Tuesday, June 30, 2009

H1N1 Flu

ဒီရောဂါပိုးဟာ မက္ကဆီကန် နိုင်ငံမှ စတင်ပျံ့နှံ့ခဲ့ပြီး အခုအခါ နိုင်ငံ တော်တော် များများကို ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ ကူးလူးဆက်ဆံမှုများတဲ့ စင်္ကာပူနိုင်ငံဟာလဲ ဒီပိုးရဲ့ ကူးစက်ခြင်းကို ဒီလဆန်းမှာ စတင် ခံစားခဲ့ရပြီး ယခုအခါမှာတော့ ရောဂါကူးစက်သူဦးရေ ၆၂၉ ဦး ရှိနေပြီ ဖြစ်ပါတယ်။ စတင်ကူးစက်သူတွေကတော့ နိုင်ငံခြားမှ ပြန်ရောက်လာသူတွေ၊ နိုင်ငံခြားသားတွေ ဖြစ်ခဲ့ပေမဲ့ ယခုအခါမှာတော့ နိုင်ငံတွင်း ကူးစက်မှုက ပိုများလာခဲ့ပါတယ်။ စင်္ကာပူ အစိုးရအနေနဲ့ ရောဂါပိုးကို ခုခံနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပိုး ကူးစက်ခံရပြီး လူတိုင်းဟာ အပူချိန် တက်ခြင်းမရှိတာကြောင့် ချန်ဂီ လေဆိပ်မှာ အသုံးပြုနေတဲ့ အပူချိန်တိုင်း ကိရိယာတွေဟာ နိုင်ငံတွင်း ရောဂါ မရောက်ရှိလာအောင် ကူညီနိုင်ခြင်း မရှိခဲ့ပါဘူး။ တချို့ အပူချိန်တက်နေသူတွေဟာလဲ အပူကျဆေးကို လေယာဉ်ပေါ်မှာ သောက်ပြီး အပူကျဆင်းအောင် ကြိုးစားကြပါတယ်။ H1N1 ဖလူးဟာ သာမာန် ဖလူးတွေနဲ့ ရောဂါလက္ခဏာ ကွဲပြားမှု မရှိတာကြောင့် ကူးစက်ခံရသူ လူအများစုဟာ သာမာန်အဖျားအဖြစ်ပဲ တွေးထင် တတ်ကြပါတယ်။ သို့ဖြစ်ရာ အဖျားလက္ခဏာ ရှိသော်လည်း လူစည်းကားရာ အရပ်များကို သွားခြင်း၊ အများ ပြည်သူသုံး ကား၊ရထားများကို စီးနင်းခြင်းတို့ကို ပြုခဲ့ကြပါတယ်။ ထိုမှတဆင့် နိုင်ငံတွင်း ပျံ့နှံ့မှုက တရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။
လေဆိပ်တွင် အပူချိန်တိုင်း ကိရိယာများ တပ်ဆင် စစ်ဆေးခြင်းမှာ အဟန့်သဘောမျှသာ ဖြစ်ပြီး နိုင်ငံတွင်းသို့ ရောဂါ မသယ်ဆောင်လာနိုင်ရန် ကာကွယ်နိုင်ခြင်း မရှိပါ။နိုင်ငံသားတိုင်းမှ တာဝန်သိသိဖြင့် ၀ိုင်းဝန်းထိန်းသိမ်း ကြမှသာလျှင် ဖလူး မပျံ့နှံ့စေရန် ထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။ မိမိတွင် အဖျားဝင်လာသည်ဟု သံသယ ရှိပါက လူစည်ကားရာ အရပ်များကို ရှောင်ရှားခြင်း၊ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက အများပြည်သူသုံး ယာဉ်များကို အသုံးပြုမည့်အစား taxi (သို့) ကိုယ်ပိုင်ယာဉ်များဖြင့် သွားလာခြင်း၊ Mask များ ၀တ်ဆင်ခြင်း စသည်ဖြင့် နိုင်ငံသားတိုင်းက မိမိ နိုင်သည့်ဘက်မှ ၀ိုင်းဝန်းထိန်းသိမ်းကြရမည် ဖြစ်သည်။
H1N1 ဖလူးမှာ ကူးစက်မှု မြန်သော်လည်း သေဆုံးမှု ရာခိုင်နှုန်းမှာ မမြင့်မားလှချေ။ သို့ဖြစ်ရာ အလွန်အမင်း ကြောက်ရွံ့စရာ မရှိသေးဟု ဆိုနိုင်သည်။ အချို့လူများက ဆေးကုမ္ပဏီများနှင့် တာဝန်ရှိသူ အချို့ ပူးပေါင်း ကစားသည့် ဆေးရောင်းပွဲလားဟုလည်း သံသယရှိနေကြသည်။ သို့သော် သူ၏ ကူးစက်မှုမှာ ကြောက်စရာ ကောင်းလောက်အောင် လျင်မြန်သည် ဖြစ်ရာ မိမိ၏ ကျန်းမာရေးအတွက် မိမိ အသိဖြင့် ထိန်းသိမ်းကြရမည် ဖြစ်သည်။ နိုင်ငံတကာသို့ သွားရောက်ရန် ရှိပါက မိမိ သွားမည့်နိုင်ငံသည် ရောဂါကူးစက်ခံရခြင်း ရှိ၊မရှိ ကြိုတင် လေ့လာသင့်သည်။ ထိုနိုင်ငံတွင် ရှိနေစဉ် နေမကောင်းဖြစ်လာပါကလည်း မြန်မာနိုင်ငံသို့ ချက်ချင်း ပြန်လာမည့်အစား ဆေးကုသမှု ခံယူပြီးမှ ပြန်လာသင့်သည်။ အခြေအနေအရ ပြန်လာရမည်ဆိုပါကလည်း လူစည်ကားရာဒေသများကို ရှောင်ရှားခြင်းဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကို ၀ိုင်းဝန်းစောင့်ရှောက်သင့်ပါသည်။

