Saturday, November 29, 2008

ငါ့ရဲ့ သူရဲကောင်း

ငါ မင်းကို မတွေ့ခဲ့ဖူးဘူး
ဒါပေမဲ့
မင်းကို ကလေးဘ၀ကစလို့
ဘုရားတစ်ဆူလို့ ကိုးကွယ်ခဲ့တယ်

ငါနဲ့ မင်းက သွေးသား မတော်စပ်ဘူး
ဒါပေမဲ့
မင်းကို သွေးသားအရင်းတွေနဲ့
ထပ်တူချစ်တယ်

ငါ ယုံကြည်ပါတယ်...
ငါ့လိုပဲ မင်းကို ချစ်တဲ့လူတွေ
ထောင်သောင်းချီ ရှိနေဆဲပါ

ငါ မျှော်လင့်ပါတယ်...
မင်းဖြစ်ချင်တဲ့ စိတ်ကူးတွေကို
တစ်နေ့မှာ
ငါတို့ အကောင်အထည်ဖော်နိုင်မှာပါ....

Thursday, November 27, 2008

လက်တစ်ကမ်းက အိမ်မက်

လူသားတွေရဲ့ စွမ်းဆောင်နိုင်မှု စွမ်းရည်ဟာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြင့်မားနေတတ်ပါ တယ်လို့ ပြောတဲ့ အဆိုအမိန့်တွေကို ကြားခဲ့၊ ဖတ်ခဲ့တာ မရေမတွက်နိုင်အောင်ပါပဲ။ ငယ်ငယ်လေးကထဲက ရည်မှန်းချက်ဆိုတာတွေကို ကိုယ့်ကိုယ်ကို တွန်းအားပေးတဲ့ အနေနဲ့ ချရေးခဲ့ဖူးတယ်။ ဥပမာ (၃) တန်းကနေ (၁၀) တန်း အထိ အမြဲပဲ ဒုတိယ ရခဲ့ဖူးတဲ့ ကိုယ်က (၁၀) တန်းမှာ တစ်နိုင်ငံလုံး အဆင့်(၁၀) မှာဝင်ရမယ်လို့ တွေးခဲ့တာမျိုးပေါ့။ ဒါပေမဲ့ တကယ်ဖြစ်လာနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ဘယ်တုန်း ကမှ မထင်ခဲ့ဘူး။ မရလာတော့လဲ သိပ်မခံစားရပါဘူး။ မြို့နယ်တစ်ခုလုံးမှာ ပထမ ဆိုတဲ့ အချက်နဲ့ပဲ ကိုယ်ကျေနပ်ခဲ့ဖူးတယ်။

အဲတုန်းက ဆရာက ပြောခဲ့ဖူးတယ်။ နင်က ရည်မှန်းချက်ဆိုတာတွေကို ချရေးပေမဲ့ အဲဒီ ရည်မှန်းချက်တွေကို လက်တွေ့ မဖော်ဆောင်နိုင်ဘူးလို့ နင့်ရဲ့ မသိစိတ်က အမြဲတွေးနေတာတဲ့။ နင်သာ တကယ်လိုချင်ခဲ့ရင် နင့် ရည်မှန်းချက်တွေက ပြည့်ကို ပြည့်မှာပေါ့တဲ့။ ကိုယ်က အကောင်းဆုံးဆိုတာကို လိုချင်ပေမဲ့ အဲဒီအရာကို မရရအောင် ယူမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်မရှိဘူးလို့ ဆရာ ပြောတာကို မခံချင် ဖြစ်ခဲ့ဖူးတယ်။

အသက်အရွယ် ရလာတာနဲ့ အမျှ ဆရာပြောခဲ့တာက အမှန်တရားပဲလို့တော့ ကိုယ် ရင်နာနာနဲ့ လက်ခံခဲ့ရတယ်။ အဲကြောင့်လဲ ကိုယ်လိုချင်တဲ့ အရာကို အခက်အခဲ တွေ ကြားက ယူသွားတဲ့ လူတွေကို ကိုယ့်ဘ၀မှာ အားကျလာခဲ့တယ်။ သူတို့ လုပ်နေတဲ့ အရာအပေါ်မှာ ကျားကုတ်ကျားခဲ ကြိုးစားတဲ့လူတွေကို တွေ့တိုင်း မျက်ရည်ဝဲ လောက်အောင် အားကျမိတယ်။ (ဥပမာ ချစ်စမ်းမောင်၊လေးဖြူ)

ဒီနေ့တော့ ဆရာ ပြောခဲ့တဲ့ နင်သာ တကယ်လိုချင်ခဲ့ရင် နင့် ရည်မှန်းချက်တွေက ပြည့်ကို ပြည့်မှာပေါ့
ဆိုတဲ့ စကားကို ကိုယ် အကောင်အထည်ဖော်လိုက်နိုင်တဲ့ နေ့ပဲ။ ကိုယ်လိုချင်တဲ့ အရာတစ်ခု တကယ် ဖြစ်ပျက်လာတာကို မယုံနိုင်သလိုတောင် ခံစားနေရတယ်။ အသက် (၂ဂ) နှစ် မပြည့်ခင် ဖြစ်ချင်ခဲ့တဲ့ (တကယ် မဖြစ်နိုင်ဘူးလို့တော့ ရင်ထဲက ယုံကြည်ထားခဲ့ဖူးတဲ့) စိတ်ကူးတစ်ခုကို ဒီနေ့ တရားဝင် လက်တွေ့ အကောင် အထည်ဖော်လိုက်နိုင်တယ်။ ယုံတောင် မယုံနိုင်ဘူး။

