်ဆိုရင်တော့ ကိုယ်တို့ နှစ်ယောက်က သားနဲ့သမီးကို ကျောင်းလိုက်ပို့ရင်း တစ်ကားတည်း အတူထွက်လေ့ရှိတယ်။ ဒါပေမဲ့ ရှယ်ရီရဲ့ အလုပ်က မြို့ရဲ့ တစ်ဘက်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့အတွက် အဲဒီနေ့က ရှယ်ရီက နောက်ကျ နေဖို့ လိုအပ်တဲ့ အတွက် ကားယူသွားတာပါ။ ကိုယ့်အနေနဲ့ ဒီလိုနေရတာကို မနှစ်သက်မိတဲ့အကြောင်း ရှယ်ရီကိုတောင် ပြောပြဖြစ်မိပေမဲ့ သူ့ရဲ့ အထက်အရာရှိက သူမကို ယုံကြည်နေတာအတွက် သူမက သိပ်ကို ဂုဏ်ယူနေခဲ့တယ်။ သူမက စံပြလုပ်သားတစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုလာတဲ့အပေါ် ကိုယ်လဲ မငြင်းနိုင်ခဲ့ ဘူးပေါ့။
အဲဒီနေ့က ကိုယ်တို့ သားအဖတတွေ အိမ်က မထွက်ခင် ရှယ်ရီက အလုပ်ကို သွားနှင့်ခဲ့တယ်။ ကားပေါ်မှာ ကိုယ့်စကားကို နားထောင်တဲ့ အတွက် ကလေးတွေကို Burger King မှာ မနက်စာ မုန့်ဝယ်ကျွေးဖို့ ကားရပ် လိုက်တော့ ရှယ်ရီ ခုနကပဲ ထွက်သွားတယ်လို့ ဆိုင်က ကောင်လေးက ပြောတယ်။ လမ်းတလျှောက် ရှယ်ရီ ကားဟာ ကိုယ်တို့ကားရဲ့ ရှေ့မှာ ရှိနေခဲ့တယ်။ ကိုယ်တို့ သားအဖ သုံးယောက် ကလေးတွေရဲ့ ကျောင်းကို ရောက်သွားတော့ ရှယ်ရီက ကျောင်းမှာစောင့်နေတာကို တွေ့လိုက်ရတယ်။ အဲအချိန်မှာ တွေ့လိုက်ရတဲ့ ရှယ်ရီ ကို ကိုယ့်ဘ၀မှာ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူး။ ရှယ်ရီက အောက်စ့်ဖိုဒ့် အကျီလေးကို ၀တ်ထားပြီး သူ့ဆီကို ပြေးလာတဲ့ ကလေးတွေကို ပြုံးပြနေခဲ့တယ်။
ကလေးတွေကို ကျောင်းစာသင်ခန်းတွေမှာ ထားခဲ့ပြီး ကျောင်းက ထွက်လာတော့ ရှယ်ရီရဲ့ ကားက ကိုယ့်ကား နောက်မှာ ကပ်ပါလာခဲ့တယ်။ ကားပေါ်ကနေ အနမ်းတွေလှမ်းပေးခဲ့တဲ့ ရှယ်ရီကို ကိုယ်ဘယ်လိုမှ စိတ်မဆိုးနိုင် တော့ဘူး။ နောက် မနက် ၉း၃၀ လောက်မှာ World Trade Center ကို လေယာဉ်တွေ ၀င်တိုက်တဲ့ သတင်းက တစ်ကမ္ဘာလုံးကို ကိုင်လှုပ်လိုက်တယ်။ ရှယ်ရီက ကိုယ့်ကို ဖုန်းဆက်လာတဲ့အတွက် ကိုယ်တို့ ခန စကားပြောပြီး နောက် ၁၀ မိနစ်အကြာမှာ ကိုယ်သိပ်ချစ်တဲ့ ရှယ်ရီ၊ ကလေးတွေကို သိပ်ချစ်တဲ့ ရှယ်ရီက ကိုယ်တို့ရဲ့ လောက ကြီးထဲက ပျောက်ကွယ်သွားခဲ့တယ်။ ကိုယ် ဘယ်လိုမှ လက်သင့် မခံနိုင်လောက်အောင် ခံစားခဲ့ရတယ်။ စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်အောင် ကိုယ် ထိခိုက်ခံစားခဲ့ရတယ်။
