Wednesday, December 31, 2008

နှစ်သစ် စိတ်သစ်

၂၀၀၉ ခုနှစ်ဟာ ကိုယ့်အတွက် ပျော်ရွှင်စရာတွေကို ယူလာမဲ့နှစ်၊ အောင်မြင်မှုတွေကို ယူလာမဲ့နှစ်။ ။
သမာရိုးကျ ဘ၀ကနေ ခွဲထွက်ပြီး စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်မဲ့ နှစ်။ ။
မွေးနေ့ မွေးရက် တစ်ထပ်တည်း ကျတဲ့နှစ်။
မေမေ.....
မင်္ဂလာရှိတဲ့ နေ့သစ်ရဲ့ မနက်စောစောမှာ သမီး မေမေ့ကို ရှိခိုးဦးချ ကန်တော့လိုက်ပါတယ် မေ မေ..
ဒီနေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ သမီး ကုသိုလ်ပြုပါမယ် မေမေ။ မေမေ့ကို အနားမှာ မရှိဘဲ မွေးနေ့ပွဲ ကျင်းပရတာ ဒီနှစ်က ၁၀ နှစ်မြောက်ပါ။ အရင်ကတော့ အဝေးမှာ မေမေရှိနေသေးတယ်။ အမေ့ အသံကို ကြားခဲ့ရသေးတယ်။ အခုတော့ အမေ့အသံကိုတောင် ကြားခွင့်မရတာ ၃ နှစ်မြောက် မွေးနေ့ပေါ့ မေမေ။ အိမ်မှာမေမေ ရှိနေသေးတယ်လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ဖို့၊ လိမ်ဖို့ ကြိုးစားခဲ့လဲ ဒီနေ့ ဒီအချိန်ရောက်တိုင်း မေမေ မရှိတဲ့ လစ်ဟာမှုတွေကို ရင်နာနာနဲ့ လက်ခံနေရတယ် မေမေ....
ဖေဖေ...
ငယ်ငယ်က ဖေဖေ ခရီးသွားရင်တောင် ဖျားခဲ့တဲ့ အဖေ့သမီးက အခုတော့ အဝေးမှာ တစ်ယောက်တည်းရယ်။ သမီး မရှိပေမဲ့ သမီး ရှိစဉ်ကလို မွေးနေ့အလှူတွေကို ကျင်းပပေးနေဆဲ ဖေဖေ..ဒီနေ့ မနက် ၆ နာရီ ၃၀ မှာ သမီး အဖေ့ကို ကန်တော့ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကိုပဲ ဦးစားပေးခဲ့မိတဲ့ သမီးအတွက် ဘာကိုမဆို လိုချင်သမျှ ဖြည့်ဆည်းပေးခဲ့တဲ့အတွက် သမီး အဖေ့ကို ကျေးဇူးလဲတင်၊ ၀မ်းလဲနည်းမိတယ် ဖေဖေ
“ငါ့သမီးက ပေးပဲ ပေးချင်နေတာကို အဖေတို့ ပေးတာကိုလဲ လက်ခံတတ်အောင် ကြိုးစားပါ”ဆိုတဲ့ ဖေဖေ့စကားကို ကြားယောင်ရင်း ဒီနေ့ကစလို့ သမီး အဖေပေးတဲ့ မေတ္တာတရားတွေကို လက်ခံတတ်အောင် ကြိုးစားမယ်လို့ ကတိပေးပါတယ် ဖေဖေ။ ကိုယ်ပျော်စေချင်သလို အဖေ့ကို ဖြစ်စေချင်ခဲ့မိတာတွေအတွက် ခွင့်လွှတ်ဖို့ ရှိခိုးဦးချ ကန်တော့လိုက်ပါတယ် ဖေဖေ။ လွမ်းတယ်ဆိုတဲ့ စကားကို ရွတ်နေသေးမိတာကိုတော့ ခွင့်လွှတ်ပါ ဖေဖေရယ်။ ကိုယ်တိုင်တောင် မပျော်နိုင်တဲ့ အရပ်မှာလဲ အဖေ့ကို ခေါ်မထားရက်သလို ကိုယ်လဲ ပြန်မလာနိုင်သေးတဲ့ ကာလမှာ သမီးအတွက် ဖေဖေ ကျန်းမာနေပေးပါ ဖေဖေရယ်။ ဒါပေမဲ့ သမီး ဖြစ်ချင်တဲ့ ဆန္ဒကို ရှေ့တန်းမတင်တော့ပါဘူး ဖေဖေ။ အရှိတရားကို လက်ခံနိုင်ဖို့ ကြိုးစားပါ့မယ်။ ဖေဖေ ပျော်ရွှင် စိတ်ချမ်းသာနိုင်ပါစေလို့ ဆန္ဒပြုလျှက်...

Tuesday, December 30, 2008

good to great

Greatness lies, not in being strong, but in the right using of strength. --Henry Ward Beecher

Sunday, December 28, 2008

ပျော်ရွှင်တဲ့ ဘ၀ဆီသို့

The unselfish effort to bring cheer to others will be the beginning of a happier life for ourselves. --Helen Keller ကိုယ့်အကျိုးဆန္ဒအတွက် မပါဘဲ သူတပါးကို ပျော်ရွှင်အောင်၊ အားတက်အောင် လုပ်ဆောင်ခြင်းဟာ ကိုယ့်ဘ၀အတွက် ပျော်ရွှင်စေဖို့ နည်းလမ်းအစပါပဲ။

Saturday, December 27, 2008

နှုတ်ဆက်ခဲ့ပါတယ်

နှုတ်ဆက်ခဲ့ပါတယ် ၂၀၀၈ ရယ် ။ ဒီနှစ်အတွင်း
၁) ပညာရေးအတွက် လှေကားထစ်တစ်ခုကို သုံးပြီး မရနိုင်ဘူးလို့ထင်တဲ့ အိမ်မက်တစ်ခုကို အရယူဖို့ ခြေလှမ်း စနိုင်ခဲ့တယ်။
၂) ဒီဇင်ဘာလမှာ မထင်မှတ်တဲ့ စွန့်လွှတ်ခြင်းတစ်ခုကို လုပ်ခဲ့ရတယ်။ ကိုယ့်ရဲ့ မေတ္တာတရားက ကိုယ့်ရဲ့ အတ္တကို ကျော်လွှမ်းနိုင်ခဲ့တယ်။ အဲဒီအတွက် ကျေနပ်နေမိတယ်။ မေတ္တာတရားရဲ့တန်ဖိုးကို နားလည်အောင် သင်ပြပေးတဲ့ လောကကြီးရေ ကျေးဇူးပါ။
၃) မမျှော်လင့်ထားတဲ့ သူငယ်ချင်းတွေနဲ့ အမှတ်မထင် ခရီးတစ်ခု ထွက်ဖြစ်ခဲ့တယ်။ အဲဒီခရီးကြောင့်ပဲ သူငယ်ချင်းတွေနဲ့ ပိုရင်းနှီးခဲ့ရတယ်။ ရင်ဖွင့်ခွင့် ရခဲ့တယ်။ အဲဒီ အတွက် ကျေးဇူးတင်ပါတယ် ၂၀၀၈ ရယ်။
၎) အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြန်ရခဲ့တယ်။ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်း တွေဆီက နွေးထွေးဆဲ ခင်မင်မှု၊ ရင်းနှီးခဲ့ဖူးတဲ့ သူငယ်ချင်းတွေဆီက အပေါ်ယံဆန်တဲ့ ခင်မင်မှု၊ တစ်သက်တာ ရန်သူလို့ သတ်မှတ်ခဲ့ဖူးတဲ့ သူငယ်ချင်းဆီက ပြန်လည်ဆက်သွယ်လာမှု၊ အရင်းနှီးဆုံးလို့ ထင်ခဲ့တဲ့ သူငယ်ချင်း တွေဆီက မနာလိုမှုတွေကို ရရှိခဲ့တယ်။လူတွေကို ကိုယ်ချင်းစာ ခွင့်လွှတ်ပေးနိုင်ဖို့၊ ပိုပြီး လူကြီးဆန်ဖို့ သင်ကြားပေးတဲ့အတွက် ကျေးဇူးပါ ၂၀၀၈ ရယ်။
၅) မိသားစုအပေါ်မှာ မျှော်လင့်သလောက် မဟုတ်ပေမဲ့ အတိုင်းအတာ တစ်ခု အထိ တာဝန်ကျေနိုင်ခဲ့တယ်။ သမီးကောင်းတစ်ယောက်ဖြစ်ဖို့ ဆက်လက် အခွင့်ပေးပါအုန်း လောကကြီးရယ်။
ဖြစ်ချင်တဲ့ ဆန္ဒတွေက ပိုပြီး ရုပ်လုံးပေါ် ပီပြင်လာတယ်။နိုင်ငံအတွက် ဂုဏ်ယူနိုင်ဖို့ ဆက်လက်ကြိုးစားခွင့် ရဖို့ အခွင့်ပေးပါ။ နောက်နှစ်တွေမှာ ဒီထက်မကတဲ့ ယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲခေါ်သံတွေကို ရင်ဆိုင်ခွင့်ပေးပါ။ အဖေ့ ကို ကျန်းကျန်းမာမာနဲ့ ဆက်လက်မြင်တွေ့ခွင့်ပေးပါ။

Friday, December 26, 2008

ရိုးသားတဲ့စကားလုံးများ အမြဲတမ်း နားထောင်သူရှား

ဘယ်လောက်ခေါက်ခေါက် မဖွင့်တဲ့ တံခါး
ဘယ်လောက်လျှောက်လျှောက် မရောက်တဲ့ တံတား
အဆုံးမရှိတဲ့ ကြိုးစားမှုများနဲ့ တစ်ချို့တွေက သွား

အကန့်အသတ်နဲ့ ပေးတတ်တဲ့ လက်
အနိမ့်အမြင့်နဲ့ ရိုက်ခတ်တဲ့ ဂယက်
လောကရဲ့ လှည့်ကွက်များထဲ ရှေ့ကို ဆက်နိုင်ရင် ဆက်

မသွားဘဲနဲ့ ရောက်ခဲ့တဲ့ ခရီး
မမွှေးဘဲနဲ့ တောက်ခဲ့တဲ့ မီး
အချစ်မဲ့တဲ့ ဖြစ်တည်မှုတရား မရှိနိုင်ဘူး.....