တကယ်တော့ လူတွေက စိတ်ကူးယဉ်တယ်ဆိုကတဲက ကိုယ်နဲ့ နီးစပ်တဲ့အရာကိုပဲ စိတ်ကူးကြတာပါ။ အမြင်မှာ မနီးစပ်ဘူး ထင်ရပေမဲ့ စိတ်ရဲ့ တစ်နေရာမှာတော့ နီးစပ်နေပါတယ်။ အဲတော့ ကိုယ့်မှာ လိုချင်တယ်ဆိုတဲ့ စိတ်ကလေး ရှိလာခဲ့ပြီဆိုရင် ဖြစ်ကိုဖြစ်ရမယ်လို့ တွေးပြီး အချိန်နဲ့ အခွင့်အရေးကို စောင့်ပါ။ အခွင့်အရေး ရလာတာနဲ့အမျှ သွေးမကြောင်ပါနဲ့။ အမိအရ ဆုပ်ကိုင်လိုက်ပါ။

ဒီနေ့ ထူးချွန်ထက်မြက်သူတွေ အားလုံးကလဲ သူတို့ကို သူတို့ ထူးချွန်သူ ဖြစ်မယ်လို့ သိမြင်ပြီး ကြိုးစားခဲ့ကြတာ မဟုတ်ပါဘူး။ ဒီလိုပဲ ကြိုးစားရင်း မထင်မှတ်လောက်အောင် ထူးချွန်သွားတာမျိုးလို့ ထင်ပါတယ်။ ကိုယ်လဲ အဲလိုပဲ ကြိုးစားရင်း တစ်နေ့နေ့မှာ ပြောင်းလဲပေးနိုင်မဲ့ လက်ကလေး တစ်စုံ မဖြစ်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။

Tuesday, November 25, 2008

ကလေးလို ဖြူစင်ချင်တယ်။

No one has yet fully realized the wealth of sympathy, kindness and generosity hidden in the soul of a child. The effort of every true education should be to unlock that treasure. --Emma Goldman
ကလေးတွေရဲ့ ၀ိညာဉ်မှာ ခိုအောင်းနေသော ဖြူစင်တဲ့ ကိုယ်ချင်းစာတရား၊ သနားကြင်နာစိတ် နဲ့ သဘောထား ကြီးမြင့်မှုကို ဘယ်လူကြီး တစ်ယောက်ကမှ ပြည့်ပြည့်၀၀ နားမလည်နိုင်၊ အသိအမှတ်မပြုနိုင်သေးပါဘူး။
စစ်မှန်တဲ့ ပညာရေးဆိုတာ ဒီရတနာသိုက်ကို ဖော်ထုတ်တင်ပြနိုင်တဲ့ ပညာရေးမျိုးသာ ဖြစ်လိမ့်မယ်။

Monday, November 24, 2008

Firm action must follow hard words - 2

Knowing is not enough; we must apply.
Willing is not enough; we must do.
(by Johann Wolfgang von Goethe)
သိရုံနဲ့ မလုံလောက်ပါဘူး၊ လက်တွေ့ အသုံးချဖို့လိုတယ်။
လိုချင်ရုံနဲ့ မရပါဘူး၊ လက်တွေ့ လုပ်ဖို့တော့ လိုတယ်။
Nothing great was ever achieved without enthusiasm.
(by Ralph Waldo Emerson)
ပြင်းပြတဲ့ လိုချင်စိတ် မရှိရင် ကြီးမားတဲ့ အောင်မြင်မှုကို မဆွတ်ခူးနိုင်ပါဘူး။

Sunday, November 23, 2008

dream-1

To accomplish great things, we must dream as well as act.
(Anatole France French novelist (1844 - 1924) )

အောင်မြင်မှုတွေကို ရယူနိုင်ဖို့ တွေးတော ကြံဆဖို့ လိုအပ်သလို လက်တွေ့ လုပ်ဆောင်ဖို့လဲ လိုအပ်တယ်။
ရည်မှန်းချက် ကြီးမားသလောက် လက်တွေ့ လုပ်ဆောင်ချက်မပါတဲ့ ကိုယ့်ရဲ့ စရိုက်အတွက် ဒီစာစုကို သတိရမိပေမဲ့ လက်တွေ့ကျင့်သုံးနိုင်အောင် မလုပ်နိုင်သေးဘူး။ အခုတော့ အဲဒါကို ကျော်လွှားနိုင်ဖို့ လမ်းတစ်ခု ရှာတွေ့သလိုပဲ။ တစ်ပတ်တစ်ကြိမ် ကိုယ့်အခြေအနေကို ပြန်ပြီး သုံးသပ်တဲ့ နည်းလမ်ပေါ့။ အောင်မြင်၊ မအောင်မြင် စမ်းရမှာပေါ့လေ။

ကိုယ်ချင်းစာတရား

ကိုယ်က ကိုယ့်ဘ၀ကို ကျေနပ်မှုရှိပါတယ်ဆိုနေမှ မကျေနပ်ဘူးလို့ ထင်တဲ့လူက ရှိသေး။ တကယ်တော့ ကိုယ်တိုင်ကလွဲလို့ ဘယ်သူက သိနိုင်မှာလဲ။ ရီတော့ ရီရသေး။ ကိုယ်ကလဲ ဘယ်လို ပြောပြရမှန်းမသိ။ လူတစ်ယောက်က တကယ်လိုအပ်လာတဲ့ အချိန်မှာ သူ့ဟာသာ ရှာဖွေသွားမှာပါပဲ သူငယ်ချင်းတို့ရယ်။

အဲဒါနဲ့ ဆက်စပ်လို့ တွေးမိခဲ့တဲ့ အတွေးလေးကို စာစဉ်ကြည့်မိတော့............


