ကိုယ့်ဘ၀မှာ ဘာတွေ ဖြစ်မယ်ဆိုတာ ဘယ်သူက ကြိုသိနိုင်မလဲ။သေချာတာတစ်ခုကတော့ ကိုယ်တို့ အားလုံး ဟာ နေသာတဲ့ စက်တင်ဘာ ၁၁၊ ၂၀၀၁ မှာ ၀မ်းနည်းစရာတွေ ဖြစ်လာလိမ့်မယ်လို့ မတွေးထားခဲ့ပါဘူး။ ကိုယ့်ဘ၀၊ ကိုယ်သိပ်တန်ဖိုးထားတဲ့ ဘ၀လေးတစ်ခုဟာ စက်တင်ဘာ ၁၁၊ ၂၀၀၁ အင်္ဂါနေ့မနက်ခင်းမှာ ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားခဲ့တယ်။
အဲဒီနေ့က ကိုယ်နဲ့ ကိုယ့် ဇနီး ရှယ်ရီတို့က ကားကိုယ်စီနဲ့ အလုပ်ကို ထွက်လာခဲ့ကြတယ်။ ပုံမှန်ဆိုရင်တော့ ကိုယ်တို့ နှစ်ယောက်က သားနဲ့သမီးကို ကျောင်းလိုက်ပို့ရင်း တစ်ကားတည်း အတူထွက်လေ့ရှိတယ်။ ဒါပေမဲ့ ရှယ်ရီရဲ့ အလုပ်က မြို့ရဲ့ တစ်ဘက်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့အတွက် အဲဒီနေ့က ရှယ်ရီက နောက်ကျ နေဖို့ လိုအပ်တဲ့ အတွက် ကားယူသွားတာပါ။ ကိုယ့်အနေနဲ့ ဒီလိုနေရတာကို မနှစ်သက်မိတဲ့အကြောင်း ရှယ်ရီကိုတောင် ပြောပြဖြစ်မိပေမဲ့ သူ့ရဲ့ အထက်အရာရှိက သူမကို ယုံကြည်နေတာအတွက် သူမက သိပ်ကို ဂုဏ်ယူနေခဲ့တယ်။ သူမက စံပြလုပ်သားတစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုလာတဲ့အပေါ် ကိုယ်လဲ မငြင်းနိုင်ခဲ့ ဘူးပေါ့။
အဲဒီနေ့က ကိုယ်တို့ သားအဖတတွေ အိမ်က မထွက်ခင် ရှယ်ရီက အလုပ်ကို သွားနှင့်ခဲ့တယ်။ ကားပေါ်မှာ ကိုယ့်စကားကို နားထောင်တဲ့ အတွက် ကလေးတွေကို Burger King မှာ မနက်စာ မုန့်ဝယ်ကျွေးဖို့ ကားရပ် လိုက်တော့ ရှယ်ရီ ခုနကပဲ ထွက်သွားတယ်လို့ ဆိုင်က ကောင်လေးက ပြောတယ်။ လမ်းတလျှောက် ရှယ်ရီ ကားဟာ ကိုယ်တို့ကားရဲ့ ရှေ့မှာ ရှိနေခဲ့တယ်။ ကိုယ်တို့ သားအဖ သုံးယောက် ကလေးတွေရဲ့ ကျောင်းကို ရောက်သွားတော့ ရှယ်ရီက ကျောင်းမှာစောင့်နေတာကို တွေ့လိုက်ရတယ်။ အဲအချိန်မှာ တွေ့လိုက်ရတဲ့ ရှယ်ရီ ကို ကိုယ့်ဘ၀မှာ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူး။ ရှယ်ရီက အောက်စ့်ဖိုဒ့် အကျီလေးကို ၀တ်ထားပြီး သူ့ဆီကို ပြေးလာတဲ့ ကလေးတွေကို ပြုံးပြနေခဲ့တယ်။
ကလေးတွေကို ကျောင်းစာသင်ခန်းတွေမှာ ထားခဲ့ပြီး ကျောင်းက ထွက်လာတော့ ရှယ်ရီရဲ့ ကားက ကိုယ့်ကား နောက်မှာ ကပ်ပါလာခဲ့တယ်။ ကားပေါ်ကနေ အနမ်းတွေလှမ်းပေးခဲ့တဲ့ ရှယ်ရီကို ကိုယ်ဘယ်လိုမှ စိတ်မဆိုးနိုင် တော့ဘူး။ နောက် မနက် ၉း၃၀ လောက်မှာ World Trade Center ကို လေယာဉ်တွေ ၀င်တိုက်တဲ့ သတင်းက တစ်ကမ္ဘာလုံးကို ကိုင်လှုပ်လိုက်တယ်။ ရှယ်ရီက ကိုယ့်ကို ဖုန်းဆက်လာတဲ့အတွက် ကိုယ်တို့ ခန စကားပြောပြီး နောက် ၁၀ မိနစ်အကြာမှာ ကိုယ်သိပ်ချစ်တဲ့ ရှယ်ရီ၊ ကလေးတွေကို သိပ်ချစ်တဲ့ ရှယ်ရီက ကိုယ်တို့ရဲ့ လောက ကြီးထဲက ပျောက်ကွယ်သွားခဲ့တယ်။ ကိုယ် ဘယ်လိုမှ လက်သင့် မခံနိုင်လောက်အောင် ခံစားခဲ့ရတယ်။ စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်အောင် ကိုယ် ထိခိုက်ခံစားခဲ့ရတယ်။