Friday, June 26, 2009

ပထမခြေလှမ်း (သို့) သံယောဇဉ် ကြိုးမျှင် အသစ်

ဒီနေ့ ကိုယ်တို့ မိသားစုဘ၀ထဲကို လူသားအသစ်လေး ၀င်လာတယ်..ငယ်လေးအပေါ်မှာ ထားခဲ့ရတဲ့ အချစ် တွေနဲ့ ပင်ပန်းလွန်းလို့ နောက်ထပ် သွေးသားအသစ်ကို မချစ်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပေမဲ့ ကိုယ် ညက တညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မရခဲ့ဘူး။ မနက်ကလဲ တောက်လျှောက်ပဲ ဖုန်းခေါ်မိတယ်။ မမကို ပူပန်တဲ့ စိတ် ပိုများတာတော့ အမှန်ပဲပေါ့။
ကောင်းသော လာခြင်း ဖြစ်ပါစေ တူလေးရေ..၂၆ ရက် ဇွန်လ ၂၀၀၉ မနက် ၁၀ နာရီ ၁၄ မိနစ်မှာ လူ့လောက ထဲ ရောက်လာတဲ့ မင်းက ၈ ပေါင်ခွဲတဲ့ ။ အရပ်တောင် မမေးမိဘူး။ အရပ်ပုမှာတော့ ကြောက်မိ တယ်။ ရေကူးပေါ့ကွာ။
ကျန်းမာပါစေ...မိသားစု အတွက် ရတနာ တပါး ဖြစ်ပါစေပေါ့ကွာ။