တစ်ခါတုန်းက အမှတ်(၅) ကားပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုရယ်ပါ။
တက်ကသိုယ်ကျောင်းက သူငယ်ချင်းတစ်စုပေါ့။ သူတို့ကိုယ်သူတို့ စာတတ်တယ်လို့ သိပ်ဂုဏ်ယူနေခဲ့တဲ့ အချိန်ပေါ့လေ။ သူတို့တက်ရတဲ့ ကျောင်းက မြို့ပြင်မှာ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေက လက်လုပ်လက်စား ဆင်ရဲသား အများစု။ သူတို့ ကျောင်းကနေ မြို့ကို သွားဖို့ နံပါတ် (၅) ကားတစ်စီးပဲ ရှိတယ်။ ခရီးသည် အများစုက အနီးအနားရွာက ဆင်းရဲသား ဦးကြီး၊ ဒေါ်ကြီးတွေပေါ့။ သူတို့က မြို့ကို ဒီကားနဲ့ပဲ သွား၊ ဈေးဝယ် လုပ်ကြရတာကို။
တရက် အဲခုနက သူငယ်ချင်းတစ်စု မြို့ထဲကို နံပါတ်(၅)ကားနဲ့ သွားကြတာပေါ့။ လူငယ် သဘာဝ အသေးအဖွဲလေးက အစ ငြင်းရခုန်ရ ပျော်ရွှင်နေတဲ့ အချိန်ပေါ့။ အဲထဲမှာ ကိုယ့်ကိုယ်ကို မြန်မာစာ သိပ်တော်တယ်လို့ ကိုယ့်ကိုယ်ကို သွေးကြီးနေတဲ့ ကောင်မလေး တစ်ယောက်ပါတယ်။ သူက ရုတ်တရက် ကားနံရံပေါ်က စာတန်းလေးတစ်ခုကို လှမ်းမြင်လိုက်တယ်။ လက်မထုပ်ရ၊ ခေါင်းမထုပ်ရတဲ့။
သူက အဲတော့ ကိုယ့်ကိုယ်ကို စာတတ်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ဝေဖန်ပါလေရော။ ဒီကားသမားတွေကလဲ အဲလိုရေးထားတော့ ဘယ်သူက နားလည်မှာလဲပေါ့နော်။ သူ့နားက သူ့သူငယ်ချင်း ပညာတတ်တွေကလဲ ၀ိုင်းဖတ်ပြီး ရီကြပေါ့။ ဟုတ်တယ်၊ ဘာညာပေါ့လေ။
အဲအချိန်မှာ အဒေါ်ကြီးတစ်ယောက်က ၀င်ပြောပါ လေရော။ သူတို့ကို အမြင်ကတ်စိတ်နဲ့ ပြောသလား၊ ရိုးသားစွာ သူ့အမြင်ကို ပြောသလားတော့ မသိဘူး။ အဲကောင်မလေးကတော့ ခေါင်းမဖော်ဝံ့အောင် ရှက်သွားခဲ့တယ်။ နောက်လဲ တော်တော် ဆင်ခြင်သွားခဲ့တယ်။ အဒေါ်ကြီး ပြောခဲ့တာက
'ညည်းတို့ကလဲ ဒါလေးတောင် မသိဘူးလားအေ။ ခေါင်းမထုတ်ရဆိုတာ ဒီလို မထုတ်ရတာ။ လက်မထုတ်ရဆိုတာ ဒီလို မထုတ်ရတာ' ဆိုပြီး ကိုယ်ဟန်အမူအရာ အပြည့်နဲ့ လုပ်ပြခဲ့တာပါပဲ။

တကယ်တော့ လူတွေက ကိုယ့်ရဲ့ စံတွေနဲ့ တိုင်းတာပြီး သူများဘ၀ရဲ့ ပျော်ရွှင်မှုကို တွက်ချက်တတ်ကြတယ်။ တစ်ခါတစ်လေ မြန်မာပြည်မှာ သိပ်ဆင်းရဲကြတယ်လို့ တွေးပြီး ကလေးတွေကို သနားမိတာက ရှိသေး။ တကယ်ကျ သူတို့က သူတို့ဘ၀မှာ ကျေနပ်ပျော်ရွှင်နေတာလဲ ဖြစ်နိုင်တာပဲလေ။ သူတို့နေရာမှာ မရှိရင် သူတို့ကို ကိုယ်ချင်းစားမပေးနိုင်ပါဘူး။ တွေးပြီး ခံစားကြည့်တာပဲ ဖြစ်မှာပါ။ အဲတော့ ကိုယ်မသိတဲ့ သူတို့ရဲ့ နေရာကို တွေးပြီး သူတို့ကို မဝေဖန်ကြဖို့ ကြိုးစားသင့်ပါတယ်။

