Tuesday, December 6, 2011

ပြည်ဗာရာမှ အစပြု၍

ခုတလော မိုးမိုးအင်းလျားရဲ့ ၀တ္ထုတပုဒ်ကို မကြာမကြာ သတိရနေမိတယ်။ဇာတ်လမ်းလေးက မိန်းကလေး သူငယ်ချင်း နှစ်ယောက်ရဲ့  ရိုးရိုးရှင်းရှင်း ဘ၀လေးကို ဆရာမရဲ့ ရေးဟန်အတိုင်း အရိုးသားဆုံး တင်ပြထားပါ တယ်။
ကျော်ကျော်နဲ့    မော်မော်ဆိုတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်း နှစ်ယောက်၊ ဥာဏ်ရည်တူတယ်၊ ကြိုးစားမှု တူတယ်။ စိတ်ဓာတ်တူတယ်။ ဒါလေးကို ဆရာမက အခုလို တင်စားပါတယ်။  "ကျော်ကျော်နဲ့ မော်မော်က တာထွက်မှန်တာရော သက်လုံကောင်းတာရော စံချိန်တူတဲ့ ပြိုင်မြင်း နှစ်ကောင် ပါပဲ" တဲ့။ 

အတန်းထဲ မှာ ပထမ၊ ဒုတိယကို လုနေကြတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ ဘ၀ပေး အခြေအနေကတော့ မတူပါဘူး။ မော်မော်က ၀န်ထမ်းမိဘရဲ့   ဒုတိယမြောက် သမီး၊ ကျော်ကျော်က စီးပွားရေး လုပ်ငန်းရှင်မိဘရဲ့ သမီး။ ဘ၀အခြေအနေ မတူတော့ ကြိုးစား ရတဲ့ ဘ၀ချင်း မတူပေမဲ့ သူတို့ သူငယ်ချင်းတွေကြားမှာ ပြဿနာ မရှိခဲ့ပါဘူး။ တယောက် အိမ် တယောက် လိုက်နေရင်း တယောက် ထမင်း တယောက် နှိုက်စားတဲ့ဘ၀နဲ့ ခင်ခင်မင်မင် ရှိကြပါတယ်။ ဒါကို ဆရာမက  ကျော်ကျော့်မှာတော့ တယုတယ ပေါင်းသင်ရေလောင်းမည့်သူ ရှိသည်။ မော်မော်ကတော့ ရေနှင့် အလင်းရောင်ကို သူ့ဘာသာ ရှာဖွေပြီး ရှင်သန်ကြီးထွားဖို့   ကြိုးစား ရသည့် သဘာဝ ပေါက်ပင်တည်း တဲ့။ တင်စားလိုက်တတ်တဲ့ ဆရာမလို့သာ ပြောလိုက်ချင်ပါတော့တယ်။ ဘ၀မှာ ကြိုးစားအားထုတ်ရမှုခြင်း တူပေမဲ့ အခြေအနေတွေ မတူတတ်တာကို အရိုးသားဆုံး တင်ပြထား ပါတယ်။ 
ခင်ခင်မင်မင် ပေါင်းတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ အခြေအနေကတော့ မော်မော်ရဲ့ အဖေ ဆုံးသွားတဲ့ အချိန်မှာတော့ တမျိုးပြောင်းလာပါတော့တယ်။ကျော်ကျော်ရဲ့ စိတ်က မပြောင်းပေမဲ့ ကျော်ကျော့်မိဘတွေက စတင် ပြောင်းလဲလာပါတယ်။ ၁၀ တန်းဖြေမဲ့ ကျော်ကျော်ကို မိဘတွေက ရန်ကုန်ကို ဘော်ဒါထားဖို့   လွှတ်လိုက် ပါတော့တယ်။ သမီးရဲ့ ပညာရေးကို အားပေးတာက တချက်၊ ကျော်ကျော်နဲ့ မော်မော်ရဲ့ အကိုကြားမှာ သံယောဇဉ်တွယ်လာမှာကို တားဆီးလိုတာက တချက် ဖြစ်ပါတယ်။ 
တာထွက်တာ မှန်တာခြင်း၊ သက်လုံ ကောင်းတာခြင်း တူသော်လည်း ပန်းဝင်တာခြင်း တူနိုင်ပါဦးမလား။  အခြေအနေတွေ ပြောင်းလဲလာတဲ့ မော်မော်က ဘ၀ကို အရှုံးမပေးပဲ ကြိုးစားနေရတယ်။အဲဒီအချိန် မှာ ကျော်ကျော်ကတော့ မိဘ ခင်းပေးတဲ့ လမ်းမှာ အဆင်သင့် လျှောက်ရင်း ၁၀ တန်းကို ဂုဏ်ထူး သုံး ဘာသာနဲ့ အောင်မြင်ခဲ့ပြီး တက္ကသိုလ်မှာ ပုဝါနှစ်စချနိုင်သည့် ဆရာမဘ၀ကို ရရှိခဲ့ပါတယ်။ တဖက်က မော်မော်အနေနဲ့ ရေကုန်ရေခန်း ကြိုးစားရင်း ဘွဲ့ တခုကို ရနိုင်ခဲ့ပါတယ်။ 
သူငယ်ချင်း ၂ ယောက် လုံး အိမ်ထောင်ကျပြီးနောက် မော်မော်ရဲ့ သား အလုပ်ရှာတဲ့အချိန် ကျော်ကျော်ရဲ့  သမီးနဲ့ ယှဉ်ပြိုင်ပြီး အလုပ်ဝင်တဲ့နောက် မော်မော့်သားက မရပဲ ကျော်ကျော့်သမီး ရသွားတဲ့အပေါ် မော်မော့် သားရဲ့ မကျေမနပ် စကားနဲ့   နိဂုံး ချုပ်သွားပါတယ်။ ဘ၀မှာ နေတတ်ဖို့လဲ လိုပါတယ်။ 
တခါတလေ တာထွက်မှန်၊ သက်လုံကောင်းပေမဲ့ ပန်းဝင်တဲ့အခါ နောက်ကျရတာမျိုးလဲ ရှိတတ်တာပဲလေ။

Saturday, December 3, 2011

နံရံ၏ အခြားတဖက်

ဆရာမဂျူးရဲ့ ရှားရှားပါးပါး သိပ်မအောင်မြင်တဲ့ စာအုပ်တအုပ်ကို ပြောပါဆိုရင် နံရံ၏ အခြားတဖက် ကို ညွှန်ပြ ရမယ် ထင်ပါတယ်။ ကျွန်မသိသလောက် လူအများစုရဲ့ ဝေဖန်ခြင်း (သို့) ချီးမြှင့်ခြင်းက ကင်းလွတ် သလောက် ရှိတဲ့ စာအုပ်ဖြစ်မယ် ထင်ပါရဲ့။
ဆရာမ ဂျူးဟာ ဒီစာအုပ်ကို ဘယ်အချိန်မှာ ရေးခဲ့သလဲ။ သူ့အမေဆုံးပါးခြင်းနဲ့ ဒီ စာအုပ်က ပတ်သတ်မှု ရှိသလား မသေချာပေမဲ့ ကျွန်မကတော့ ဒီစာအုပ်ကို အမေဆုံးပြီး ၃ နှစ် ပြည့်ခါနီး အချိန်မှာ ဖတ်ဖြစ် ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးပြီးချင်း ရင်ထဲမှာ ၀မ်းနည်းတာလို မွန်းကြပ်တာလိုနဲ့ ကံကြမ္မာကို အရှုံးပေး သွားရတဲ့ ဇာတ်ကောင်တယောက်အတွက် မခံချင်ဖြစ်မိခဲ့တယ်။ တဖက်ကတော့လဲ ဒီစာအုပ်ကြောင့်ပဲ အမေ့အတွက် ကိုယ့်ကိုယ်ကို တင်မိနေတဲ့ နောင်တတရားတွေကို အတိုင်းအတာတခုအထိ ဖြေသိမ့်နိုင် ခဲ့တယ်။ လူတဦး အတွက် ဘ၀ဇာတ်ဆရာက အချိန်တခုကို သတ်မှတ်ပေးခဲ့ပြီးသားလို့ တွေးလိုက်တဲ့အခါ အမေဆုံးပါးသွားတာ ကိုယ်တွေရဲ့ ညံ့ဖျင်းမှုကြောင့် တာဝန်မကျေပွန်မှုကြောင့်ဆိုတဲ့ အတွေးကနေ ခနတာ ရုန်းထွက်နိုင်ခဲ့တယ်။ 
ဒီနေ့ အမေဆုံးတာ ၅ နှစ်ပြည့်ဖို့ ၆ ရက် အလို။ 
လွန်ခဲ့တဲ့ ၅ နှစ်က ဒီအချိန်မှာ ကျွန်မဘာလုပ်နေခဲ့တယ် ဆိုတာ အတိအကျ မမှတ်မိတော့ပေမဲ့ သေချာတာ တခုကတော့ ၆ ရက်လောက်အတွင်းမှာ အမေ့ကို ဆုံးရှုံးရ မယ်ဆိုတဲ့ အတွေးကို ရေးရေးတောင် မတွေးခဲ့မိ တာတော့ အသေအချာပဲ။ ၂၀၀၄ ကစလို့ ကျန်းမာရေး ချို့ယွင်းလာတဲ့ အမေ့အတွက် စိတ်ပူပန်ခဲ့မိတယ် ဆိုပေမဲ့ ဆီးချိုဆိုတဲ့ ရောဂါဟာ လူတယောက် ကို သေစေနိုင်တဲ့ရောဂါ မဟုတ်ဘူးလို့လဲ မသိစိတ်က အခိုင်အမာ ယုံကြည်ခဲ့မိတယ်။ ကံကြမ္မာဟာ မမြင်နိုင်တဲ့နေရာကနေ လျှပ်တပြတ် တိုက်ခိုက်နိုင်ပါလားလို့ မတွေးမိသေးတဲ့ အချိန်လဲ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ အမေ့ကို ဆုံးရှုံးခဲ့ရ တယ်။ မျက်စိတမှိတ် လျှပ်တပြက် အတွင်း ပြုစု ယုယခွင့် မရပဲ အမေ့ကို သေမင်းလက်ကို ၀ကွက်အပ်ခဲ့ရ တယ်။
သေဆုံးခြင်းဆိုတဲ့ နံရံကြီးရဲ့ တဖက်မှာ ဘာတွေ ရှိသလဲ ကျွန်မတို့ မသိနိုင်ပါဘူးလေ။ တနေ့ အားလုံး သွားရမဲ့ လမ်းဆိုပေမဲ့လဲ အမေသွားဖို့ စောနေသေးတယ်လို့ တွေးမိတဲ့အခါ ၀မ်းနည်းနာကျင်မှုတွေက ရင်ထဲကို တိုးဝင်လာတတ်တယ်။လူတယောက် သေဆုံးသွားပြီးနောက် ကျန်တဲ့လူတွေက ပူဆွေးကြတယ်၊ ငိုကြွေးကြတယ်။ ဒါပေမဲ့ ဘယ်လောက်ကြာကြာ ပူဆွေးနေနိုင်မှာလဲ။ ဆက်လျှောက်ရမဲ့ လမ်းအသီးသီးမှာ မရပ် မနား ဆက်လျှောက်နေကြရအုန်းမှာပဲမှလား။
တကယ်လို့များ သေဆုံးခြင်းရဲ့နောက်မှာ  ဘ၀တခု ပြန်လည်ရှင်သန်ခြင်း ဆိုတာ ရှိခဲ့မယ်ဆိုရင် မေမေ အနေနဲ့ ငြိမ်းချမ်းတဲ့ နောက်ဘ၀တခုကို ပိုင်ဆိုင်နေမယ်လို့ ယုံကြည်ပါတယ် မေမေရယ်။ ဆုတောင်းခြင်း ဆိုတာ သံဓိဌာန်ချခြင်းတမျိုးလို့ ယူဆထားပေမဲ့လဲ ဘ၀မှာ အတ္တကြီးစွာ ဆုတခု တောင်းလို့ရမယ်ဆိုရင် ဒီလို နာကျင်မှုမျိုးကို နောက်ထပ် ဘယ်တော့မှ မခံစားရတဲ့ ဘ၀တခုကို ရချင်ပါတယ်။

Wednesday, November 23, 2011

Englishman in New York: နယူးယောက် ရောက် အင်္ဂလိပ် တယောက်

I don't drink coffee I take tea my dear
I like my toast done on one side
And you can hear it in my accent when I talk
I'm an Englishman in New York

See me walking down Fifth Avenue
A walking cane here at my side
I take it everywhere I walk
I'm an Englishman in New York

I'm an alien I'm a legal alien
I'm an Englishman in New York
I'm an alien I'm a legal alien
I'm an Englishman in New York

If, "Manners maketh man" as someone said
Then he's the hero of the day
It takes a man to suffer ignorance and smile
Be yourself no matter what they say

I'm an alien I'm a legal alien
I'm an Englishman in New York
I'm an alien I'm a legal alien
I'm an Englishman in New York

Modesty, propriety can lead to notoriety
You could end up as the only one
Gentleness, sobriety are rare in this society
At night a candle's brighter than the sun

Takes more than combat gear to make a man
Takes more than a license for a gun
Confront your enemies, avoid them when you can
A gentleman will walk but never run

If, "Manners maketh man" as someone said
Then he's the hero of the day
It takes a man to suffer ignorance and smile
Be yourself no matter what they say