ရှယ်ရီက လောကကြီးထဲက ပျောက်ကွယ်သွားပေမဲ့ ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှင်သန် နေခဲ့တယ်။ ရှယ်ရီရဲ့ ရုပ်ခန္ဒာကြီးက ကိုယ်နဲ့ အတူ ရှိမနေပေမဲ့ သူမရဲ့ ၀ိညာဉ်ဟာ ကိုယ့်ဝန်းကျင်မှာ ရှိနေတာ ကိုယ် ခံစားလို့ ရနေခဲ့တယ်။ သူမကို တမ်းတမိတဲ့ အချိန်တိုင်း ကိုယ့်ခံစားမှုတွေကို ဖြေသိမ့်ပေးနိုင်ဖို့ ကိုယ့် ဘေးနားမှာ သူမ ရှိနေခဲ့တယ်။ ရှယ်ရီရဲ့ အချစ်တွေကို ခံစားသိနေတဲ့ ကိုယ့်အတွက်တော့ ဒါက သိပ်မထူးဆန်း ခဲ့ပါဘူး။ ဒါပေမဲ့ ကလေးနှစ်ယောက်နဲ့ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ မုဆိုးဖို ကိုယ့်ဘ၀က သိပ်တော့ မလွယ်ခဲ့ဘူး။ ဒါကြောင့်မို့ ကိုယ့်မိဘတွေရှိတဲ့ မြို့ကို ပြောင်းရွှေ့နေထိုင်ဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ ဒီဆုံးဖြတ်ချက်က သိပ်တော့ မလွယ်ခဲ့ပါဘူး။ နေရာအသစ်မှာ ပြောင်းရွှေ့ နေထိုင်ရတာနဲ့အတူ ကိုယ် ရှယ်ရီကို သိပ်လွမ်းနေခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်တို့ရဲ့ သမီးငယ်လေး ချန်ဒရယ်လာက ၂၀ လသား လေးပေါ့။ စကားလုံးတွေကို စပြောစပြုနေတဲ့ သမီးငယ်လေးကို ထွေးပွေ့ထားရင်း ကိုယ်မျက်ရည်ကျမိတယ်။ သိပ်ငယ်လွန်းတဲ့ သမီးငယ်လေးဟာ သူ့အမေကို မှတ်မိနိုင်မယ် မထင်ဘူး။ သူ့အမေရဲ့ ချစ်ခြင်းတရားတွေကို သူမ မသိနိုင်တာအတွက် ကိုယ် ကလေးကို သနားမိတယ်။ ကံဆိုးလွန်းတဲ့ ရှယ်ရီနဲ့ သမီးလေးကို သနားပြီး ကိုယ် မျက်ရည်တွေ ကျနေမိတယ်။
ကလေးတွေရှေ့မှာ ဟန်မဆောင်ဖို့ ကိုယ် မကြိုးစားခဲ့ပါဘူး။ ကလေး ဆရာဝန်က ဟန်မဆောင်ဖို့ ကိုယ့်ကို ညွှန်ကြားထားခဲ့တယ်။ ဒါမှ ကလေးတွေဟာ ၀မ်းနည်းပူဆွေးတာကို လက်ခံနိုင်မယ်ဆိုတဲ့ ဆရာဝန်စကားအရ ကိုယ် သမီးငယ်လေးကို စိုက်ကြည့်ပြီး “ဖေဖေက သမီး မေမေကို လွမ်းလို့ ငိုနေတာလို့” သမီးကို တိုင်တယ် လိုက်မိတယ်။ စကား တစ်ခွန်းစ နှစ်ခွန်းစပဲ စပြောနေတဲ့ သမီးလေးက “သမီး ဖေဖေ့ကို ချစ်တယ်” တဲ့ ရုတ်တရက် ပြောလိုက်တယ်။ စာကြောင်းတစ်ခုဖြစ်အောင် စာမစီ တတ်သေးဘူးလို့ ကိုယ် ခံယူထားတဲ့ သမီးလေးက ဖေဖေ့ကို ချစ်တယ်ဆိုတဲ့ စကားကို အထစ်အငေါ့မရှိ ပြောလိုက်တော့ ကိုယ့် နှလုံးသွေးတွေ အေးခဲသွားတဲ့အထိ အံ့သြနေမိတယ်။ အဲဒီနောက် ကိုယ်က မေမေ့ကို လွမ်းတယ်လို့ သမီး ရှေ့မှာ ပြောမိတိုင်း ဖေဖေ့ကို ချစ်တယ်ဆိုတဲ့ စကားကို သမီးက တုန့်ဆိုင်းမှု မရှိ ပြန်ပြောတတ်တယ်။ တစ်ရက်တော့ ကိုယ် စိတ်ထဲ သိချင်လာတာနဲ့ သမီးကို အခုလို ပြောဖို့ ဘယ်သူ သင်ပေးတာလဲလို့ မေးမိတယ်။ သမီးက တစ်မိနစ် တောင် မဆိုင်းပဲ ပြန်ပြောလိုက်တာက “မေမေ”တဲ့။
မူရင်း I love you, Daddy (Chicken soup for the soul)