Saturday, November 22, 2008

astrological sign and me

astrological sign နဲ့ ပတ်သတ်ရင် ငယ်ငယ်ကတော့ အယုံအကြည် မရှိခဲ့ဘူး။ နဲနဲအရွယ် ရလာတော့ တူညီတဲ့ ရာသီခွင်ဖွားတွေရဲ့ ယေဘူယျကို statistic ယူထားတာဆိုတော့ မှန်သင့်သလောက် မှန်မယ်လို့ လက်ခံထား ပေမဲ့ အပျော်လိုပဲ။ ကြုံရင် ဖတ်တယ်။ တစ်ခါမှလဲ မှတ်မှတ်သားသား မရှိခဲ့ဖူးဘူး။ ကိုယ့်ကိုယ်ကို ဘယ်ရာသီခွင် ဖွားလဲ ဆိုတာလဲ မသိဘူး။ တကယ်တော့ သိထားရင် ဘာမှ အကျိုးမယုတ်တာတွေကို သိမှတ်ထားသင့် သလောက်တော့ သိထားသင့်တယ်။ အနဲဆုံး လူမှုဆက်ဆံရေး စကားဝိုင်းမှာ ပြောစရာတော့ ရတာပေါ့။ အလွယ်တကူ ပြန်ပြီး ကိုးကားနိုင်ဖို့ wiki ရှိတာပဲ။ http://en.wikipedia.org/wiki/Astrological_sign

ဒါက မြန်မာလို မဟာဘုတ်တိုင်ထူတာတဲ့ အောင်၊လံ၊ထူ၊ စစ်၊သူ၊ ကြီး၊ ပွဲ ဆိုပဲ
အဓိပတိ (၆)
အထွန်း (၂)----->သိုက်(၃)----> ရာဇ (၄)
^---------------------------------။
။----------------------------------။
မရဏ(၁)<--- ဘင်္ဂ(၀) ---------ပုတိ (၅)
ကိုယ့်မွေးနှစ်(မြန်မာလို)ကို ၇ နဲ့စား
အကြွင်းနေ့နံအရ စီရေး၊ ဥပမာ ၂ ကြွင်းရင် ကြီး(ဘင်္ဂ)၊ပွဲ(မရဏ)၊အောင်(အထွန်း)၊လံ(သိုက်)၊ထူ(ရာဇ)၊ စစ်(ပုတိ)၊ သူ(အဓိပတိ) ပေါ့
အကြွင်း (၂) မှာ ဆိုရင် တနင်္လာ(ဘင်္ဂ)၊ အင်္ဂါ(ပုတိ)၊ ဗုဒ်ဓဟူးက (သိုက်)၊ ကြာသပတေးက (မရဏ)၊ သောကြာက (အထွန်း)၊ စနေက (ရာဇ)။ တနင်္ဂနွေက (အထွန်း) ပေါ့။
သိသွားတော့လဲ လွယ်သား။ ။

Thursday, November 20, 2008

ဆ-ဆရာမ ရိုသေကြ

စေတနာ
ဝါသနာ
အနစ်နာ
နာသုံးနာ သခင်
ကျေးဇူးရှင်ကို
အစဉ်ဦးတင်
လေးစားခင်ခဲ့.......
............................
သို့ပေမယ့်လေ
ဆရာတိုင်းပင်
နာသုံးနာသခင်
ထာဝရ မမှန်ချင်
အသိဝင်လျှက်
လက်ခံခက်ဧ။်
နှလုံးသားတွေ ကွဲအက်
သွေးစိမ်းရှင်ရှင်ထွက်
၂၀၀၆ ဒီဇင်ဘာညရဲ့
(၂) နှစ်ပတ်လည်
မကြာခင် ရောက်လာတော့မယ်...
ဒီကာလကို ဘယ်လိုခွန်အား
ဘယ်နှလုံးသားနဲ့ သူဖြတ်ကျော်ရှာမလဲ
ကိုယ်ဘယ်လို ဖြတ်ကျော်ရမလဲ
တွေးပူနေဆဲ
ဝမ်းနည်းနေဆဲ
တုန်လှုပ်နေဆဲ....

Wednesday, November 19, 2008

ဖြစ်ချင်တာရယ်၊ ဖြစ်နေတာရယ်၊ ဖြစ်သင့်တာရယ်

ဒီအရာ သုံးခုကို ညီမျှအောင် မလုပ်နိုင်သရွေ့တော့ စိတ်ဆင်းရဲ နေရမှာပဲ။

ခုချိန်မှာ ဖြစ်ချင်နေတာက အမေ့ကို အသက်ရှင်ရက် မြင်ချင်တယ်....
ဖြစ်နေတာက အမေက ဆုံးသွားခဲ့ပြီးပြီ.....
ဖြစ်သင့်တာက ကိုယ့် ပို စာကြိုးစားသင့်တယ်....

လုပ်သင့်တာကို လုပ်ပြီး ပျော်နိုင်အောင် ကြိုးစားပါ....
ညက ကျောပိုးအိတ် အလေးကြီးကို လွယ်ပြီး တောင်ကုန်းတစ်ခုပေါ်ကို ခက်ခက်ခဲခဲ တက်နေရတယ်လို့ အိမ်မက်မက်တယ်။ ။ ဘ၀မှာလဲ စိတ်မချမ်းမြေ့မှု ကျောပိုးအိတ်ကြီးကို လွယ်ပြီး တောင်ပေါ်တက်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ။ အားလုံးကို ခါချပြီး ပေါ့ပေါ့ပါးပါး တက်နိုင်ဖို့ ကြိုးစားတော့မယ်...