မတင်းဘဲနဲ့ ပြတ်တတ်တဲ့ ကြိုး
မချိန်းဘဲနဲ့ သည်းတတ်တဲ့ မိုး
နှလုံးသားတစ်ခု မဖိတ်စဉ်ဖို့ မေတ္တာများ ပေးပါအုန်း

အသေးအမွှားလည်း မပေးတတ်တော့ဘူး
အများကြီးလည်း မတောင်းတတ်တော့ဘူး

ရိုးသားတဲ့စကားလုံးများ အမြဲတမ်း နားထောင်သူရှား
အသည်းနှလုံးလည်း မကွဲတတ်တော့ဘူး
သူရဲကောင်းလည်း မဖြစ်သင့်တော့ဘူး
နှလုံးသားတစ်ခု မဖိတ်စဉ်ဖို့ မေတ္တာများ ပေးပါအုန်း

သိပ်မျှော်လင့်လေသမျှ ဘယ်မလဲ ကလေးရေ~~~~

ဟေး ရှေ့ဆက်ပြီး ငါ ဘယ်သွားမလဲ
မေးခွန်းတွေက ရောက်ခဲ့
စိမ်းဆိုလန်းတဲ့ ကမ္ဘာကြီးရဲ့ တောနဲ့တောင်ကြား

အား ငါ့ခြေလှမ်းတွေ နောက်ဆုံးအထိ
မင်းမရှိခဲ့အချိန်မှာ ဘ၀ရဲ့
စိမ်းဆိုလန်းတဲ့ ကမ္ဘာကြီးလည်း အသက်မဲ့လို့သွား

မရေရာတိမ် လေနှင်ရာ မျောလွင့်လိုက်လို့သွား
မင်းမရှိခဲ့ချိန် အသည်းထဲက အထိနာ

ငါရင်ခွင် ဝေဒနာပင် မင်းပျိုးခဲ့လေသလား
စိမ်းလန်းလို့လေ နာကျင်ဆဲ ဗလာရင်ခွင်
အိမ်ပြန်ချိန် ငါ့လက်ထဲက လွတ်ကျသွား
ဟင်….အချစ်က အခိုးအငွေ့လား

ဟူး သိပ်မျှော်လင့်လေသမျှ ဘယ်မလဲကလေးရေ
ငါ့ကမ္ဘာထဲကို တစ်ခေါက်ပြန်သွား
စိမ်းဆိုလန်းနေတဲ့ ကမ္ဘာအား
ငေးကြည့်ရင်းနဲ့ အသည်းအိမ်က
နောက်ဆုံး ရှင်သန်အုန်းမလား


Thursday, December 25, 2008

ရယူခြင်း နဲ့ စွန့်လွှတ်ခြင်း

“ရယူခြင်း မဟုတ်ရင် အချစ်က ဘာလဲ..ငါ့ကိုလဲ ပြောပြထားသင့်တယ်...........”
အချစ်ဆိုတာ ရယူခြင်းလား၊ စွန့်လွှတ်ပေးဆပ်ခြင်းလား။ မိဘက သားသမီးကို ထားတဲ့ အချစ်၊ သမီး ရည်းစားတွေ အချင်းချင်းထားတဲ့ အချစ်။ ဆွေမျိုးတွေက တူ၊တူမတွေ အပေါ်ထားတဲ့ အချစ်၊ ညီအကို မောင်နှမ အချင်းချင်း ထားတဲ့ အချစ်။ ဘယ်အချစ်မှာ ရယူခြင်းတွေ ပါမလဲ။ ဘယ်အချစ်မှာ စွန့်လွှတ်ပေးဆပ်ခြင်းတွေ ပါမလဲ။ အချစ်ခံရတဲ့လူနဲ့ ချစ်ရတဲ့ လူ ဘယ်သူက ပိုကံကောင်းသလဲ။ တစ်နည်းပြောရရင် လောကကြီးမှာ အရိပ်ခိုခြင်းကြောင့် ရလာတဲ့ ကျေနပ်မှုနဲ့ အရိပ်ပေးရလို့ ရလာတဲ့ ကျေနပ်မှု ဘယ်အရာက ပိုပြီး စိတ်ချမ်းသာ စေသလဲ။ လူတိုင်းက အချစ်ခံရဖို့ လိုအပ်သလို ချစ်ရဖို့လဲ လိုအပ်မယ် ထင်တယ်။
ငယ်ငယ်ကတဲက အချစ်မခံခဲ့ရဘူးလို့ ကိုယ့်ကိုယ်ကို အထင်ရောက်ခဲ့တဲ့ကိုယ်က အချစ်ခံရဖို့ထက် ချစ်ဖို့ကို ပို အားသန်ခဲ့တယ်။ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုနှစ်သက်ခဲ့ဖူးတယ်။ ကိုယ့်ဘ၀မှာ လူတစ်ယောက်ကို ချစ်ခဲ့ဖူးတယ်။ သူ့အတွက်ပဲ အသက်ရှင် နေတာလို့ အကြိမ်များစွာ တွေးခဲ့မိတယ်။ သူ့အတွက်ဆိုရင် ဘယ်သူ့ကို မဆို ရင်ဆိုင်လိုက်ဖို့ သတ္တိတွေ အခိုင်အမာ ရှိခဲ့ဖူးတယ်။ သူ့အတွက်နဲ့ပဲ ကိုယ်ဟာ လူတစ်ချို့ အပေါ် နာကျင်ခဲ့ဖူးတယ်။ လူတစ်ချို့ကို မုန်းတီးခဲ့ဖူးတယ်။ သူ့ကို ချစ်တဲ့စိတ်နဲ့ အမှား၊ အမှန် မခွဲခြားပဲ မလုပ်သင့်တာတွေကို လုပ်ခဲ့မိတယ်။ အဲအတွက်လဲ ကိုယ့်ကိုယ်ကို ထိတ်လန့်ခဲ့ဖူးတယ်။ ဘ၀မှာ အတ္တ သိပ်ကြီးတဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို မြင်ခဲ့ဖူး၊ မုန်းခဲ့ဖူးတယ်။
ဒါပေမဲ့ အခုအချိန်မှာ သူ့ကို စွန့်လွှတ်ဖို့ မဟုတ်ရင်တောင် သူ ချစ်တဲ့သူနဲ့ ပျော်ရွှင်နေတာကို ပြုံးကြည့်နိုင်ဖို့ ကိုယ့်မှာ သတ္တိတွေ ရှိလာပြီ ထင်တယ်။ ရင်ထဲမှာ နာကျင် ၀မ်းနည်းနေပေမဲ့ သူ့ရဲ့ ပျော်ရွှင်မှုကို ထပ်တူ ခံစားနိုင်ဖို့ နှလုံးသွင်းစ ပြုလာနိုင်ပြီ ထင်တယ်။ နာတော့ နာကျင်နေဆဲပဲ။ သူပျော်ရွှင် နေတဲ့ အရှိန်လေး ပျက်မသွား အောင် ၀မ်းနည်း နာကျင်နေတဲ့ ကိုယ့်ရဲ့ နှလုံးသားကို ထိန်းပြီး သူ့ကို စကား ပြောရတဲ့အခါ ရင်ထဲမှာတော့ တုန်လှုပ်နေမိတာ အကြိမ်များစွာပဲ။ သူပျော်ရွှင်ပါစေဆိုတဲ့ စိတ်တစ်ခုနဲ့ လိုက်လျောရတဲ့အခါ ရင်ဘက်ထောင့် တစ်နေရာက အောင့်တက်လာစမြဲပဲ။ သူနဲ့ ကိုယ့်ကြားမှာ ချည်နှောင်ထားတဲ့ ကြိုးတစ်စုံကို ဖြေးဖြေးချင်း ဖြည်လျှော့ဖို့ ကြိုးစားနေမိတယ်။ သူနဲ့ ကိုယ်နဲ့ အတူ ပျော်ရွှင်ခဲ့တဲ့ အချိန်လေးတွေကို သူ မှတ်မိနေနိုင်မလားဆိုတာတော့ ကိုယ့်ဘက်က မသေချာဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက အခု သူပျော်နေ တယ်။ ကြည်လင်နေတဲ့ အပြုံးကို ကြည့်ရင်၊ လွင်နေတဲ့ အသံကို နားထောင်ရင် ကိုယ် ခံစားပေးနိုင်ပါတယ်။ ငယ်စဉ်ကတဲက အရိပ်လို ချစ်ခဲ့ရသူပဲကွယ်။ သူ တစ်သက်လုံး ပျော်ရွှင်သွားနိုင်ဖို့တော့ ကိုယ် ဆုတောင်းနေမိတယ်။

စေတနာ

BOB အခွေမှာ အရသာ ဘယ်လို ရှိတယ် ဆိုတာလောက်ပဲ ပြထားပြီး ဘယ်လောက် တီးနိုင်တယ်၊ ဘယ်လို ဆိုထားတယ် ဆိုတဲ့ ပညာခန်းတွေ မပါကြောင်း လေးဖြူက ဆိုပါ သေးတယ်။ အစာရေစာ ငတ်မွတ် နေတဲ့ ကမ္ဘာ၊ စစ်ပွဲတွေနဲ့ တိုင်းပြည်၊ မကျေနပ်မှုတွေနဲ့ လူတွေ အဲဒါတွေ အတွက် ဘယ်လို Contribute လုပ်မလဲ၊ သက်သာရာ သက်သာကြောင်း ရပါစေ ဆိုတဲ့ စိတ်ကူးနဲ့ လေးဖြူက BOB ခွေကို ဖန်တီးထားတာပါ။