ငွေကြေးနဲ့ ကိုယ့်ရဲ့ သဘောထား

ငွေကြေးဆိုတာ ရွံ့မုန်းစရာ ဆိုတဲ့ အဆင့်တစ်ခု မရောက်ပေမဲ့ ငွေကြေးနဲ့ပတ်သတ်လာရင် လောဘတကြီး ဖြစ်ရမှာကို ရှက်တတ်တဲ့ လူစားတွေထဲမှာ ကိုယ်ပါတယ်။
ကိုယ့်ရဲ့ ရပိုင်ခွင့်နဲ့ ပတ်သတ်လာရင် ပုံမှန်ဆို အားမနာ၊ အလျော့မပေးပေမဲ့ အဲဒီ ရပိုင်ခွင့်ဆိုတာက ငွေကြေး ဖြစ်လာပြီဆိုရင် ကိုယ်ဟာ စိတ်ပျက်လောက်အောင် လက်တွန့်တတ်တယ်။ ငွေကြေးကို တပ်မက်ကြောင်း အပြုအမူနဲ့ ပြရမှာ၊ ပြောရမှာကို ရှက်တယ်။အထူးသဖြင့် ကိုယ့်ရဲ့ ပညာအရည်အချင်းနဲ့ ပတ်သတ်ပြီး ငွေရှာတဲ့ နေရာမှာ ကိုယ့်ရဲ့ ပညာကို ငွေကြေးနဲ့ ဈေးယှဉ်ပြီး စကားပြောရမှာကို ရှက်တယ်။ ငွေအကြောင်း မပြောခြင်း အားဖြင့် ကိုယ့်တန်ဖိုးကို မြင့်တယ်လို့ စိတ်ထဲမှာ မသိမသာ သတ်မှတ်ထားတယ်။
ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကိုယ့်ရဲ့ စိတ်ကို အမှန်အတိုင်း သုံးသပ်ပြလိုက်တဲ့အတွက် ကိုယ် အရင်က သတိမထားမိတဲ့ အချက်ကို သတိထားလိုက်မိတယ်။ ငွေကြေးဆိုတာအတွက် အတ္တတွေကြီးစွာ မက်မောနေဖို့ မလိုဘူးဆိုပေမဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့်အတွက်တော့ တိုက်ယူရဲတဲ့ သတ္တိ ရှိရမယ်။
ငွေကြေးနဲ့ပတ်သတ်လို့ မှန်ကန်တဲ့ သဘောထားရှိတဲ့လူသာလျှင် ဘ၀ရဲ့ ကိစ္စတော်တော်များများကို အမှန် အတိုင်း သုံးသပ်နိုင်သူ ဖြစ်လိမ့်မယ်။