I'm an alien I'm a legal alien
I'm an Englishman in New York
I'm an alien I'm a legal alien
I'm an Englishman in New York 
 
http://www.youtube.com/watch?v=flWP28y2cyw

သဘာဝ ၀န်းကျင် ဆိုင်ရာ - ကိုယ် လုပ်နိုင်တာလေးတွေ

လွန်ခဲ့သည့် ၁ လ ခန့်က စင်္ကာပူနိုင်ငံတွင် ဧရာဝတီဆိုင်ရာ စာပေဟောပြောပွဲတခု ကျင်းပသွားပါသည်။ ယခင် စာပေဟောပြောပွဲများနှင့် မတူပဲ ဧရာဝတီနှင့် သက်ဆိုင်သည့် အချက်အလက်များကို အဓိက ဟောပြော ကျင်းပသည် ဖြစ်ရာ ပရိသတ်နည်းလိမ့်မည်ဟု ခန့်မှန်းခဲ့သော်လည်း ငှားရမ်းထားသော ခန်းမတခုလုံး ပြည့်နေ သည်ကို တွေ့ရသဖြင့် ငါတို့ မြန်မာတွေ ပတ်ဝန်းကျင်ဆိုင်ရာ စိတ်ဝင်စားမှု မနဲပါလားဟု ပီတိဖြစ်မိပါသည်။  ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေသော ဆရာများ ကို ကြည့်ရင်းမှ  ကျွန်မတို့သည်လည်း နေ့စဉ်  နေထိုင်မှု စနစ်ကို အနည်းငယ် ပြောင်းလဲခြင်းဖြင့် ကမ္ဘာကြီး အတွက် ကူညီနိုင်သည်ကို တွေးတော စဉ်းစားမိပါသည်။ ကျွန်မတို့ ဘာတွေ လုပ်နိုင်ပါသလဲ။
၁) မလိုအပ်ပဲ မီးမဖွင့်ပါနှင့်။ အသုံးမလိုသည့် မီးခလုတ်များကို ပိတ်ပါ။ ဥပမာ - ဖုန်း ဘတ်ထရီ သွင်းပြီးပါက ဖုန်းကိုတင် မဖြုတ်ပါနှင့်၊ မီးခလုတ်ကိုပါ ပိတ်ပါ။
၂) ကွန်ပျူတာကို မလိုအပ်ပဲ မဖွင့်ပါနှင့်။ ညဘက်တွင် ကွန်ပျူတာပိတ်ပြီးမှ အိပ်စက် အနားယူပါ။
၃) သွားတိုက်နေစဉ် (သို့) ဆပ်ပြာတိုက်နေစဉ် ရေခလုတ် ဖွင့်ထားခြင်းမှ ရှောင်ကြဉ်ပါ။ 
၎) မလိုအပ်ပါက ရေနွေးနှင့် ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။ 
၅) နေရောင်ခြည်နှင့် အလုပ်လုပ်ပါ။ ညဥ့်နက်တွင် အလုပ်လုပ်မည့်အစား မနက်စောစောတွင် အလုပ်လုပ် ရန် လေ့ကျင့်ပါ။
၆) မလိုအပ်ပဲ air-con ဖွင့်ခြင်း ရှောင်ကြဉ်ပါ။ မိုးရွာနေစဉ် (သို့) လေတိုက်နေစဉ် တခါးပိတ်ပြီး air-con ဖွင့်ခြင်း မလုပ်သင်ပါ့။ အနွေးထည် ၀တ်ရန် လိုအပ်သည်ဆိုပါက air-con ဖွင့်မထားသင့်ပါ။
၇) အ၀တ်လျှော်စက်ကို လိုအပ်မှသာ အသုံးပြုပါ။ အ၀တ်များကို တပတ်စာ (သို့) ၂ ပတ်စာ စုပြီးမှ လျှော်သည့် အကျင့် လုပ်ပါ။
၈) ဖြစ်နိုင်လျှင် ဟင်းနေ့စဉ် မချက်ပါနှင့်။ တခါထဲဖြင့် ဟင်းများများ ချက်ထားသည့် အလေ့အကျင့်ကို ပျိုးထောင်ပါ။
၉) အများသုံး ယာဉ်ကို စီးရန် ကြိုးစားပါ။ taxi စီးခြင်း၊ ကားမောင်းခြင်းများကို ရှောင်ပါ။ ခရီးတိုများ သွားလာရာတွင် စက်တပ်ယာဉ် မဟုတ်သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းများဖြင့် အစားထိုးပါ။ 
၁၀) တခါသုံး ပစ္စည်းများ သုံးခြင်းမှ ရှောင်ကြဉ်ပါ။
 

Friday, September 23, 2011

စီးဖြစ်တဲ့ ရထားများ..

မြန်မာ့ မီးရထား 
ရန်ကုန်မြို့မှာ မြို့ပတ်ရထားတွေ ရှိပေမဲ့ မြန်မာ လူမျိုး အများစုနဲ့ ကျွမ်းဝင်တဲ့ ရထားအမျိုးအစား ကတော့ နယ်မြို့တွေနဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေကြား ပြေးဆွဲတဲ့ အဝေးပြေးရထားတွေပဲ ဖြစ်ပါလိမ့်မယ်။ကျွန်မ တို့ ငယ်ငယ်က ခရီးသွားမယ်ဆိုရင် အများအားဖြင့် မီးရထားနဲ့သွားလေ့ရှိပါတယ်။ငွေကြေးသက်သာတာက တကြောင်းနဲ့ နောက် အခုခေတ်လို အဝေးပြေး ကားတွေကလဲ အဆင်ပြေပြေ မရှိတာ ပါမယ် ထင်ပါတယ်။ အဲဒီလို ခရီးသွားရတဲ့အခါ မီးရထား ၀ယ်ရတော့မယ်ဆိုရင် ၁ ရက် (သို့) ၂ ရက်လောက် ကြိုဝယ်ရပါတယ်။ ဒါကတော့ ခုံနံပါတ် ရဖို့ပေါ့။ အဲလို မဟုတ်ပဲ ရထားထွက်မဲ့နေ့မှ ကပ်ဝယ်မယ်ဆိုရင်တော့ ခုံမဲ့ပေါ့။ ရထား လက်မှတ် ၀ယ်ရတဲ့ အခါ တန်းစီပြီး ကြိုဝယ်ရတာဖြစ်တဲ့အတွက် အချိန်မရတာ၊ အပင်ပန်းမခံနိုင်တာတွေ ကြောင့် မှောင်ခိုဆိုတဲ့ လက်မှတ် အမျိုးအစား တမျိုး ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ အချိန်ကုန်ခံ၊ အပင်ပန်းခံနိုင်တဲ့ လူတွေက တန်းစီ ၀ယ်ပြီးနောက် ဈေးတင်ပြီး ပြန်ရောင်းကြပါတယ်။ အကြောင်းကြောင်း နဲ့ အချိန်ကုန်မခံနိုင်သူတွေက ဒါကို ဈေးပိုပေးဝယ်ကြရပါတယ်။ အဲလို ရထားလတ်မှတ် ဒုက္ခ ခံပြီးတဲ့နောက် မှာတော့ ခရီးသွားရမဲ့နေ့မှာ ရထားစောင့်ရတဲ့ ဒုက္ခကို ခံကြရပါတယ်။ မနက် ၅ နာရီ ၀င်ရမဲ့ ရထားက  ညနေ ၅ နာရီအထိ မ၀င်တာမျိုးကိုလဲ ကြုံရတတ်ပါတယ်။ (ုနောက်ပိုင်းတော့ ရထားချိန်တွေ မှန်လာပြီလို့ သိရပါတယ်။) ရထားလဲ လာလို့ ကိုယ်ကလဲ ထိုင်ခုံ လက်မှတ်ဝယ်ထားတယ်ဆိုရင်တော့ နေရာယူပြီးတဲ့ နောက်မှာတော့ အကြောင်းတခုခုကြောင့် ရထားလမ်းလွဲချော် မှု မဖြစ်ဘူးဆိုရင် ရထား စီးရတာပျော်စရာပါ။ ထိုင်ခုံတွေက ရထားသွားရာ လမ်းကြောင်းကို မျက်နှာမူထားတဲ့အတွက် ကိုယ်က တခါးပေါက်နားက ထိုင်ခုံကို ရမယ်ဆိုရင် လမ်းဘေးဝဲယာမှာ ရှိတဲ့ မြက်ခင်းစိမ်းတွေ၊ လယ်ကွင်းတွေ၊ တခါတလေ လမ်းဘေးက လက်ပြနေတဲ့ ကလေးငယ်လေးတွေကို လှမ်းတွေ့နိုင်ပါတယ်။ ရထားပေါ်မှာ ဈေးလိုက်ရောင်းတဲ့ ဈေးသည် တွေရဲ့ ဟာဒယ ရွှင်ဆေး တိုက်ကျွေးမှုကို ပျော်ဝင်ခံစားနိုင်သလို ဘူတာစဉ်တလျှောက် မုန့်သည်တွေဆီက ဒေသထွက် မုန့်တွေကိုလဲ ၀ယ်စားနိုင်ပါတယ်။ရထားတခေါက်စီးတိုင်း ဘ၀ အသိပညာအနဲဆုံး တခုတိုး တယ်လို့ ခံစားရပါတယ်။
စင်္ကာပူက အမြန်ရထား
အဲလိုနဲ့ စင်္ကာပူကို ရောက်လာတော့ Mass Rapid Transit (သို့) MRT  နဲ့ ကြုံရတော့ပါတယ်။ စင်္ကာပူမှာ ရထားစီးရတာဟာ ပန်းတပွင့်ကို ခူးရတာလောက်ကို လွယ်ကူပါတယ်။ ရထားလက်မှတ် ကြိုဝယ်ရတယ် ဆိုတာ မရှိလို့ ရထား လက်မှတ် တန်းစီရတယ်ဆိုတဲ့ ဒုက္ခလဲ မရှိဘူး။ ထိုင်ခုံနဲ့ ထိုင်ရတာ မဟုတ်လို့ ထိုင်ခုံ နေရာဦးရတယ်ဆိုတဲ့ ဒုက္ခကိုလဲ မကြုံရပါဘူး။ ရထားတွေက ၂ မိနစ် (သို့) ၃ မိနစ်တခါ၊ အလွန်ဆုံး ၅ မိနစ် တခါ လာတာ ဖြစ်တဲ့အတွက် ရထားလွတ်သွားလို့လဲ ပူစရာ မရှိပါဘူး။ ရထားလမ်းကြောင်းက  အစိမ်းလိုင်း နဲ့အနီလိုင်းရယ်လို့အဓိက နှစ်လိုင်းပဲ ရှိတယ်။ ဘူတာတော်တော်များများမှာ ပလက်ဖောင်း ၂ ခုပဲ ရှိတဲ့ အတွက် ရထားမှားစီးတယ်ဆိုတဲ့ အဖြစ်က မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့ ရထားစီးတိုင်း  လူတွေက ကြပ်နေတဲ့အပြင် ထိုင်ခုံတွေက ရထားလမ်းနဲ့ အပြိုင်ချထားတာ ဖြစ်တဲ့အတွက် လမ်းကို ကျောပေးပြီး စီးရပါတယ်။ စင်္ကာပူ ရထား သွားရာ လမ်းကြောင်းမှာ လမ်းဘေးဝဲယာ ကြည့်စရာ ဘာမှ မရှိတဲ့အတွက် ရထားတခေါက်စီးတိုင်း မွန်းကြပ်တဲ့ခံစားချက်ကို ခံစားရပါတယ်။ တနေ့တခြား စင်္ကာပူမှာ ရထားစီးရတာက ရန်ကုန်မှာ ဘတ်စ်ကား စီးရသလို ဖြစ်လာပါတယ်။
လန်ဒန်မြေက ရထား 

အစစ အဆင်ပြေနေတဲ့ စင်္ကာပူကနေ အင်္ဂလန်ကို ရောက်လာတဲ့အခါ ရထားစီးရတာ စိတ်လှုပ်ရှားစရာ ပျော်ရွှင်စရာ ကောင်းသလို စိတ်ရှုပ်စရာလဲ ကောင်းပါတယ်။ ရထား လိုင်းကြောင်းပေါင်း ၈ ခု လောက်ရှိတဲ့ အပြင် သွားတဲ့ရထားတွေကလဲ မတူပါဘူး။ ဒီဘူတာ၊ ဒီပလက်ဖောင်းဆိုပေမဲ့ လာတဲ့ ရထားတွေက မတူပါ ဘူး။ ဘူတာစဉ်တိုင်းကို မရပ်တာ ရှိသလို တခြားပတ်လမ်းက သွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ပထမဆုံး စီးဖြစ်တဲ့ ရထားကတော့ national rail လို့ ဆိုတဲ့ ရထားပါ။ ဒီရထားက လန်ဒန်မြို့နဲ့ တခြားမြို့တွေကို အဓိက ပြေးဆွဲပါတယ်။ ရထား လက်မှတ်ကို အင်တာနက်ကနေ(သို့) ဘူတာရုံက ဆိုင်တွေမှာ ကြိုဝယ် လို့ ရပါတယ်။အဲလိုကြိုမ၀ယ်ချင်ဘူးဆိုရင်တော့ သွားမဲ့အချိန်နီးမှ ဘူတာရုံက စက်တွေနဲ့ အရောင်းကောင်တာ မှာ ၀ယ်လို့လဲ ရပါသေးတယ်။အင်တာနက်က ကြိုဝယ်ရင် ထိုင်ခုံနံပါတ်ရွေးလို့ရပြီး သွားခါနီးမှ ကပ်ဝယ် ရင်တော့ ခုံမဲ့ ရောင်းတာ များပါတယ်။ ထိုင်ခုံပုံစံက ရထားသွားရာ လမ်းကြောင်းနဲ့ မျက်နှာချင်းဆိုင်ရှိသလို နောက်ကျောပေးထားတာလဲ ရှိပါတယ်။ ထိုင်ခုံနဲ့ ကြိုဝယ်တဲ့ အကျိုးကျေးဇူးက အေးအေးဆေးဆေး ထိုင်လို့ရတာဖြစ်ပြီး မကောင်းတဲ့ အချက်ကတော့ သတ်မှတ်တဲ့ ရထားကိုပဲ စီးရတာဖြစ်တဲ့အတွက် တခုခုနဲ့ ကိုယ့်ဘက်က နောက်ကျသွားခဲ့ရင်တော့ လက်မှတ် အဆုံးပါပဲ။ သူတို့ဘက်ကလဲ အချိန်မှန်အောင် ကြိုးစား ပါတယ်။ တခုခုနဲ့ သူတို့ဘက်က နောက်ကျခဲ့ရင်တော့ ပြန်လျော်ပေးတာကို တွေ့ရပါတယ်။ ထိုင်ခုံမဲ့ စီးတာက ရထားလူမကြပ်တဲ့ နေ့ဆိုရင် အဆင်ပြေပေမဲ့ လူကြပ်ခဲ့ရင်တော့ မတ်တပ်ရပ် စီးရတဲ့ဘ၀ဖြစ်သွား နိုင်ပါတယ်။ လက်မှတ် ၀ယ်ရတာ၊ ရထား ပလက်ဖောင်း ရွေးရတာ စတာတွေက စင်္ကာပူနဲ့ ယှဉ်ရင် စိတ်ရှုပ် စရာ ကောင်းပေမဲ့ မြန်မာပြည်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ နဲနဲတောင် သာတယ်လို့ ဆိုနိုင်ပါတယ်။ ရထား စီးရတဲ့ လမ်းကြောင်းကတော့ မြန်မာပြည်လိုပဲ လယ်ကွင်းပြင်တွေ၊ တောတောင်တွေကို ဖြတ်သန်း သွားရတာ ဖြစ်တဲ့ အတွက် စိမ်းလန်းတဲ့ အရသာ၊ လန်းဆန်းတဲ့ အရသာကို ခံစားရပါတယ်။ ခရီးစဉ် အတို အရှည်ပေါ်မှာ မူတည်ပြီး တချို့မြို့တွေနဲ့ ပြေးဆွဲတဲ့ ရထားတွေမှာ စားသောက်တွဲပါတတ်ပါတယ်။ မြန်မာ ပြည်ကလိုတော့ တွဲတွေပေါ်ကို ဇာတ်လမ်းလေးတွေ ပြောရင်း လိုက်ရောင်းတဲ့ သူတော့ မပါဘူးပေါ့။ 
နောက်ထပ် စီးဖြစ်တာကတော့ လန်ဒန်ဇုန်အတွင်းမှာ ရှိတဲ့ ရထားပါပဲ။ ဒီရထားရဲ့ သဘောတရားက စင်္ကာပူက ရထားစနစ်နဲ့ ပုံစံ တူပါတယ်။ ဒါပေမဲ့ နိုင်ငံ ကျယ်တာနဲ့ အညီ ပြေးဆွဲတဲ့ ရထားလိုင်းတွေ များ သလို ပလက်ဖောင်းကလဲ များပါတယ်။ ဘူတာမှာ ကိုယ်စီးရမဲ့ ရထားကို သေချာကြည့်ဖို့ လိုပါတယ်။ တချို့ ရထားတွေက ကိုယ် ဆင်းရမဲ့ မှတ်တိုင်မှာ ရပ်ပေမဲ့ တချို့ရထားတွေက မရပ်တဲ့အတွက် သေချာမကြည့်ရင် ရထားမှားစီးမိတာမျိုး။ လွဲပါသွားတာမျိုး ကြုံရနိုင်ပါတယ်။  ဒီရထားတွေ စီးရတာကတော့ စင်္ကာပူက ezlink ကဒ်လိုပဲ ဒီမှာလဲ oyster ကဒ် လို့ရှိပါတယ်။ ပိုက်ဆံ ကြိုထည့်ထားပြီး ကိုယ်သွားတဲ့ ခရီးစဉ်အတိုင်း ပေးရ တဲ့ စနစ်ပါပဲ။ ဘတ်စ်ကားကိုလဲ ဒီကဒ်နဲ့ပဲ စီးလို့ရပါတယ်။ လန်ဒန်မှာ ရထားစီးရတာဟာ စင်္ကာပူမှာ ရထား စီးရသလောက် သက်တောင့်သက်သာ မရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အခုလို ရုန်းကန် လှုပ်ရှားရခြင်းဟာလဲ လူပီသခြင်း တမျိုးပဲမှလား။