Monday, June 22, 2009

အချစ် ခေါင်းစဉ်အောက်က ဖောက်ပြန်မှုများ

၀၅-၀၃-၁၉၉၂
နွေရာသီ ကျောင်းပိတ်ရက်ရောက်တော့မယ်။ စာမေးပွဲပြီးတာနဲ့ နောက်နေ့ဆိုရင် ရထားကြီးစီးပြီး ကိုယ့်ရဲ့ မွေးရပ်ဇာတိလေးကို သွားရတော့မယ်။ ဖေဖေရဲ့ တာဝန်အရ လက်ရှိမြို့မှာ နေနေရာပေမဲ့ ကိုယ် လက်ရှိမြို့မှာ မပျော်ဘူး။ နောက် မေမေ့မှာ ကိုယ့်ထက် ပိုပြီး ဂရုစိုက်ရမဲ့ ကိုယ့်ညီမလေး ရှိတယ်။ ကိုယ်တို့ မွေးရပ်မြို့လေး မှာတော့ ကိုယ့်ကို သိပ်ချစ်တဲ့ မေမေ့ရဲ့ ညီမ ကိုယ့်အဒေါ်ရှိတယ်။ နောက် အဲဒီမြို့လေးမှာ ကိုယ် သိပ်ခင်တွယ် ရတဲ့ ကိုယ့်ရဲ့ မွေးစားအမ မမသီတာ ရှိတယ်။ မမသီတာက ဖေဖေ့သူငယ်ချင်းရဲ့ သမီး၊ ကိုယ့်အဒေါ်ရဲ့ တပည့်…ကိုယ်ရောက်လာပြီဆိုတာနဲ့ မမက ကိုယ်သွားချင်တဲ့ နေရာတွေ အကုန်လိုက်ပို့တယ်။ ၉ တန်း ကျောင်းသူ မမက ကိုယ့်ကို ပုံပြင်တွေ၊ ၀တ္ထုတွေ စိတ်ရှည်လက်ရှည် ဖတ်ပြတတ်တယ်။ ကိုယ် စားချင်တာ တွေကို တခုပြီး တခု လုပ်ကျွေးတတ်တဲ့ မမကို ကိုယ်သိပ်ချစ်တယ်။ ကိုယ် အဲဒီ မြို့လေးကို ရောက်ပြီဆိုတာနဲ့ မမက ကိုယ့် အဒေါ် (သူ့ ဆရာမ) အိမ်မှာပဲ လာနေတတ်တယ်။ ဖေဖေ့သူငယ်ချင်း အန်ကယ်ကျော်နဲ့ အန်တီ ခက်မာတို့ကလဲ ကိုယ့်ကို သိပ်ချစ်တာ။ ကလေး မရှိတဲ့ အန်ကယ်ကျော်တို့က ကိုယ်လာပြီဆိုရင် သိပ်ပျော် တယ်။ စာမေးပွဲ မစခင်ကထဲက ဖေဖေ့ဆီ ဖုန်းဆက်ပြီး ကိုယ်ဘယ်နေ့လာမလဲဆိုတာကို မေးတတ်ကြတယ်။ ဒီနှစ်တော့ အန်ကယ်ကျော်က ဖုန်းဆက် မလာသလို အန်တီကလဲ ကိုယ့်ကို သိပ်လာစေချင်ပုံ မပေါ်ဘူး။ မေမေတို့ကလဲ ကိုယ့်ကို မသွားစေချင်ဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ ကိုယ့်ရဲ့ ငိုကြွေး ဆန္ဒပြမှုကို မခံနိုင်တဲ့ မေမေတို့က ကိုယ့်ကို လွှတ်လိုက်ရတယ်။ ကိုယ်မသွားခင် မေမေက မမသီတာက အတန်းကြီးလာပြီမို့ သူ့ကို မနှောက်ယှက်ဖို့ အကြိမ်ကြိမ် မှာတယ်။ ကိုယ်လဲ “ဟုတ်ကဲ့” အကြိမ်တရာလောက် ရေရွတ်ပြီး သွားဖို့ မေမေပြင်ပေးတဲ့ အထုတ်လေးကိုဆွဲရင်း ကိုယ့်ကို လိုက်ပို့မယ့် ဖေဖေ့ တပည့်နောက်က ကောက်ကောက် ပါအောင် လိုက်ခဲ့တယ်။
