အစိုးရအလုပ်မှာပဲ လုပ်လုပ်၊ ပုဂ္ဂလိကမှာပဲ လုပ်လုပ် ကိုယ်ပိုင် သဌေး မဖြစ်သရွေ့တော့ ကိုယ့်ရဲ့ အထက်က လူကြီးဆိုတဲ့လူတွေနဲ့ ဆက်ဆံနေရအုန်းမှာပါပဲ။ မြန်မာပြည်က သူငယ်ချင်းတွေက ဟိုမှာ အလုပ်လုပ်ရတဲ့ အနေအထားကို ညည်းကြတယ်။ လူကြီးတွေက ကိုယ့်အတွက်၊ ကိုယ်ရဖို့ကိုပဲ ဦးစားပေးကြည့်ကြတယ်။ ခေါင်းရှောင်ကြတယ်တဲ့။
ကိုယ်က ပြင်ပလုပ်ငန်းတွေမှာတော့ တစ်ခါမှ အလုပ်မလုပ်ဖူး၊ အပြင်လုပ်ငန်းက လူကြီးတွေနဲ့လဲ မဆက်ဆံဖူးတော့ မသိဘူး။ ဒါပေမဲ့ ပညာရေးလမ်းကြောင်းမှာရှိတဲ့ ကိုယ့်ရဲ့အထက်က လူကြီး (တစ်နည်း ပြောရင် ကိုယ့်ရဲ့ ဆရာတွေနဲ့) ဆက်ဆံရေးကို ကြည့်ပြောရရင်တော့ ဒီက လူကြီးတွေလဲ သိပ်မထူးပါဘူး။
ကိုယ် research ကို စလုပ်တဲ့အချိန်ကနေ အခုအချိန်ထိ ဆရာ (၂) ယောက်ကို ရင်းရင်းနှီးနှီး ဆက်ဆံဖူးတယ်။ ntu က ဆရာက ပွင့်ပွင့်လင်းလင်းပြောတယ်၊ လိုချင်တာကို တိုက်ရိုက်ပဲ ပြောတယ်။ ဥပမာ “ငါ့ရဲ့ publication အတွက်မလို့ ငါက နင်တို့ Paper ကို ဖတ်ပေးရမှာပေါ့။ Thesis ကို ဘာလို့ အားစိုက် ဖတ်ပေးရမှာလဲ။ ငါ့အတွက် အကျိုးမှ မရှိတာဆိုတဲ့ စကားမျိုးကို တိုက်ရိုက် ပြောချတာမျိုးပေါ့။” နောက်ပြီး “နင်တို့ Thesis ကို ဖတ်စေချင်ရင် ငါ့အတွက် project ကို ပြီးအောင် လုပ်ပေးလို့ ပြောတမျိုး၊ ငါ့ကျောင်းသားကို စာရှင်းပြ ဆိုတာမျိုးတွေ လုပ်တယ်” အဲလိုမျိုး တိုက်ရိုက်ပြောချတော့ စကြားခါစကဆို ဆရာ့စိတ်ကို တော်တော် လန့်တယ်။ ကိုယ်စိတ်ထဲမှာ ထင်ခဲ့တာက ဆရာဆိုတာမျိုးက ကိုယ့်ကျောင်းသားရဲ့ အကျိုးအတွက် လိုလား တယ်။ paper ကိုဆိုရင်လဲ ကိုယ်တို့ အကျိုးအတွက် လုပ်ခိုင်းတာလို့ ထင်ခဲ့မိတာကို။
ဒါပေမဲ့ နောက်ပိုင်းမှာ ဆရာ့ကို ဘယ်လို ဆက်ဆံရမလဲ နားလည်သွားတယ်။ သူက သူ့အကျိုးကိုပဲ ဦးစားပေးလုပ်သလို ငါလဲ ငါ့ ကိုယ်ကျိုးအတွက်၊ ငါ့အခွင့်အရေးအတွက် တိုက်ယူရမှာပဲလို့ တွေးပြီး သူ့ကိုလဲ ကိုယ့်ရဲ့ အခွင့်အရေး အတွက် တိုက်ရိုက်ပြောတတ်လာတယ်။ ဥပမာ ကိုယ့်အတွက် သူ့လက်မှတ် တစ်ခုခု လိုတယ်ဆိုပါတော့ သူက ထုံးစံအတိုင်း မအားကြောင်း သူ့အကျိုးမပါကြောင်းတွေ လာပြောနေရင် ပါးစပ်ကတော့ ရီရီမောမော ကောင်းကောင်းမွန်မွန် ပြန်ပြောနေပေမဲ့ လက်တွေ့မှာတော့ မရမက တွန်းတွန်းတိုက်တိုက် လုပ်တတ်လာတယ်။ လက်မှတ်မထိုးမချင်း သူ့စားပွဲမှာ ထိုင်စောင့်နေတာမျိုးပေါ့။ ပါးစပ်ကတော့ ရီရီမောမောပဲ။ ကိုယ့်အကျိုးအတွက် ၅နာရီပဲ စောင့်ရစောင့်ရ ပေစောင့်နေတတ်လာတယ်။ အမှန်တော့ အဲလို တွန်းတွန်း တိုက်တိုက် လုပ်တတ် လာတဲ့ ကိုယ့်စိတ်ကို ကိုယ်မကြိုက်ဘူး။ ကိုယ့်အကျိုးအတွက်ဆိုရင် သူအားတာ၊ မအားတာ မစဉ်းစားတော့ပဲ ဇွတ်လုပ်ရတာကို လိပ်ပြာ မသန့်ဘူး။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားတွေ အဆင့်နိမ့် သွားတာပဲဆိုပြီး ကိုယ် ငိုခဲ့ဖူးတယ်။ တစ်ဘက်ကလဲ ကိုယ်လိုချင်တာတွေ အတွက် ဒီနည်းကို သုံးရမယ်ဆိုတာ ကိုယ်က သိနေပြန်ရော။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုက်ယူတာ ဘယ်နည်းနည်းသုံးသုံးမှန်တယ်လို့ တွေးပြီး စိတ်တင်းလိုက်။ တစ်ခါတစ်လေကျလဲ “ ငါ့စိတ်တွေ ပျက်ပြားကုန်ပြီ။ လူတစ်ယောက်ရဲ့ တန်ဖိုးက ဒါမဖြစ်သင့်ဘူး။ ဘယ်လို လူနဲ့ပဲ ဆက်ဆံရ၊ ဆက်ဆံရ ကိုယ်က စိတ်ထားမှန်မှန်နဲ့ ဆက်ဆံတတ်ရမယ်။ ” လို့ ခံစားရတဲ့အခါ ၀မ်းနည်းငိုယိုလိုက်နဲ့ ကိုယ် ၂ လ လောက် စိတ်ညစ်နေခဲ့ဖူးတယ်။ အမှန်တော့ ကိုယ်လုပ်တာအတွက် ဆရာက သဘောတောင် ကျသေးတယ်။ သူက ကိုယ်တိုင်လဲ သူ့ကိုယ်ကျိုး အတွက် တွန်းတွန်းတိုက်တိုက် လုပ်တတ်သလို သူ့ကို လာလုပ်တော့လဲ ငြီးငြီးငြူငြူနဲ့ပဲ ဖြစ်အောင် လုပ်ပေး တတ်ပြန်ရော။
ဒီ Rsearch Institute က ဆရာကတော့ နူးညံ့တယ်။စကားပြောရင်တိုးတိုးလေး။ ဘယ်တော့မှ သူလိုချင်တာကို တိုက်ရိုက်မပြောဘူး။ သွယ်သွယ်ဝိုက်ဝိုက်နဲ့ သူဖြစ်ချင်လာတဲ့ လမ်းကြောင်းကို ခင်းပြတယ်။ တစ်ဘက်သားက လိုက်မလာဘူးဆိုရင် စိတ်ကသိကအောက်ဖြစ်အောင် အနေကြပ်အောင် လုပ်တတ်တယ်။ နောက်ဆုံး တစ်ဘက်လူက ဆရာဖြစ်ချင်တဲ့လမ်းကြောင်းကိုပဲ သူ့ဟာသူ ဖွင့်ပြောလာရတဲ့အထိ စိတ်ရှည်ရှည်နဲ့ ဝေ့ပြီး စကားကို ပြောနေတတ်တယ်။ ဆရာနဲ့ ပြောရင် တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒက တစ်ခု ပါးစပ်က ပြောလိုက်မိတာ တစ်ခု ခဏခဏ ဖြစ်တယ်။ အဲလို ဖြစ်တိုင်း