Sunday, September 18, 2011

Ph.D မှ ပေးသော အကျိုးကျေးဇူးများ


ဒေါက်တာဘွဲ့ဟု ကျွန်မတို့ အလွယ်တကူခေါ်ဆိုနေသော Ph.D (Doctor of Philosophy) ကို တိုက်ရိုက် ဘာသာပြန်ရမည် ဆိုပါက အတွေးအခေါ် ပညာရှင်ဟု ပြန်ဆိုရပေလိမ့်မည်။ တခု သတိပြုရမည်မှာ Ph.D  ဆိုသော စကားလုံးတွင် သုံးထားသည့် Philosophy ဆိုသည်မှာ မူလ ဂရိ အဓိပ္ပာယ်ဖြစ်သော အသိဥာဏ် ပညာရှင်ကိုပါ ရည်ညွှန်းသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ မည်သို့ ဘာသာပြန်သည်ဖြစ်စေ PhD ဆိုသည်မှာ လူတယောက်အား ဆရာများ၏ သင်ကြားမှုထက် ကျော်လွန်ပြီး မိမိ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် တွေးခေါ် လုပ်ဆောင်နိုင်စေရန် လေ့ကျင့်ပေးသော ကာလ တခုပင် ဖြစ်သည်။ PhD ကျောင်းသား တယောက်သည် သူရွေးချယ်ရာ စာတမ်းခေါင်းစဉ်အောက်တွင် ရှိသည့် နည်းပညာပိုင်းဆိုင်ရာများကို ကျွမ်းကျင် တတ်မြောက်ရမည်ဆိုသည်မှာ မည်သူမှ မငြင်းဆိုသည့် အချက်ပင် ဖြစ်သည်။ သို့သော် လူအများ သတိမပြုမိသည့် အချက်ကား PhD သည် အခြား အရည်အချင်းများစွာကိုလဲ သင်ကြားပေးသည် ဆိုသည့် အချက်ပင် ဖြစ်သည်။ 
ယေဘူယျအားဖြင့် PhD ကျောင်းသား တယောက်၏ သီးစစ်တခုတွင် မပါမဖြစ် အခန်း ၃ ခု ပါဝင်ရပါသည်။ ပထမ အခန်းမှာ Introduction ဟု ခေါ်ဆိုသောနိဒါန်းပင် ဖြစ်သည်။နိဒါန်းတွင် မိမိ ရွေးချယ်သော ခေါင်းစဉ် ရာဇ၀င်နှင့် ပတ်သတ်ပြီး သမိုင်းကြောင်းကို ပထမဆုံး ရှင်းပြရသည်။ထို့နောက် စာတမ်းခေါင်းစဉ်၏ အဓိပ္ပာယ်နှင့် ရွေးချယ်ရသည့် အကြောင်းအရင်းကို စာဖတ်သူ နားလည်အောင် ရှင်းပြရပါသည်။ဤအရည် အချင်းသည် PhDဘွဲ့တခုအတွက်သာမက ကျွန်မတို့၏ လက်တွေ့ဘ၀ နေရာ တော်တော်များများတွင် ကျင့်သုံးရသည့် အချက်ပင် ဖြစ်သည်။ သမိုင်းကို သိမှသာ ကျွန်မတို့ ဘာဆက်လုပ်မည်ကို ဆုံးဖြတ်နိုင်မည်။ မိမိ ဖြေရှင်းလိုသော ပြသာနာတခုနှင့် မိမိရွေးချယ်သော နည်းစနစ်ကို အများ နားလည် လက်ခံ လာအောင် စည်းရုံးနိုင်မှသာလျှင် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။
ဒုတိယ မပါမဖြစ် အခန်းမှာ Literature Review ဟု ခေါ်ဆိုသော မိမိ ရွေးချယ်ရာ စာတမ်း ခေါင်းစဉ်နှင့် ဆက်နွယ် နေသော လူများ၏ လုပ်ပြီးခဲ့သော အလုပ်များ၊ လက်ရှိအလုပ်များကို လေ့လာကာ အကျဉ်းချုပ် သဘော တင်ပြရသောအခန်းဖြစ်သည်။တခြားလူများ ဘာလုပ်နေသည်ကို လေ့လာပြီှး မိမိ ဘာလုပ်သ့င် သည်၊ ဘာလုပ်နိုင်မည်ဆိုသည်ကို ဆုံးဖြတ်နိုင်စေရန် ပြင်ဆင်ပေးခြင်းပင် ဖြစ်ပေသည်။လက်ဝှေ့သမားမှ အစ နိုင်ငံရေးသမားအလယ်၊ အနုပညာသမား အဆုံး မိမိ ပြိုင်ဘက်နှင့် မိမိ၏ မိတ်ဆွေကို သိထားမှသာ ကြိုးဝိုင်းအတွင်း တက်ညီလက်ညီ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါလား။
နောက်ဆုံး မပါမဖြစ် အခန်းမှာမူ Conclusion ဆိုသည့် နိဂုံးပင် ဖြစ်ပါသည်။ နိဂုံးဟုဆို၍ အဆုံးသတ်ခြင်းဟု ယူဆပါက မှားပါလိမ့်မည်။ ဤအခန်းတွင် မိမိလုပ်ဆောင်ခဲ့သော လုပ်ငန်းတခုချင်း၏ အကောင်း၊ အဆိုး အကျိုးအပြစ်ကို သုံးသပ်ခြင်း ပါဝင်ရမည်။ နောင်လာနောင်သားများအနေဖြင့် လက်ရှိစာတမ်းကို ဆက်လက် လုပ်ကိုင်မည်ဆိုပါက မည်သည့်အရာများတွင် တိုးတက်အောင် ဆောင်ရွက်နိုင်မည်၊ မည်သည့်အရာများကို ပြုပြင်နိုင်မည် စသည်ဖြင့် နောက်လာ မည့် လူငယ်များကို လမ်းကြောင်းသည့် အနာဂတ် အစီအစဉ်များ ပါဝင် ရမည် ဖြစ်သည်။ မိမိ လုပ်ဆောင်ခဲ့သော လုပ်ငန်းများအပေါ် အခြေအနေမှန်ကို အမှန် အတိုင်း သုံးသပ် နိုင်ခြင်း၊ မျိုးဆက်သစ်များအတွက် အနာဂတ် အစီအစဉ်များကို ပြင်ဆင်ပေးခြင်း စသည်ဖြင့် တန်ဖိုးရှိသော အရည်အချင်းများစွာကို လေ့ကျင့်ပေးခြင်းပင် ဖြစ်သည်။
ထိုအချက်များ အပြင် PhD ကျောင်းသားများ သင်ယူရသော အခြား အရည်အချင်းများစွာလဲ ရှိသေးသည်။ PhD ကျောင်းသားတယောက်သည် မိမိ လုပ်နေသော စာတမ်းနှင့် ပတ်သတ်၍ စာတမ်းငယ်များစွာကို နည်းပညာဆိုင်ရာ ဂျာနယ်များတွင် တင်ပြနိုင်ရန် ကြိုးစားရပါသည်။ထိုသို့ တင်ပြကြရာတွင်တကြိမ်တခါဖြင့် ဂျာနယ်တွင် ဖော်ပြခွင့်ရသည့်အဖြစ်မှာ ရှိခဲ့သည်ဟုဆိုလျှင် အင်မတန် နည်းပါးသော ရာခိုင်နှုန်းအနည်းငယ် သာ ဖြစ်ပါလိမ့်မည်။ကျောင်းသားအများစုမှာ အငြင်းပယ်ခံရခြင်း၊ ပြင်ဆင်၍ ပြန်လည်တင်ပြစေခြင်း စသည့် အယ်ဒီတာများ၏ ဆုံးဖြတ်ချက်ကို နာခံကြရပါသည်။အချို့ကျောင်းသားများမှာ အကြိမ်ကြိမ် အငြင်းပယ်ခံရ သည်၊ အချို့မှာ တကြိမ်တခါ ပြန်လည်ပြင်ဆင်၍ တင်ပြပြီးနောက် ဂျာနယ်တွင် ဖော်ပြခွင့်ရသည်။  ငြင်းပယ် ခံရသည် ဆိုရာတွင် တရားသဖြင့် ငြင်းပယ်ခြင်း ခံရသည်ရှိသလို အကြောင်းကြောင်းကြောင့် မတရားသဖြင့်  ငြင်းပယ်ခံရ သည်လဲ ရှိတတ်ပေသည်။မည်သို့ဖြစ်စေ PhD ကျောင်းသား အများစုမှာ အရှုံး (သို့) ငြင်းပယ်မှုကို ခံယူဖူးသူများ ဖြစ်သည်။ထို အရှုံးကို လက်သင့်ခံကာ ကြံကြံခံ ရင်ဆိုင်နိုင်သူများ ဖြစ်သည်။
ဤအရည်အချင်းမှာ လောကကြီးအတွက် တန်ဖိုးမဖြတ်နိုင်သည့် အရည်အချင်း တခုပင် မဟုတ်ပါလား။ ဤ အရည်အချင်းကို PhD ဘွဲ့ က ကျောင်းသားကိုယ်တိုင် သင်ယူနေမှန်း မသိလိုက်ရပဲ သင်ကြားပေးပါသည်။ 

နိဂုံးချုပ်ရသော် PhD ဆိုသည်မှာ တက္ကသိုလ်တွင် ပညာ ပြန်လည်သင်ကြားပေးရန်သာ အသုံးဝင်သည့် နည်းပညာများကိုသာ သင်ကြားပေးလိုက်သည့် ဘွဲ့တခု မဟုတ်ပါ။ ဘ၀တွင် မရှိမဖြစ် လိုအပ်သည့် ဘ၀ နေနည်း အနုပညာများကိုပါ သင်ကြားပေးလိုက်သော ဘွဲ့တခုသာ ဖြစ်ပါသည်။