ဖြစ်ချင်တဲ့ လူတစ်ယောက် --- လက်တွေ့ကျကျ၊ ဇွဲရှိရှိ၊ အမှီအခိုကင်းကင်း ၊ စည်းကမ်းတကျ ဖြစ်သူ။ ပေါင်းသင်းရေး ကောင်းမွန်၊ ပြောသူထက် နားထောင်ကောင်းသူ ။ စိတ်ခိုင်မာသူ၊ ရည်မှန်းချက် ကြီးမားသူ။ မျှမျှတတ တွေးခေါ်တတ်သူ။
ဖြစ်နေတဲ့ လူတစ်ယောက်-- လက်တွေ့ကျတဲ့အခါ ကျပြီး တစ်ခါတစ်ရံ စိတ်ကူးယဉ်တတ်သူ။ ဇွဲရှိတဲ့ အခါ ရှိပြီး ပျင်းတဲ့အခါ ပျင်းတတ်လွန်းသူ။ စည်းကမ်းမကျတကျ။ စိတ်မခိုင်တခိုင်။ ရည်မှန်းချက် ကြီးမားသလောက် လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ နှေးကွေးပျင်းရိသူ။ ပေါင်းသင်းရေး ညံ့သူ။ စကားပြောရတာကို နှစ်ခြိုက်သူ။ နားထောင်သူ အရည်အချင်း လုံးဝမရှိသူ။

အဲဒီ အနီရောင် မျဉ်းသားထားတဲ့ အချက်တွေကို ဖယ်ရှားနိုင်ဖို့ ကြိုးစားနေရင်းက ထပ်ခါထပ်ခါ ကျူးလွန် နေမိတယ်။ အကျင့်ဆိုတာ ပြင်လို့ ရပါတယ်။ ပျက်အစဉ် ပြင်ခဏတဲ့ ။ ပြင်ပါ၊ ကြိုးစားပါ။

Tuesday, November 18, 2008

ပထမဆု....

ဘ၀မှာ ပထမဆု ရနိုင်ဖို့ ဘာတွေ ပေးဆပ်ခဲ့ရပြီလဲ။ ဘာတွေ ပေးဆပ်ရအုန်းမှာလဲ။
အမေ့ကို ဆုံးရှူံးခဲ့ရတာ ၂ နှစ်ပြည့်တော့မယ်...
တစ်ဦးတည်းကျန်တဲ့ အဖေကရော ကိုယ့်ကို ဘယ်လောက်ကြာကြာ စောင့်နိုင်အုန်းမှာလဲ။...
ပထမဆု မရတဲ့အခါ တုန်လှုပ်ခဲ့ဖူးတယ်၊ နာကျင်ခဲ့ဖူးတယ်။
ကိုယ့်အတွက် မိဘ ဂုဏ်ယူနိုင်ဖို့ ကိုယ့်ကိုယ်ကို ချထားတဲ့ စည်းမျဉ်းတွေကြားမှာ ဘောင်ခတ်နေခဲ့ဖူးတယ်....
အဆုံးသတ် မရှိတဲ့ ကိုယ့်ရဲ့ ပညာလောဘတွေကြားမှာ အမေက မျက်ရည်တွေနဲ့ ဂုဏ်ယူနေရတာကို သိသိရဲ့နဲ့ လျစ်လျူရှူ့ခဲ့ဖူးတယ်...
အဖေ ကျန်းမာရေး မကောင်းလို့ ကိုယ့်ကို ပြန်လာစေချင်တဲ့အမေက ကိုယ့်ကို နှုတ်မဆက်ပဲ တိတ်တိတ်လေး ဘ၀ထဲက ထွက်သွားခဲ့တယ်....
ကိုယ့်ရဲ့ မပြီးဆုံးသေးတဲ့ ပညာသင်ခရီးမှာ အမေ့ကို သေမင်းက ဆွဲခေါ်သွားတယ်...အဖေ့ကို ဇရာက နှိပ်စက်နေခဲ့တယ်....
ပထမဆုအတွက် ကိုယ်ဆက်ကြိုးစားရအုန်းမှာလား...ဘယ်သူ့အတွက်လဲ။ ဘာအတွက်လဲ....

~~မေတ္တာ တရားဆိုတာ တစ်ချိန်မှာ စွန့်လွှတ်ခြင်းကြုံမှာ ~~

ရင်ခွင်ထဲက ငှက်ကလေးရယ် အတောင်တွေ စုံပြီဆိုပေမဲ့
လောကကြီးက အပြောကျယ်လွန်းတော့ လေဆန်မှာ ပျံနေမဲ့
မင်းအတွက် စိုးရိမ်ခဲ့
ဒီနှောင်ကြိုးတွေ အဖြတ်ခက်ပြီကွယ်
...................................................................................................................
~~~~မေတ္တာတရား ဆိုတာ တစ်ချိန်မှာ စွန့်လွှတ်ခြင်းကြုံမှာ သိပြီးသားပါ~~~~~~~~~~
ကိုယ်မျှော်လင့်တဲ့ ကြယ်ကလေးရယ် အရောင်တွေ စုံပြီဆိုပေမဲ့
လောကကြီးက နက်မှောင်လွန်းတော့ တိမ်ညိုတွေ ကွယ်နေလဲ
လင်းလက်သွားစေမယ်
ဒီရင်ထဲမှာ ဆုတောင်းနေမယ်
...................................................................................................................
~~~~မေတ္တာတရား ဆိုတာ တစ်ချိန်မှာ စွန့်လွှတ်ခြင်းကြုံမှာ သိပြီးသားပါ~~~~~~~~~~
အပြာရောင်ဆိုတာ ၀မ်းနည်းခြင်းအတွက်ဆိုရင် အပြာရောင်ကို မုန်းချင်တယ်...သံယောဇဉ်ကြိုးတွေနဲ့ ပူလောင်လွန်းတဲ့ ဘ၀အတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ဘူးလေ... ပြောင်းလဲခြင်းတွေကို လက်ခံနိုင်ဖို့ ပြင်ဆင်နေပါတယ်...