Wednesday, December 24, 2008

အထက်လူကြီးနှင့် ဆက်ဆံခြင်း(သို့) ကိုယ့်အခွင့်အရေးအတွက် တိုက်ယူခြင်း

အစိုးရအလုပ်မှာပဲ လုပ်လုပ်၊ ပုဂ္ဂလိကမှာပဲ လုပ်လုပ် ကိုယ်ပိုင် သဌေး မဖြစ်သရွေ့တော့ ကိုယ့်ရဲ့ အထက်က လူကြီးဆိုတဲ့လူတွေနဲ့ ဆက်ဆံနေရအုန်းမှာပါပဲ။ မြန်မာပြည်က သူငယ်ချင်းတွေက ဟိုမှာ အလုပ်လုပ်ရတဲ့ အနေအထားကို ညည်းကြတယ်။ လူကြီးတွေက ကိုယ့်အတွက်၊ ကိုယ်ရဖို့ကိုပဲ ဦးစားပေးကြည့်ကြတယ်။ ခေါင်းရှောင်ကြတယ်တဲ့။
ကိုယ်က ပြင်ပလုပ်ငန်းတွေမှာတော့ တစ်ခါမှ အလုပ်မလုပ်ဖူး၊ အပြင်လုပ်ငန်းက လူကြီးတွေနဲ့လဲ မဆက်ဆံဖူးတော့ မသိဘူး။ ဒါပေမဲ့ ပညာရေးလမ်းကြောင်းမှာရှိတဲ့ ကိုယ့်ရဲ့အထက်က လူကြီး (တစ်နည်း ပြောရင် ကိုယ့်ရဲ့ ဆရာတွေနဲ့) ဆက်ဆံရေးကို ကြည့်ပြောရရင်တော့ ဒီက လူကြီးတွေလဲ သိပ်မထူးပါဘူး။
ကိုယ် research ကို စလုပ်တဲ့အချိန်ကနေ အခုအချိန်ထိ ဆရာ (၂) ယောက်ကို ရင်းရင်းနှီးနှီး ဆက်ဆံဖူးတယ်။ ntu က ဆရာက ပွင့်ပွင့်လင်းလင်းပြောတယ်၊ လိုချင်တာကို တိုက်ရိုက်ပဲ ပြောတယ်။ ဥပမာ “ငါ့ရဲ့ publication အတွက်မလို့ ငါက နင်တို့ Paper ကို ဖတ်ပေးရမှာပေါ့။ Thesis ကို ဘာလို့ အားစိုက် ဖတ်ပေးရမှာလဲ။ ငါ့အတွက် အကျိုးမှ မရှိတာဆိုတဲ့ စကားမျိုးကို တိုက်ရိုက် ပြောချတာမျိုးပေါ့။” နောက်ပြီး “နင်တို့ Thesis ကို ဖတ်စေချင်ရင် ငါ့အတွက် project ကို ပြီးအောင် လုပ်ပေးလို့ ပြောတမျိုး၊ ငါ့ကျောင်းသားကို စာရှင်းပြ ဆိုတာမျိုးတွေ လုပ်တယ်” အဲလိုမျိုး တိုက်ရိုက်ပြောချတော့ စကြားခါစကဆို ဆရာ့စိတ်ကို တော်တော် လန့်တယ်။ ကိုယ်စိတ်ထဲမှာ ထင်ခဲ့တာက ဆရာဆိုတာမျိုးက ကိုယ့်ကျောင်းသားရဲ့ အကျိုးအတွက် လိုလား တယ်။ paper ကိုဆိုရင်လဲ ကိုယ်တို့ အကျိုးအတွက် လုပ်ခိုင်းတာလို့ ထင်ခဲ့မိတာကို။
ဒါပေမဲ့ နောက်ပိုင်းမှာ ဆရာ့ကို ဘယ်လို ဆက်ဆံရမလဲ နားလည်သွားတယ်။ သူက သူ့အကျိုးကိုပဲ ဦးစားပေးလုပ်သလို ငါလဲ ငါ့ ကိုယ်ကျိုးအတွက်၊ ငါ့အခွင့်အရေးအတွက် တိုက်ယူရမှာပဲလို့ တွေးပြီး သူ့ကိုလဲ ကိုယ့်ရဲ့ အခွင့်အရေး အတွက် တိုက်ရိုက်ပြောတတ်လာတယ်။ ဥပမာ ကိုယ့်အတွက် သူ့လက်မှတ် တစ်ခုခု လိုတယ်ဆိုပါတော့ သူက ထုံးစံအတိုင်း မအားကြောင်း သူ့အကျိုးမပါကြောင်းတွေ လာပြောနေရင် ပါးစပ်ကတော့ ရီရီမောမော ကောင်းကောင်းမွန်မွန် ပြန်ပြောနေပေမဲ့ လက်တွေ့မှာတော့ မရမက တွန်းတွန်းတိုက်တိုက် လုပ်တတ်လာတယ်။ လက်မှတ်မထိုးမချင်း သူ့စားပွဲမှာ ထိုင်စောင့်နေတာမျိုးပေါ့။ ပါးစပ်ကတော့ ရီရီမောမောပဲ။ ကိုယ့်အကျိုးအတွက် ၅နာရီပဲ စောင့်ရစောင့်ရ ပေစောင့်နေတတ်လာတယ်။ အမှန်တော့ အဲလို တွန်းတွန်း တိုက်တိုက် လုပ်တတ် လာတဲ့ ကိုယ့်စိတ်ကို ကိုယ်မကြိုက်ဘူး။ ကိုယ့်အကျိုးအတွက်ဆိုရင် သူအားတာ၊ မအားတာ မစဉ်းစားတော့ပဲ ဇွတ်လုပ်ရတာကို လိပ်ပြာ မသန့်ဘူး။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားတွေ အဆင့်နိမ့် သွားတာပဲဆိုပြီး ကိုယ် ငိုခဲ့ဖူးတယ်။ တစ်ဘက်ကလဲ ကိုယ်လိုချင်တာတွေ အတွက် ဒီနည်းကို သုံးရမယ်ဆိုတာ ကိုယ်က သိနေပြန်ရော။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုက်ယူတာ ဘယ်နည်းနည်းသုံးသုံးမှန်တယ်လို့ တွေးပြီး စိတ်တင်းလိုက်။ တစ်ခါတစ်လေကျလဲ “ ငါ့စိတ်တွေ ပျက်ပြားကုန်ပြီ။ လူတစ်ယောက်ရဲ့ တန်ဖိုးက ဒါမဖြစ်သင့်ဘူး။ ဘယ်လို လူနဲ့ပဲ ဆက်ဆံရ၊ ဆက်ဆံရ ကိုယ်က စိတ်ထားမှန်မှန်နဲ့ ဆက်ဆံတတ်ရမယ်။ ” လို့ ခံစားရတဲ့အခါ ၀မ်းနည်းငိုယိုလိုက်နဲ့ ကိုယ် ၂ လ လောက် စိတ်ညစ်နေခဲ့ဖူးတယ်။ အမှန်တော့ ကိုယ်လုပ်တာအတွက် ဆရာက သဘောတောင် ကျသေးတယ်။ သူက ကိုယ်တိုင်လဲ သူ့ကိုယ်ကျိုး အတွက် တွန်းတွန်းတိုက်တိုက် လုပ်တတ်သလို သူ့ကို လာလုပ်တော့လဲ ငြီးငြီးငြူငြူနဲ့ပဲ ဖြစ်အောင် လုပ်ပေး တတ်ပြန်ရော။
ဒီ Rsearch Institute က ဆရာကတော့ နူးညံ့တယ်။စကားပြောရင်တိုးတိုးလေး။ ဘယ်တော့မှ သူလိုချင်တာကို တိုက်ရိုက်မပြောဘူး။ သွယ်သွယ်ဝိုက်ဝိုက်နဲ့ သူဖြစ်ချင်လာတဲ့ လမ်းကြောင်းကို ခင်းပြတယ်။ တစ်ဘက်သားက လိုက်မလာဘူးဆိုရင် စိတ်ကသိကအောက်ဖြစ်အောင် အနေကြပ်အောင် လုပ်တတ်တယ်။ နောက်ဆုံး တစ်ဘက်လူက ဆရာဖြစ်ချင်တဲ့လမ်းကြောင်းကိုပဲ သူ့ဟာသူ ဖွင့်ပြောလာရတဲ့အထိ စိတ်ရှည်ရှည်နဲ့ ဝေ့ပြီး စကားကို ပြောနေတတ်တယ်။ ဆရာနဲ့ ပြောရင် တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒက တစ်ခု ပါးစပ်က ပြောလိုက်မိတာ တစ်ခု ခဏခဏ ဖြစ်တယ်။ အဲလို ဖြစ်တိုင်း ကိုယ့်ကိုယ်ကို မကြိုက်တဲ့ စိတ်နဲ့ အကြိမ်ပေါင်း များစွာ မွန်းကြပ်ဖူးတယ်။ ဥပမာ ဆိုပါတော့ ကိုယ်နဲ့ကိုယ့်သူငယ်ချင်းက project အတွက် program တစ်ခုကို အောင်အောင် မြင်မြင် လုပ်လိုက်နိုင်တယ်။ ဒီ project ကို နိုင်ငံတကာ ပြိုင်ပွဲတစ်ခုမှာ ၀င်ပြိုင်တဲ့အတွက် ဆုရတယ်။ အဲတော့ Institute က လူကြီးတွေက ကိုယ်တို့ project ရဲ့ program ကို စိတ်ဝင်စားတဲ့အတွက် ကိုယ်တို့အဖွဲ့ကို institute လပတ်အစည်းဝေးမှာ တင်ပြခိုင်းတယ်။ project တစ်ခုလုံး မဟုတ်ဘူးနော်။ ကိုယ်တို့လုပ်ထားတဲ့ program လေးကိုပဲ လုပ်ခိုင်းတာ။ ဒီpresentation အတွက် အသင့်တော်ဆုံးလူဟာ ကိုယ့်သူငယ်ချင်း(သို့) ကိုယ်ပဲလို့ ကိုယ်တို့ တစ်ဖွဲ့လုံးက ထင်တယ်။ Institute ကအထက်လူကြီးတွေအနေနဲ့ ကိုယ်တို့ကို အသိအမှတ်ပြုတာမျိုးကို ရဖို့အတွက် အားလုံးက လုပ်ချင်တာပဲ။ တကယ်ဆိုရင် သူက လူကြီးတစ်ယောက်အနေနဲ့ လူငယ်တွေကို ဦးစားပေး ခိုင်းသင့်တယ်၊ ဒါမှ ကိုယ်တို့တွေလဲ တိုးတက်လာမယ်။ ဒါပေမဲ့ ဆရာက သူပဲ လုပ်ချင်တယ်။ အဲတော့ ဘာလုပ်လဲဆိုတော့ ကိုယ်တို့ကပဲ ကြောက်လို့၊ စိတ်ရှုပ်လို့၊ အလုပ်ပိုတွေမို့ မလုပ်ချင်တဲ့ ပုံစံမျိုး ဖြစ်အောင် ဇွတ် ဖန်တီး ယူတယ်။ အစည်းအဝေးမှာ သူက အဲလိုမျိုး ဖြစ်အောင် ဖန်တီးနေတဲ့ အခါ ကိုယ်ရော ကိုယ့်သူငယ်ချင်းရောက သတိထားမိတယ်။ ဒါပေမဲ့ ကိုယ်တို့မှာ သူ့ကို ဘယ်လိုဆန့်ကျင်ရမှန်းမသိတဲ့အခါ သူဖြစ်ချင်တဲ့ လမ်းကြောင်းအတိုင်း မျောပါသွားရော။ အဲလိုမျိုးပေါ့။ ကိုယ့်လက်အောက်ကလူကို နေရာပေးရမှာ သေမလလောက် ကြောက်တယ်။အမှန်တော့ ကိုယ့်ဆရာတွေ တင် မဟုတ်ပါဘူး။ ကိုယ်ကြားရသလောက် ကိုယ်တို့ Research Institute ကလဲ အဲနေရာမှာ နံမည်ကြီးပဲ။ လူကြီးတွေက ကိုယ့်လက်အောက်က လူတွေကို နေရာမပေးတာကတော့ ၄ လပတ် အစည်းအဝေးမှာတောင် ထုတ်ပြောရတဲ့ အထိ။
အခုတော့ ဒီ Research Institute က ဆရာကိုလဲ ဘယ်လို ဆက်ဆံရမလဲ ဖြေးဖြေးချင်း နားလည်လာတယ်။ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ့်အခွင့်အရေးလို့ ထင်တဲ့ အရာတစ်ခုကို သူ့ကို တင်ပြပြီးသွားရင် သူဖြစ်ချင်တာ သူပြောနေတဲ့အခါ ကိုယ့်စိတ်ကို အဝေးပို့ထားလိုက်တယ်။ နောက်ဆုံး ကိုယ့်ဘက်က လိုက်လျောမလာတဲ့အခါ သူက တိတ်ဆိတ်ခြင်းဆိုတဲ့ နည်းလမ်းကို သုံးပြီး အနေကြပ်အောင် လုပ်တယ်။ အနေကြပ်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကိုယ်လဲ မသိချင်ယောင်ဆောင်ပြီး ငေးနေလိုက် တယ်။ နောက်ဆုံး သူကိုယ်တိုင် အနေကြပ်လာတဲ့ အထိပဲပေါ့။ နောက်ဆုံး ကိုယ်ဖြစ်ချင်တာကို သူလိုက်လျောလာတယ်။ သူ့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြော လာရင် ကိုယ်က သူ့ဆန္ဒကို လိုက်လျောလိုက်ဖို့ ပြင်ဆင်ထားပြီးသားပါ။ အမှန်တော့ ကိုယ်မကြိုက်တာက သူဖြစ်ချင်တဲ့ ပုံစံကိုပဲ ကိုယ်က ဖြစ်ချင်သလိုမျိုး ဖန်တီးပြီး ကိုယ့်ဘက်က လိုက်လျောလာရတာမျိုးကိုပါ။ သူ့ဆန္ဒကို ဆန့်ကျင်တာမျိုးရယ်တော့ မဟုတ်ပါဘူး။ နောက်တစ်ခုက ကိုယ့်အတွက် ရပိုင်ခွင့်လို့ ထင်လို့ တိုက်ယူတာလဲ ပါတာပေါ့။ ဒါပေမဲ့ ဆရာနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေး ဆိုးသွားမလားဆိုတာတော့ ကိုယ်လဲ မသိသေးဘူး။ သူက NTU ဆရာ လို မဟုတ်တော့ အခု ကိုယ်လုပ်တဲ့ ပုံစံကို မကြိုက်တောင် တော်တော်နဲ့တော့ ဖွင့်ပြောအုန်းမယ် မထင်ဘူး။ အခုအချိန်ထိတော့ အပေါ်ယံမှာ ဆက်ဆံရေး ကောင်းနေတုန်းပဲ။ နောက်ပြီး NTU နဲ့ ဆရာတုန်းကလို ကိုယ့်ကိုယ်ကို မကြိုက်တဲ့ ခံစားချက် မ၀င်ဘူး။ ဒါက နည်းလမ်းမှန်တယ်လို့ ယုံကြည်နေမိတယ်။
တကယ်တော့ ဘ၀မှာ အောင်မြင်ဖို့ဆိုတာ နည်းလမ်းတကျတို့ ငါမှန်တယ်ထင်တဲ့ အတိုင်းပဲ လုပ်မယ်ဆိုတဲ့ တစ်ယူသန်စိတ်မျိုးထက် ရေလိုက် ငါးလိုက်ဆိုတဲ့ နည်းလမ်းကိုလဲ သုံးနိုင်ဖို့ လိုမယ်ထင်တယ်။ ကိုယ့်ရဲ့ အထက် လူကြီးတွေကိုယ်တိုင်က သူတို့ကိုယ်ကျိုးကိုပဲ ကြည့်၊ ခေါင်းရှောင်လာတဲ့အခါ ကိုယ်တိုင်က ကိုယ့်ရဲ့ ရပိုင်ခွင့်အတွက် တိုက်ယူဖို့တော့ လိုမယ်ထင်တယ်။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ့်ရဲ့ စိတ်ကလဲ အမှန်အတိုင်း ဖြူစင်နေဖို့တော့ လိုတာပေါ့။ ကိုယ်လုပ်ထားတာထက် ပိုလိုချင်ပြီး မတရားလောဘတွေ တက်လာမယ်ဆိုရင် ကိုယ်တို့လဲ သူတို့နဲ့ ဘာထူးတော့လို့လဲ။