Sunday, September 11, 2011

pymouth သို့ အလည်တခေါက်

(၁) ခရီးစဉ်ရဲ့ အစ
plymouth ဟာ လန်ဒန်နိုင်ရဲ့ အနောက်တောင် အရပ် မိုင် ၁၉၀ အကွာမှာ ရှိတဲ့ ပင်လယ် ဆိပ်ကမ်း မြို့လေး တမြို့ဖြစ်ပါတယ်။လန်ဒန်ကနေ ရထားစီးသွားမယ်ဆိုရင် ၄ နာရီ ကျော်ကျော်လောက် စီးသွားရပါ တယ်။ ခရီးစဉ် တလျှောက်မှာ မြင်ရတဲ့ မြင်ကွင်းတွေဟာ မြန်မာနိုင်ငံ ရန်ကုန်ကနေ ကျွန်မရဲ့ မွေးရပ်ဇာတိ မြို့လေးဆီ ကို သွားရတဲ့ ရထား လမ်းဘေး မြင်ကွင်းတွေနဲ့ သိပ်တော့ မကွာခြားလှပါဘူး။ ကြား ရထား ဘူတာလေးတွေ ရဲ့ ဖွဲ့စည်းပုံ၊ လမ်းဘေးမှာ ရှိတဲ့ လယ်ကွင်းတွေ၊ လယ်ကွင်းထဲမှာ ရှိတဲ့ တောင်သူတွေရဲ့ အိမ်ယာတွေ၊ ဒါတွေဟာ မြန်မာပြည်ကို လွမ်းဆွတ် သတိရစေပါတယ်။ တခုတော့ ရှိတာပေါ့၊ ဒီမှာ ရှိတဲ့ တောင်သူတွေရဲ့ အိမ်ယာတွေက အခိုင်အမာ တည်ဆောက်ထားတဲ့ တိုက်တာ အဆောက်အအုံတွေ ဖြစ်ပြီး မြန်မာပြည် ရထား လမ်းဘေးက တောင်သူတွေရဲ့ အိမ်ယာကတော့ တဲငယ်လေး တွေ ဖြစ်နေတာပါပဲ။
မြန်မာပြည် တောင်သူတွေရဲ့ ဘ၀ကို ဒီက တောင်သူတွေရဲ့ ဘ၀လို မြှင့်တင်စေချင်တဲ့ ဆန္ဒရှိပေမဲ့ ကျွန်မ အတွက်တော့ မြန်မာပြည် ရထားလမ်းဘေးက တဲအိမ်လေးတွေ၊ တခါတခါ တဲအိမ်အပြင်ဘက်ကနေ ရထားစီး ခရီးသည်တွေကို လက်လှမ်းပြတတ်တဲ့ ကလေးငယ်လေးတွေဟာ လွမ်းစရာတခုလိုပါပဲ။ 
နောက် ရထားတွေမှာ မုန့်လိုက်ရောင်းတဲ့ ဈေးသည်တွေနဲ့ သူတို့ရဲ့ ဈေးရောင်းဟန်ပန်လေးတွေ.. အားလုံးဟာ ရထားခရီးစဉ်ကို ပိုမို အသက်ဝင် ပျော်ရွှင်စေပါတယ်။
plymouth (credit to google)
(၂) သမိုင်း ရှိတဲ့ မြို့
plymoth ဟာ လန်ဒန်ကနေ ၄ နာရီ ခရီး အကွာအဝေးမှာ ရှိတယ်ဆိုပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ နေတဲ့ မြို့တမြို့ဖြစ်ပါတယ်။ပင်လယ်နားနီးတဲ့ မြို့ပီပီ ရာသီဥတုက စိုစွတ်ပါတယ်။ ကျွန်မနေခဲ့တဲ့ ၉ ရက် အတွင်း နေ့စဉ်ရက်ဆက် ဆိုသလို မိုးစွေနေပါတယ်။မိုးက ၀ုန်းဒိုင်းရွာလိုက်တာမျိုး မဟုတ်ပဲ စွေနေတာ ဆိုတော့ သွားရလာရတာ နဲနဲတော့ ဒုက္ခရောက်စေပါတယ်။ 
plymouth ဟာကြေးခေတ်၊ သံခေတ်ကာလ ကတဲက ရှိခဲ့တဲ့ မြို့ပီပီ သမိုင်းကြောင်း ခိုင်မာတဲ့ မြို့လို့ ဆိုနိုင်ပါတယ်။၁၉၆၀ ကာလများမှာ plymouth သား အယောက် ၁၀၀ ခန့်ဟာ သူတို့ရဲ့ ဘာသာရေး ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ဖို့ plymouth ကို စွန့်ခွာပြီး Mayflower သင်္ဘောနဲ့ နေရာသစ်ကို ရှာဖွေရန် ထွက်ခွာခဲ့ကြပါတယ်။ ဒီသင်္ဘောကြီးပေါ်မှာ ကလေးငယ်တွေ၊ လူကြီးတွေနဲ့ သူတို့အတွက် စားနပ်ရိက္ခာဖြစ်တဲ့ ကြက်၊ဘဲတွေကိုပါ အပြည့်တင်ဆောင်ပြီး ပင်လယ်ပြင်ကို ထွက်ခွာခဲ့ကြပါတယ်။  ပင်လယ်မှာ ဒုက္ခပေါင်းများစွာကို ကြံ့ကြံ့ခံပြီးနောက် ယနေ့မြောက် အမေရိကန်မှာ ရှိတဲ့ plymouth colony ဖြစ်လာမဲ့ မြို့လေးဆီကို ရောက်ရှိခဲ့ကြပါတယ်။ မူလ အဖွဲ့ဝင် ၁၀၀ အနက် အယောက် ၅၃ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ ဘာသာရေး အတွက် နယ်မြေသစ်ကို ရှာဖွေခဲ့သူများ ဖြစ်တဲ့ အတွက် သူတို့ကို Pilgrim လို့ ခေါ်ပါတယ်။ Pilgrim တွေဟာ နယ်မြေသစ်ကို စွန့်စား ရှာဖွေရင်း အသက်ပေး ခဲ့ရတဲ့ လူတွေကို ကျေးဇူးတင်သောအားဖြင့် မိသားစု အတူတကွ ၀ိုင်းဖွဲ့စားသောက်ရင်း ကျေးဇူးတော်ကို အောက်မေ့ခဲ့ကြပါတယ်။ ဒါဟာ ဒီနေ့ အမေရိကန်ရဲ့ Thanksgiving ပွဲတော် ဖြစ်လာတဲ့ နိဒါန်း အစပဲ ဖြစ်ပါတယ်။
(၃) အင်္ဂလိပ် လူမျိုးများ အပေါ် သဘောထား
ကျွန်မ လေ့လာကြည့်ရသလောက် plymouth သားတွေဟာ အင်္ဂလိပ် လူမျိုးတွေကို သိပ်မနှစ်မြို့ကြပါဘူး။ သူတို့ဟာ ကော့ခ်ျ လူမျိုးတွေ ဖြစ်ကြောင်းကို လှစ်ဟပြတတ်ပါတယ်။ ကျွန်မတို့ကို လိုက်ပို့တဲ့ တိုးရစ်ဂိုက်က ကော့ခ်ျ လူမျိုး တယောက်ဖြစ်ပြီး တခုခုကို ပြောတိုင်း အင်္ဂလန်နဲ့ သူတို့ အကြား.. စသဖြင့် အင်္ဂလန်ကို သီးခြားနိုင်ငံတခု အဖြစ် ခေါ်ဝေါ် သုန်းနှုန်းပါတယ်။ နောက် အင်္ဂလိပ် ဘုရင်တွေကို သူတို့ မနှစ်မြို့ဘူးဆိုတာကိုလဲ သိသိသာသာပဲ ပြောပြခဲ့ပါတယ်။
အင်္ဂလိပ် ပြည်တွင်းစစ်ကာလမှာ plymouth တွေဟာ အင်္ဂလိပ် မင်းဘုရင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။ ချားလ် ဘုရင် လက်ထက် plymoth မှာ တည်ဆောက်ခဲ့တဲ့ ဗြိတိသျှခံတပ်ကြီးရဲ့ အမြောက်တွေဟာ ပင်လယ်ပြင်ဘက်ကိုသာ မက plymouth မြို့တွင်းကိုပါ ချိန်ရွယ်ထားခဲ့ပါတယ်။ ဒါဟာဆိုရင် plymouth သားတွေနဲ့ အင်္ဂလိပ် ဘုရင်ကို မဆန့်ကျင်စေဖို့ ခြိမ်းခြောက်ထားတာလို့ ဆိုပါတယ်။ 
(၄) plymouth sound
plymouth sound ဟာ plymoth ရဲ့ ပြယုဒ် တခုလဲ ဖြစ်ပါတယ်။ သင်္ဘောစီးပြီး ဒီ plymouth sound တလျှောက် လေညှင်းခံ ထွက်မယ်ဆိုရင် ၁ နာရီ ခရီးကို ယူကေ ပေါင် 6.5 လောက်ပဲ ပေးရပါတယ်။ Devon နဲ့ Cornish ကမ်းရိုးတန်းတလျှောက်ကို လှမ်းမြင်ရတဲ့ ပင်လယ်ခရီးစဉ်ဟာ ပျော်စရာကောင်းသလို ဗဟုသုတလဲ ရစေပါတယ်။ ကားမူးတတ်တဲ့ ကျွန်မဟာ ပင်လယ် လှိုင်းကျတော့ မမူးပြန်ပါဘူး။ ငြိမ်ငြိမ် သက်သက်လေး ထိုင်ပြီး ပင်လယ်ကို ငေးကြည့်ရတဲ့ အရသာ၊ နောက် ခေါင်းပေါ်မှာ ပျံဝဲနေတဲ့ ဇင်ယော် ငှက်လေးတွေဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ပန်းချီကား တချပ်လိုပါပဲ။ ဒီသင်္ဘောပေါ် ကနေ plymouth hoe ကို လှမ်းမြင်ရပါတယ်။  plymouth hoe ဟာ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ plymouth မြို့ရဲ့ ပင်လယ်ကမ်းခြေပါ။ပင်လယ်ပြင်ကနေ မီးပြတိုက် အနီကြီးကို လှမ်းမြင်ရတော့ တခုခုကို လွမ်းဆွေးမိသလို ခံစားချက်မျိုး ဖြစ်စေတဲ့ နေရာပါပဲ။ (ဒီအောက်က ပုံကို google က ယူပါတယ်)။
plymouth hoe, credit to google
နောက်ထပ် စိတ်ထဲမှာ အမှတ်တရဖြစ်စေတာက ၁၆၆၀ ခုနှစ်လောက်မှာ တည်ဆောက်ခဲ့တဲ့ ဗြိတိသျှ ခံတပ်ကြီးပါ။plymouth ရဲ့ စစ်ရေး အရ အရေးပါမှုကို လှစ်ဟပြစေသလို မြန်မာနိုင်ငံအပါအ၀င် ကျွန်မတို့ အာရှသားတွေ ဗြိတိသျှရဲ့ လက်အောက်ကို ဘာကြောင့်ကျဆုံးခဲ့ရသလဲဆိုတာရဲ့ အဖြေလဲ ဖြစ်ပါတယ်။ အဲဒီ အချိန် ကျွန်မတို့ နိုင်ငံမှာ အခုလို ခိုင်မာတဲ့ ခံတပ်မပြောနဲ့ မင်းအချင်းချင်း တိုက်ရင်းခိုက်ရင်း နယ်မြေလုနေ ကြဆဲပဲ ထင်ပါတယ်။
(royal citadal, plymouth, credit to google)
(၅) ခရီးစဉ်ရဲ့ အဆုံး
plymouth ဟာ အင်္ဂလန်နိုင်ငံရဲ့ တိုးရစ် ဆွဲဆောင်မှု အကောင်းဆုံးနေရာတွေထဲမှာ တခုအပါအ၀င် ဖြစ်ပါတယ်။ ဒီမှာ လည်ပတ်မယ်ဆိုရင် လည်ပတ်စရာတွေ အများကြီးရှိနေသေးပေမဲ့လဲ အချိန်တန် အိမ်ပြန်ဖို့ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ သမိုင်းကြောင်းအရ၊စစ်ရေးအရ အရေးပါတဲ့ မြို့လေးကို နှုတ်ဆက်ခဲ့ရပါတော့တယ်။

Friday, September 9, 2011

စင်္ကာပူ မှတ်စု-၃

(၄) သုညဘ၀မှသည် အာရှကျား သို့ 
၁၉၆၅ ခုနှစ်ဟာ စင်္ကာပူ နိုင်ငံ လွတ်လပ်ရေး ရတဲ့ နှစ်ဖြစ်သလို စီးပွားရေးအားဖြင့် သုညဘ၀ကို ဆင်းသွား တယ်လို့ လဲ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လီကွမ်းယူ ဦးဆောင်တဲ့ ပီအေပီ ပါတီဟာ စင်္ကာပူ နိုင်ငံရဲ့ စီးပွားရေး ကို တတိယ ကမ္ဘာကနေ ပထမကမ္ဘာကို ရောက်အောင် ကူးပြောင်း ပေးနိုင်ခဲ့ပါတယ်။
(၄-၁) ဆွမ်ဇာလန် နိုင်ငံအဆင့် ဆီသို့ (Swiss Standard of Living)
၁၉၆၁ ခုနှစ်မှာ  စင်္ကာပူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်စီ Economic Development Board (EDB) ကို ဖွဲ့စည်းခဲ့ပြီး စင်္ကာပူ နိုင်ငံရဲ့ စက်မှု လုပ်ငန်း တိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်။ အစောပိုင်း ကာလ ၁၉၇၀နှစ်လယ်များမှာတော့ စင်္ကာပူရဲ့ စီးပွားရေးဟာ အလုပ်သမားဗဟိုပြု စီးပွားရေးပုံစံ ဖြစ်ပါတယ်။စင်္ကာပူ အစိုးရရဲ့ စည်းစနစ် ကျနမှု၊ လာဘ်စားမှုကင်းတဲ့ အစိုးရအဖွဲ့အစည်းနဲ့ လုပ်ခနည်း ပေါ်လစီတို့ကြောင့် နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီတွေဟာ စင်္ကာပူနိုင်ငံအတွင်းကို အလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့ပါတယ်။ ဒါတွေဟာ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကူအညီ အများကြီး ဖြစ်စေခဲ့ပါတယ်။
၁၉၇၉ ခုနှစ်မှာတော့ ပီအေပီအစိုးရဟာ လုပ်ခနည်း ပေါ်လစီအစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ  လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်လာပါတယ်။အထူးသဖြင့် ၁၉၈၀ ခုနှစ် မှာတော့ ကွန်ပြူတာနဲ့ ကွန်ပြူတာဆိုင်ရာ နည်းပညာလုပ်ငန်းများကို အထူးစီမံကိန်းနဲ့ တိုးတက်အောင် စီမံ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၄မှာ ပီအေပီ အစိုးရဟာ စင်္ကာပူနိုင်ငံကို ဆွမ်ဇာလန် နိုင်ငံရဲ့ အနေ အထားသို့ ရောက်အောင် ပို့ပေးမယ်လို့ကြွေးကြော်ခဲ့ပါတယ်။
၁၉၈၅-၈၆ စီးပွားရေးပျက်ကပ်ကို ကြုံရပြီးတဲ့ နောက်မှာတော့ စင်္ကာပူအစိုးရဟာ ကုန်ထုတ်မှု လုပ်ငန်းများ၊ ဘဏာရေးနှင့် နိုင်ငံတကာ အကြား ကူးလူး ဆက်ဆံမှု လုပ်ငန်းတွေ အပေါ်မှာ အားစိုက် ဆောင်ရွက်လာ စေခဲ့ပါတယ်။ ၁၉၉၀ ကာလများမှာတော့ စင်္ကာပူ နိုင်ငံရဲ့ စီးပွားရေး ပုံစံဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အပြင် ၀န်ဆောင်မှု လုပ်ငန်းများအပေါ်မှာ ဦးစားပေး လာခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာတော့ နည်းဗျူဟာကျ စီးပွားရေးပုံစံ (Strategic Economic Plan)ကို ချမှတ်ပြီး နိုင်ငံတကာ ပို့ကုန်လုပ်ငန်းမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပညာရေးနဲ့လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက် ဆောင်ရွက်လာခဲ့ပါတယ်။ ၀န်ဆောင်မှု လုပ်ငန်းများကို ပံ့ပိုးပေးသည့်အပြင် Operational Headquarters (OHQ) program ကို ချမှတ်ပြီး ကုမ္ပဏီများကို စင်္ကာပူနိုင်ငံမှာ ဗဟိုဌာန ထားရှိကြဖို့ တိုက်တွန်း ပံ့ပိုးပေးခဲ့ပါတယ်။ အနုပညာဆိုင်ရာ လုပ်ငန်းများ၊ ဖျော်ဖြေမှုလုပ်ငန်းများနှင့် မီဒီယာ လုပ်ငန်းများကိုပါ ဦးစားပေး ဆောင်ရွက်လာကြပါတယ်။ ကုန်ထုတ်လုပ်ငန်းအဆင့်ကနေ innovation-driven လုပ်ငန်းများ အဆင့်ကို တိုးမြှင့်လာခဲ့ပါတယ်။ စင်္ကာပူ၊ ဂျိုဟောနဲ့ အင်ဒိုနီးရှားတို့ ပူးပေါင်းပြီး  ဘာတန် ကျွန်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ဖို့ စင်္ကာပူက ဦးဆောင် စည်းရုံးခဲ့ပါတယ်။ အခု ပရိုဂရမ်ကြောင့် စင်္ကာပူဟာ လုပ်ခနည်း အလုပ်သမားတွေကို အသုံးချခွင့် ရပြီး သူ့ရဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါ တယ်။
၁၉၉၆-၉၇ မှာ ဖြစ်ပေါ်ခဲ့တဲ့ အာဆီယမ် စီးပွားရေး ပျက်ကပ်ဟာ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို ယာယီသာ အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ စင်္ကာပူနိုင်ငံ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုကို အဓိကအတား အဆီး ဖြစ်စေတဲ့ အချက်ကတော့ လုပ်ခ လစာတွေ မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီပြသာနာကို ဖြေရှင်း နိုင်ဖို့ အတွက် စင်္ကာပူ အစိုးရဟာ အထွေထွေ ကုန်ကျစရိတ်တွေကို လျော့ချဖို့ ကြိုးစားခြင်း၊ ကုန်ထုတ်မှု စွမ်းရည် မြှင့်တင်နိုင်ဖို့ ကြိုးစားခြင်းများဖြင့် လုပ်ခ လစာတွေ မြင့်တက်လာခြင်းကို ထိန်းဖို့ ကြိုးစားခဲ့ပါ တယ်။ စင်္ကာပူ ငွေကြေးမာလာခြင်းဟာလဲ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ စင်္ကာပူ နိုင်ငံက ထွက်ခွာလာဖို့ ဖြစ်လာပါတယ်။ ဒါကိုတော့ အစိုးရဟာ ရင်းနှီးမြှုပ်နှံမှု များတဲ့ ကုမ္ပဏီတွေကို ဦးစားပေးခြင်းဖြင့် ဖြေရှင်းပေးခဲ့ပါတယ်။၂၀၀၁ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ dot.com ရဲ့ ပြိုလဲခြင်း၊ အမေရိကန်နိုင်ငံ စက်တင်ဘာ ၁၁ အရေးအခင်းတို့က စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးကို ပိုမိုဂယက် ရိုက်စေခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ စင်္ကာပူ အစိုးရက ကမ္ဘာ့စီးပွားရေးမှာ အချက်အချာကျသော နိုင်ငံ (Global City) အဖြစ်ကို ကူးပြောင်းမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
(၄-၂) ကမ္ဘာ့စီးပွားရေး ဗဟို နိုင်ငံ (Global City) ဆီသို့