တကယ်တော့ လူကြီးတွေက မသိလို့ပါ။ ကိုယ်ကလဲ သူတို့ကို မပြောပြဘူးရယ်။ ကိုယ့်မှာ မမသီတာအပြင် နောက်ထပ် သူငယ်ချင်း အသစ်တစ်ယောက် ရှိသေးတယ်။ သူ့နံမည်က နွေးချယ်ရီတဲ့။ ကိုယ်နဲ့ မနှစ်က နွေရာသီ ကျောင်းပိတ်ရက်မှာ ခင်လာတဲ့ ကိုယ့်ရဲ့ သူငယ်ချင်း အသစ်လေး။ သူက ကိုယ်တို့ရဲ့ မွေးရပ်မြို့လေး ကို ပြောင်းလာ တာတဲ့။ ကိုယ်နဲ့ အသက်တူပေမဲ့ နွေးက ကိုယ် မသိတာတွေ အများကြီး သိတယ်။ သူ့မေမေ က ကိုယ်တို့ မြို့လေးက တခုတည်းသော ဘဏ်မှာ စာရေးမတဲ့။ သူ့မေမေရဲ့ သူငယ်ချင်း၊ သူ့ဖေဖေရဲ့ညီ သူ့ဦးလေးက လယ်ယာစိုက်ပျိုးရုံးက မန်နေဂျာတဲ့။ သူ့ဦးလေးက သူ့ကို သိပ်ချစ်တယ်၊ အ၀တ်အစားတွေလဲ ၀ယ်ပေးတယ်၊ နောက်ဆိုရင် သူတို့က အတူတူ နေတော့မှာလို့ နွေးက ကိုယ့်ကို ပြောပြဖူးတယ်။ နွေးက စကားပြောရင် လေအေးလေးနဲ့ ကိုယ့်ကို ပုံပြင်လို ပြောပြတတ်တယ်။ နွေးတို့သားအမိက ကိုယ်တို့ အိမ်နဲ့ ငါးအိမ်ကျော်လောက်က အိမ်မှာ ငှားနေကြတယ်။ ကိုယ်က အဲဒီအိမ်ကို သွားကစားနေကြဆိုတော့ အဲဒီအိမ်က ဒေါ်ကြီးက ကိုယ်နဲ့ နွေးကို အတူကစားဖို့ ခိုင်းခဲ့တာကနေ ကိုယ်နဲ့ နွေး ခင်သွားခဲ့တာ။ နွေးမေမေ ကိုတော့ မမြင်ဖူးဘူး။ နွေးမေမေရဲ့ အလုပ်က မြို့အစွန်မှာဆိုတော့ မနက် အစောကြီး ရုံးကို သွားရတာတဲ့။ ညနေဆိုလဲ မှောင်မှ ပြန်လာတာဆိုတော့ ကိုယ်နဲ့ တခါမှ မဆုံဖူးဘူး။
၀၆-၀၃-၁၉၉၂
မွေးရပ်မြေကို ရောက်ပြီ။ ကိုယ်က နွေးတို့အိမ်ကို သွားမယ်ဆိုတော့ အန်တီက ပေးမသွားဘူး။ သူတို့ ဒေါ်ကြီး တို့ အိမ်မှာ မနေတော့ဘူးတဲ့။ နွေးကလဲ သူ့အမေနဲ့ ဘဏ်ကို လိုက်သွားတယ်တဲ့။ အိမ်မှာ မနေခဲ့တော့ဘူးတဲ့။ ဒါဆို ကိုယ်က ဘယ်သူနဲ့ သွားဆော့ရမှာလဲလို့ အန်တီ့ကို မေးတော့ မမသီတာ လာလိမ့်မယ်တဲ့။ တကယ်ပဲ ညနေမှာ မမသီတာ ရောက်လာတယ်။ ဒါပေမဲ့ အန်တီ့ရင်ခွင်မှာ ၀င်ပြီး ငိုနေတော့တာပဲ။ “မေမေ့ကို ဖေဖေက သိပ်ချစ်ခဲ့တာဆို.. သိပ်ချစ်လွန်းလို့ ခိုးတောင်ပြေးခဲ့ရတာဆို ဆရာမရယ်”ဆိုပြီး ငိုနေတဲ့ မမကိုကြည့်ရင်း ကိုယ် လဲ ငိုချင်လာတယ်။ မေမေတို့ ပြောပြလို့ ရင်းနှီးနေခဲ့တဲ့ အန်ကယ်ကျော်နဲ့ အန်တီခက်မာရဲ့ ဇာတ်လမ်းက သိပ်ကို ကဗျာဆန်တယ်။ နိုင်ငံခြား ပညာသင်ခွင့် ရပါလျက်နဲ့ အန်တီခက်မာကို မခွဲနိုင်တဲ့ အန်ကယ်ကျော်ဟာ နိုင်ငံခြားသွားခွင့်ကို စွန့်ပြီး အန်တီခက်မာကို ခိုးပြေးခဲ့တယ်။ ကိုယ့်အတွက်တော့ အန်ကယ်ကျော်က အချစ် သူရဲကောင်းပါပဲ။ ငယ်ငယ်က အန်ကယ်ကျော်နဲ့ အန်တီခက်မာ ဇာတ်လမ်းကို အန်တီတို့ မေမေတို့က ပုံပြင်တစ်ခုလို ပြောပြတတ်တယ်။ အခု မမသီတာက ဘာလို့ အဲလို မေးခွန်းတွေ မေးနေရတာလဲ ကိုယ် နားမလည်ဘူး။ ဒါပေမဲ့ ကိုယ်လဲ မေးလဲ မမေးရဲ ခဲ့ဘူး။