Monday, April 13, 2009

အတော်ဆုံးကိုသာ ရွေးချယ်မည်။

စင်္ကာပူနိုင်ငံရဲ့ ဖခင်ကြီး လီကွမ်းယူက နိုင်ငံသား အသစ်နဲ့ အဟောင်းကို မခွဲခြားကြောင်း၊ အရည်အချင်းရှိသူ လူတော်မှန်လျှင် နေရာပေးသွားမည် ဖြစ်ကြောင်း အစည်းအဝေးတစ်ခုတွင် ပြောကြားသွားခဲ့ပါသည်။ စင်္ကာပူ နိုင်ငံသည် နိုင်ငံခြားသား တတ်သိပညာရှင်များကို စွဲဆောင်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေဆဲဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် စင်္ကာပူနိုင်ငံသား အဖြစ် ခံယူသူ ၂ သောင်းကျော် ရှိခဲ့ပြီး အမြဲတမ်းနေထိုင်သူအဖြစ် ခံယူသူ ၈ သောင်း ၀န်းကျင်ခန့် ရှိခဲ့သည်ဟု သိရသည်။သို့သော် မူလလက်ဟောင်း စင်္ကာပူနိုင်ငံသားများနှင့်ယှဉ်လျှင် အခွင့်အရေးမှာ တန်းတူမရရှိကြောင်း စင်္ကာပူနိုင်ငံသား အဖြစ်ခံယူထားသူ တရုတ် အချို့က ပြောဆိုလေ့ ရှိရာ ထိုအချက်ကို ပယ်ဖျက်ရန်အတွက် အထက်ပါ မိန့်ခွင်းကို လီကွမ်းယူက ပြောကြားသွားခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။
စင်္ကာပူ ဖခင်ကြီး လီကွမ်းယုက ယခုကဲ့သို့ ပြောဆိုသွားသော်လည်း မူလလက်ဟောင်း စင်္ကာပူနိုင်ငံသား အများစုမှာမူ စင်္ကာပူနိုင်ငံသို့ နိုင်ငံခြားသားများ အလုံးအရင်းနှင့် ၀င်ရောက် လာခြင်းကို နှစ်မြို့ခြင်း မရှိကြပေ။ အသစ်ဝင်ရောက်လာသော နိုင်ငံသားများမှာ မူလ လက်ဟောင်း နိုင်ငံသားများနှင့် တသားတည်း မဖြစ်ဘဲ တသီးတသန့် ဖြစ်နေဆဲပင် ဖြစ်သည်။

Sunday, April 12, 2009

Asian summit ဖျက်သိမ်းလိုက်ရခြင်း

ထိုင်းနိုင်ငံ ပတ္တယားတွင် ကျင်းပနေသော Asian summit ကို ဆန္ဒပြသူများကြောင့် စနေနေ့မနက်တွင် ဖျက်သိမ်း လိုက်ရသည်။ ဆန္ဒပြသူများမှာ အာဆီယံ နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပရာ နေရာကို အတင်းအဓ္ဓမ ၀င်ရောက်ရာမှ ထိုင်းအစိုးရအနေနှင့် အလျော့ပေးပြီး Asian summit ကို ဖျက်သိမ်းပေးလိုက်ရ ခြင်း ဖြစ်သည်။ မြန်မာဝန်ကြီးချုပ် သိန်းစိန် အပါအ၀င် အာဆီယံ နိုင်ငံ ခေါင်းဆောင်များကို တည်းခိုရာနေရာမှ ဟယ်လီကော်ပတာဖြင့် လုံခြုံရာနေရာသို့ ပို့ပေးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရက ကြေငြာသည်။ယခုလို ဖျက်သိမ်း ခဲ့ရမှု အတွက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူများကို ထိုင်းအစိုးရအနေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေငြာခဲ့သည်။ ယခုလို ဖျက်သိမ်းလိုက်ရမှု အနေနှင့် ပတ်သတ်၍ အခြား အာဆီယံ ခေါင်းဆောင်များ အနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ကြသည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ ထိုင်းနိုင်ငံရေး အခြေအနေမှာ ငြိမ်သက်မှု မရှိဘဲ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်နေ ခဲ့သည်။ လက်ရှိ ထိုင်းအစိုးရက သက်ဆင် အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် သက်ဆင်ကို ထောက်ခံသူများနှင့် မထောက်ခံသူများကြား အပြန်အလှန် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြသည်။ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူ အများစုမှာ ဆင်းရဲသား လူလတ်တန်းစား ဖြစ်ပြီး လက်ရှိအစိုးရကို အားပေးသူများမှာ ပညာတတ် အများစု ဖြစ်သည်ကို တွေ့ရသည်။ ထိုင်းအစိုးရအနေဖြင့် အကြမ်းဖက်နှိမ်နင်းမှုများကို တတ်နိုင်သရွေ့ ရှောင်ခဲ့ သည်မှာမူ အားကျ ချီးကျူးစရာပင် ဖြစ်သည်။ သို့သော် လက်ရှိစီးပွားရေး ကျဆင်းနေမှုကို အဓိက ခံစားရသူ များမှာ နိုင်ငံတွင်းရှိ နိုင်ငံသား အများစုပင် ဖြစ်ပေလိမ့်မည်။ နိုင်ငံအာဏာကို မက်မောစွာ တိုက်ခိုက်နေသော အစိုးရ နှစ်ရပ်အကြား မြေဇာပင် ဖြစ်ရသူများမှာ ပြည်သူများသာ ဖြစ်သည်။