(၅) ဖွံ့ဖြိုးတိုးတက်မှုများနှင့် စင်္ကာပူ နိုင်ငံရေး
စင်္ကာပူ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိက အကြောင်းဟာ နိုင်ငံရေး တည်ငြိမ်မှုကြောင့်လို့ ဆိုနိုင်ပါတယ်။ မလေးရှား နိုင်ငံက ခွဲထွက်လာချိန်ကစလို့ စင်္ကာပူ နိုင်ငံရေးကို PAP (People's Action Party)က ဦးဆောင် နိုင်ခဲ့ပါတယ်။ PAP အစိုးရရဲ့ နိုင်ငံရေး အုပ်ချုပ်မှုဟာ ဒီမိုကရေစီ စံနှုန်းတွေထက် နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေးခဲ့တဲ့ အစိုးရအဖြစ် လူသိများပါတယ်။ စင်္ကာပူနိုင်ငံ လွတ်လပ်ရေး ရချိန်ကစလို့ ၄ နှစ် တကြိမ် (သို့) ၅ နှစ်တကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ တိုင်းမှာ PAP (People's Action Party) ပါတီဟာ အမတ်နေရာ အများစုနဲ့ အမြဲ အနိုင်ရခဲ့ ပါတယ်။ အဲဒီလို အနိုင်ရမှုတွေကြောင့်လဲ PAP ပါတီဟာ နိုင်ငံရေး ပေါ်လစီတွေကို စဉ်ဆက်မပြတ် ကျင့်သုံးနိုင်ခဲ့ပါတယ်။ ဒါမို့လဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို PAP ပါတီဟာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ရာစုနှစ် ၂ ခု အတွင်းမှာ စင်္ကာပူနိုင်ငံဟာ နိုင်ငံ တကာက အသိအမှတ်ပြုရလောက်အောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခဲပါ့တယ်။ အခြေခံ လိုအပ်ချက် တွေ ဖြစ်တဲ့ အိမ်ယာ၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စတွေမှာ ပြည်သူအများစု ကျေနပ်အောင် PAP အစိုးရ ဟာ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ရေတို ရေရှည် စီမံကိန်းတွေကို ချမှတ် ရာမှာ PAP အစိုးရဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့မှုတွေဟာ PAP ပါတီဟာ ပြည်သူတွေရဲ့ ထောက်ခံမှု တွေကို ရရှိစေခြင်း အကြောင်းရင်းဖြစ်ပါတယ်။ ဒါ့အပြင် အင်အားကောင်းတဲ့ အတိုက်အခံ ပါတီ မရှိခြင်း ဟာလဲ PAP ပါတီ အောင်မြင်ရတဲ့ တကြောင်းဖြစ်ပါလိမ့်မယ်။
(၆) နိုင်ငံရေး လှည့်ကွက်များနဲ့ PAP
PAP ပါတီဟာ နိုင်ငံရေးကို လွှမ်းမိုးထိန်းသိမ်းနိုင်ဖို့ အစီအစဉ်များကို သေချာချမှတ် ဆောင်ရွက် ခဲ့ပါတယ်။
၁၉၆၀ ဇူလိုင်လ ၁ ရက်နေ့မှာ လူထုပါတီလို့ အမည်ရတဲ့ The People’s Association (PA) အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအသင်းဟာ ပြည်သူတွေရဲ့ ကြားထဲမှာ လူမျိုးရေး ညီညွှတ်မှုနဲ့ ရပ်ကွက်ဒေသတွေ ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်နိုင်ဖို့လို့ အမည်ခံခဲ့ပေမဲ့ ဒီအသင်းဟာ PAP အစိုးရရဲ့ ကျောထောက် နောက်ခံ အသင်းတခုဆိုတာ သိသာထင်ရှားနေပါတယ်။ 
၁၉၈၁ ရွေးကောက်ပွဲ မှာတော့ PAP ပါတီဟာ ပထမဆုံး အမတ်နေရာ ၁ နေရာကို အလုပ်သမားပါတီက J.B. Jeyaretnam ဆီမှာ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၈၄ မှာ ရွေးကောက်ပွဲမှာတော့ အလုပ်သမားပါတီ က အမတ် တနေရာနဲ့ စင်္ကာပူ ဒီမိုကရေစီပါတီက အမတ် တနေရာကို အနိုင်ရခဲ့ပါတယ်။အဲ့ဒီနောက် ၁၉၉၆ မှာတော့ အမတ် ၄ နေရာ အထိ လက်လွှတ်ခဲ့ရပြီး ၂၀၁၁ ရွေးကောက်ပွဲဟာတော့ PAP ပါတီရဲ့ သမိုင်း ကြောင်းအတွက် အမည်းစက်တွင် စေတဲ့ နှစ်လို့ ဆိုရလောက်အောင် မဲအနဲငယ်နဲ့သာ အနိုင်ရခဲ့ပါတယ်။
အမတ်နေရာ ၆ နေရာကို အတိုက်အခံ ပါတီတွေဆီကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ 
ဒီရွေးကောက်ပွဲတွေရဲ့ ရလဒ်ဟာ PAP ပါတီရဲ့ အခြေအနေကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ PAP ပါတီဟာ ဟိုးတချိန်ကလို လူကြိုက်မများလာတော့ဘူးဆိုတာ သိသာထင်ရှားစေတဲ့ အချက်ဖြစ်ပါတယ်။ ဒါတွေ ဘာလို့ ဖြစ်ရသလဲ။ ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် အကြောင်းအချက်များစွာကို တွေ့ရမှာ ဖြစ်ပါတယ်။
ပထမဆုံး အချက်ကတော့ PAP ပါတီဟာသူရဲ့အောင်မြင် တိုးတက်မှုကို သူကိုယ်တိုင် မနိုင်တော့တာပဲ ဖြစ်ပါတယ်။ အခက်အခဲ အကြပ်အတည်းများစွာကို ဖြေရှင်းနိုင်ခဲ့တဲ့ PAP အစိုးရအပေါ်မှာ ပြည်သူတွေက ပိုလို့ ပိုလို့ မျှော်လင့်လာခဲ့ပါတယ်။ ဒီ မျှော်လင့်ချက်တွေကို PAP အစိုးရအနေနဲ့ ဖြည့်ဆည်းပေးဖို့ ခက်ခဲ လာပါတယ်။ ဒုတိယ အချက်ကတော့ ခေတ်ပညာတတ် လူလတ်တန်းစားလူငယ်တွေ ပိုမို များပြားလာခြင်း ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ ခေတ်ပညာတတ်တွေ ဖြစ်တာနဲ့အညီ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ သဘော တရားများကို ပိုလို့ တောင်းဆို သိမြင်လာကြပါတယ်။ တတိယအချက်ကတော့ PAP အစိုးရရဲ့ အမှား မကင်းသော ပေါ်လစီ အချို့ကြောင့်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသား အများအပြား နိုင်ငံ တွင်း ၀င်ရောက်လာခြင်းကို ပြည်သူအများစုက မကျေမနပ်ဖြစ်လာခဲ့ပါတယ်။ 
PAP ပါတီဟာ စင်္ကာပူ နိုင်ငံရေးကို ဆက်လက် လွှမ်းမိုးထားနိုင်ဖို့နဲ့  ပြည်သူတွေ အစိုးရအပေါ် ကျေနပ် လာစေဖို့ နည်းအမျိုးမျိုး၊ ပေါ်လစီ အမျိုးမျိုးကို ချမှတ် ကျင့်သုံးလာခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ပြည်သူတွေ ဆီရဲ့ အသံကို နားထောင်နိုင်ဖို့  Public Feedback Unit ကို ဖွဲ့စည်းခဲ့ပါတယ်။ (ဆက်ရန်)