10 year Anniversary

10 years? 2009 Jan 1 will be our 10 year Anniversary? Wow..Time flies! Actually, I didn't notice it at all. I am a type of person who doesn't care anything? I don't know..But, I still remember how I cried , how much I was scared on that day. ......

Sunday, December 21, 2008

သင်ခန်းစာ - ၁

ကျွန်တော် ကောလိပ်ရောက်ပြီး ၂ လ အကြာမှာပေါ့။ ဆရာက အတန်းထဲမှာ ဥာဏ်စမ်းမေးခွန်းတစ်ချို့ကို ဖြေဖို့ မေးခွန်းစာရွက်တွေ ကျောင်းသားတွေကို ပေးခဲ့တယ်။ ရှောင်တခင် စာမေးပွဲ စစ်တဲ့သဘောမျိုးပေါ့။ ကျွန်တော်က ကြိုးစားတဲ့ ကျောင်းသားပီပီ မေးခွန်းတွေကို ကြိုးကြိုးစားစား ဖြေဖြစ်ခဲ့တယ်..နောက်ဆုံး မေးခွန်းကို မတွေ့ခင်အထိပေါ့။ အဲဒီ နောက်ဆုံးမေးခွန်းက.......
“ကျောင်းမှာ သန့်ရှင်းရေးလုပ်တဲ့ မိန်းမကြီးရဲ့ နံမည်က ဘာလဲတဲ့..”
အဲဒီ မေးခွန်းကတော့ ဟာသပဲ ဖြစ်ရမယ်လို့ ကျွန်တော်တွေးလိုက်မိတယ်။ကျွန်တော် ဒီမိန်းမကြီးကို အကြိမ်ပေါင်းများစွာ တွေ့ဖူးနေတာပဲ။ ခပ်ပိန်ပိန်၊ ဆံပင်နက်နက်နဲ့ အသက် (၅၀) ကျော် ဒီမိန်းမကြီးကို အခါများစွာ တွေ့နေပေမဲ့ သူ့နံမည်ကို ကျွန်တော်က ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကျွန်တော်လဲ အဲဒီမေးခွန်းကို ကွက်လပ်ချန်ပြီး အဖြေစာရွက်ကို ဆရာ့ကို လှမ်းပေးလိုက်တယ်။
အတန်းပြောင်းဖို့ ကျောင်းခေါင်းလောင်းမတီးခင်လေးမှာပဲ ကျောင်းသားတစ်ယောက်က ထမေးခဲ့တယ်။ အဲဒီ နောက်ဆုံးမေးခွန်းက ကျွန်တော်တို့ရဲ့ အမှတ်၊ အဆင့်ကို ဆုံးဖြတ်တဲ့နေရာမှာ ထည့်တွက်မှာလားလို့ပေါ့။ ဆရာက ........“အသေအချာပဲတဲ့”...အံ့သြနေတဲ့ကျောင်းသားတွေကို ဆရာက စကားတစ်ခွန်းကို ပြန်ပြောခဲ့တယ်။ ဆရာပြောခဲ့တဲ့စကားကတော့
“~~မင်းတို့ရဲ့ ဘ၀မှာ၊ လုပ်ငန်းခွင်မှာ လူပေါင်းများစွာကို တွေ့ဖူး၊ ကြုံဖူးရအုန်းမှာပဲ။ အဲဒီ လူတိုင်းလူတိုင်းဟာ မင်းတို့ဘ၀အတွက် အရေးပါတယ်။ ဘယ်လိုလူပဲဖြစ်ဖြစ် မင်းတို့ရဲ့ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှုနဲ့ ထိုက်တန်တယ်။ အနဲဆုံး ပြုံးပြ နှုတ်ဆက်ရုံ ဖြစ်ဖြစ်ပေါ့”~~.
အဲဒီနေ့ကရခဲ့တဲ့ သင်ခန်းစာကို ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မမေ့တော့ဘူး။ အဲဒီ သန့်ရှင်းရေး မိန်းမကြီးရဲ့ နံမည်ကိုလဲ ဒေါ်ရသီဆိုတာကိုလဲ သိခဲ့တယ်။..............author unknow, TD.M ဘာသာပြန် ခံစားသည်။

Saturday, December 20, 2008

becoming who you are!

Healing may not be so much about getting better, as about letting go of everything that isn't you - all of the expectations, all of the beliefs - and becoming who you are. --Rachel Naomi Remen

စိတ်နာကျင်မှုတွေကို ပျောက်ကင်းဖို့ဆိုတာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားတာ မဟုတ်ပါဘူး။ မင်းမဟုတ်တဲ့ မင်းဖြစ်ချင်နေတဲ့ မျှော်လင့်ချက်တွေ၊ မင်းမယုံကြည်တဲ့ မင်းလက်ခံထားတဲ့ ယုံကြည်မှုတွေကို လွှင့်ပစ်ပြီးးကိုယ့်ကိုယ်ကို အရှိအတိုင်း လက်ခံပေးလိုက်ခြင်းပါ။