Friday, April 10, 2009

ကြွက်တို့ရဲ့ ပျော်စံရာ

Indian rojak stall ရဲ့ အစာအဆိပ်သင့်မှုကြောင့် လူပေါင်း ၁၅၄ ယောက် ဆေးကုသမှု ခံယူခဲ့ရပြီး ၂ ယောက် သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆိုင်ဟာ စင်္ကာပူနိုင်ငံရဲ့ နံမည်ကြီး rojak ဆိုင် ဖြစ်ပြီး ကုန်စိမ်းဈေးနဲ့ တွဲနေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ rojak ဆိုတာ အီကြာကွေး၊ သစ်သီးတွေ၊ အသီးအရွက်တွေကို မြေပဲဆံထောင်းနဲ့ အချို ရည် ဆမ်းပေးထားတဲ့ စင်္ကာပူနိုင်ငံရဲ့ ဒေသထွက် အစားအစာတစ်ခု အဖြစ် နံမည်ကြီးပါတယ်။
Indian rojak ကတော့ ပုဇွန်၊ အခြားပင်လယ်စာ နဲ့ ပဲသီး၊ အားလူးပြုတ်၊ မကျက်တကျက် ပြုတ်ထားတဲ့ ကြက်ဥ၊ ပဲပင်၊ သခွားသီးတွေ ပါပြီး ပဲ အချို အစပ်တွေ ရောထားတာ ဖြစ်ပါတယ်။ ဆေးစစ်ချက်တွေအရ အခု အဆိပ်သင့်မှုဟာ မကျက်တကျက် ဖြစ်နေတဲ့ ပင်လယ်စာတွေကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင် ပါတယ်။ ဒါပေမဲ့ rojak ဆိုင်ရဲ့ သန့်ရှင်းမှုကို စစ်ဆေးတဲ့အခါမှာလည်း အနီးအနားမှာ ရှိတဲ့ ကုန်စိမ်းဈေးမှာ ကြွက်တွေကို တွေ့ရတယ်လို့ ဆိုတဲ့အတွက် အကြောင်းရင်းကို တိတိကျကျ ပြောရခက်နေပါတယ်။
သေချာတာတစ်ခုကတော့ ကုန်စိမ်းဈေးနဲ့တွဲနေတဲ့ ဒီစားသောက်တန်းတွေရဲ့ သန့်ရှင်းမှု အဆင့်အတန်းဟာ နိမ့်ကျနေတယ်ဆိုတာပါပဲ။
စင်္ကာပူနိုင်ငံဟာ သန့်ရှင်းတယ်လို့ ကမ္ဘာမှာ နံမည်ကြီးပါတယ်။ အခုတော့ ဒီအဖြစ်အပျက်ဟာ စင်္ကာပူနိုင်ငံရဲ့ သန့်ရှင်းမှုဟာ အပြင်ပန်းမှာပဲလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ နောက်ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင် အရ စင်္ကာပူနိုင်ငံဟာ သန့်ရှင်းနေတယ်လို့ ထင်ရပေမဲ့ အနံ့ဆိုးတွေကို တော်တော်လေး ရစေတဲ့ နေရာ ဖြစ်ပါတယ်။ နောက် မနေ့က သတင်းစာမှာ ပါတဲ့ စစ်တမ်းတစ်ခု အရလဲ စင်္ကာပူလူမျိုး ၁၀ ယောက်မှာ ၃ ယောက်ဟာ အိမ်သာက ထွက်လာရင် လက်မဆေးကြဘူးလို့ပါလာတယ်။ ဒီက စစ်တမ်းတွေဟာ လူအရေ အတွက် အနဲငယ်ကိုပဲ အခြေခံ လုပ်တာဖြစ်တဲ့အတွက် မှန်လိမ့်မယ်လို့ ပြောလို့မရပေမဲ့ အတိုင်းအတာတစ်ခု သော လူတွေဟာ သန့်ရှင်းမှုမှာ အားနည်းနေတယ်ဆိုတာကို မြင်သာတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ကိုယ်တို့ မြန်မာနိုင်ငံဟာ ညစ်ပတ်တယ်လို့ အော်နေတဲ့ မြန်မာပြည်ကို အလည် အပတ်ပြန်တဲ့ ကိုယ်တို့ ရွှေမြန်မာတွေ ဆင်ခြင်နိုင်မယ် ထင်တယ်။ နိုင်ငံခြားသားတွေနဲ့ ထမင်းစားတဲ့အခါ လက်နဲ့စားရမှာကို ရှက်တတ်တဲ့ ရွှေမြန်မာတွေအတွက် အပြင်ပန်းလား တကယ်လားဆိုတာ ဆင်ခြင်စေချင် တယ်။ တကယ်တော့ ကိုယ်တို့နိုင်ငံရဲ့ သန့်ရှင်းမှု အခြေအနေဟာ နိမ့်ကျပါတယ်။ ဒါပေမဲ့ လက်တစ်ဆုပ်စာပဲ ရှိတဲ့၊အစိုးရကောင်းကို ပိုင်ဆိုင်ထားတဲ့ ဒီနိုင်ငံမှာတောင် အခုလို ဖြစ်နေကြသေးတာ ကိုယ်တို့နိုင်ငံမှာ ဖြစ်နေတာကို အပြစ်တင်လို့တော့ မရနိုင်ပါဘူး။ ကိုယ်တို့ နိုင်ငံဟာ စင်္ကာပူနိုင်ငံထက် အဆပေါင်းများစွာ ကြီးပါတယ်။ လူမျိုးပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ စည်းလုံးမှု ရနိုင်ဖို့ဆိုတာ အများကြီး ကြိုးစားရအုန်းမှာပါ။ ဒါပေမဲ့ သယံဇာတတွေ ရှိသင့်သလောက်ရှိသေးတဲ့ နိုင်ငံတစ်ခု၊ ကြိုးစားချင်တဲ့ မြန်မာတွေ ရှိတဲ့ နိုင်ငံတစ်ခု အနေနဲ့ တနေနေ့ တချိန်ချိန်မှာတော့ ကမ္ဘာမှာ၊ အာရှမှာ နိုင်ငံကြီးတစ်ခုအနေနဲ့ ၀င့်ထည် လာနိုင်မယ်ဆိုတာ ကိုယ်အခိုင်အမာ ယုံကြည်နေပါတယ်။