၂၀-၀၃-၁၉၉၂
မနက်က လူတစ်ယောက် ရထားအတိုက်ခံရလို့တဲ့။ ရထားက တိုက်တာ မဟုတ်ဘူး။ အဲဒီလူက ရထားလာ နေတုန်း ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာတဲ့။ အဲဒီညနေမှာပဲ အန်တီက ကိုယ့်ကိုပြောတယ်။ မနက် ဖြန် မေမေတို့ဆီ ပြန်ရမယ်တဲ့။ အန်တီလဲ လိုက်မယ်တဲ့။ အဲလိုနဲ့ ကိုယ် မွေးရပ်မြေလေးကနေ ပြန်လာခဲ့ရ တယ်။

၂၂-၀၆-၂၀၀၉
အခု အချိန်မှာ အခွင့်သင့်ရင် ကိုယ်နွေးကို တွေ့ချင်သေးတယ်။ ကိုယ့်ရှေ့မှာ ကိုယ့်အမေကို ရက်ရက်စက်စက် ဒါးနဲ့ ထိုးသတ်ခဲ့တာကို အမြင် သွေးလန့်ဆွံ့အသွားတဲ့ နွေးကို နှစ်သိမ့်မှုတွေ ပေးချင်တယ်။ အခုအချိန်မှာ နွေး ဘယ်ရောက် နေမလဲ။ အသက်ရှင်လျက်မှ ရှိသေးရဲ့လား။ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုရင်တောင် နွေး စကားမှ ပြန်ပြောနိုင်ပါတော့မလား။ လူကြီးတွေရဲ့ ဖောက်ပြန်မှုတွေကြားမှာ ဘ၀ပျက်သွားခဲ့တဲ့ နွေးရေ..မင်းကို ကိုယ်ပြန်တွေ့ချင်တယ်။ အချစ်ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်ကြီးသုံးပြီး စိတ်ခံစားချက်မှုကို နောက်ကို လိုက်ခဲ့ တဲ့ မမသီတာရဲ့ အဖေ ကိုယ့်ရဲ့ ဦးလေးကျော်၊ မင်းရဲ့ မေမေနဲ့ မင်းရဲ့ ဦးလေး ..ဒီလူကြီးတွေကိုလေ အခု အချိန်မှာ ပြန်တွေ့ခွင့်ရရင် ပျက်ဆီးသွားတဲ့ လူငယ်တစ်ယောက်ရဲ့ ဘ၀ကို ဘယ်လို အဖက်ဆယ်ပေးမလဲလို့ မေးလိုက်ချင်ပါသေးတယ်။ အချစ်ဆိုတဲ့ စကားလုံးကို လူကြားကောင်းအောင် လှိုင်လှိုင်သုံးပြီး ဖော်ပြန်တတ်တဲ့ လူတွေကို ကိုယ်မုန်းနေမယ် နွေးရေ……….
ဦးလေးကျော်က နွေးမေမေအလုပ်လုပ်တဲ့ ဘဏ်ကလေးနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဆေးရုံက ဆေးရုံ အုပ်ကြီးပေါ့။ အန်တီခက်မာကို သိပ်ချစ်ခဲ့တဲ့ ဦးလေးကျော်ဟာ နွေးမေမေကို တွေ့တဲ့အချိန်မှာ အချစ်စစ်ကို ထပ်မံတွေ့ရှိသွားခဲ့ တယ်တဲ့။ စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့ ဦးလေးကျော်ရဲ့ စွဲဆောင်မှုအောက်မှာ အချစ် ဆိုတာကို တွေ့ရှိသွားတဲ့ နွေးမေမေဟာ ပတ်ဝန်းကျင်ရဲ့ စကားတင်းတွေကို ဂရုမစိုက်နိုင်တော့ပဲ ဦးလေးကျော်ကို နှစ်သက်မိတယ်တဲ့။ဒါကို ကြားတော့ နွေးတို့ ဒီမြို့လေးကို စရောက်ပါပြီဆိုကထဲက ကူညီပေး ခဲ့တဲ့ နွေးရဲ့ ဦးလေးက မခံမရပ်နိုင်ဖြစ်ပြီး စကားများကြတယ်တဲ့။ ဘဏ်မှာ စကားများရင်း ရုန်းရင်းဆန်ခတ် ဖြစ်ကြတော့ နွေးမေမေက “လာကြပါအုန်း…သူ့ကို မတရားလုပ်နေပါတယ်” လို့ အော်လိုက်တယ်တဲ့။ အဲဒီ အော်သံရဲ့ အောက်မှာ နွေးရဲ့ ဦးလေးက (ရ) ရက်ကြာ အချုပ်ခံခဲ့ရတယ်။ အချုပ်က လွတ်ရင် အလုပ်ပြုတ်မှာ သေချာနေတဲ့ နွေးရဲ့ ဦးလေးဟာ အချုပ်က လွတ်လွတ်ချင်းပဲ နွေးမေမေရှိရာ ဘဏ်ကို ရောက်လာခဲ့တယ်။ နေ့ခင်း ထမင်းစားချိန် အေးအေးလူလူ ထမင်းစားနေတဲ့ နွေးနဲ့ နွေးမေမေရဲ့ ထမင်းဝိုင်းဘေးမှာ ချထားတဲ့ သရက်သီးလှီးထားတဲ့ ဓါးကို ယူပြီး နွေးမေမေကို မသေမချင်း ထိုးသတ်ခဲ့တယ်။ နွေးရဲ့ မျက်စိရှေ့မှာပဲ ဖြစ်ပျက်သွားတာမို့ နွေးဟာ အဲဒီနေရာမှာပဲ ဆွံ့အ မေ့မျောသွားခဲ့တယ်။ နွေးဦးလေးကတော့ သူလူသတ်မိ တာသိသိချင်းပဲ ဆောက်တည်ရာမရ ထွက်ပြေးခဲ့တယ်။ မြို့လေးရဲ့ လေးဘက် လေးရံမှာ ရဲတွေ ၀ိုင်းထားခဲ့ ပေမဲ့ စိတ်ထားကောင်းတဲ့ နွေးဦးလေးကို လေးစားခင်မင်တဲ့လူတွေက လက်ခံပြီး ၀ှက်ထားပေးခဲ့ကြတယ်။ ဒါပေမဲ့ နောင်တတရားတွေနဲ့ ပူလောင်နေတဲ့ နွေးဦးလေးဟာ နွေးမေမေကို သတ်ပြီး ၁၄ ရက် တိတိ အကြာ မနက်စောစောမှာ ရထားလမ်းပေါ်ခုန်ချပြီး သတ်သေသွားခဲ့တယ်။
နွေးမေမေဟာ တကယ်တော့ ပျော့ညံ့တဲ့ ခပ်ပျက်ပျက်မိန်းမတစ်ယောက် မဟုတ်ခဲ့ပါဘူး။ တိကျတဲ့ ပြတ်သားတဲ့ ခပ်သွက်သွက် မိန်းမ တစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့တဲ့ အချစ်ကို ဦးစားပေးသူ တစ်ယောက်တော့ ဖြစ်ခဲ့တယ်။

Wednesday, June 17, 2009

ရောက်မိရောက်ရာ---တွေးမိတွေးရာ

သစ်ပင်မြင့်လေ လေတိုက်ခံရလေဆိုပေမဲ့ အတ္တကြီးတယ်၊ လခတွေ အများကြီးယူထားပြီး စဉ်းစာဥာဏ်မရှိဘူး။ စတဲ့ မှတ်ချက်တွေနဲ့ တန်ရဲ့လား။ ဖျားတယ်ဆိုတာ မှန်ပေမဲ့ သာမာန်အဖျားလို့ ယူဆမိတယ်ဆိုရင် ဆေးရုံ မသွားမိတာ သူ့အပြစ်လား။ လူကြီးတစ်ယောက်အနေနဲ့ လုပ်ရမဲ့ အလုပ်တွေကြောင့် သူ့အနေနဲ့ မရှောင်လွှဲ နိုင်တာရော သူ့အပြစ်လား။ တကယ်လို့သာ ဒီအဖျားဟာ H1N1 မဟုတ်ခဲ့ဘူးဆိုရင် ဖျားရက်နဲ့တောင် လာရ သလားရယ်လို့ သူ့ကို ၀ိုင်းချီးကျူးမှာမလား။ တခါတလေ လူတွေက အပြစ်တင်တာ သိပ်လွယ်လွန်းနေသလိုပဲ။
သီချင်းဟောင်းလေးတွေ နားထောင်မိနေတယ်။ မေဆွိ.ဟေမာနေ၀င်း သီချင်းတွေက ကိုယ်တို့အထက်တန်း ကျောင်းသူ ဘ၀မှာ ရင်းနှီးခဲ့တဲ့ သီချင်းတွေပဲ။ သီချင်းဟောင်းတွေကို နားထောင်ရင်း အဲဒီအရွယ်ကို ပြန်ရောက် သွားသလိုပဲ။ ပျော်နေမိတယ်။ သီချင်းဆိုဖို့ ပါရမီ ပါမလာခဲ့ပေမဲ့ သီချင်းတွေဟာ ကိုယ့်ကို ပျော်ရွှင်စေတာ အမှန်ပဲ။ အထူးသဖြင့် သီဆိုသူက ပျော်ရွှင်နေတယ်လို့ ခံစားရတဲ့အခါ ကိုယ်ပါ လိုက် ပျော်ရွှင်နေမိတယ်။