သမိုင်းပေး အမုန်း

ထိုင်းဆိုတာကို မြန်မာရဲ့ အနီးဆုံး နိုင်ငံတစ်ခုအနေနဲ့ ရိုးသားစွာ ခင်မင်ခဲ့ဖူးတယ်။ သမိုင်းဆိုတာကို နာကျင်မှု တစ်ခု အဖြစ် အခုအထိ ထုပ်ပိုးထားဆဲ နိုင်ငံတစ်ခုအနေနဲ့ ဟာသတစ်ပုဒ်လို ခပ်ဟားဟား ရီမောခဲ့ဖူးတယ်။ မြန်မာနိုင်ငံကို ဆင်းရဲတွင်း နက်သထက်နက်အောင် ကူညီနေတဲ့ နိုင်ငံတစ်ခု အဖြစ် ခပ်လှောင်လှောင် မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီ ခံစားချက်အားလုံးဟာ ပုဂ္ဂလိက မဆန်တဲ့ ခပ်ဝေးဝေးက ခံစားချက်တစ်ခုပါပဲ။
အခုအချိန်မှာတော့ အဲဒီနိုင်ငံကို ပုဂ္ဂလိက ဆန်ဆန် အမြင်ကတ်နေမိတယ်။
သူတို့တွေရဲ့ ယေဘူယျ ခံစားချက်မှာ မြန်မာတွေကို (လန့်နေလို့) နှိမ်ချင်တယ်လို့ မြင်နေမိတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ မတန်သေးပါဘူးဆိုတဲ့ နိုင်ငံမှာ အလုအယက် တိုက်ခိုက်နေကြတော့ လူလူချင်း စာနာမှုနဲ့ သနားနေတဲ့ကြားက အမြင်ကတ်ကတ်နဲ့ ဟားတိုက်ရီမောချင်စိတ် အချဉ်ပေါက်နေတယ်။ အစပြုတဲ့ အဖြစ်ကတော့ ထိုင်းကို အလည်သွားမိရာက စတယ်ထင်ပါရဲ့။ ထိုင်းနဲ့ မြန်မာရဲ့ သမိုင်းကို အမှန်အတိုင်း (သို့) သူတို့ဖြစ်ချင်တဲ့ ပုံဖော်မှုတွေကို သုံးပြီး နိုင်ငံတကာမှာ ပြစားနေတယ်လို့ ခပ်နာနာ တွေးမိတယ်။ မြန်မာလူမျိုးကို တွေ့ရင်ကို နှိမ်ချင်သလို ဖြစ်နေတဲ့ အဲဒီနိုင်ငံကို နာတဲ့စိတ်က ထိုင်းက ပြန်လာပြီးကတဲက တဖွဖွ တက်နေမိတယ်။ ဘယ်တော့မှ အဲဒီနိုင်ငံကို သွားမလယ်တော့ဘူးလို့လဲ ခိုင်ခိုင်မာမာ ဆုံးဖြတ် လိုက်မိတယ်။ ထိုင်းသူငယ်ချင်းကိုတောင် စကားကောင်းကောင်း မပြောချင်လောက်အောင် အမြင်ကတ် နေမိတယ်။
မြန်မာတွေအနေနဲ့ မြန်မာလူမျိုးတွေရဲ့ အညံ့တွေကိုချည်း အမွှန်းတင်နေမဲ့အစား ကိုယ့်နိုင်ငံဟာ ဘာလဲဆိုတာ နိုင်ငံတကာ သိအောင် တင်ပြဖို့တော့ လိုအပ်နေပြီထင်တယ်။ နိုင်ငံတကာ အလည်လာချင်သူတွေ မြန်မာပြည် ကို မလာရဲအောင် ခြောက်လှန့်နေမှုတွေကို ရပ်တန့်ပြီး ကိုယ့်နိုင်ငံရဲ့ အားသာချက်၊ အားနည်းချက်တွေကို အမှန်အတိုင်း တင်ပြဖို့ လိုမယ်ထင်တယ်။ တကယ်တော့ မြန်မာပြည်က သဘာဝတရားတွေ၊ လည်ပတ်စရာ နေရာတွေ အများကြီးနဲ့ အခုအချိန်ထိ အေးချမ်းသင့်သလောက် အေးချမ်းနေဆဲပဲမှလား။ မီးမလာတာကိုပဲ အော်နေမဲ့အစား မြန်မာပြည်ရဲ့ အဆင့်အတန်းမြင့်တဲ့ ဟိုတယ်တွေ အကြောင်းကိုလဲ ပြောပြဖို့ အချိန်ရောက်ပြီ ထင်တယ်။ မပြန်နိုင်သေးခင် လုပ်နိုင်သမျှတော့ လုပ်တော့မယ်၊ လုပ်သင့်နေပြီလို့ နှလုံးသားကရော၊ ဦးနှောက် ကရော အချက်ပေးနေတယ်။

Thursday, December 18, 2008

ရှင်သန်နေတဲ့ ရည်ရွယ်ချက်

Strong lives are motivated by dynamic purposes. -- Kenneth Hildebrand
ရှင်သန်နေတဲ့ ရည်ရွယ်ချက်တွေကသာလျှင် အောင်မြင်တဲ့ ဘ၀တွေကို ဦးဆောင်နိုင်ပါတယ်...
ရှင်သန်နေတဲ့ ရည်မှန်းချက်တွေသာ မရှိတော့ဘူးဆိုလျှင် ဘ၀မှာ အသက်ရှင်နေရတာက ဘာတန်ဖိုးရှိ မှာလဲ။ ဒါပေမဲ့ ရည်မှန်းချက်တွေရဲ့ နောက်ကို ပြေးလိုက်ရင်း တန်ဖိုးရှိတဲ့ လက်ရှိအချိန်လေးတွေကို မမေ့ မလျော့ ရှိနေဖို့လဲ လိုတယ်လေ။ မိနစ်လက်တံလေးရဲ့ ရွေ့လျားသံနေတဲ့အတူ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို အရောက်သွားဖို့ လိုအပ်သလို လက်ရှိရနေတဲ့ စက္ကန့်တိုင်းကိုလဲ တန်ဖိုးထားတတ်ဖို့တော့ လိုလိမ့်မယ်။ အလယ်အလတ် လမ်းစဉ်ဆိုတာ ဘုရားရဲ့ အဆုံးအမ တစ်ခုပဲ မဟုတ်လား။
သိုပေမယ့်လည်းလေ........လက်ရှိဘ၀ကို ရေစုံမျှောလိုက်မိတဲ့အခါတိုင်း ဘုရားစကားကို ဆင်ခြေလို အသုံး ပြုမိတဲ့အခါ၊ အဲလိုလူတွေကို တွေ့တဲ့အခါ ငါတို့ဟာ လေးနက်တဲ့ အတွေးအခေါ်နဲ့ ဟောကြားတဲ့ ဘုရား အဆုံးအမထက် မျက်စိမှိတ် ဖန်တီးရှင်နဲ့ပဲ သင့်တော်သူများလားလို့တွေးမိတယ်။ ဘုရားဟောကြားခဲ့တာက လောဘမရှိဖို့ပဲလဲ၊ ဘ၀ကို သက်သာသလို နေဖို့မှ မဟုတ်ပဲ။ ဘုရားသာ ဘ၀ကို သက်သာသလို ရေစုန်မျှောခဲ့ မယ်ဆိုရင် သူ ဘယ်အပင်ပန်းခံပြီး တရားကို ကျင့်ခဲ့မလဲ။ ဘုရင်အဖြစ် သက်တောင့်သက်သာ အုပ်စိုးနေရုံပေါ့။ မှန်ကန်တဲ့ ကြိုးစားမှုနဲ့ ကိုယ့်ဘ၀ကို တိုးတက်နေဖို့တော့ အများကြီး ကြိုးစားရအုန်းမယ်။

Wednesday, December 17, 2008

ကာရန်မကျတဲ့ ထိတ်လန့်မှု ကောက်ကြောင်းများ

တရွေ့ရွေ့နဲ့
နီးလို့လာပြီ
ဒီနေ့ရက်ဆီ
ခွဲရမှာကို ကြိုသိနေလဲ
ရင်ဆိုင်ဖို့က
စိတ်မရဲပြီ........

ပျော်ရွှင်မှုလား
စိုးထိတ်မှုလား
ဝေခွဲလို့မရ
သူတို့ကို အထင်ကြီးမှုကြောင့်လား
ကိုယ့်ကိုယ်ကို အားငယ်နေမှုကြောင့်လား
ပျော်ရွှင်မှု တစ်ခုကြောင့်လား............
ဘာမှန်းမသိပဲ......စိတ်တွေ ထွေပြား..............

studying

Studying should be a way of learning how to help weak people, and not just swallowing down and spewing up the words in textbooks.

ပညာသင်ယူခြင်းဆိုတာ အားနည်းသူတွေကို ဘယ်လို ကူညီမလဲဆိုတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေခြင်းသာ ဖြစ်သင့်ပါတယ်၊ ပုံနှိပ်စာအုပ်ထဲမှာပါတဲ့ စာလုံးတွေကို ၀ါးမျို၊ ပြန်အံ့ချဖို့တင် မဟုတ်ပါဘူး။

Tuesday, December 16, 2008

အရုဏ်ဦးရဲ့ သီချင်းဆိုသံ

"The lotus shrinks back into a bud when night falls, only to unfold again in the dawn.
Life has always been an endless unfolding..Life itself unfolds to death, and death unfolds to life again. There is no cause for sorrow or for fear in this. " (Minfong Ho: sing to the dawn)
ကြာပန်းလေးက အဖူးဘ၀ကနေ ညအခါမှာ ပြန်ငုံသွားတာဟာ မနက်မှာ ပြန်လည် ဖူးပွင့်လာဖို့ပါ။ ဘ၀ဆိုတာ အဆုံးမရှိတဲ့ ပြန်လည် ဖူးပွင့်ခြင်း သံသရာ တစ်ခုပါပဲ။ မွေးဖွားလာဖြင်းက သေဆုံးဖို့ အတွက် ဖြစ်ပြီး၊ သေဆုံး ရတာကလဲ နောက်ဘ၀ တစ်ဖန် ပြန်လည် မွေးဖွားနိုင်ဖို့ပဲ မှလား။ ဘာကို ကြောက်လန့်နေရအုန်းမှာလဲ။
"Why did you talk and talk to me of helping poor people and weak people, and then turn around and try to grab from me the one chance that was meant for me? Why did you make me believe in you, if all you are is a big bully?"
ကိုယ့်အကျိုးအတွက် အမအရင်းရဲ့ အခွင့်အရေးကို ဖြတ်လုဖို့ စိတ်ရှိနေခဲ့ရဲ့နဲ့များ နင်ဘာလို့ဆင်းရဲသားတွေ၊ အားငယ်သူတွေကို ကူညီမဲ့အကြောင်းတွေ ထပ်ခါထပ်ခါ ပြောခဲ့ရသေးလဲ။ ဘာလို့များ ငါ နင့်အပေါ်မှာ ယုံကြည်အောင် လုပ်ခဲ့ရတာလဲ။ နောက်ဆုံးတော့ နင်လဲ တခြားလူတွေနဲ့ ဘာထူးလို့လဲ။ ကိုယ့်အကျိုးအတွက် သူများအခွင့်အရေးကို ဖြတ်လုဖို့ ၀န်မလေးတဲ့ အတ္တကောင်ပဲ မဟုတ်လား။
တစ်ခါတစ်လေ အမှတ်မထင်ပေါ့..........လူတွေကို ကူညီမယ်လို့ တဖွဖွ အော်နေရင်းက ကိုယ့်အကျိုးအတွက် သူများအခွင့်အရေးကို မရည်ရွယ်ပဲ ဖြတ်လုမိတဲ့ အကြိမ် ဘယ်(၂) ကြိမ်များ ရှိခဲ့ဖူးပြီလဲ။ သူတော်ကောင်းဖြစ်ဖို့ ပါးစပ်က တဖွဖွ ရေရွတ်နေရင်းက သူယုတ်မာ အကျင့်ကို ဘယ်နှစ်ကြိမ်များ ကျင့်ကြံပြီးပြီလဲ။

a wonderful mythical law of nature

There is a wonderful mythical law of nature that the three things we crave most in life -- happiness, freedom, and peace of mind -- are always attained by giving them to someone else. --Peyton Conway March