Thursday, September 8, 2011

စင်္ကာပူ မှတ်စု-၂

စင်္ကာပူ မှတ်စု -၁

(၃) စင်္ကာပူ ဘာလဲ၊ ဘယ်လဲ
၁၉၄၅ ခုနှစ်နောက်ပိုင်း (ဒုတိယကမ္ဘာစစ် အပြီး) စင်္ကာပူဟာ အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီ နိုင်ငံ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လျှပ်စစ်စနစ်နှင့် ရေပေးဝေရေး စနစ်အပါအ၀င် စနစ်တော်တော်များများ ဟာ စစ်ကာလအတွင်း ဖျက်ဆီးခြင်း ခံခဲ့ကြရပါတယ်။ စစ်ကြီးရဲ့ စစ်ပြီးကာလ အကျိုးဆက်အဖြစ် အစာ ရေစာ ရှားပါးခြင်း၊ ရောဂါ ထူပွားခြင်းတို့ကို  စင်္ကာပူ နိုင်ငံသားတွေ ခံစားခဲ့ရပါတယ်။ အခုလို စစ်တွင်း ကာလနဲ့ စစ်ပြီးကာလရဲ့ ဆိုးကျိုးကို ခံစားလာရတဲ့ စင်္ကာပူနိုင်ငံသားတွေဟာ အင်္ဂလိပ်အစိုးရရဲ့ အုပ်ချုပ်မှု အပေါ် သံသယ ၀င်လာကြပါတယ်။ ကိုယ်ပိုင် လွတ်လပ်ရေးကို လိုလားတဲ့ နိုင်ငံသားတွေရဲ့ ဆန္ဒပြမှုတွေ လဲ မကြာခဏ ဖြစ်ပေါ်လာကြပါတယ်။ 
ဗြိတိသျှ အစိုးရ အနေနဲ့ကလဲ စင်္ကာပူ နဲ့ မလယာ ဒေသတွေကို လွတ်လပ်ခွင့်ပေးရတော့မယ်ဆိုတာကို ကြိုမြင်ခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်မှာ Straits Settlements ကို ဖြိုခွဲပြီး Straits Settlements အတွင်း ပြည်နယ် ၂ ခုနဲ့ မလေး ပြည်နယ်များကို ပေါင်းစည်းပြီး မလယာ ပြည်ထောင်စုကို ဖွဲ့စည်းပေးခဲ့ပါတယ်။ (စင်္ကာပူ မှတ်စု-၁ စာပိုဒ် ၂ ကို ကိုးကားရန်)။ 
စင်္ကာပူနိုင်ငံကို အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီ နိုင်ငံ အဖြစ် ဆက်လက်ထားရှိခဲ့ပေမဲ့ (အင်္ဂလိပ် အစိုးရက ရွေးချယ် ခန့်အပ်သော) အုပ်ချုပ်ရေးမှူးတယောက် ထားရှိပြီး နိုင်ငံတွင်း ပြသာနာများကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ပေးခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လမှာတော့ သီးသန့် အုပ်ချုပ်ရေး အဖွဲ့ နှင့် ဥပဒေ အကြံပေး အဖွဲ့တို့ကို ဖွဲ့စည်းပြီးနောက် ဥပဒေ အကြံပေး အဖွဲ့အတွက် အမတ်များကို ပြည်သူများက ရွေးချယ် တင်မြှောက်နိုင်သည်ဟု ကြေငြာခဲ့ပါတယ်။ အဲဒီနောက် ဥပဒေ အကြံပေး အဖွဲ့အတွက် ရွေးကောက်ပွဲကို ၁၉၄၈ ခုနှစ် မတ်လ ၂၄ ရက်မှာ ကျင်းပ ပေးခဲ့ပါတယ်။ 
 ဥပဒေ အကြံပေး အဖွဲ့မှာ အမတ် ၂၂ ဦးပါရှိပြီး ၁၃ နေရာကို ဗြိတိသျှအစိုးရက ရွေးချယ် ခန့်အပ်ပြီး၊ ၃ နေရာကိုတော့ စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်း ၃ ခုက ကိုယ်စားလှယ်များကို ပေးအပ်ခဲ့ပါတယ်။ 
ကျန် ၆ နေရာကိုသာ အမတ်လောင်းများက ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပြည်သူများက မဲပေး ရွေးချယ်ခဲ့ကြ ပါတယ်။ ၃ နေရာကို စင်္ကာပူ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (singapore Progressive Party) က ရရှိခဲ့ပြီး ကျန် ၃ နေရာကို သီးသန့်ဝင်ရောက် ယှဉ်ပြိုင်သူ အမတ်များက ရရှိခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲကို ပြည်သူ အများစုက မနှစ်သက်ခဲ့ကြပါဘူး။ မဲပေးနိုင်ခွင့် ရှိသူ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကသာ ၀င်ရောက် မဲပေးခဲ့ ကြပါတယ်။ 
၁၉၅၁ ခုနှစ်မှာတော့  ဥပဒေ အကြံပေး အဖွဲ့အတွက် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကိုကျင်းပပေးခဲ့ ပါတယ်။ ဒီရွေးကောက်ပွဲမှာတော့ အမတ်နေရာ ၉ နေရာထိ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ပေးခဲ့ပါတယ်။ စင်္ကာပူ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (singapore Progressive Party)က ၆ နေရာ အနိုင်ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲ ကြောင့် စင်္ကာပူနိုင်ငံသားတွေဟာ အုပ်ချုပ်ရေးပိုင်းမှာ ပြောရေးဆိုခွင့် အနည်းငယ် ရရှိလာပေမဲ့ အင်္ဂလိပ် အုပ်ချုပ်မှုက အားသာနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မလယာ ပြည်နယ် အတွင်းရှိ ကွန်မြူနစ်တွေရဲ့ ထကြွပုန်ကန်မှုကလဲ အားကောင်းလာပါတယ်။ အင်္ဂလိပ်အစိုးရဟာ ကွန်မြူနစ်တွေကို အပြင်းအထန် နှိမ်နင်းပြီးနောက် စင်္ကာပူနိုင်ငံကို အကန့်အသတ်များနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးဖို့ ဆုံးဖြတ်လိုက်ပါ တယ်။
၁၉၅၅ မှာ ဥပဒေအကြံပေးအဖွဲ့ အသစ်ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့မှာ အမတ် ၃၂ ဦး ပါရှိမှာ ဖြစ်ပြီး ၂၅ နေရာကို ပြည်သူများက ရွေးချယ်တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။ အနိုင်ရပါတီရဲ့ ခေါင်းဆောင် ကို တိုင်းပြည်အုပ်ချုပ်ဖို့ ရွေးချယ်မှာ ဖြစ်ပြီး အဖွဲ့ဝင် အမတ်များကို ပါလီမာန်စနစ်နဲ့ ရွေးချယ်ပြီး အုပ်ချုပ်ရေး အဖွဲ့ (cabinet) အဖြစ် ခန့်အပ်ခွင့် ပေးခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ လုံခြုံရေးနဲ့ သံတမာန်ရေးရာများကိုဆဲ ထိန်းချုပ်ထားဆဲဆိုပေမဲ့ ၁၉၅၅ မှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ ယခင်ရွေးကောက်ပွဲတွေနဲ့ စာရင် တရားမျှတတယ်လို့ အများက လက်ခံလာခဲ့ကြပါတယ်။ စင်္ကာပူ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (singapore Progressive Party)က ၄ နေရာသာ အနိုင်ရခဲ့ပြီး၊ အလုပ်သမား ပါတီ (Labour Front) က ၁၀ နေရာ အနိုင်ရခဲ့ကာ၊ မလေးရှား တရုတ်အဖွဲ့  UMNO-MCA က ၃ နေရာ အသီးသီး အနိုင်ရခဲ့ပါတယ်။ အသစ် ပါတီ တခုဖြစ်တဲ့  People's Action Party (PAP) က ၃ နေရာ အနိုင်ရ ရှိခဲ့ကြပါတယ်။ မဲအများဆုံး အနိုင်ရခဲ့တဲ့ အလုပ်သမား ပါတီ (Labour Front) ဟာ မလေးရှား တရုတ်အဖွဲ့နှင့် ပူးပေါင်းပြီး အစိုးရ ဖွဲ့ခဲ့ကြပါတယ်။
၁၉၅၅ မှာ အာဏာရလာတဲ့ အလုပ်သမားပါတီ ခေါင်းဆောင် David Marshell ဟာ မတည်ငြိမ်တဲ့ နိုင်ငံရေး ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဗြိတိသျှ အစိုးရရဲ့ ပံ့ပိုးကူညီမှုကို မရခဲ့သလို အခြား ပါတီများရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလဲ မရခဲ့ပါဘူး။ တိုင်းပြည်ရဲ့ မငြိမ်မသက်မှုများ၊ ဆန္ဒပြမှုများကို ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၅၅ ခုနှစ် မေလမှာ Hock Lee bus ကုမ္ပဏီနဲ့ တရုတ်ကျောင်းသားအချို့ ပူးပေါင်းပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအရေးအခင်းကို အစိုးရက အကြမ်းဖက် နှိမ်နင်းရာမှာ ကျောင်းသား ၄ ယောက် သေဆုံးခဲ့ရပါတယ်။ ပြည်သူတွေရဲ့ မကျေနပ်မှုက တနေ့တခြား တိုးပွားလာပြီး ၁၉၅၆ မှာ တရုတ်ကျောင်းသားတွေရဲ့ ဆန္ဒပြမှု ထပ်မံ ဖြစ်ပွားခဲ့ရာကစလို့ အစိုးရနဲ့ ပြည်သူတွေရဲ့ ကြားမှာ မကျေနပ်မှုတွေ တိုးပွားလာပါတယ်။ ဒီအရေးအခင်းတွေကို လှုံ့ဆော်ပေးခဲ့တာဟာ ကွန်မြူနစ်တွေ ဖြစ်လိမ့်မယ်လို့ အများက လက်ခံ ယုံကြည်ခဲ့ကြပါတယ်။

၁၉၅၆ ဧပြီလမှာ  David Marshell ဟာ ကိုယ်ပိုင် လွတ်လပ်ရေး ရဖို့အတွက် အင်္ဂလန်နိုင်ငံကို သွားရောက် အရေးဆိုခဲ့ပါတယ်။ ဒါပေမဲ့ စင်္ကာပူနိုင်ငံရဲ့ ပြည်တွင်းရေး မငြိမ်သက်မှုကြောင့် စီးပွားရေး ထိခိုက်လာတာကို မထိန်းသိမ်းနိုင်တဲ့ David Marshell အစိုးရကို မယုံကြည်တဲ့ အင်္ဂလိပ်အစိုးရဟာ လွတ်လပ်ရေးပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အရေးဆိုမှု မအောင်မြင်တဲ့ David Marshellဟာ အင်္ဂလန် အပြန် ခရီးစဉ်မှာ လက်ရှိ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

အသစ်တက်လာတဲ့ Lim Yew Hock, က ကွန်မြူနစ်တွေကို အပြင်းအထန် နှိမ်နင်းခဲ့ပါတယ်။ ကွန်မြူနစ် ထောက်ခံသူတွေဖြစ်တဲ့ PAP ခေါင်းဆောင်အချို့အပါအ၀င် အလုပ်သမား ခေါင်းဆောင် အများအပြားကို ထောင်ချခဲ့ပါတယ်။ Lim အစိုးရရဲ့ ဦးဆောင်မှုကို နှစ်ခြိုက်သဘောကျစပြုလာတဲ့ အင်္ဂလိပ်အစိုးရဟာ ၁၉၅၇ မှာ ကိုယ်ပိုင် လွတ်လပ်ရေး ပေးဖို့ သဘောတူခဲ့ပါတယ်။ ဥပဒေအကြံပေးအဖွဲ့မှာ အဖွဲ့ဝင် ၅၂ ဦး ထိ တိုးချဲ့ဖွဲ့စည်းမယ်၊ ဒီအဖွဲ့ဝင်တွေအားလုံးကို ပြည်သူတွေကပဲ ရွေးကောက်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ်မှာ စင်္ကာပူနိုင်ငံရဲ့ သီးခြားရပ်တည်နိုင်ခွင့်အတွက် ဗြိတိသျှ ပါလီမာန်မှာ အတည်ပြု ဆုံးဖြတ်ခဲ့ ကြပါတယ်။

၁၉၅၉ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၂ နေရာ အနက် PAP ပါတီက ၄၃ နေရာကို အနိုင်ရရှိခဲ့ပါတယ်။ PAP ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Cambridge ကျောင်းထွက် တဦး ဖြစ်သော Lee Kuen Yew က စင်္ကာပူနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ PAP အစိုးရဟာ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြသာနာများကို ဖြေရှင်းနိုင်ဖို့ အစီအစဉ်ဆွဲပြီး ကြိုးစားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို Goh Keng Swee ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကွန်မြူနစ် အများစု ပါဝင်တဲ့ PAP ပါတီရဲ့ ဦးဆောင်မှုကို စိတ်မချတဲ့ စီးပွားရေး လုပ်ငန်းရှင် အများစုဟာ ကွာလာလမ်ပူကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

Lee နဲ့ Goh အပါအ၀င် PAP ခေါင်းဆောင် အချို့က စင်္ကာပူနိုင်ငံကို သီးခြားရပ်တည်ဖို့ထက် မလေးရှားနဲ့ ပူးပေါင်းဖို့ အားသန်ခဲ့ကြပါတယ်။ သမိုင်းကြောင်းအရနဲ့ စီးပွားရေး အနေအထားအရ စင်္ကာပူဟာ မလယာ ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်ဖို့ ခက်ခဲလိမ့်မယ်လို့ Lee နဲ့ Goh တို့က တွက်ချက်ခဲ့ကြပါတယ်။ အဲဒီ အတွက် စင်္ကာပူကို မလယာ ဒေသ (မလေးရှား) နဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဒါကို ကွန်မြူနစ်ကို ထောက်ခံတဲ့ PAP ခေါင်းဆောင် အချို့က မလိုလားခဲ့ကြပါဘူး။ ကွန်မြူနစ် ကို မထောက်ခံတဲ့ မလေး အစိုးရဟာ သူတို့အပေါ် နှိပ်ကွပ်မှာကို စိုးရိမ်ခဲ့ကြပါတယ်။ တဖက်က မလေးရှား နိုင်ငံ အနေနဲ့လဲ ဒီလို ပေါင်းစည်းဖို့အတွက် PAP အစိုးရအပေါ် အယုံအကြည် မရှိခဲ့ကြတဲ့ အပြင် တရုတ် အများစု ရှိတဲ့ စင်္ကာပူနိုင်ငံနဲ့ ပူးပေါင်းခြင်းကြောင့် မလေးရှားနိုင်ငံမှာ လူမျိုးရေး မတည်မငြိမ်မှု ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြပါတယ်။

၁၉၆၁ ခုနှစ်မှာတော့ ကွန်မြူနစ်ကို ထောက်ခံတဲ့ PAP ခေါင်းဆောင် Ong Eng Guan ဟာ PAP ပါတီက ခွဲထွက်ပြီး ရွေးကောက်ပွဲမှာ PAP ကို အနိုင်ရပြီး အမတ် ၁ နေရာ ရခဲ့ပါတယ်။ စင်္ကာပူမှာ ကွန်မြူနစ်တွေ ကြီးစိုး လာမှာကို မလိုလားတဲ့ မလေးရှား အစိုးရ(UMNO) ဟာ Lee နဲ့ Goh တို့ လိုလားတဲ့ စင်္ကာပူ၊ မလေးရှား ပူးပေါင်းရေးကို သဘောတူခဲ့ကြပါတယ်။ ၁၉၆၃ ဇူလိုင်လ ၉ ရက်နေ့မှာတော့ စင်္ကာပူ၊ ဘရုနိုင်းနဲ့ အခြား မလေး ကျွန်း ၂ ခု ဖြစ်တဲ့ ဆာဗာနဲ့ ဆာရ၀ါတို့ကို မလေးရှားပြည်ထောင်စုနဲ့ ပူးပေါင်းဖို့ သဘောတူညီခဲ့ ကြပါတယ်။ မလေးရှား အစိုးရဟာ မလေး အများစုရှိတဲ့ ဆာဗာနဲ့ ဆာရ၀ါတို့ကို ပါစင်စေခြင်းအားဖြင့် စင်္ကာပူရဲ့ တရုတ်လူမျိုးကြီးစိုးမှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ စင်္ကာပူနဲ့ မလေးရှားရဲ့ ပူးပေါင်းမှုဟာ ချောချောမွေ့မွေ့တော့ မဖြစ်ခဲ့ပါဘူး။  စင်္ကာပူနိုင်ငံအတွင်းရှိ တရုတ်လူမျိုးတွေဟာ မလေးရှား အစိုးရရဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် မကျေမနပ် ဖြစ်လာခဲ့ကြပါတယ်။ စင်္ကာပူနိုင်ငံအတွင်းရှိ မလေးတွေအပေါ် PAP အစိုးရဟာ နှိမ့်ချဆက်ဆံခဲ့တယ်လို့ မလေးရှား အစိုးရကလဲ စွပ်စွဲခဲ့ပါတယ်။ အဲလို မလေးရှား အစိုးရရဲ့ သွေးထိုးပေးမှု ကြောင့် စင်္ကာပူ အတွင်းမှာ ရှိတဲ့ မလေးတွေကလဲ PAP အစိုးရကို မကျေမနပ်ဖြစ်လာခဲ့ကြပါတယ်။ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ဖို့ သဘောတူညီကြပေမဲ့ စင်္ကာပူအတွင်းရှိ ကုန်သည်တွေဟာ မလေးရှား အစိုးရဲ့ ကန့်သတ်မှုတွေကို ရင်ဆိုင်နေရဆဲပဲ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် စင်္ကာပူဘက်လဲ ဆာဗာနဲ့ ဆာရ၀ါ ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မကူညီပဲ နေခဲ့ကြပါတယ်။ ၂ ဦး ၂ ဘက် မကျေနပ်မှုတွေ တိုးပွားလာတဲ့ စင်္ကာပူနဲ့ မလေးရှား အစိုးရတို့ကြား ပြသာနာတွေကို ချုပ်ငြိမ်းစေဖို့ မလေးရှား ၀န်ကြီးက စင်္ကာပူကို မလေးရှားကနေ ခွဲထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၆၅ သြဂုတ်လ ၉ ရက်နေ့မနက်ခင်းမှာတော့ စင်္ကာပူကို မလေးရှားကနေ ခွဲထုတ်ဖို့ မလေးရှား ပါလီမာန်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၁၂၆-၀ မဲနဲ့ ကန့်ကွက်မဲ မရှိပဲ စင်္ကာပူကို မလေးရှားကနေ ခွဲထွက် ဖို့ သဘောတူညီခဲ့ကြပါတယ်။ ခွဲထွက်ဖို့ လုံးဝ မလိုလားတဲ့ လီကွန်ယူက စင်္ကာပူဟာ သီးသန့် နိုင်ငံ တခု ဖြစ်သွားပြီဆိုတာကို အခုလို ကြေငြာခဲ့ပါတယ်။

''ဒီနေ့ဟာ ကျွန်တော့ အတွက်တော့ ၀မ်းနည်းကြေကွဲရတဲ့ နေ့တနေ့ပါပဲ။ ကျွန်တော့ ဘ၀ တလျှောက်လုံးမှာ စင်္ကာပူနဲ့ မလေးရှားကို ခွဲထွက်ဖို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ ၂ နိုင်ငံ ပေါင်းစည်းဖို့ကို အမြဲ ယုံကြည်ခဲ့သူပါ''

ကိုးကား၊ NTU Engineering & Society Lecture notes by Prof Tan Chye Guan and references therein. 