စိတ်ရဲ့ စွမ်းအား

Our limitations and success will be based, most often, on our own expectations for ourselves. What the mind dwells upon, the body acts upon.

ကျွန်ုပ်တို့ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ အောင်မြင်မှုဆိုတာ ထားရှိတဲ့ ရည်မှန်းချက်အပေါ်မှာ မူတည်ပါတယ်။ စိတ်က ပြင်းထန်လာတဲ့ အခါမှာ ခန္ဓာကိုယ်ကလဲ လိုက်ပါ ဆောင်ရွက်နိုင်ပါတယ်။

Sunday, April 5, 2009

Geylang India rojak stall ကြောင့် အစာ အဆိပ်သင့်ခြင်း

Geylang က နံမည်ကြီး India Rojak stall မှာ စားပြီးတဲ့နောက် အစာအဆိပ်သင့်တာကြောင့် ၂၈ ယောက် ဆေးရုံတင်ရပြီး တယောက် သတိလစ်မေ့မျော နေတယ်လို့ ဒီနေ့ သတင်းစာမှာ ဖတ်လိုက်ရတယ်။ စင်္ကာပူနိုင်ငံဟာ အရင်နဲ့ စာရင် မှုခင်းတွေ ပိုများလာသလို စားသောက်ဆိုင်တွေရဲ့ အရည်အသွေးတွေလဲ ကျဆင်းလာတယ်လို့ ပြောနိုင်တယ်။ဟိုတလောကလဲ ပုဇွန်ကျား ၆ ကောင်လောက်ကို စလုံးဒေါ်လာ၂၃၉ ကျပ် တောင်းလိုက်တဲ့ အတွက် အသံတွေ ထွက်လာတယ်။ ခံလိုက်ရတဲ့လူတွေက အာရှသားမဟုတ်ပဲ အမေရိကန် နိုင်ငံသားတွေ ဖြစ်နေတဲ့အတွက် တိုင်တာ တောတာ ဖြစ်ပြီး သတင်းမှာ ပါလာခဲ့တယ်။ အခုလို အသံမကြားရပဲ ဖြစ်နေတဲ့ အမှုတွေ စင်္ကာပူမှာ ဘယ်လောက်များနေပြီလဲဆိုတာ မေးခွန်းထုတ်စရာပဲ။