အံ့သြစရာကောင်းတဲ့ သဘာဝတရားကြီးရဲ့ အမှန်တရားတစ်ခုကတော့ ----
ကိုယ်တို့တွေ အငမ်းမရ ရှာဖွေနေတဲ့ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ အဖိုးတန် အရာ(၃)ခုဟာ သူများကို ပေးဆပ်ခြင်းဖြင့်သာ ရတတ်တယ်ဆိုတာပါပဲ။

Sunday, December 14, 2008

တရားမျှတတဲ့ သဘာဝ တရားတစ်ခု

Although the world is full of suffering, it is full also of the overcoming of it --Helen Keller
လောကကြီးက နာကျင်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပြည့်နေတယ်ဆိုပေမဲ့ အဲဒီနာကျင်မှုတွေ၊ ဖိနှိပ်မှုတွေကို ကျော်လွှားနိုင်မဲ့ အရာတွေနဲ့ လည်း ပြည့်နေပါတယ်။ နာကျင်မှုတွေကို ခံစားရတဲ့ အခါ ခံနိုင်ရည် ရှိဖို့နဲ့ ကျော်လွှားနိုင်မဲ့ ဇွဲတော့ ရှိဖို့တော့ လိုတာပေါ့။ အရာရာကို ပင်ပင်ပန်းပန်း ကြိုးစားပြီးမှ ရတတ်တဲ့ ကိုယ့်အတွက်တော့ ဒီနေ့ စာသားလေးက သိပ်ကို လှပတဲ့ စာသားလေးပါပဲ။
ကိုယ့်ဘ၀မှာ ကိုယ်လိုချင်တာကို အမြဲပဲ ရတတ်ခဲ့တယ်။ ဒါပေမဲ့ လွယ်လွယ်ကူကူတော့လဲ မဟုတ်ပြန်ဘူး။ နဲနဲလေးတော့ အဖုအထစ် ရှိပြီးမှ ရတတ်တယ်။ တခါတလေတော့လဲ လိုချင်တဲ့အရာထက် အနည်းငယ် နိမ့်တဲ့ အရာကိုပဲ ရလိုက်ရတာမျိုး၊ သူများထက် နောက်ကျပြီးမှ ရခဲ့ရတာမျိုး၊ ကိုယ့်ဘက်က ပေးဆပ်လိုက်ရတာမျိုးတော့လဲ ရှိတာပေါ့လေ။ ကြာတော့လဲ ဒါက ကိုယ့်အတွက် မဆန်းကျယ်တော့တဲ့ လောကရဲ့ ကျီစယ်ခြင်း တစ်မျိုးလို့ ခံစားလာရတယ်။ အခက်အခဲတွေ ကြုံလာတိုင်း စိတ်ကို တင်းထားနိုင်ဖို့ ကြိုးစားလိုတဲ့ ဇွဲကို လောကကြီးက လေ့ကျင့် ပျိုးထောင်ပေးခြင်းပဲလို့ ကြိုးစား နှလုံးသွင်းနေရဆဲပါပဲ။
ပင်ပန်းဆင်းရဲမှုတွေကို ထပ်ဆင့်လို ကြုံလိုက်ရတဲ့အခါမျိုးမှာတော့လဲ ဆက်လျှောက်ဖို့ အားမကျန်လောက်အောင် ၀မ်းနည်းအားငယ်ခဲ့ ဖူးပါရဲ့။ အထူးသဖြင့် ကိုယ်လိုချင်တဲ့ အရာတစ်ခုအတွက် ကိုယ့်ဘ၀မှာ လုံးဝပြန်မရနိုင်တော့တဲ့ အရာတစ်ခုကို ဆုံးရှုံးလိုက်ရချိန် မှာတော့ စိတ်တွေ ယိုင်လဲပြီး ကိုယ် လူမသိ၊ သူမသိ စိတ်တွေလေခဲ့ဖူးတယ်။ နေ့စဉ်ရက်ဆက် ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ကိုယ်ဘာမှ မလုပ်နိုင်ခဲ့တာ၊ အကြောင်းတရားတစ်ခုကိုပဲ ထပ်ခါ ထပ်ခါ တွေးရင်း သွေးပျက်ခဲ့ရတယ်။ တစ်နှစ်လောက် လူမသိ သူမသိ အခြေအနေ ပျက်ရင်း ကျောင်းစာကို စိတ်ပါဝင်စားစွာ လုပ်နိုင်ဖို့ ကိုယ်စိတ်တင်းခဲ့ရတယ်။ ကျောင်းကို နေ့စဉ်မပျက် သွားနေပေမဲ့ စာတစ်လုံးမှ မလုပ်ဖြစ်ခဲ့တာ၊ အရာရာကို အကောင်းမမြင်နိုင်လောက်အောင် ကိုယ့်စိတ်တွေ ခါးသီးနေခဲ့တယ်။ အချိန်ကာလရဲ့ ကုစားမှုနဲ့ ကိုယ်နံလန်ထူလာတာ တစ်နှစ်တောင် မရှိတတ်သေးဘူးလေ။ အဲလို ဆုံးရှုံးမှုမျိုးကိုတော့ နောက်တစ်ကြိမ် မကြုံပါရစေနဲ့ လောကကြီးရယ်။ တစ်ကြိမ်ဟာ ကိုယ့်အတွက် လုံလောက်ခဲ့ပါပြီ။

Saturday, December 13, 2008

ကိုယ့်ရဲ့ သူရဲကောင်းဆိုတာ....

ဘွားဘွားကလဲ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ကို တော်လှန်ဖို့ တက်ကြွတဲ့ မျိုးချစ်စိတ်နဲ့ ကြီးခဲ့တယ်။ မေမေကလဲ ဂျပန်ခေတ်မှာ ဂျပန်ကို တော်လှန်ဖို့ တက်ကြွတဲ့ မျိုးချစ်စိတ်နဲ့ ကြီးခဲ့တယ်။ ...
အိမ့်က ဘာကို တော်လှန်ရမှာလဲ။ ....
အိမ့်က အင်္ဂလိပ်လက်အောက်မှာ မွေးခဲ့တာ မဟုတ်ဘူး။ ဂျပန်လက်အောက်မှာ မွေးခဲ့တာလဲ မဟုတ်ဘူး။ ပြန်လည် ထူထောင်ရေးကာလမှာ မွေးလာခဲ့တယ်။ မြန်မာလူမျိုးတွေ ပညာတတ်ဖြစ်ဖို့ လိုအပ်နေချိန်မှာ အိမ့်က ဆေးတက္ကသိုလ် ၀င်ခဲ့တယ်။ အဲဒါ အိမ့်မှားသလား။ (ဂျူး ပင်လယ်နှင့်တူသော မိန်းမများ)
သူရဲကောင်းဆိုတာကို တောင်းတတဲ့ ခေတ်ကာလ ရှိတယ်။ ခေတ်ရဲ့ တောင်းဆိုမှု အရ သူရဲကောင်းတွေ ပေါ်ထွက်လာရတာပါလို့ ပြောရင် သူရဲကောင်းတွေ၊ စွန့်လွှတ်ခဲ့သူတွေကို စော်ကားရာများ ရောက်သွားမလား လို့ စိုးထိတ်မိပါတယ်။ ဒါပေမဲ့ အဲဒီ အတွေးကို ရနေမိတာတော့ အမှန်ပဲ။ အခြေအနေ တစ်ခုက တောင်းဆို လာတဲ့အခါ အဲဒီတောင်းဆိုမှုအတိုင်း မီးကုန်ယမ်းကုန် ကြိုးစားသူဟာ အဲဒီ ခေတ်အတွက် တာဝန်ကျေတယ်လို့ သတ်မှတ်လို့ မရနိုင်ဘူးလား။ အခြေအနေတစ်ခုအပေါ်မှာ မူတည်ပြီး အကောင်းဆုံး လုပ်နိုင်သူဟာ လူတော်ပဲ ဖြစ်လိမ့်မယ်လို့ သတ်မှတ်မိတယ်။
သူရဲကောင်းဆိုတဲ့ စကားလုံးက သာမန် လူသားတွေ အတွက် သတ်မှတ် ထားတဲ့ စကားလုံးပါ။ နတ်ဘုရားတွေအတွက် သတ်မှတ်ထားတာ မဟုတ်ဘူးလေ။ အဲတော့ သူရဲကောင်းဆိုသူ တွေမှာလဲ ချွတ်ယွင်းချက်တွေ၊ အားနည်းချက်တွေ ရှိမှာပဲ။ သူတို့ရဲ့ စွမ်းဆောင်ရည်ဆိုတာကို တိုင်းတာတဲ့ နေရာမှာ လက်ရှိအနေအထားအရ အကောင်းဆုံး ဖြစ်အောင် ဘာလုပ်သလဲ၊ သူ့စေတနာက ဘယ်လောက် ရိုးသားသလဲ ဆိုတာအပေါ်မှာပဲ တိုင်းတာ သင့်တယ် လို့ ထင်မိတယ်။ သူတို့ရဲ့ တကယ့်လက်တွေ့ဘ၀က ကိုယ်မျှော်မှန်းထားတဲ့အတိုင်း ဖြစ်ချင်မှလဲ ဖြစ်မှာပေါ့။ မဖြစ်လို့ သူတို့ကို အကြည်ညို ပျက်ကြမယ်ဆိုရင်တော့ အဲဒီလူရဲ့ ကြည်ညိုမှုကို သံသယ ၀င်ချင်စရာပါပဲ။
လူတိုင်းမှာ ကိုယ့်ဘ၀ရဲ့ သူရဲကောင်းတွေ ရှိခဲ့ကြမှာပါ။ မြန်မာတော်တော်များများရဲ့ သူရဲကောင်းဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဆိုပါတော့ သူနဲ့ ပတ်သတ်လို့ ဘယ်သူကပဲ ဘာအတွေလာပြောပြော သူ့ကို တကယ်လေးစားခဲ့တယ်ဆိုရင် အကြည်ညိုပျက်စရာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်က သူယုံကြည်ရာကို ပြည်သူတွေအတွက် တကယ့်စစ်မှန် ရိုးသားတဲ့ စေတနာနဲ့ လုပ်ပေးခဲ့တယ်ဆိုတာ ကိုယ်တို့ အားလုံး သိနေတာကို။ ဒါကြောင့်လဲ ခုချိန်ထိ ဗိုလ်ချုပ်ဟာ ကိုယ်တို့ရဲ့ အသွေးအသားကနေ လေးစားရသူအဖြစ် ရှိနေတာပါပဲ။
အဲလိုပဲ တစ်ချို့လူတွေမှာလဲ ဗိုလ်ချုပ်လိုပဲ ကိုယ်ကိုးစားခဲ့တဲ့ သူရဲကောင်းတွေ ရှိကြမှာပါ။ တစ်ချို့က အဖေ၊ တစ်ချို့က အဆိုတော်၊ တစ်ချို့က စာရေးဆရာ ကိုယ်ဝါသနာပါရာပေါ့။ ကိုယ့်အတွက်တော့ ကိုယ့်အဖေက သူရဲကောင်း ဖြစ်ခဲ့ဖူးတယ်၊ ခုလဲ ဖြစ်နေဆဲပဲ။ ကိုယ့်အဖေမှာလဲ ချွတ်ယွင်းချက်တွေ၊ အားနည်းချက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ အဲဒီ အားနည်းချက်တွေကို တွေ့လိုက်လို့လဲ ကိုယ် အဖေ့ အပေါ်မှာ အကြည်ညို မပျက်ဘူး။ သူရဲကောင်းတစ်ယောက် အဖြစ် အမြဲ ကိုးကွယ်နေမှာပဲ။ ဘာလို့လဲ ဆိုတော့ ကိုယ့်အဖေဟာ ကြုံတွေ့ ရင်ဆိုင်ရတဲ့ အခြေအနေ တစ်ခုမှာ အကောင်းဆုံး ကြိုးစားခဲ့ပြီး အရိုးသားဆုံး ဆက်ဆံခဲ့လို့ပဲ။ အဲလိုပါပဲ ကိုယ်မြတ်နိုးတဲ့ စာရေးဆရာ၊ အဆိုတော်တွေကို သူတို့ရဲ့ စေတနာ အရင်းခံကိုပဲ ခံစားမိပါတယ်။ သူတို့ကို နတ်ဘုရားတစ်ဆူလိုလဲ အဘက်ဘက်က ပြီးပြည့်စုံဖို့ မတောင်းဆိုချင်ပါဘူး။ တောင်းဆိုနေတဲ့လူတွေကို တွေ့တဲ့အခါလဲ စိတ်ပျက်မိတယ်။ သူတို့ရဲ့ သဘာဝတရားကို တံဆိပ်တပ်ဖို့ ကြိုးစားကြတဲ့လူတွေကို တွေ့ရတဲ့အခါ မျိုးကြီး သီချင်းလိုပဲ...ပါးစပ်ပိတ်၊ ခေါင်းညိတ်..ငါနားလည်ပေးမယ်..