Sunday, September 4, 2011

စင်္ကာပူ မှတ်စု -၁

ယနေ့ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စင်္ကာပူနိုင်ငံသည် ထိပ်ဆုံးမှာ ရှိနေသည်ဆိုသည်မှာ မည်သူမှ မငြင်းဆိုနိုင်သော အမှန်တရား ဖြစ်သည်။ သေးငယ်သော၊ သဘာဝ အရင်းအမြစ် မရှိသော၊ သီးခြား ရပ်တည် နိုင်စွမ်း မရှိသော စင်္ကာပူ နိုင်ငံ ဘာကြောင့် တိုးတက်အောင်မြင်ရသလဲ... လေ့လာကြည့်ကြပါစို့။

၁) စင်္ကာပူ၏ မြစ်ဖျားခံရာ
စင်္ကာပူ နိုင်ငံလို့ ဖြစ်ပေါ်လာမဲ့ ဒီကျွန်းစုလေးတွေမှာ လူတွေစတင်နေထိုင်တယ်လို့ ယူဆရတာကတော့ ဒုတိယ ရာစုနှစ် အစမှာ ဖြစ်ပါတယ်။ စုမာထြားကျွန်းစုတွေ(ယခု အင်ဒိုနီးရှား)တို့ရဲ့ ဘုရင့် မင်းနေပြည်တော် အတွက် ဆိပ်ကမ်းမြို့ငယ်လေးအဖြစ် တည်ရှိခဲ့ပြီး ထိုစဉ်က တီမားဆက်(Temasak)၊ ပင်လယ်မြို့လို့ ခေါ်တွင်ခဲ့ကြပါတယ်။
၁၄ရာစု နှောင်းပိုင်းကာလမှာတော့ မာလကာနိုင်ငံ (Sultanate of Malacca) အင်အားကြီးမားလာပြီး အနီးပတ်ဝန်းကျင်မှာ ကျွန်းစုတော်တော်များကို နယ်ချဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အင်ပါယာရဲ့ မင်းနေပြည်တော်ကို မာလာကာမြို့လို့ အခြေံခံထားပြီး မြောက်ဖက်မှာတော့ အယုဒ္ဗယ မြို့တော် (ယခု ထိုင်းနိုင်ငံ) နဲ့ အနောက်တောင်မှာတော့ ဆုမာထြာအထိ နယ်မြေချဲ့ထွင်နိုင် ခဲ့ပါတယ်။ ၁၅၁၁ ခုနှစ်မှာတော့ ပေါ်တူဂီတွေဟာ အမွှေးအကြိုင် ကုန်သွယ်မှု လုပ်ငန်းတွေ ကို လက်ဝါးကြီး အုပ်နိုင်ဖို့ မာလကာနိုင်ငံကို  ၀င်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ပေါ်တူဂီတွေကို စစ်ရှုံးသွားခဲ့တဲ့ မာလကာ ဘုရင်ဟာ မာလကာ မြို့တော်ကို စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ မာလကာ ဘုရင်ဟာ ဘင်တန်ကို ခြေကုပ်ယူကာ မြို့တော် အဖြစ်သတ်မှတ်ပြီး ပေါ်တူဂီတွေကို ပြန်တိုက်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ၁၅၂၆ မှာတော့ ပေါ်တူဂီတွေဟာ ဘင်တန်ကို သိမ်းပိုက်ပြီး မာလကာ ဘုရင်ကို အပြီးသတ် ချေမှုန်းလိုက်နိုင်ပါတယ်။ ၁၅၂၈ မှာတော့  မာလကာ ဘုရင်ရဲ့ သားတော် ၂ ပါးအနက် အငယ် မင်းသား Alauddin Riayat Shah II က ဂျိုဟောနဲ့ အနီးအနားမှာ ရှိတဲ့ ကျွန်းစုတွေ (စင်္ကာပူဖြစ်လာမည့် ကျွန်းစုများ အပါအ၀င်) ကို အခြေစိုက်ပြီး ဂျိုဟော အင်ပါယာကို တည်ထောင်ခဲ့ပါတယ်။ ဂျိုဟောဟာ ပေါ်တူဂီတွေရဲ့ တိုက်ခိုက်မှု၊ စုမာထြားတွေရဲ့ တိုက်ခိုက်မှုကြားမှာပဲ တဖြေးဖြေး အင်အားကြီးမားလာခဲ့ပါတယ်။ ဂျိုဟော ဘုရင်ဟာ ပေါ်တူဂီတွေကို တိုက်ထုတ်နိုင်ဖို့ တချိန်လုံး ကြိုးစားနေခဲ့ပါတယ်။ 
အဲဒီအချိန်မှာပဲ စုမာထြားမြောက်ပိုင်းမှာ ရှိတဲ့ Ache လူမျိုး (မူဆလင်) တွေက မာလကာ ရေလက်ကြားကို လွှမ်းမိုးလာကြပါတယ်။ မူဆလင် ကုန်သယ်တွေဟာ ပေါ်တူဂီ (ခရစ်ယန်)တွေ လွှမ်းမိုးတဲ့ မာလကာ အစား မူဆလင်မြို့ဖြစ်တဲ့ Ache ကို ဦးစားပေး ကုန်သွယ်လာကြပါတယ်။ ပေါ်တူဂီတွေ (မာလကာ) နဲ့ ဂျိုဟော ကြား အပြန်အလှန် စစ်ဖြစ်နေချိန်မှာ Ache ဟာ တဖြေးဖြေး တိုးတက်လာခဲ့ပါတယ်။ အဲဒီလို Ache ရဲ့ ခြိမ်းခြောက်မှုကို ခံလာရတဲ့ ပေါ်တူဂီတွေနဲ့ ဂျိုဟောဟာ ယာယီ စစ်ပြေငြိမ်းမှု စာချုပ်ချုပ်ဆိုပြီး Ache ကို ဖိနှိမ်ဖို့ ကြိုးစားခဲ့ကြပါတယ်။Ache တွေကို နှိမ်နင်းပြီးနောက် ပေါ်တူဂီတွေနဲ့ ဂျိုဟောဟာ စစ်ဖြစ်ကြပြန် ပါတယ်။
၁ရ ရာစု အစောပိုင်းကာလမှာတော့ ဒတ်ခ်ျလူမျိုးတွေက အရှေ့တောင် အာရှ ကုန်သွယ်မှုထဲကို စီးဝင်လာ ကြပါတယ်။ ပေါ်တူဂီတွေရဲ့ စီးပွားရေး လက်ဝါးကြီး အုပ်စိုးမှုကို မခံနိုင်တဲ့ ဒတ်ခ်ျလူမျိုးတွေဟာ ဂျိုဟောနဲ့ ပူးပေါင်းပြီး ပေါ်တူဂီတွေကို တိုက်ထုတ်ခဲ့ကြပါတယ်။ ၁၆၄၂ မှာ ဒတ်ခ်ျနဲ့ ဂျိုဟော တို့ဟာ ပေါ်တူဂီတို့ကို မာလကာ မြေပေါ်က မောင်းထုတ်နိုင်ခဲ့ပါတယ်။ ၁၆၀၆ မှာ ဒတ်ခ်ျနဲ့ ဂျိုဟောတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ဒတ်ခ်ျ လူမျိုးတွေက ဂျိုဟောကို စစ်မကြေငြာဖို့ သဘောတူညီချက်နဲ့ မာလကာ ဒေသကို အုပ်စိုးခဲ့ပါတယ်။ ဒတ်ခ်ျတွေဟာ မာလကာ ရေလက်ကြားအစား ဆန်ဒါ ရေလက်ကြား (straits of sunda) ကို စတင် အသုံးပြုခဲ့ပါတယ်။အဲဒီအချိန်မှာ စင်္ကာပူ ဖြစ်လာမဲ့ ကျွန်းစုလေးတွေဟာလဲ ငါးဖမ်းသမားတွေ နေထိုင်ရာ ကျေးရွာလေး အဖြစ်သာ တည်ရှိနေခဲ့ပါတယ်။ လူဦးရေ ၁၀၀၀ လောက်သာ ရှိမယ်လို့ ခန့်မှန်းနိုင်ပြီး အများစုက မလေးလူမျိုးတွေဖြစ်ပြီး တရုတ်လူမျိုး အနဲငယ်လဲ နေထိုင်ခဲ့ကြပါတယ်။
၁၇ ရာစု နှောင်းပိုင်းမှာတော့ ပြင်သစ်လူမျိုးတွေဟာ ဒတ်ခ်ျ နိုင်ငံကို ၀င်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ အကျိုးဆက်အဖြစ် ဒတ်ချပ်တို့ရဲ့ ကိုလိုနီ နိုင်ငံဖြစ်တဲ့ မာလကာ (ဂျာဗား) ဒေသကိုလဲ ပြင်သစ်တို့ သိမ်းပိုက်ခဲ့ကြပါတယ်။ ဒတ်ခ်ျတွေက စစ်မဟာမိတ်ဖြစ်တဲ့ ဗြိတိသျှ (အင်္ဂလိပ်)တို့ကို  သူတို့ရဲ့ ကိုလိုနီ နိုင်ငံငယ်တွေကို ကာကွယ်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဗြိတိသျှ လူမျိုးတွေဟာ အရှေ့တောင်အာရှ နိုင်ငံမှာ ရှိတဲ့ ပြင်သစ်လူမျိုးတွေကို တိုက်ထုတ်ပြီးနောက် ကိုလိုနီနိုင်ငံတွေကို ဒတ်ခ်ျကို ပြန်လွှဲပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိသျှ အရာရှိငယ်နဲ့ ကုန်သည်ကြီးတွေဟာ ဒတ်ခ်ျတို့ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုကို မကျေ မနပ်ဖြစ်လာခဲ့ကြပါတယ်။
၂) ရွှေရောင်နေ့ရက်များ၏ အစ
 ၁၈၁၉ မှာ Thomas Stamford Raffles ဟာ အရှေ့အိန္ဒိယ ကုမ္ပဏီရဲ့ ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာပြီးနောက် ဂျိုဟော ဘုရင်ပိုင် စင်္ကာပူ တောင်ပိုင်း ကျွန်းစုတွေကို ဗြိတိသျှရဲ့ ကုန်သွယ်မှု အခြေစိုက် စခန်း အဖြစ် အသုံးပြုဖို့ ဂျိုဟော ဘုရင်နဲ့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ Raffles ရဲ့ အခွန်ကင်းလွတ်ခွင့် ပေါ်လစီကြောင့် ကုန်သည်ကြီးများဟာ စင်္ကာပူကို အလုံးအရင်းနဲ့ ၀င်ရောက်လာကြ ပါတယ်။  ဒါကို မကျေနပ်တဲ့ ဒတ်ခ်ျလူမျိုးတွေက  Raffles ရဲ့ အထက်လူကြီးများကို တင်ပြပြီး Raffles ကို စင်္ကာပူကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဗြိတိသျှကုန်သည်များက စင်္ကာပူကို ဆက်လက် ထိန်းသိမ်းထားဖို့ ပါလီမာန်မှာ အောင်မြင်စွာ အဆိုပြု တင်သွင်းနိုင်ခဲ့ပါတယ်။ ၁၈၂၄ ခုနှစ်မှာ ဗြိတိသျှနဲ့ ဒတ်ခ်ျ (နယ်သာလန်) အကြား သဘောတူညီမှု ရယူပြီး မာလကာ၊ ပီနန်းနဲ့ စင်္ကာပူ ကျွန်းစု အားလုံးကို  အရှေ့အိန္ဒိယ ကုမ္ပဏီက လွှဲပြောင်းရယူခဲ့ပါတယ်။ ဒီဒေသတွေကို ဗြိတိသျှပိုင် နယ်မြေများ (Straits Settlements) အဖြစ် သတ်မှတ်ပြီး ပီနန်းကို မြို့တော်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ၁၈၃၂ မှာတော့ မြို့တော်ကို စင်္ကာပူအဖြစ် ပြောင်းလဲ သတ်မှတ် ခဲ့ကြပါတယ်။ အရှေ့အိန္ဒိယ ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ကို မနှစ်သက်တဲ့ (Straits Settlements အတွင်း နေထိုင်သူ ယူရိုပီယံ နိုင်ငံသား တွေဟာ ဗြိတိသျှ ပါလီမာန်မှာ တိုက်ရိုက် အုပ်ချုပ်မှုကို တောင်းဆိုခဲ့ကြပါတယ်။ ၁၈၆၇ မှာ ဗြိတိသျှပိုင် နယ်မြေများ (Straits Settlements) ဟာ ဗြိတိသျှရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအောက်ကို ရောက်ရှိခဲ့ပါတယ်။

