Tuesday, April 21, 2009

အဖော်.............

မေမေ မဆုံးခင်က ကိုယ်တို့တွေကို သူ့အဒေါ် အပျိုကြီး အကြောင်းကို ပြောပြလေ့ရှိတယ်။ ဆွေမျိုးတွေနဲ့ သိပ် အစေးမကပ်လှတဲ့ သူ့အဒေါ်ဟာ အိမ်မှာ တစ်ယောက်ထဲ နေရတဲ့အကြောင်း၊ ဆုံးသွားတဲ့အခါ ပုရွက်ဆိပ်တွေ တက်နေပြီး အချိန်တော်တော်ကြာကြာမှ သိရတဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်လို မေမေက ပြောပြဖူးတယ်။ မေမေရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ ကိုယ် သေချာမသိပေမဲ့ ကိုယ်တို့ မောင်နှမတွေကို စည်းလုံးစေချင် တဲ့ သဘောတွေ အများကြီး ပါလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ မေမေ့ကို စချင်တဲ့ ကိုယ်တို့တွေက တခါတလေ “မေမေက ယောက်ျားယူခိုင်းနေတာလား” လို့ မေးလေ့ရှိတယ်။ မေမေက အဲဒါဆို ရီပြီး “ယူပေါ့” လို့ ပြန်ပြော တတ်တယ်။
တကယ်တော့ ကိုယ်က မေမေ့ကို စချင်လို့သာပြောမိပေမဲ့ အဲဒီ အချိန်တုန်းက တွေးမိခဲ့တာက မေမေ့ရဲ့အဒေါ် အခုလို အဖြစ်မျိုးနဲ့ ဆုံးရတာဟာ အပျိုကြီးဖြစ်လို့ ဆိုတာထက် ဆက်ဆံရေး ညံ့လို့လို့ တွေးမိခဲ့တာပဲလေ။ အခုတော့ စင်္ကာပူမှာ လောလောလတ်လတ် ဖြစ်သွားခဲ့တဲ့ လူသေမှု နှစ်ခုက ကိုယ့်အတွေးတွေကို ခိုင်မာသွား စေတယ်။ ဒီနှစ်ခုက ဆက်သွယ်ချက်တော့ မရှိပါဘူး။
ဒါပေမဲ့ တိုက်ဆိုင်မှုတစ်ခုက နှစ်ယောက်လုံးဟာ အိမ်ထောင် ရှိပါလျက်နဲ့ အခန်းထဲမှာ လူမသိ၊ သူမသိ သေသွားခဲ့ရတာပဲ။
ပထမ တစ်ခုမှာတော့ မိန်းမက သူ့အခန်းထဲမှာ ဆုံးနေတာကို ယောက်ျားလုပ်သူက အနံ့ ထွက်လာမှ သိတယ်။ သားသမီး မရှိတဲ့ လင်၊မယား နှစ်ယောက်ဟာ ကွဲတာ ကွာတာလဲ မဟုတ်ပဲ စကား မပြောဖြစ်တာ နှစ်ကြာနေတော့ မနက်အလုပ်သွား၊ ညအလုပ်ပြန် မိန်းမကို မတွေ့မိပေမဲ့ အိပ်နေတာလို့ပဲ ယူဆခဲ့သတဲ့။ အခန်းကလဲ ခွဲအိပ်တာ ဆိုတော့ နှစ်ရက် လောက်နေလို့ မိန်းမ အလောင်းက အနံ့ထွက်လာမှ သေဆုံးမှန်း သိခဲ့ရတယ်တဲ့။ မိန်းမ အလောင်းရဲ့ ဘေးမှာ ဆေးဘူးလေးတွေ တွေ့ရတယ်ဆိုတော့ ဒီအမျိုးသမီး ဟာ မသေခင်မှာ ဝေဒနာကို တစ်ယောက်ထဲ ခံစားသွားခဲ့ရပုံပဲ။
ဒုတိယ အမှုကတော့ ပိုရင်နာဖို့ ကောင်းတယ်။ သားသမီး နှစ်ယောက် (သို့) သုံးယောက် ရှိတဲ့ လင်မယားစုံတွဲ မှာ ယောက်ျားက အခန်းတွင်းမှာ တစ်ယောက်ထဲ သေဆုံးရခဲ့တယ်။ ဒီအမှုမှာတော့ လင်နဲ့ မယားက တရားဝင် ကွဲနေတာ ဖြစ်တယ်။ ဒါပေမဲ့ တစ်အိမ်ထဲမှာပဲ အတူဆက်နေတဲ့ ဒီလင်မယားက စကား ပုံမှန်မပြောကြဘူးတဲ့။ ယောက်ျားက အရက်သောက်တတ်ပြီး အရက်မူးလာတဲ့ အခါ ကြမ်းတတ်တဲ့ အတွက် အဲဒီညက အသံတွေ ကြားပေမဲ့ မိန်းမက သွားမကြည့်ခဲ့ဘူး။ နောက် နှစ်ရက်လောက်နေလို့ ဘာသံမှ မကြားရ၊ အခန်းထဲက ထွက်မ လာတော့မှ ယောက်ျားရဲ့ တူမကို လှမ်းအကြောင်းကြားပြီး တံခါးကို ဖွင့်ကြည့်တော့ ပါးစပ်က အမြှုပ်တွေနဲ့ သေနေတဲ့ ယောက်ျားကို တွေ့ရတာဖြစ်တယ်။ အိမ်ထောင်ပြုခဲ့တယ်၊ သားသမီးလဲ ရှိတယ်။ ဒါပေမဲ့ သေတဲ့ အချိန်မှာ တစ်ယောက်ထဲ ဝေဒနာ ခံစားပြီး သေရတယ်။
တကယ်တော့ လူတွေက အိမ်ထောင်ဘက်ကိုမှ အဖော်လို့ ယူဆလိုက်တဲ့အခါ အပျိုကြီး၊ လူပျိုကြီး လုပ်ရမှာကို လူတွေက ကြောက်စရာ၊ လန့်စရာအဖြစ် တွေးတတ်ကြတယ်။ တကယ်တော့ အိမ်ထောင်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကံတရားက ဖန်တီးလာရင် ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး ကောင်းရင်၊ ကိုယ့်ရဲ့ စိတ်ရင်းက ကောင်းရင် ကိုယ့်အနားမှာ ကူညီချင်သူတွေ ၀ိုင်းဝိုင်းလည် နေမှာပါ။ အဲလို မဟုတ်ပဲ ကိုယ့်အတွက်ပဲ ကြည့်တဲ့ အတ္တကြီးသူ တစ်ယောက်ဆိုရင်တော့ လူလွတ်ဖြစ်စေ၊ အိမ်ထောင်သည် ဖြစ်စေ အဖော်မဲ့ နေမှာပါပဲ။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~