Tuesday, December 9, 2008

မုန်းတယ်

ဒီနေ့ ဒီအချိန်ထိ
ကြားယောင်နေဆဲ
တယ်လီဖုန်းသံကို မုန်းတယ်.........

ဒီနေ့ ဒီအချိန်ထိ
မြင်ယောင်နေဆဲ
ငါ့မျက်လုံးတွေကို မုန်းတယ်..........

ဒီနေ့ ဒီအချိန်ထိ
မှတ်မိနေဆဲ
ငါ့ ဦးနှောက်ကို မုန်းတယ်.........

ဒီနေ့ ဒီအချိန်ထိ
နာကျင်နေဆဲ
ငါ့ နှလုံးသားကို မုန်းတယ်........

မုန်းတယ်
ငါနဲ့ ပတ်သတ်သမျှ
ငါ့အသွေးအသား
အားလုံးကို မုန်းတယ်....

Monday, December 8, 2008

မေမေ ပျော်ရွှင်ပါစေ......

မီးမလာလို့ ရေမတင်မိလို့ ရေမရှိလဲ....
ရေခဲသေတ္တာထဲမှာ စားစရာ မရှိလဲ ....
အဲဒါဟာ ကျွန်တော့် အိမ်ပါပဲတဲ့............မနေ့က အငဲ ပြောသွားတာလေးပါ..
သူခံစားပြီး ပြောသွားတော့လဲ ထပ်မဝေးဘူးဆိုတဲ့ အချစ်သီချင်းလေးတစ်ပုဒ်က အိမ်အလွမ်း သီချင်းတစ်ပုဒ် ဖြစ်သွားတယ်။ အနုပညာဆိုတာ ဒီလို ခံစားရတယ်လို့ သင်ပြပေးသွားသလိုပါပဲ..........
အိမ်ပြန်ချင်စိတ်တွေ နိုးထလာတယ် မေမေရယ်...ဒီနေ့ မိုးတွေ ဖွဲဖွဲကျနေတယ်...သမီး ပျော်ပါတယ် မေမေရယ်...
လွန်ခဲ့တဲ့ ၂ နှစ်က သမီးတို့ ဘ၀ထဲက မေမေထွက်သွားခဲ့တယ်နော်...နောက်ဆံ မတင်းစေလိုတဲ့ အတွေးနဲ့ ညီမငယ်လေးလက်ကို တင်းတင်းဆုပ်ရင်း သမီး မျက်ရည်မကျခဲ့ပါဘူး မေမေ။ ဒီနေ့လဲ သမီးပျော်အောင် ကြိုးစားနေခဲ့တယ် မေမေရယ်။ မေမေ့ကိုလဲ ပျော်စေချင်တယ်။ သမီးတို့အတွက် အစစ လိုအပ်ချက် မရှိအောင် ဖြည့်ဆည်းပေးခဲ့တဲ့ မေမေ့ကို တမ်းတ လွမ်းဆွတ်မိတာကိုတော့ ဖြေလို့ မရဘူး မေမေ။ကိုယ့်ရဲ့ လိုအင်တစ်ခု အတွက် သမီး အမေ့ကို မတမ်းတရက်ပါဘူး။ ဒါပေမဲ့ မေမေရယ်..ရင်ထဲမှာ တစ်ခါတစ်လေ အားငယ်မိတယ်။ အမိမဲ့သား ရေနည်းငါးတဲ့...ဒီစကားစုကို ကြာလေ သဘောပေါက်လေပါပဲ။
သမီး တင်းထားတဲ့ကြားက တစ်ခါတစ်လေ နာကျင်နေမိတယ်။ ညီမလေး အတွက်၊ ဖေဖေ့အတွက်လို့ ကိုယ့်ကိုယ်ကို ညာတွေးပြီး ဖြေသိမ့်ဖို့ ကြိုးစားနေတဲ့ကြားက တစ်ခါတစ်လေ လမ်းပျောက်သလိုပါပဲ။ အရင်ကတော့ ကိုယ်ကြိုးစားသမျှ မေမေ့အတွက်ပဲလို့ ဂုဏ်ယူတဲ့ မေမေ့ မျက်နှာကို ပြေးမြင်ပြီး ကြိုးစားဖို့ အားမွေးခဲ့ရတယ်။ အခုတော့ သမီး ဘယ်သူ့ အတွက် ကြိုးစားရမလဲ မေမေရယ်။ ဘ၀မှာ အသက်ရှင်နေတာ ဘာအတွက်လဲလို့ တွေးမိတဲ့အခါ ဘာဆက်လုပ်ရမှန်း မသိအောင် ကြေကွဲနေမိတယ်။
တကယ်လို့ပေါ့...ပြန်လည်ဆုံတွေ့ခွင့်ရမယ်ဆိုရင်ပေါ့...သမီးလေ အားလုံးကို ထားခဲ့ပြီး ပြန်လာဖို့၊ မေမေ့နောက်ကို လိုက်လာဖို့ အကြိမ်ကြိမ် တွေးမိတယ် မေမေရယ်။ တစ်ခါတစ်လေ တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ် စကားလေး တစ်ခွန်းလောက်တော့ ပြောလိုက်ချင်တယ်။ နှုတ်ဆက် စကားလေးတစ်ခွန်းတောင် မပြောလိုက်ရတဲ့ နောင်တ တရားတွေက သမီးကို စက္ကန့်နဲ့ အမျှ နှိပ်စက်နေတာ ဘယ်သူ သိနိုင်မှာလဲ မေမေရယ်။

Friday, December 5, 2008

ခဏတာ နှုတ်ဆက်ပါတယ် ဒုတိယအိမ်လေးရယ်

ကိုယ့်ဘ၀ရဲ့ ဒုတိယအိမ်လေးကို ခွဲခွာရမဲ့ အချိန်နီးလာပြီ။ ခဏတာ ဆိုပေမဲ့ ကြို လွမ်းနေမိသလိုလို.... ပထမ အိမ်လေးကို အလည်ပြန်ချိန်က လွဲရင် ဒီအိမ်လေးကို တခါမှ ဒီလောက်ကြာကြာ မခွဲဖူးဘူး။ ပထမအိမ်လေးကို ပြန်တဲ့ အချိန်တွေမှာတော့ ပထမအိမ်လေးရဲ့ နွေးထွေးမှုတွေကို ကြိုတွေးပြီး ရင်ခုန်နေရတာနဲ့ သူ့ကို ခွဲရာမှာ အတွက် ဘာကိုမှ မခံစားရဘူးလေ။
အခုတော့ သူ့ကို ခဏခွဲသွားရမှာအတွက် ရင်ထဲမှာ တမျိုးလေးပဲ။ ပထမအိမ်လေးကို ခွဲခဲ့ရတုန်းက ၀မ်းနည်းမှု တုန်လှုပ်မှုကိုတော့ ဘယ်မှီမလဲ။ ဒါပေမဲ့ ပထမအိမ်လေးကို ခွဲခဲ့ရတဲ့ ခံစားမှုတွေကို ပြန်လည် သတိရနေမိ တယ်။ သူငယ်ချင်းကိုတောင် ပထမအိမ်လေးကို ခွဲခဲ့ရစဉ်က ကိုယ်ငိုကြွေးခဲ့ရတာတွေကို ပြန်ပြောပြဖြစ်တော့ သူကတောင် စနေသေးတယ်။ နင်က ငါတို့ကိုတော့ သူတို့လောက် မခင်ဘူးပေါ့လေတဲ့။ အဲလိုတော့ မဟုတ်ဘူး ထင်ပါရဲ့။
အခုက ခဏတာ ကာလလေ။ နောက် အသက်ကလဲ ရင့်ကျက်နေပြီ ထင်ပါရဲ့။ ပထမ အိမ်လေးကို ခွဲရတုန်းက အတွေ့အကြုံတွေကလဲ ရှိနေပြီဆိုတော့ မတုန်လှုပ်တော့တာလဲ ပါမှာပေါ့။ ပထမ အိမ်လေးကို ခွဲထားခဲ့ရပြီး ဒီအိမ်လေးမှာ စနေခါစကတော့ ခဏ၊ ခဏ မျက်ရည်ကျခဲ့ရတယ်။ သူငယ်ချင်းတွေကို လွမ်း၊ အိမ်ကို လွမ်း၊ အစစ လွမ်းစရာ၊ အားငယ်စရာတွေပဲပေါ့။ မှတ်မိပါသေးတယ်။ ပထမ အိမ်လေးကို ခွဲတဲ့နေ့က သူငယ်ချင်းတွေ တပြုံကြီး လိုက်ပို့ပြီး ငိုနေကြလို့ လူတွေ ၀ိုင်းကြည့်တာ ခံခဲ့ရတာ။ ဘယ်သူက သွားမှာလဲလို့ အမေးခံခဲ့ရတာ။ အဲအချိန်ကတော့ တကယ်ကို ၀မ်းနည်းခဲ့ရတာပဲ။ အခုနေ ပြန်တွေးတော့လဲ ပြုံးစရာလိုလို၊ ရီစရာလိုလို။ ကိုယ့်ကို တကယ် ခင်ခဲ့တဲ့ ကိုယ့်ရဲ့ ခွဲခွာမှုအတွက် ခံစားပေးခဲ့တဲ့ လူတွေ ရှိခဲ့တယ်ဆိုတာအတွက်တော့ ပြန်တွေးတိုင်း ကြည်နူးမိတယ်။ ။