Sunday, November 16, 2008

မှတ်သားမိသောစာသားများ

  • လိပ်ကလေးကလဲ လိပ်လို တရွေ့ရွေ့ သွားမယ်။ မြင်းကလဲ မြင်းလို ခုန်မယ်။ ကိုယ်တိုင်လဲ တခါတရံ မြင်းလို ခုန်မိသလို တခါတလေ လိပ်လို ရွေ့မိတာပဲ။ ကိုယ်မြင်းလို ခုန်နေချိန်မှာ လိပ်လို ရွေ့နေသူကို စိတ်မဆိုးပါနဲ့၊ လိပ်လို ရွေ့နေချိန်မှာလဲ မြင်းလို ခုန်နေသူကို အမြင်မကတ်ပါနဲ့။ ကိုယ့်စံနှုန်းနဲ့ကိုယ် လုပ်သင့်တာကို မှန်မှန် လုပ်နေဖို့ပဲ လိုပါတယ်။
    အဆင်ပြေတာတွေ ရှိမယ်၊ အဆင်မပြေတာတွေရှိမယ်။ အရေးကြီးတာက ကိုယ့်ရဲ့ စိတ်ကောင်းလေး ပျက်ဆီး မသွားဖို့ပါပဲ။
    လူတိုင်းက ကိုယ့်အမြင်နဲ့ ကိုယ်တော့ မှန်နေတာပါပဲ။ ဗွက်ရည်ကို လက်ဖက်ရည် အဖြစ်မသောက်ပါနဲ့၊ ဒါပေမဲ့ စေတနာကို မစော်ကားမိဖို့တော့ လိုတယ်။
    အရှင် ဆေကိန္ဒ တရားပွဲ (တိုပါးရိုး ၁၅-၁၁-၂၀၀၈ စနေနေ့ညနေ ၆ နာရီ)

  • ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့ပြီးပြီမို့ ဖြစ်လာသမျှကို လက်ခံဖို့ပဲ ကြိုးစားပါ။

  • Today people are still being persecuted and murdered because they just like Anne, are not only "different" but also "want to be". (Anne Frank House by Amsterdam)

Thursday, November 13, 2008

Coffee Bean က စကားဝိုင်း

မနေ့တုန်းက coffee bean မှာ သူငယ်ချင်း(၃)ယောက် တော်တော်ကြာကြာ စကားထိုင်ပြောဖြစ်တယ်။ ဘာမှ မမှာပဲ သွားထိုင်နေကြတာ။ စားပွဲထိုးတွေကလဲ ဘာမှလာ မပြောကြဘူး။ အစကတော့ တစ်ခုခုမှာဖို့ စိတ်ကူးပေမဲ့ ဗိုက်လဲ မဆာတာနဲ့ မမှာဖြစ်ကြတော့ဘူး။ ပြောဖြစ်တဲ့ အကြောင်းကတော့ ထုံးစံအတိုင်း ကိုယ်တို့ဆီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သတ်လို့ပဲပေါ့။ ရင်ဘက်ခြင်းတူသွားတဲ့အခါ ဘာသာစကားတွေ၊ လူမျိုးတွေဆိုတာ အတားအဆီး မဟုတ်တော့ပါဘူး။
ကိုယ်တို့ (၃)ယောက်လုံးက ပဲများတဲ့ မိန်းမတွေကို မကြိုက်တာ၊ အိမ်ထောင်ရေးကို မကိုးကွယ်တာ (တစ်ယောက်က လက်ထပ်တော့မှာပေမဲ့ အိမ်ထောင်ရေးကို မကိုးကွယ်ဘူး)၊ လူကောင်း၊လူတော်ဖြစ်ချင်တာ (အဲတစ်ချိန်တည်းမှာပဲ) တော်တော်ချော်တဲ့ အလုပ်တွေကို လုပ်တတ်ကြတာ၊ နေရာတော်တော်များများမှာ တူကြတယ်။ တစ်ချို့နေရာတွေမှာ အသွင်မတူ တာတွေ ရှိနေပေမဲ့ ရင်ဘက်ချင်းတူနေတဲ့အတွက် ခုထိတော့ ပေါင်းသင်းရ အဆင်ပြေနေဆဲပဲ။
တစ်ခါတစ်လေကျတော့ တွေးမိတယ်။ မြန်မာသူငယ်ချင်းမိန်းကလေးတွေမှာတောင် ကိုယ်နဲ့ ရင်ဘက်ခြင်း တူတဲ့ မိန်းကလေး သိပ်မရှိတော့သလိုပဲ။ ကိုယ်ကပဲ ပြောင်းလဲလာတာလား။

