Friday, April 10, 2009

ကြွက်တို့ရဲ့ ပျော်စံရာ

Indian rojak stall ရဲ့ အစာအဆိပ်သင့်မှုကြောင့် လူပေါင်း ၁၅၄ ယောက် ဆေးကုသမှု ခံယူခဲ့ရပြီး ၂ ယောက် သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆိုင်ဟာ စင်္ကာပူနိုင်ငံရဲ့ နံမည်ကြီး rojak ဆိုင် ဖြစ်ပြီး ကုန်စိမ်းဈေးနဲ့ တွဲနေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ rojak ဆိုတာ အီကြာကွေး၊ သစ်သီးတွေ၊ အသီးအရွက်တွေကို မြေပဲဆံထောင်းနဲ့ အချို ရည် ဆမ်းပေးထားတဲ့ စင်္ကာပူနိုင်ငံရဲ့ ဒေသထွက် အစားအစာတစ်ခု အဖြစ် နံမည်ကြီးပါတယ်။
Indian rojak ကတော့ ပုဇွန်၊ အခြားပင်လယ်စာ နဲ့ ပဲသီး၊ အားလူးပြုတ်၊ မကျက်တကျက် ပြုတ်ထားတဲ့ ကြက်ဥ၊ ပဲပင်၊ သခွားသီးတွေ ပါပြီး ပဲ အချို အစပ်တွေ ရောထားတာ ဖြစ်ပါတယ်။ ဆေးစစ်ချက်တွေအရ အခု အဆိပ်သင့်မှုဟာ မကျက်တကျက် ဖြစ်နေတဲ့ ပင်လယ်စာတွေကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင် ပါတယ်။ ဒါပေမဲ့ rojak ဆိုင်ရဲ့ သန့်ရှင်းမှုကို စစ်ဆေးတဲ့အခါမှာလည်း အနီးအနားမှာ ရှိတဲ့ ကုန်စိမ်းဈေးမှာ ကြွက်တွေကို တွေ့ရတယ်လို့ ဆိုတဲ့အတွက် အကြောင်းရင်းကို တိတိကျကျ ပြောရခက်နေပါတယ်။
သေချာတာတစ်ခုကတော့ ကုန်စိမ်းဈေးနဲ့တွဲနေတဲ့ ဒီစားသောက်တန်းတွေရဲ့ သန့်ရှင်းမှု အဆင့်အတန်းဟာ နိမ့်ကျနေတယ်ဆိုတာပါပဲ။
စင်္ကာပူနိုင်ငံဟာ သန့်ရှင်းတယ်လို့ ကမ္ဘာမှာ နံမည်ကြီးပါတယ်။ အခုတော့ ဒီအဖြစ်အပျက်ဟာ စင်္ကာပူနိုင်ငံရဲ့ သန့်ရှင်းမှုဟာ အပြင်ပန်းမှာပဲလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ နောက်ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင် အရ စင်္ကာပူနိုင်ငံဟာ သန့်ရှင်းနေတယ်လို့ ထင်ရပေမဲ့ အနံ့ဆိုးတွေကို တော်တော်လေး ရစေတဲ့ နေရာ ဖြစ်ပါတယ်။ နောက် မနေ့က သတင်းစာမှာ ပါတဲ့ စစ်တမ်းတစ်ခု အရလဲ စင်္ကာပူလူမျိုး ၁၀ ယောက်မှာ ၃ ယောက်ဟာ အိမ်သာက ထွက်လာရင် လက်မဆေးကြဘူးလို့ပါလာတယ်။ ဒီက စစ်တမ်းတွေဟာ လူအရေ အတွက် အနဲငယ်ကိုပဲ အခြေခံ လုပ်တာဖြစ်တဲ့အတွက် မှန်လိမ့်မယ်လို့ ပြောလို့မရပေမဲ့ အတိုင်းအတာတစ်ခု သော လူတွေဟာ သန့်ရှင်းမှုမှာ အားနည်းနေတယ်ဆိုတာကို မြင်သာတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ကိုယ်တို့ မြန်မာနိုင်ငံဟာ ညစ်ပတ်တယ်လို့ အော်နေတဲ့ မြန်မာပြည်ကို အလည် အပတ်ပြန်တဲ့ ကိုယ်တို့ ရွှေမြန်မာတွေ ဆင်ခြင်နိုင်မယ် ထင်တယ်။ နိုင်ငံခြားသားတွေနဲ့ ထမင်းစားတဲ့အခါ လက်နဲ့စားရမှာကို ရှက်တတ်တဲ့ ရွှေမြန်မာတွေအတွက် အပြင်ပန်းလား တကယ်လားဆိုတာ ဆင်ခြင်စေချင် တယ်။ တကယ်တော့ ကိုယ်တို့နိုင်ငံရဲ့ သန့်ရှင်းမှု အခြေအနေဟာ နိမ့်ကျပါတယ်။ ဒါပေမဲ့ လက်တစ်ဆုပ်စာပဲ ရှိတဲ့၊အစိုးရကောင်းကို ပိုင်ဆိုင်ထားတဲ့ ဒီနိုင်ငံမှာတောင် အခုလို ဖြစ်နေကြသေးတာ ကိုယ်တို့နိုင်ငံမှာ ဖြစ်နေတာကို အပြစ်တင်လို့တော့ မရနိုင်ပါဘူး။ ကိုယ်တို့ နိုင်ငံဟာ စင်္ကာပူနိုင်ငံထက် အဆပေါင်းများစွာ ကြီးပါတယ်။ လူမျိုးပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ စည်းလုံးမှု ရနိုင်ဖို့ဆိုတာ အများကြီး ကြိုးစားရအုန်းမှာပါ။ ဒါပေမဲ့ သယံဇာတတွေ ရှိသင့်သလောက်ရှိသေးတဲ့ နိုင်ငံတစ်ခု၊ ကြိုးစားချင်တဲ့ မြန်မာတွေ ရှိတဲ့ နိုင်ငံတစ်ခု အနေနဲ့ တနေနေ့ တချိန်ချိန်မှာတော့ ကမ္ဘာမှာ၊ အာရှမှာ နိုင်ငံကြီးတစ်ခုအနေနဲ့ ၀င့်ထည် လာနိုင်မယ်ဆိုတာ ကိုယ်အခိုင်အမာ ယုံကြည်နေပါတယ်။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~