Sunday, June 14, 2009

အိမ်ပြန်ချင်တယ်..အမေ မရှိတော့တဲ့ အမေ့ အိမ်

ရထားဥသြသံလေးတောင် မကြားရတာ အတော်ကြာသွားခဲ့ပြီ။ ငယ်ငယ်က ကိုယ်နေခဲ့တဲ့ အိမ်က ရထားလမ်း နဘေးမှာ။ မနက်ဆိုရင် ရထားဥသြသံလေးနဲ့ ကိုယ်နိုးထခဲ့ဖူးတယ်။ အဖေ ရန်ကုန် သွားတဲ့အခါ၊ အမတွေ အကိုတွေ ကျောင်းသွားတက်တဲ့ အခါတွေမှာ ရထားဥသြသံလေးတွေကို နားထောင်ပြီး ပြန်ရောက်မဲ့ အချိန်၊ ထွက်သွားမဲ့ အချိန်တွေကို တွက်ဆ လွမ်းခဲ့ဖူးတယ်။ ရထားသံကို သမီး ဘယ်တုန်းကမှ မမုန်းခဲ့ဖူးတာ အမှန်ပါ။ အခုတော့ မေမေရယ်......ဒီရထားလမ်းကြီးကြောင့်ပဲ မေမေ့ အသက်ကို အချိန်မီ မကယ်နိုင်ခဲ့တာဆိုတဲ့ အသိနဲ့ သမီး ရထားသံတွေကို မုန်းတယ် မေမေ......
မေ မရှိတော့တဲ့ အိမ်ကလေးကို ပြန်ဖို့ ရထားကြီးကို အသုံးပြုရအုန်းမယ်။ တခါတလေတော့လဲ မေမေ မရှိတဲ့ အိမ်က သမီးအတွက် ဘာတန်ဖိုး ရှိအုန်းမှာလဲလို့ တွေးမိတဲ့အခါ ဖေဖေနဲ့ မမကို အားနာမိတယ်။ ဖေဖေသာ မရှိခဲ့တော့ဘူးဆိုရင် ဒီအိမ်ရိပ်ကို နင်းဖို့ ကိုယ် သတ္တိရှိမှာ မဟုတ်ဘူး။ တကယ်တော့ သမီးကလေ အတ္တတွေနဲ့ ပညာရေးလောဘတွေနောက်ကို လိုက်ရင်း မိဘကို ဥပက္ခာ ပြုခဲ့ဖူးသူပါ။ မေမေလိုချင်တာ ငွေ မဟုတ်ဘူး။ ဒါကို သမီး သိနေခဲ့ပေမဲ့ သမီးရဲ့ ပညာရေးလောဘတွေက သမီးကို မေမေ့ဆီ အချိန်မီ ပြန်ဖို့ ခွင့်မပြုခဲ့ဘူး မေမေရယ်။ “စာမတော်တဲ့ သမီး တစ်ယောက်လောက် အနားမှာ ရှိစေချင်တယ်ဆိုတဲ့ ” မေမေ့ စကားကို လျစ်လျူရှု့ပြီး ညီမငယ်ကို ဒီ အရောက် ခေါ်ခဲ့မိတာတွေအတွက် တခါတလေ နောက်တရ နာကျင်မိတယ်။ နှလုံးရောဂါကြောင့် မေမေဆုံးရတယ်လို့ ဆရာဝန်တွေက နံမည်တပ်တယ် မေမေ။ အဲဒီ နှလုံးကို ထိခိုက်အောင် လုပ်ခဲ့တဲ့ သူဟာ လူတွေက သမီးလိမ္မာလို့ ချီးကျူးတဲ့ သမီးကိုယ်တိုင်ပဲ ဖြစ်နေခဲ့မယ် ထင်တယ် မေမေရယ်။ မိဘကို သိတတ်တယ်ဆိုတဲ့ စကားသံတွေ အကြားမှာ သမီး ၀မ်းနည်းနာကျင် ရှက်ရွံ့နေမိတယ်။ အမေ မရှိတော့တဲ့ အမေ့အိမ်ကို ပြန်ရမှာ တခါတလေတော့လဲ သွေးကြောင်နေမိတယ်။

Saturday, June 13, 2009

စွန်ကလေး......