Saturday, April 4, 2009

နှစ်သက်မိသော လေးဖြူရဲ့ စကားလုံး အချို့

ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်
ကြိုက်တယ်..လေးဖြူကို နှစ်သက်မိတာက သူ့ရဲ့ အဲလို အပြောတွေကြောင့်ပဲ။ စကားပြောညံ့တယ်၊ ရိုင်းတယ် လို့ နံမည်ကြီးပေမဲ့ ကိုယ့်အမြင်မှာ သူက စကားပြော ပါးနပ်တယ်။ ရိုးသားတယ်။သူ့ရဲ့ သီချင်းတွေကြောင့် သူ့ ကို သဘောကျမိသလို အဲဒီလို ရိုးသားတဲ့ အမြင်၊ မကြွားဝါတဲ့ စိတ်တွေကြောင့်လဲ သူ့ကို သဘောကျတယ်။ စကားလုံးတွေက တွေးမယ်ဆိုရင် ထပ်ဆင့်ပွားတွေးယူလို့ ရအောင် အတွေးတွေကို ဖန်တီးပေးတယ်။
ပညာ တတ်အဆိုတော် တစ်ယောက်မို့ပဲ ပိုပြီးများ တော်နေသလားတော့ မသိဘူး။
စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။ မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ
ဒီအပြောကတော့ ကိုယ့်ရဲ့ လက်ရှိခံစားချက်နဲ့ သွားထိတော့ တော်တ်ာလေး သဘောကျမိတယ်။ တကယ်ဆို ကိုယ်လဲ လူအချို့ကို မယုံဘူး။ စကားလုံးအတိအကျပေမဲ့ မျက်နှာပေး၊ လေသံပေါ်မှာ မူတည်ပြီး အဓိပ္ပာယ် အမျိုးမျိုး ဖြစ်သွားနိုင်သေးတာကို။ ကိုယ့်ရှေ့မှာ ပြောတဲ့စကားနဲ့ ကွယ်ရာမှာ ပြောတဲ့စကား လေသံအမျိုးမျိုး သုံးတဲ့လူတွေ၊ နောက်ကျောကို ဓါးနဲ့ ထိုးချင်တဲ့လူတွေ၊ မနာလိုစိတ်ကို မဖုန်းကွယ်နိုင်တဲ့လူတွေ အမျိုးမျိုး တွေ့လာရတဲ့အခါ ကိုယ်လဲ ရိုင်းချင်လာတယ်။ ဒါပေမဲ့ ကိုယ်က လေးဖြူလောက်တော့ မရင့်ကျက်သေးတာ အမှန်ပဲ။ သူ့လိုလဲ မရဲရင့်နိုင်သေးတော့ ကိုယ် မယုံကြည်ရတဲ့လူတွေကို ရှောင်ချင်တာပဲ ရှိတော့တယ်။ စိတ်ကုန်တယ် ဆိုရမလားပဲ။ ကံကောင်းတာ တစ်ခုက ကိုယ့်မှာ ယုံကြည်စွာ ရင်ဖွင့်လို့ ရတဲ့ သူငယ်ချင်း အချို့ ရှိနေသေးတာပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုက အများစုဟာ မြန်မာ မဟုတ်ပဲ၊ နိုင်ငံခြားသားတွေ ဖြစ်နေတာပဲ။ မြန်မာတွေနဲ့ မပေါင်းဘူး၊ နိုင်ငံခြားသားကိုပဲ ပေါင်းတယ်ဆိုတဲ့ မြန်မာတွေကို ကိုယ် အားမကျ ဘူး။ သူငယ်ချင်းကောင်းဆိုတာ လူမျိုးနဲ့ မဆိုင်ဘူး။ ရင်ဘက်ချင်း ပေါင်းလို့ ရ၊ မရ နဲ့ပဲ ဆိုင်တယ်လို့ ကိုယ် ခံယူထားတယ်။ ဒါပေမဲ့ ကိုယ် ယုံကြည်ရမဲ့ သူငယ်ချင်းတွေထဲမှာ မြန်မာကိုတော့ များစေချင်တာ ကိုယ် လူမျိုး အပေါ်မှာ ချစ်တဲ့ စိတ်ကြောင့်ပါ။