ရှယ်ရီက လောကကြီးထဲက ပျောက်ကွယ်သွားပေမဲ့ ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှင်သန် နေခဲ့တယ်။ ရှယ်ရီရဲ့ ရုပ်ခန္ဒာကြီးက ကိုယ်နဲ့ အတူ ရှိမနေပေမဲ့ သူမရဲ့ ၀ိညာဉ်ဟာ ကိုယ့်ဝန်းကျင်မှာ ရှိနေတာ ကိုယ် ခံစားလို့ ရနေခဲ့တယ်။ သူမကို တမ်းတမိတဲ့ အချိန်တိုင်း ကိုယ့်ခံစားမှုတွေကို ဖြေသိမ့်ပေးနိုင်ဖို့ ကိုယ့် ဘေးနားမှာ သူမ ရှိနေခဲ့တယ်။ ရှယ်ရီရဲ့ အချစ်တွေကို ခံစားသိနေတဲ့ ကိုယ့်အတွက်တော့ ဒါက သိပ်မထူးဆန်း ခဲ့ပါဘူး။ ဒါပေမဲ့ ကလေးနှစ်ယောက်နဲ့ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ မုဆိုးဖို ကိုယ့်ဘ၀က သိပ်တော့ မလွယ်ခဲ့ဘူး။ ဒါကြောင့်မို့ ကိုယ့်မိဘတွေရှိတဲ့ မြို့ကို ပြောင်းရွှေ့နေထိုင်ဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ ဒီဆုံးဖြတ်ချက်က သိပ်တော့ မလွယ်ခဲ့ပါဘူး။ နေရာအသစ်မှာ ပြောင်းရွှေ့ နေထိုင်ရတာနဲ့အတူ ကိုယ် ရှယ်ရီကို သိပ်လွမ်းနေခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်တို့ရဲ့ သမီးငယ်လေး ချန်ဒရယ်လာက ၂၀ လသား လေးပေါ့။ စကားလုံးတွေကို စပြောစပြုနေတဲ့ သမီးငယ်လေးကို ထွေးပွေ့ထားရင်း ကိုယ်မျက်ရည်ကျမိတယ်။ သိပ်ငယ်လွန်းတဲ့ သမီးငယ်လေးဟာ သူ့အမေကို မှတ်မိနိုင်မယ် မထင်ဘူး။ သူ့အမေရဲ့ ချစ်ခြင်းတရားတွေကို သူမ မသိနိုင်တာအတွက် ကိုယ် ကလေးကို သနားမိတယ်။ ကံဆိုးလွန်းတဲ့ ရှယ်ရီနဲ့ သမီးလေးကို သနားပြီး ကိုယ် မျက်ရည်တွေ ကျနေမိတယ်။
ကလေးတွေရှေ့မှာ ဟန်မဆောင်ဖို့ ကိုယ် မကြိုးစားခဲ့ပါဘူး။ ကလေး ဆရာဝန်က ဟန်မဆောင်ဖို့ ကိုယ့်ကို ညွှန်ကြားထားခဲ့တယ်။ ဒါမှ ကလေးတွေဟာ ၀မ်းနည်းပူဆွေးတာကို လက်ခံနိုင်မယ်ဆိုတဲ့ ဆရာဝန်စကားအရ ကိုယ် သမီးငယ်လေးကို စိုက်ကြည့်ပြီး “ဖေဖေက သမီး မေမေကို လွမ်းလို့ ငိုနေတာလို့” သမီးကို တိုင်တယ် လိုက်မိတယ်။ စကား တစ်ခွန်းစ နှစ်ခွန်းစပဲ စပြောနေတဲ့ သမီးလေးက “သမီး ဖေဖေ့ကို ချစ်တယ်” တဲ့ ရုတ်တရက် ပြောလိုက်တယ်။ စာကြောင်းတစ်ခုဖြစ်အောင် စာမစီ တတ်သေးဘူးလို့ ကိုယ် ခံယူထားတဲ့ သမီးလေးက ဖေဖေ့ကို ချစ်တယ်ဆိုတဲ့ စကားကို အထစ်အငေါ့မရှိ ပြောလိုက်တော့ ကိုယ့် နှလုံးသွေးတွေ အေးခဲသွားတဲ့အထိ အံ့သြနေမိတယ်။ အဲဒီနောက် ကိုယ်က မေမေ့ကို လွမ်းတယ်လို့ သမီး ရှေ့မှာ ပြောမိတိုင်း ဖေဖေ့ကို ချစ်တယ်ဆိုတဲ့ စကားကို သမီးက တုန့်ဆိုင်းမှု မရှိ ပြန်ပြောတတ်တယ်။ တစ်ရက်တော့ ကိုယ် စိတ်ထဲ သိချင်လာတာနဲ့ သမီးကို အခုလို ပြောဖို့ ဘယ်သူ သင်ပေးတာလဲလို့ မေးမိတယ်။ သမီးက တစ်မိနစ် တောင် မဆိုင်းပဲ ပြန်ပြောလိုက်တာက “မေမေ”တဲ့။
မူရင်း I love you, Daddy (Chicken soup for the soul)
No comments:
Post a Comment