စွန်ကလေး.......ရုတ်တရက် ကြည့်လိုက်တော့ လေထဲမှာ လွတ်လပ်စွာ လွင့်မျောနေသလိုပါပဲ။ ဒါပေမဲ့ သူ့ကို ချည်နှောင်ထားတဲ့ ကြိုးလေး တစ်ချောင်း။ ဘယ်သူတွေ မြင်နိုင်မလဲ။ သူ့မှာ အစွမ်းအစတွေ ရှိတယ်။ ယုံကြည် ချက်တွေ ရှိတယ်။ ဒါပေမဲ့ ဒီအရာတွေ အတွက် သူလွတ်လပ်စွာ မသွားနိုင်အောင် နောက်က တုန့်ဆွဲနေတဲ့ ကြိုးမျှင်မျှင်လေး ရှိတယ်။ အဲဒီ ကြိုးမျှင်လေးရဲ့ ဆွဲအားထဲမှာ တာဝန်သိမှုတွေ ပါတယ်။ ကျေးဇူးတရားတွေ ပါတယ်။ သံယောဇဉ်တွေ ရှိတယ်။ ၂၀၁၁ ကို စောင့်မျှော်နေတဲ့ စွန်ကလေးက တခါတရံမှာ တွေးတယ်။ ငါ လွတ်လပ်ချင်ပြီတဲ့....... နင့်ကို ဖြတ်တောင်လိုက်ဖို့ ၂၀၁၁ ကို ငါ မျှော်လင့်နေတယ်တဲ့။ ဒါပေမဲ့ စွန်ကလေးရဲ့ အတွေးတွေကို လွှမ်းမိုးထားတဲ့ အရာတွေမှာ ကိုယ့်ကိုယ်ကို ပေးအပ်ထားတဲ့ တာဝန်တွေ ရှိတယ်။ ကိုယ့်ကို ချည်နှောင်ထားတဲ့ ကြိုးတွေကို ဘယ်သူ ဖန်တီးနေတာလဲ။ ကိုယ်တိုင်ပဲ မဟုတ်ဘူးလား။ ကိုယ်တိုင် ချည်တဲ့ ကြိုးတွေက ပိုတင်းကြပ်နေတယ်ဆိုတာ စွန်ကလေး မသိမဟုတ်၊ သိနေပေမဲ့ မလွန်ဆန်နိုင်ဘူး။ တဘက်က ကြည့်လိုက်တော့ အဆုံးအစ မရှိတဲ့ ကောင်းကင်ကြီး၊ အဲဒီမှာ စိန်ခေါ်နေတဲ့ အန္တရာယ်တွေ ရှိပေမဲ့ ပျော်ရွှင်မှု တွေကို ဖန်တီးပေးမဲ့ စိန်ခေါ်မှုတွေပဲ မဟုတ်လား။ ကောင်းကင်ထဲကို ၀ဲနေမဲ့ စွန်ကလေးကို လူတိုင်းက မော့ကြည့်နေလိမ့်မယ်။ အများက အားကျမဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်မယ်။
ဒါပေမဲ့ စွန်ကလေး ကြိုးကို ဖြတ်ခဲ့ ရမယ်။ စွန်ကလေး လုပ်ဝံ့ရဲ့လား။ အသိတရားတွေက ခွင့်ပြုပါ့မလား။ မြေပြင်ကို ခုန်ဆင်းလိုက်မယ်ဆိုရင်ရော ဆူးတွေ ခြုံတွေနဲ့ မဟုတ်ဘူးလား။ စွန်ကလေး ရင်ဆိုင်နိုင်ပါ့မလား။ အမှန်ပြောရရင် စွန်ကလေး ထိတ်လန့် နေမိတယ်။ ဘ၀တစ်ခုလုံး စုတ်ပြတ်အောင် ပေးဆပ်လိုက်ရင်တောင် ဒီမြေတလင်းကလေး ရှင်းသွားနိုင်ပါ့မလား။ အတွေးတွေက စွန်ကလေးကို နောက်တွန့်စေတယ်။ ဒါပေမဲ့ စွန်ကလေး ပဲလေ။ တာဝန် အသိတရားထက် ဘာကို ဦးစားပေး ရအုန်းမှာလဲ။

မျက်စိတစ်မှတ် လျှပ်တပြက်

ပျောက်ဆုံးသွားတဲ့ လေယာဉ်..လူတွေက လိုက်ရှာ..အလောင်း ၅၀ လောက်ပြန်တွေ့... ၂၂၀ ကျော်တဲ့ အလောင်းတွေကို ကုန်အောင် ရှာနိုင်ဖို့ မလွယ်ဘူးဆိုတဲ့ အသံတွေ ထွက်လာ.. ဘယ်သူတွေက ကြိုသိနိုင်ခဲ့ မှာလဲ။ အသက်ရှင်လျက် ကျန်ဖို့ဆိုတာက ပုံပြင်တခုလိုပဲ...ဒါပေမဲ့ မဖြစ်နိုင်တာတွေ ဖြစ်လာတတ်တဲ့ လောက မှာ တစ်ယောက်လောက်များ အသက်ရှင် ကျန်ခဲ့မလားလို့ စိတ်ကူးယဉ် မျှော်လင့်မိတယ်။ တချို့က ယောက်ျား တချို့က မိန်းမ..တချို့က သားသမီးတွေ....မိသားစုလိုက် ဘ၀ဆုံးသွားသူတွေလဲပါ.. မိသားစုလိုက် ဘ၀ဆုံးရ တာ တမျိုးတော့ ကောင်းတာပဲလို့ ကြေကြေကွဲကွဲ ရေရွတ်မိတဲ့အခါလဲ ရှိ...အသက် အရွယ်ကြောင့်လား။ ခံစားချက်တွေ ပိုပြင်းထန်လာမိတယ်။...ဒါပေမဲ့ မြန်မာ့ အရေးကိုတော့ စိတ်မလှုပ်ရှားမိတော့တာ အမှန်။ အမျိုး မျိုး အော်နေသံတွေကြားမှာ လက်တွေ့က ပါမလာ။ ကိုယ်တိုင်လဲ ဘာမှ မဟုတ်။ နောင်တ တရားတွေနဲ့ ရင်ဆိုင်ရတာ များလာတော့ ကိုယ့်ကိုယ်ကို ခါးသီးလာမိ...