Friday, April 3, 2009

ဒူးရင်း

ဒီနေ့ အဖို့တော့ ဆင်ကို မျက်ကန်း ၆ ယောက် စမ်းတာ ကြည့်နေရသလိုပဲ။ ဇာတ်လမ်းကို စတာက မလေးရှား နိုင်ငံသား ကိုယ့် ဆရာပေါ့။ ဒူးရင်းသီး အကြောင်း စပြောတာက သူ။ စင်္ကာပူကို အခုမှ ပထမဆုံး ရောက်ဖူးတဲ့ အင်္ဂလန်က ဆရာ (ကိုယ့် အင်္ဂလန် ဆရာရဲ့ ဧည့်သည်) ကလဲ ကြားဖူးကြောင်း ယဉ်ကျေးမှုအရ ပြန်ပြောရာ ကနေ စားကြည့်ဖို့ သဘောတူလိုက်တာ။ အဲဒီမှာ စတွေ့တာပဲ။ ကိုယ်တို့စားနေတဲ့ စားသောက်ဆိုင်မှာ ဒူးရင်း နဲ့ ပတ်သတ်တာဆိုလို့ ရနိုင်တာက ဒူးရင်း ပူတင်းပဲ ရှိတယ်။ ကိုယ့်အမြင်တော့ ဒီဒူးရင်း ပူတင်းက ဒူးရင်း မစစ်ပါဘူး။ ကိုယ်လိုလူတောင် အနံ့ခံ နိုင်တယ်ဆိုမှတော့ ဒီဒူးရင်းက ဒူးရင်း မစစ်ဘူးပေါ့။စားကြည့်တဲ့ ဆရာက ဘာပြောလဲဆိုတော့ ထောပတ်သီးတဲ့ အဲဒါကို ကိုယ့်ရဲ့ အင်္ဂလန်က ချစ်လှစွာသော ဆရာက မခံနိုင်ဘူး။ သူက စလုံး ရောက်တာ နှစ်ခေါက်ရှိပြီကို။ သူက အရင်ကလဲ စားဖူးပြီး ဒူးရင်းကို မုန်းသလောက် ထောပတ်သီးကို သိပ် ကြိုက်နေတော့ ထောပတ်သီးရဲ့ နံမည်ကို မဖျက်ပါဘူးဆိုပြီး ထအော်။ တော်တော်လေးတော့ ရီရတယ်။ အဲမှာ ပိုဆိုးသွားတာက ဂျပန်မပဲ။ သူကလဲ ၀င်မြည်းကြည့်ပြီး ဘာပြောလဲဆိုတော့ အမဲသား ခြောက်တဲ့။ ကိုယ့်မှာ ရီလိုက်ရတာ။ ဒူးရင်းသီး ကြိုက်သူတွေ ဆိုရင်တော့ ဘယ်လို မြင်မလဲ မသိ။

ကိုယ်ကြိုက်တော့လဲ အရသာနဲ့ ပြည့်တဲ့ အသီးပေါ့။ မကြိုက်တော့လဲ ရှုံ့တွနေကြတာ။ ကိုယ့်အကြိုက်ကို လာထိတော့လဲ မခံနိုင်ဘူး။ အမဲသား မစားတဲ့လူက အမဲသားနံ့နဲ့ ဒူးရင်းနံ့ တူနေတာပေါ့။ မခံနိုင်တဲ့ အနံ့တွေ ကို။ ဒါကို ဒူးရင်း မကြိုက်ပေမဲ့ အမဲသားစားတဲ့လူကျ လက်မခံနိုင်ဘူးပေါ့။ တကယ်တော့ ကိုယ်နှစ်သက်ရင် ကောင်းပြီး မနှစ်သက်ရင် အပြစ်မြင်တတ်တာ လူ့သဘာဝပါပဲ။ တခါတလေမှာ ကိုယ့်အတွက် သာမာန်ကိစ္စ တစ်ခုလို့ သဘောထားပြီး ပြောလိုက် စလိုက်ကြပေမဲ့ လူတစ်ဘက်သားကို စော်ကားသလို ဖြစ်သွားတတ်တာ မျိုးကို သတိတော့ ထားသင့်တယ်။ ကိုယ့်အတွက်လဲ အကျိုးမရှိ ကိုယ်တိုင်လဲ သေချာမသိပဲ စကားကို လက်လွတ်စပယ် ပြောလိုက်မှုကြောင့် လူတစ်ဘက်သားရဲ့ ဘ၀ကို ထိခိုက်သွားနိုင်တယ်ဆိုတာ ဆင်ခြင်နိုင်ကြ မယ်ဆိုရင် ကမ္ဘာကြီးက ဒီထက် ငြိမ်းချမ်းသွားမယ် ထင်တယ်။

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~