Tuesday, November 11, 2008

ပြောင်းလဲခြင်းတွေအတွက်~~

ဒီနေ့ ဖေဖေ တရားစခန်း စ၀င်တယ် မေမေရယ်။ မေမေ့ကို ရုတ်တရက် ဆုံးရှူံးလိုက်ရပြီးနောက်မှာ ဖေဖေ့ကို ဆုံးရှူံးရမှာ အရမ်းကို ကြောက်နေမိတယ်။ ဘုန်းကြီး ၀တ်သွားခဲ့မယ်ဆိုရင် ဘ၀တစ်ခု ခြားသွားမှာမို့
ဝမ်းနည်းနေမိပေမဲ့ ဖေဖေ အသက်ရှင်လျက် ရှိနေသေးမယ်ဆို သမီး ကျေနပ်နိုင်ပါတယ် မေမေရယ်။ မေမေ့ကို ဆုံးရှူံးရတာ (၂) နှစ်ပြည့်တော့မယ်နော်။ ဒီလထဲမှာပဲ မေမေ့အုတ်ဂူကို သူတို့အမိန့်အရ ရွှေ့ရတယ် မေမေ။ သေပြီးနောက်မှာတော့ ဘာကိုမှ အစိုးမရတော့ပါဘူးဆိုပေမဲ့ ရင်ထဲမှာ မကောင်းဘူး မေမေ။
ဖေဖေလဲ အဲလိုပဲ ခံစားနေရလိမ့်မယ် ထင်တယ်။ အဲမို့လဲ ဖေဖေ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာလားလို့ သမီး ထင်နေဆဲပဲ။ ဖေဖေ့ကို မခံစားစေချင်ဘူး မေမေရယ်။ မေမေလဲ အဖေ ပျော်နေတာကို ပိုမြင်ချင်တာပဲ မဟုတ်လားဟင်။ သမီး ယုံကြည်ပါတယ်။ ဒါပေမဲ့ အဖေက ခုချိန်ထိ အမေ့ကို တမ်းတနေဆဲပဲ မေမေရယ်။ တကယ်တော့လဲ နှစ်ပေါင်း (၃၀) လက်တွဲလာတဲ့၊ သိပ်ချစ်တဲ့၊ သံယောဇဉ်ကြီးခဲ့ရတဲ့ မိန်းမတစ်ယောက်ပဲနော်။ အဖေ ဘယ်မေ့နိုင်ပါ့မလဲ။
မိသားစု(၂)ဘက် ဆန့်ကျင် ကန့်ကွက်နေတဲ့ကြားက လက်တွဲခဲ့တဲ့ မိန်းမတစ်ယောက်၊ ကျွန်တစ်ယောက်လို အဖေ့အပေါ်မှာ ဖြည့်ဆည်းပေးခဲ့တဲ့ လက်တွဲဖော်တစ်ယောက်ကို အဖေ မမေ့နိုင်တာ သဘာဝတော့လဲ ကျပါတယ် အမေရယ်။ အဖေ တရားမှာ ပျော်မွေ့နိုင်ပါစေလို့ပဲ သမီး ဆုတောင်းပါတယ်။ စိတ်တော့ကျမသွား စေချင်ဘူး။ ဒါပေမဲ့ အဖေ့ကို ဘယ်လို စိတ်ခွန်အားတွေ ပေးရမလဲ သမီးလဲ မသိဘူး။ တကယ်တော့ သမီးက သမီးကောင်းတစ်ယောက် မဖြစ်သေးဘူး မေမေရယ်။

There is always a way we do our work!

Today, I was asked by my Prof if I am still happy to do PhD.
I am a bit being delayed for my PhD these days but I know I want to get it!
It is very difficult to motivate myself here.
I am pressuring myself to get out of "stupid counting project".

I believe there is always a way we do our work!
I must get paper from this 'stupid counting project'.

Monday, November 10, 2008

Embaking on The Long Journey Home

Today, I re-start my long journey. After wandering about one year, now I am back on my road.
Evaluated the algorithm using 24 hours control and chemical data. But, the result is not consistent and finally decided to evaluate the algorithm by using only 3 hours data.