ကိုယ့်ကိုယ်ကို မကြိုက်တဲ့ စိတ်နဲ့ အကြိမ်ပေါင်း များစွာ မွန်းကြပ်ဖူးတယ်။ ဥပမာ ဆိုပါတော့ ကိုယ်နဲ့ကိုယ့်သူငယ်ချင်းက project အတွက် program တစ်ခုကို အောင်အောင် မြင်မြင် လုပ်လိုက်နိုင်တယ်။ ဒီ project ကို နိုင်ငံတကာ ပြိုင်ပွဲတစ်ခုမှာ ၀င်ပြိုင်တဲ့အတွက် ဆုရတယ်။ အဲတော့ Institute က လူကြီးတွေက ကိုယ်တို့ project ရဲ့ program ကို စိတ်ဝင်စားတဲ့အတွက် ကိုယ်တို့အဖွဲ့ကို institute လပတ်အစည်းဝေးမှာ တင်ပြခိုင်းတယ်။ project တစ်ခုလုံး မဟုတ်ဘူးနော်။ ကိုယ်တို့လုပ်ထားတဲ့ program လေးကိုပဲ လုပ်ခိုင်းတာ။ ဒီpresentation အတွက် အသင့်တော်ဆုံးလူဟာ ကိုယ့်သူငယ်ချင်း(သို့) ကိုယ်ပဲလို့ ကိုယ်တို့ တစ်ဖွဲ့လုံးက ထင်တယ်။ Institute ကအထက်လူကြီးတွေအနေနဲ့ ကိုယ်တို့ကို အသိအမှတ်ပြုတာမျိုးကို ရဖို့အတွက် အားလုံးက လုပ်ချင်တာပဲ။ တကယ်ဆိုရင် သူက လူကြီးတစ်ယောက်အနေနဲ့ လူငယ်တွေကို ဦးစားပေး ခိုင်းသင့်တယ်၊ ဒါမှ ကိုယ်တို့တွေလဲ တိုးတက်လာမယ်။ ဒါပေမဲ့ ဆရာက သူပဲ လုပ်ချင်တယ်။ အဲတော့ ဘာလုပ်လဲဆိုတော့ ကိုယ်တို့ကပဲ ကြောက်လို့၊ စိတ်ရှုပ်လို့၊ အလုပ်ပိုတွေမို့ မလုပ်ချင်တဲ့ ပုံစံမျိုး ဖြစ်အောင် ဇွတ် ဖန်တီး ယူတယ်။ အစည်းအဝေးမှာ သူက အဲလိုမျိုး ဖြစ်အောင် ဖန်တီးနေတဲ့ အခါ ကိုယ်ရော ကိုယ့်သူငယ်ချင်းရောက သတိထားမိတယ်။ ဒါပေမဲ့ ကိုယ်တို့မှာ သူ့ကို ဘယ်လိုဆန့်ကျင်ရမှန်းမသိတဲ့အခါ သူဖြစ်ချင်တဲ့ လမ်းကြောင်းအတိုင်း မျောပါသွားရော။ အဲလိုမျိုးပေါ့။ ကိုယ့်လက်အောက်ကလူကို နေရာပေးရမှာ သေမလလောက် ကြောက်တယ်။အမှန်တော့ ကိုယ့်ဆရာတွေ တင် မဟုတ်ပါဘူး။ ကိုယ်ကြားရသလောက် ကိုယ်တို့ Research Institute ကလဲ အဲနေရာမှာ နံမည်ကြီးပဲ။ လူကြီးတွေက ကိုယ့်လက်အောက်က လူတွေကို နေရာမပေးတာကတော့ ၄ လပတ် အစည်းအဝေးမှာတောင် ထုတ်ပြောရတဲ့ အထိ။