အခု ဒုတိယအိမ်လေးမှာတော့ ကိုယ် ထားခဲ့မှုအတွက် ခံစားမဲ့လူ ၂ ယောက် ၃ ယောက်တောင် ရှိပါ့မလားကွယ်။ အင်း အတူမြင်နေကြ ကိုယ့်အရိပ်တွေ မရှိတော့မှာအတွက် လွမ်းနေမယ်လို့ မနေ့က သူငယ်ချင်းက ပြောတော့ တချိန်က ကိုယ့်ရဲ့ ချန်ထားခဲ့ခြင်းအတွက် ရူးမတတ်ခံစားခဲ့ရတယ်လို့ ပြောခဲ့သူ၊ အခု ဒုတိယ အိမ်လေးမှာ ပြန်ဆုံတော့ ကိုယ့်ကို စိမ်းသွားခဲ့တဲ့သူ့ ကိုတောင် သတိရမိသေးတယ်။ အောင်မြင်မှု အတွက် ငါ ဂုဏ်ယူနေမယ်လို့ ပြောခဲ့တဲ့ သူငယ်ချင်းကတော့ ကိုယ့်အပေါ် ခုထိ အရင်အတိုင်းပဲ။ ၁ နာရီကို အသာလေး ဖုန်းပြောနိုင်တုန်းပဲ။ အဲအတွက် ကျေးဇူး သူငယ်ချင်း။

ဒုတိယ အိမ်လေးရေ မင်းကို ထားခဲ့ရမဲ့ ရက်တွေ နီးလာပြီ။ ကြိုလွမ်းနေမိတယ်။ ပြင်ဆင်မှုတွေ လုပ်ရလေ ထားခဲ့ရမဲ့ အရာတွေ၊ ရင်ဆိုင်ရမဲ့ အရာတွေ အတွက် ကြိုတင် ရင်ခုန်နေမိတယ်။ ။

meaning of friendship

When we share - that is poetry in the prose of life. --Sigmund Freud
မျှဝေခံစားခြင်းဆိုတာ ဘ၀ရဲ့ ပြဌာန်းစာအုပ်ထဲက ကဗျာတစ်ပုဒ်ပါပဲ....

သူငယ်ချင်းကောင်းဆိုတာ ကိုယ်ရဲ့ သောကကို မျှဝေခံစားနိုင်သူလို့ ဖွင့်ဆိုကြတယ်။

ဒါပေမဲ့ သူငယ်ချင်းတစ်ယောက် ၀မ်းသာပျော်ရွှင်ရမဲ့ အချိန်မှာ မနာလို ၀န်တိုစိတ် ကင်းကင်း (စကားလှအောင် သုံးရရင် အားငယ်စိတ်ကင်းကင်း) နဲ့ သူနဲ့ ထပ်တူ ပျော်ရွှင်ပေးနိုင်ဖို့ဆိုတာ မေးခွန်းတစ်ပုဒ်ပါပဲ။ မနာလိုစိတ် ဆိုတဲ့ ခံစားချက် မဖြစ်ရင်တောင် အားငယ်စိတ် မဖြစ်ဖို့ဆိုတာ ရင့်ကျက်တဲ့ နှလုံးသား ရှိဖို့တော့ လိုလိမ့်မယ်။

ကိုယ့်ရဲ့ ပျော်ရွှင်မှု၊အောင်မြင်မှုကို အမှတ်မထင် ဖွင့်ပြောလိုက်မိပြီးမှ သူ့ဘက်က မနာလိုစိတ်ကို ရိပ်မိသွားတဲ့အခါ အဲသူငယ်ချင်းအပေါ် သူငယ်ချင်းကောင်း မပီသဘူးဆိုတဲ့ ခံစားချက်နဲ့ ခင်မင်မှု တစ်ခုကို ရပ်တန့်ကြမလား။ ဒါမှမဟုတ် နားလည် ခွင့်လွှတ်ပေးနိုင်မလား။ ကိုယ့်ရဲ့ အောင်မြင်မှုကို သူ့ကို ဖွင့်မပြောတော့ပဲ နေမလား။

ကိုယ်ဆိုရင်ရော သူ့ရဲ့ အောင်မြင်မှုကို ကြားတဲ့အခါ ၀မ်းမနည်း၊ အားမငယ်ပဲ နေနိုင်မလား။ သူ့အပေါ်မှာ မနာလိုတာ မဟုတ်ဘူးနော်။ ကိုယ်က သူ့လို မအောင်မြင်နိုင်သေးတာအတွက် ၀မ်းနည်းမိတာ။ ကိုယ့်အပေါ်မှာ လာကြွားတာ မဟုတ်မှန်း သိနေပေမဲ့ လာမပြောရင် ပိုကောင်းမှာလို့ မတွေးမိဘူးဆိုတာ သေချာရဲ့လား။ တကယ်ဖွင့်မပြောလို့ သူများဆီက သိရတဲ့အခါ မနာကျင်ဘူးဆိုတာရော သေချာလား။

ရုတ်တရက် ကြည့်ရင်တော့ သူငယ်ချင်းနဲ့ ထပ်တူ ၀မ်းမသာပေးနိုင်သူက စိတ်မမြင့်မြတ်သူ ဖြစ်နေသလိုပဲ။ ဒါပေမဲ့ တကယ်တော့ ဒါက ပုံမှန်ပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့။ ဘ၀တွေ မတူညီဘူးဆိုရင်တော့ ပျော်နိုင်တာပေါ့။ ဒါပေမဲ့ သွားနေတဲ့ လမ်းကြောင်းကလဲ တူ၊ ဒီကြားထဲကမှ သူက ကိုယ်မရတဲ့ အခွင့်အရေး တစ်ခုကို ရသွားတဲ့ အခါ သူ့အတွက် ကိုယ်ပျော်ပေးနိုင်မလား။ ကိုယ်သာ သူ့နေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ။

တဘက်ကလဲ ကိုယ့်သူငယ်ချင်းက မထင်မှတ်ပဲ ကိုယ်ရထားတဲ့ အောင်မြင်မှုတစ်ခု၊ အခွင့်အရေး တစ်ခု အကြောင်းကို သိသွားတယ်။ ကိုယ့်အပေါ်မှာ စကားပြောတဲ့အခါ အေးစက်နေတယ်။ သူဝမ်းနည်းနေမှန်းလဲ ကိုယ်က ခံစား သိနေတယ်။ အဲလိုဆိုရင် ကိုယ်ဘယ်လို နေမလဲ။ အဲဒီ သူငယ်ချင်းကို ဘယ်လို တုံ့ပြန်မလဲ။

Thursday, December 4, 2008

step out from comfort zone

Dare to reach out your hand into the darkness, to pull another hand into the light.
--Norman B. Rice
လက်တစ်စုံကို အလင်းထဲ ဆွဲခေါ်နိုင်ဖို့ အမှောင်ထဲကို လက်လှမ်းရဲတဲ့ သတ်တိတော့ ရှိရမယ်။
မစွန့်စားဝံ့တဲ့လူအတွက် အောင်မြင်မှုဆိုတာ မရနိုင်ပါဘူး
လိုချင်တာ တစ်ခုရဖို့အတွက် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကနေ
အပြင်ကို လှမ်းထွက်ဝံ့ဖို့တော့ လိုလိမ့်မယ်။
To be dfifferent from others, the only thing you need to do is to step out from your comfort zone and face new things. --TD M

Wednesday, December 3, 2008

အောင်မြင်မှုတစ်ခုရဲ့ လျှို့ဝှက်ချက်

If there is any one secret of success, it lies in the ability to get the other person's point of view and see things from that person's angle as well as from your own. --Henry Ford

အောင်မြင်မှု တစ်ခုမှာ လျှို့ဝှက်ချက်တစ်ခု ရှိခဲ့မယ်ဆိုရင်၊
အဲဒီ လျှို့ဝှက်ချက်က တစ်ခြားတော့ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ အမြင်ကို တန်ဖိုးထားလေးစားတတ်သလို သူတစ်ပါးရဲ့ အမြင်ကို ဘယ်လောက် နားလည်နိုင်သလဲ
သူတစ်ပါးရဲ့ နေရာမှာ ၀င်ရောက်ခံစားပေးတတ်တဲ့ ကိုယ်ချင်းစာတရား ဘယ်လောက် ရှိသလဲ ဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်ပါတယ်။

Monday, December 1, 2008

သူငယ်ချင်း၊ မိတ်ဆွေ

The bird a nest,

The spider a web,

Man friendship. (--William Blake)



ဒီစာသားလေးကို အလှပဆုံး ဘယ်လို ဘာသာပြန်ရမလဲ။ သူငယ်ချင်း၊ မိတ်ဆွေဆိုတာကို တန်ဖိုးထားခဲ့သူပီပီ ဒီနေ့အတွက် စာသားလေးကို နှစ်ခြိုက်မိတယ်။ ဒါပေမဲ့ ဘာသာပြန်ရ ခက်နေတယ်။
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~