Sunday, November 9, 2008

ဝေဖန်ခြင်းနှင့် ဝေဖန်ခံရခြင်း

ဒီနေ့ ကိုယ့်ရဲ့ အားနည်းချက်တစ်ခုကို ကိုယ်တိုင် သတိထားလိုက်မိတယ်။ အဲဒါကတော့ ကိုယ်က သူများကို ပွင့်ပွင့်လင်းလင်း ဝေဖန်ချင်သလောက် ကိုယ့်ကို ဝေဖန်ခံရတဲ့အခါ အရမ်း တုန်လှုပ်တတ်တယ်ဆိုတာကိုပဲ။ ဒီနေ့ဆိုရင် သူငယ်ချင်းတစ်ယောက်ရဲ့ ဝေဖန်စကားက ကိုယ့်ကို တော်တော်လေး တုန်လှုပ်စေတယ်။
နင်............................................. ကာတဲ့ သဘောနဲ့ ပြောတာများ ဖြစ်နေမလား ဆိုတဲ့ ဝေဖန်စကား က ကိုယ့်ကို တော်တော်လေးတော့ နာကျင်စေတယ်။ ၀မ်းနည်းသွားတာလဲ အမှန်ပဲ။ ခင်မင်ရင်းနှီးစွာနဲ့ ကိုယ် ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့ စကားတွေက သူတို့အဲလို တွေးစရာ ဖြစ်နေပါ့လားလို့ ခံစားရတဲ့အခါ နာကျင်မိတာလဲ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ်လေ သူငယ်ချင်းတွေရဲ့ စကား
ဝိုင်း ကနေ ဆင်ခြင်စရာတစ်ခုတော့ ဖြစ်သွားတာပေါ့။
သူတို့တွေရှေ့မှာ ကိုယ်က စကားပြောတာ အများကြီး ဆင်ခြင်ရတော့မယ်လို့တော့ တွေးမိစေတယ်။ ကိုယ်တိုင်ယုံကြည်တဲ့ အရာက ကိုယ့်ရဲ့ တစ်ဦးချင်း ကိုယ်ရေးကိုယ်တာပဲ ဖြစ်တဲ့အခါ ဘယ်သူ့ကိုမှ ဖွင့်မပြောသင့်ဘူးလို့လဲ ခံစားလိုက်ရတယ်။
ဒါက ကိုယ့်ကို ဝေဖန်ခံရတာကို။
ကိုယ်က သူ့ကိုတော့ စသလို နောက်သလိုနဲ့ အမြဲပဲ ဝေဖန်ခဲ့တုန်းကတော့ သူနာကျင်လိမ့်မယ်လို့ တခါမှ မတွေးမိခဲ့ဖူးဘူး။ ဘယ်သူ့ကိုမဆို (ဘယ်လောက်ရင်းနှီးသည် ဖြစ်စေ) အစွန်းရောက် မဝေဖန်ဖို့၊ ကိုယ်ရဲ့ ယုံကြည်ချက်တွေကို အဆုံးထိ မပြောဖို့ ကိုယ်ဆင်ခြင်ရအုန်းမယ်။

Wednesday, November 5, 2008

သူငယ်ချင်း တန်ဖိုး

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်ချိန်က ကျောင်းနေဖက် သူငယ်ချင်းတော်တော်များများကို တစ်နေရာတည်း တစ်စုတစ်စည်းတည်း တွေ့လိုက်ရတယ်။ ပွဲရဲ့ အနေအထားအရ ရင်းရင်းနှီးနှီး စကားပြောခွင့်မသာဘူး။ နောက်တစ်ချက်က ကိုယ်က တော်တော်များများကို မမှတ်မိတာလဲ ပါပါတယ်။ ပြီးတော့ ကိုယ်အဲမှာ နေခဲ့တဲ့ကာလက သိပ်တိုတောင်းတာလဲ ပါတာပေါ့။ ဒါပေမဲ့ ကိုယ့်ရင်ထဲမှာ အင်အားတစ်ခုတော့ ရလိုက်သလိုပဲ။
ဘ၀မှာ မျှော်လင့်တားတာတွေနဲ့ ကြုံနေရတာတွေက ထပ်တူမကျလာတော့တဲ့ အခါ၊ သူများနိုင်ငံမှာ ပင်ပင်ပန်းပန်းရပ်တည်နေကြရတဲ့ အချိန်မှာ အခုလို သူငယ်ချင်းတွေကို အုပ်စုလိုက်မြင်လိုက်ရတာဟာ အင်အားတစ်ခုတော့ ဖြစ်စေသလိုပဲ။ ဒီထက်ပိုပြီး စည်းလုံးကြမယ်ဆိုရင် ပိုပျော်စရာကောင်းမယ် ထင်တယ်။ စစ်မှန်တဲ့ ခင်မင်မှု၊ ပြိုင်ဆိုင်မှုကင်းတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြမယ်ဆိုရင် ဘ၀က တော်တော် နေပျော်မှာ ပဲလို့လဲ တွေးမိတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့ ထုံးစံအတိုင်း ဘယ်သူ့ကိုမှတော့ ရင်းရင်းနှီးနှီး စကားစမပြောဖြစ်ဘူး။ ကိုယ့်အားနည်းချက်လို ဖြစ်နေတယ်။

Researcher တစ်ယောက်ရဲ့ ဘဝ

Researcher တစ်ယောက်ရဲ့ စိတ်က ရေလှိုင်းတွေလိုပါပဲ။ တက်လိုက်၊ ကျလိုက်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ အပတ် ကတော့ spectral clustering ကို စိတ်ဝင်တစား နားလည်အောင် ကြိုးစားခဲ့မိတော့ တက်တဲ့ အပတ်ပေါ့။ ဒီအပတ်ကတော့ ကျတဲ့ အချိန်က များနေတဲ့ အပတ်ဆိုတော့ ဘာမှ သိပ်အကျိုးမရှိပဲ ကုန်ဆုံးသွားတော့မယ် ထင်တယ်။ (၃) ရက်တောင် ရှိသွားပြီ။
Research လုပ်တဲ့ လူတစ်ယောက်မှာ စိတ်ကြံ့ခိုင်ခြင်းကလဲ မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ပဲ။ စိတ်ကျနေတဲ့ အချိန်မှာ ကိုယ့်စိတ်ဘာဖြစ်နေတယ်ဆိုတာ သိဖို့လိုအပ်သလို ကိုယ့်စိတ်ကို ပြန်တင်နိုင်မဲ့ နည်းလမ်းကိုလဲ သိထားဖို့ လိုအပ်တယ်။ ခုချိန်ထိတော့ ဒီအရည်အချင်းကို မပိုင်ဆိုင်သေးဘူး။
စည်းကမ်းရှိဖို့လဲ လိုအပ်လိမ့်မယ် ထင်တယ်။ ပုံမှန် မှတ်တမ်းလေးထားပြီး ကိုယ့်စိတ်ကို သိအောင် ပြန်ကြိုးစားရအုန်းမယ်။
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~