အခုတော့ ဒီ Research Institute က ဆရာကိုလဲ ဘယ်လို ဆက်ဆံရမလဲ ဖြေးဖြေးချင်း နားလည်လာတယ်။ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ့်အခွင့်အရေးလို့ ထင်တဲ့ အရာတစ်ခုကို သူ့ကို တင်ပြပြီးသွားရင် သူဖြစ်ချင်တာ သူပြောနေတဲ့အခါ ကိုယ့်စိတ်ကို အဝေးပို့ထားလိုက်တယ်။ နောက်ဆုံး ကိုယ့်ဘက်က လိုက်လျောမလာတဲ့အခါ သူက တိတ်ဆိတ်ခြင်းဆိုတဲ့ နည်းလမ်းကို သုံးပြီး အနေကြပ်အောင် လုပ်တယ်။ အနေကြပ်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကိုယ်လဲ မသိချင်ယောင်ဆောင်ပြီး ငေးနေလိုက် တယ်။ နောက်ဆုံး သူကိုယ်တိုင် အနေကြပ်လာတဲ့ အထိပဲပေါ့။ နောက်ဆုံး ကိုယ်ဖြစ်ချင်တာကို သူလိုက်လျောလာတယ်။ သူ့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြော လာရင် ကိုယ်က သူ့ဆန္ဒကို လိုက်လျောလိုက်ဖို့ ပြင်ဆင်ထားပြီးသားပါ။ အမှန်တော့ ကိုယ်မကြိုက်တာက သူဖြစ်ချင်တဲ့ ပုံစံကိုပဲ ကိုယ်က ဖြစ်ချင်သလိုမျိုး ဖန်တီးပြီး ကိုယ့်ဘက်က လိုက်လျောလာရတာမျိုးကိုပါ။ သူ့ဆန္ဒကို ဆန့်ကျင်တာမျိုးရယ်တော့ မဟုတ်ပါဘူး။ နောက်တစ်ခုက ကိုယ့်အတွက် ရပိုင်ခွင့်လို့ ထင်လို့ တိုက်ယူတာလဲ ပါတာပေါ့။ ဒါပေမဲ့ ဆရာနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေး ဆိုးသွားမလားဆိုတာတော့ ကိုယ်လဲ မသိသေးဘူး။ သူက NTU ဆရာ လို မဟုတ်တော့ အခု ကိုယ်လုပ်တဲ့ ပုံစံကို မကြိုက်တောင် တော်တော်နဲ့တော့ ဖွင့်ပြောအုန်းမယ် မထင်ဘူး။ အခုအချိန်ထိတော့ အပေါ်ယံမှာ ဆက်ဆံရေး ကောင်းနေတုန်းပဲ။ နောက်ပြီး NTU နဲ့ ဆရာတုန်းကလို ကိုယ့်ကိုယ်ကို မကြိုက်တဲ့ ခံစားချက် မ၀င်ဘူး။ ဒါက နည်းလမ်းမှန်တယ်လို့ ယုံကြည်နေမိတယ်။
တကယ်တော့ ဘ၀မှာ အောင်မြင်ဖို့ဆိုတာ နည်းလမ်းတကျတို့ ငါမှန်တယ်ထင်တဲ့ အတိုင်းပဲ လုပ်မယ်ဆိုတဲ့ တစ်ယူသန်စိတ်မျိုးထက် ရေလိုက် ငါးလိုက်ဆိုတဲ့ နည်းလမ်းကိုလဲ သုံးနိုင်ဖို့ လိုမယ်ထင်တယ်။ ကိုယ့်ရဲ့ အထက် လူကြီးတွေကိုယ်တိုင်က သူတို့ကိုယ်ကျိုးကိုပဲ ကြည့်၊ ခေါင်းရှောင်လာတဲ့အခါ ကိုယ်တိုင်က ကိုယ့်ရဲ့ ရပိုင်ခွင့်အတွက် တိုက်ယူဖို့တော့ လိုမယ်ထင်တယ်။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ့်ရဲ့ စိတ်ကလဲ အမှန်အတိုင်း ဖြူစင်နေဖို့တော့ လိုတာပေါ့။ ကိုယ်လုပ်ထားတာထက် ပိုလိုချင်ပြီး မတရားလောဘတွေ တက်လာမယ်ဆိုရင် ကိုယ်တို့လဲ သူတို့နဲ့ ဘာထူးတော့လို့လဲ။
No comments:
Post a Comment