Sunday, June 7, 2009

ဖတ်မိဖတ်ရာ

စင်္ကာပူ ၀န်ကြီးဟောင်း၊ လက်ရှိ စီနီယာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ မစ္စတာ ဂိုချောက်တောင် သည် လာမည့် တနင်္လာနေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ်သွားမည် ဖြစ်ကြောင်း စင်္ကာပူ StraitsTimes သတင်းစာတွင် ဖော်ပြထားသည်။ လေးရက်တာ ခရီးစဉ်အတွင်း နိုင်ငံ အကြီးအကဲခေါင်းဆောင် ဖြစ်သှောဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ နေပြည်တော်၊ တောင်ကြီး နှင့် မန္တလေးမြို့များသို့ သွားရောက်လည်ပတ်ရန်လည်း စီစဉ်ထားကြောင်း အထက်ပါ သတင်းစာက ဆိုသည်။ ရန်ကုန်မြို့နယ် အနီးရှိ ကရင်ချောင်းရွာတွင် ဆေးရုံအသစ် ဖွင့်ပေးရန်လည်း တက်ရောက်မည် ဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံမှာ စင်္ကာပူ အကူအညီဖြင့် နာဂစ် ဒုက္ခသည်များအတွက် ရည်ရွယ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စင်္ကာပူနိုင်ငံ ၁၂ ယောက်မြောက် H1N1ကူးခတ်ခံရသူ လူငယ်သည် အများပြည်သူသုံး ရထားကိုစီးနင်းခဲ့သည်။ အဆိုပါ လူငယ်သည် သြစတြေးလျနိုင်ငံ မယ်လ်ဘုန်းမှ စင်္ကာပူနိုင်ငံသို့ တနင်္လာနေ့တွင် ပြန်လာခဲ့ခြင်း ဖြစ်သည်။ အနည်းငယ် နေမကောင်းဖြစ်နေသော ထိုလူငယ်သည် မိသားစုကို အဖျားမကူးစေရန်အတွက် သူငယ်ချင်းအား ချန်ဂီလေဆိပ်သို့ လာရောက် ကြိုစေပြီး ဟိုတယ်တွင် သွားရောက်တည်းခိုခဲ့သည်။ ထို့နောက် အင်္ဂါနေ့မနက်တွင် တက်စ်စီ ဖြင့် ဆေးခန်းသို့ သွားရောက်ခဲ့ပြီး ဟိုတယ်မှတဆင့် အမရှိရာ နေအိမ်သို့ သွားရောက်နေထိုင်ခဲ့သည်။ ဗုဒ္ဒဟူးနေ့တွင်မူ အမနေအိမ်မှ ဆေးခန်းသို့ သွားရန် အများပြည်သူသုံး ရထားကို စီးနင်းခဲ့သည်။ ထို့နောက် ကြာသပတေးနေ့တွင်မူ အဖျားပြင်းထန်လာသော ထိုသူငယ်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ထိုမှတဆင့် H1N1 ရောဂါသည်များအတွက် သီးသန့်ဖွင့်လှစ်ထားသော ကူးစက်ဆောင်သို့ ပို့ခဲ့ရသည်။

Monday, June 1, 2009

H1N1

စင်္ကာပူနိုင်ငံအတွင်း H1N1 ကူးစက်ခံရသူ ဦးရေဟာ ဒီနေ့ဆိုရင် (၇) ယောက်မြောက်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေကို စီစစ်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတွင်း ကူးစက်မှုကြောင့် မဟုတ်ပဲ နိုင်ငံခြားက သယ်ဆောင်လာသူတွေ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
ပထမဆုံး H1N1 ပိုးတွေ့ရှိသူ မိန်းကလေးကတော့ SMU မှ စီးပွားရေး ကျောင်းသူ တစ်ယောက်ဖြစ်ပြီး သူမနဲ့ အတူ လေယာဉ်တစီးတည်း စီးလာသူ အခြား ကျောင်းသားနှစ်ဦးမှာလဲ ဒီပိုးကိုတွေ့ရှိခဲ့ရပါတယ်။ စင်္ကာပူ အစိုးရ အနေနဲ့ နိုင်ငံရဲ့ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို အချိုးညီညီ ထိန်းပေးနိုင်ဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင်တော့ ကျွန်းနိုင်ငံလေး ဖြစ်တဲ့ စင်္ကာပူနိုင်ငံသားတွေရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ရမယ့် အနေအထား ဖြစ်နေတာကို တွေ့ရပါတယ်။
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~