အဲဒီကာလမှာ အင်္ဂလိပ်လူမျိုးများဟာ မလေး ပြည်နယ်၊ ကျွန်းစု အများစုကို သိမ်းပိုက် လွှမ်းမိုးခဲ့ပါတယ်။ ဗြိတိသျှ အစိုးရဟာ ၁၈၉၅ ခုနှစ်မှာ မလေးကျွန်း (malay peninsulas) ပေါ်ရှိ ပြည်နယ် လေးခုကို ပေါင်း စည်းပြီး ဖယ်ဒရယ်မူဖြင့် အုပ်ချုပ်သော မလေးပြည်နယ်များ၊ Federated Malay States (FMS) လို့ ခေါ်ဆိုခဲ့ပါတယ်။ ကွာလာလမ်ပူ ကို FMS ရဲ့မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး အုပ်ချုပ်ရေး၊ စစ်ရေးနှင့် သံတမာန်ရေးရာတို့တွင် ဗဟိုအစိုးရ (အင်္ဂလိပ် အစိုးရ)က တိုက်ရိုက်ချုပ်ကိုင်ခဲ့ပါတယ်။ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများအနေဖြင့်  အစ်စလာမ်ဘာသာဆိုင်ရာနှင့် ပြည်တွင်း အရေးအခင်းများကိုသာ ဆုံးဖြတ်ခွင့် ရရှိခဲ့ပါသည်။ မလေးကျွန်းစုပေါ်ရှိ အခြား ပြည်နယ် ၅ ခုကိုတော့ ဖယ်ဒရယ်မူဖြင့် မအုပ်ချုပ် သော မလေးပြည်နယ်များ၊ UnFederated Malay States လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဒီပြည်နယ်များဟာ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ်ပိုင် ဘုရင်စနစ်နဲ့ အုပ်ချုပ်ခဲ့ကြပါတယ်။ Federated Malay States၊ UnFederated Malay States၊နှင့် Straits Settlements ပေါင်း ၃ ခုကို မလယာ ဒေသလို့ အမည်တွင်ခဲ့ပါတယ်။ မလယာ ဒေသဟာ ဗြိတိသျှ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တင်း၊ ရာဘာ စတဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလမှာတော့ ဂျပန်တွေဟာ မာလယာကို ၀င်ရောက်တိုက်ခိုက်လာကြပါတယ်။ ၁၉၄၂ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဂျပန်ကို စစ်ရှုံးသွားတဲ့ အင်္ဂလိပ်တွေဟာ မာလယာကို စွန့်လွှတ်ခဲ့ရပါတယ်။ ဂျပန်တွေ ဟာ မာလယာဒေသကို ၃ နှစ်တာ အုပ်စိုးပြီးနောက် ၁၉၄၅ မှာတော့ အင်္ဂလိပ်တွေက မလယာ ဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

၁၉၄၆ ခုနှစ်မှာတော့  Federated Malay States၊ UnFederated Malay States အတွင်းရှိ ပြည်နယ် ၉ ခု နှင့် အတူ Straits Settlements အတွင်းရှိ ပြည်နယ် ၂ ခု (ပီနန်းနှင့် မလကာ) တို့ကို တစုတည်း ပေါင်းစည်းပြီး ဗြိတိသျှ အစိုးရ၏နိုင်ငံ အဖြစ် မလယာ ပြည်ထောင်စု ကို ဖွဲ့စည်းခဲ့ကြပါ တယ်။ မလေး လူမျိုးများရဲ့ ဆန္ဒပြ ကန့်ကွက်မှုများကြောင့် ၁၉၄၈ ခုနှစ်မှာတော့ မလယာ ပြည်ထောင်စု ကို မလယာ ဖယ်ဒရယ် ပြည်ထောင်စု (ပီနန်းနှင့် မလကာမှအပ ကျန်မလေးပြည်နယ်များ အနေနဲ့ ပြည်တွင်း အရေးအခင်းများတွင် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိသော) အဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့ ပါတယ်။အဲဒီကာလ မှာ စင်္ကာပူဟာ ဗြိတိသျှအစိုးရ၏ လက်အောက်ခံ ကိုလိုနီ နိုင်ငံအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။

၁၉၅၇ သြဂုတ်လ ၃၁ ရက်နေ့မှာတော့ ဗြိတိသျှ အစိုးရက မလယာ ဖယ်ဒရယ် ပြည်ထောင်စု Commonwealth အဖွဲ့ဝင် နိုင်ငံအဖြစ် သတ်မှတ်ပြီး  ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးခဲ့ပါတယ်။
၁၉၆၃ ခုနှစ် မှာတော့Straits Settlements အတွင်းရှိ စင်္ကာပူ အပါအ၀င် အခြားပြည်နယ်များဟာ  မလယာ ဖယ်ဒရယ် ပြည်ထောင်စုနှင့် ပေါင်းစည်းပြီး ယနေ့ မလေးရှားနိုင်ငံကို တည်ထောင်ခဲ့ကြပါတယ်။

၁၉၆၅ ခုနှစ်မှာတော့ စင်္ကာပူနိုင်ငံဟာ မလေးရှားက ခွဲထွက်ပြီး သီးသန့်နိုင်ငံ အဖြစ် ရပ်တည်ခဲ့ရပါတယ်။

ကိုးကား၊ NTU Engineering & Society Lecture notes by Prof Tan Chye Guan and references therein. 
လေ့လာတွေ့ရှိချက်။ ။ နိုင်ငံ တနိုင်ငံ ဟာ စစ်ရေး အရ အချက်အချာကျတဲ့ နေရာတခု ဖြစ်နေခြင်းဟာ ဖွံ့ဖြိုးတိုးတက်ဖို့ လုံလောက်တဲ့ အချက် မဖြစ်ပါဘူး။ စစ်ရေးအရ အချက်အချာကျခြင်းဟာ နိုင်ငံအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်စေတဲ့အတွက် အကောင်းထက် အဆိုးကို ဖြစ်စေပါတယ်။ တဖက်က ကြည့်မယ်ဆိုရင်လဲ စီးပွားရေး အရ အချက်အချာကျတဲ့နေရာ တခုဖြစ်ဖို့ လုံလောက်တဲ့ နိုင်ငံရေး ကာကွယ်မှု ရှိရပါတယ်။ ဒီနေရာမှာ စစ်ရေး နဲ့ နိုင်ငံရေး မတူညီတာကို သတိပြုဖို့ လိုပါတယ်။

Tuesday, July 19, 2011

ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်း

ဒီနေ့ ဇူလိုင်လ ၁၉ ရက်ဟာဆိုရင် ဗိုလ်ချုပ်ဆုံးတာ ၆၄ နှစ်ပြည့်တဲ့နေ့။ 
မြန်မာပြည်မှာ ဗိုလ်ချုပ်နဲ့ ပတ်သတ်လို့ ၀မ်းနည်းခြင်း ၊ အောက်မေ့ခြင်း အထိမ်းအမှတ်တွေ နိုင်ငံနဲ့ အ၀ှန်း လုပ်ခဲ့ကြတယ်ဆိုတာ အခုအချိန်မှာတော့ အိမ်မက်တခုလို ခပ်ဝါးဝါး သာ ရှိပါတော့တယ်။ ကိုယ့်ဘ၀မှာ တကြိမ်တည်းသာ ကြုံခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကို အောက်မေ့ခြင်း အမှတ်တရ အခမ်းအနားကတော့ ကိုယ် ပထမတန်းနှစ်ပေါ့။ အဲဒီမှာ ကိုယ်နဲ့ အတူ သူငယ်ချင်းအဖွဲ့က ဗိုလ်ချုပ်ရဲ့ အကြောင်းကို ညွှန်းဆိုတဲ့ ကဗျာလေးတပုဒ်ကို သရုပ်ဖော် ကခဲ့ရတယ်။ မှတ်ဥာဏ် သိပ်မကောင်းတဲ့ ကိုယ်ဟာ အဲဒီကဗျာလေးကို အခုအချိန်ထိ မှတ်မိနေဆဲပဲ။

ဗိုလ်ချုပ်အောင်ဆန်း ဇာနည်ကျော်
ငယ်ငယ်တုန်းက ထိန်လင်းခေါ်

ပညာတော်လို့ တက္ကသိုလ်သွား
လူရည်ချွန်သည့် ကျောင်းတော်သား

စစ်ပညာများ စုံလင်စွာ
ဗိုလ်တေဇဘွဲ့ ခံလို့လာ

မမေ့နိုင်ပါ တို့ဗိုလ်ချုပ်
တကယ် အလုပ်လုပ်။

ဒီကဗျာလေးကို ဘယ်သူ ရေးခဲ့တယ်ဆိုတာတော့ ကိုယ် မသိခဲ့ပါဘူး။ ဒါပေမဲ့ ဒီကဗျာလေးမှာ ဗိုလ်ချုပ်ကို ချစ်တဲ့ အချစ်တွေ၊ အထင်ကြီး လေးစားခြင်းတွေ ပျော်ဝင်နေပါတယ်။ အဲဒီကဗျာကို ရွတ်ဆိုခဲ့တဲ့ ကိုယ်တို့ ကလေးတွေမှာလဲ ဗိုလ်ချုပ်ကို ချစ်ခဲ့၊ မြတ်နိုးခဲ့ လေးစားခဲ့ကြတယ်။ ဗိုလ်ချုပ်ရဲ့ အကြောင်းကို ပုံဖော် ထားတဲ့ ဒီကဗျာလေးကို ရွတ်ဆိုရင်း မြန်မာပြည်ဆိုတာကို ချစ်ခင် မြတ်နိုးခဲ့ရတယ်။ ညဘက်တွေ မိသားစု စကားဝိုင်းဖွဲ့တဲ့အခါ ဗိုလ်ချုပ်ဆိုတာ ဘယ်လိုလူလဲလို့ မိဘတွေကို မေးခဲ့ရတယ်။ ကိုယ့် မိဘတွေကလဲ ဗိုလ်ချုပ်အကြောင်းကို ချစ်ခင် မြတ်နိုးမှု အပြည့်နဲ့ ပြောပြခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူတယောက်က ကိုယ့်ဘ၀အတွက် နေမ၀င် ဟီးရိုး တယောက် ဖြစ်ခဲ့ရတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကို အောက်မေ့ခြင်း အခမ်းအနားဆိုတာတွေ မရှိတော့ဘူး။ ကျောင်းမှာလဲ ဆရာမတွေက ကိုယ်တို့ကို ဗိုလ်ချုပ်အကြောင်းတွေ အရင်ကလို မပြောပြတော့ဘူး။ သင်ရိုးထဲမှာ ပါတဲ့ ဗိုလ်ချုပ်အကြောင်းကို သင်ရိုးကုန် သင်ပေမဲ့ ဟိုတုန်းကလို ပုံပြင်တွေ၊ ဘာတွေနဲ့ စိတ်ဓါတ်တက်ကြွအောင် မသင်တော့ဘူး။ ဒါပေမဲ့ မိဘတွေရဲ့ ကျေးဇူးနဲ့ ဗိုလ်ချုပ် ကတော့ ကိုယ့်ရင်မှာ ရှင်သန်နေခဲ့ပါတယ်။
နဲနဲ အရွယ်ရောက်လာလို့ နိုင်ငံရပ်ခြား ရောက်လာတဲ့အခါမှာတော့ ဗိုလ်ချုပ်အကြောင်းကို ပုံဖော်မှုတွေကို ပိုပြီးရှာဖွေ ဖတ်ရှုတတ်လာခဲ့ရတယ်။စာတွေ ဖတ်လာတာနဲ့အတူ ဗိုလ်ချုပ်ကို ပိုလို့ တိုးပြီး လေးစားခဲ့ရတယ်။ အမှားနဲ့ အမှန်ဆိုတာ ၂ ဘက် ရှိတတ်ပါလားလို့ နားလည် သိတတ်လာတဲ့ အချိန်မှာလဲ ဗိုလ်ချုပ်ကို ချစ်တဲ့ အချစ်၊ ကြည်ညိုလေးစားမှုတွေက တလက်မတောင် လျော့ကျ မသွားခဲ့ပါဘူး။ ဦးနေ၀င်းလက်ထက်မှာ ဗိုလ်ချုပ်ကို နိုင်ငံရေးအရ အမွှန်းတင်ခဲ့တာ၊ နောက် ၁၉၈၈ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ သမီးကို ကြောက်ရွံ့မှုကြောင့် ဗိုလ်ချုပ်ကို မှေးမှိန်အောင် လုပ်ခဲ့ကြတာ တွေကို တဖြည်းဖြည်း သိနားလည်လာပေမဲ့ ဗိုလ်ချုပ်အပေါ်ထားတဲ့ မြတ်နိုင်းမှုတွေက တိုးလို့ သာလာခဲ့ပါတယ်။

ကိုယ့်ရဲ့ ဗိုလ်ချုပ်အပေါ်ထားတဲ့ ဒီမြတ်နိုးမှုတွေဟာ သူ့ရဲ့ မျိုးဆက်တွေ အထိ ဆက်လက်မရှင်သန်နိုင် တာတာ့ ၀မ်းနည်း စိတ်မကောင်းမိသလို ကိုယ့်ကိုယ်ကိုလဲ မကျေမနပ်ဖြစ်မိတယ်။ facebook တွေမှာ၊ ဘလော့ဂ်တွေမှာ ဗိုလ်ချုပ်ရဲ့ သမီးနဲ့မြေးပုံတွေကို တွေ့တိုင်း မကျေနပ်တာမျိုး မဟုတ်ပေမဲ့ ၀မ်းနည်း မိသလို ခံစားရတယ်။ဘယ်လိုပဲ မြန်မာလို ၀တ်ဆင်ထားပါစေ..သူဟာ နိုင်ငံခြားသားတယောက် ဆိုတာ ပေါ်လွင်နေတော့ ရင်ထဲမှာ မကောင်းဘူး။ဒါပေမဲ့ ဒါတွေဟာ ကိုယ်ဖန်တီး ပြောင်းလဲလို့ရတဲ့ အရာ တွေမှ မဟုတ်ပဲလေ။
အရှိကို အရှိလို လက်ခံလိုက်တာဟာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။

Sunday, May 8, 2011

တတိယအကြိမ် စာပေဟောပြောပွဲ - ဧပြီလ ၃၀ ရက်

တတိယအကြိမ် မြန်မာ့ စာပေဟောပြောပွဲကို ၃၀ ရက်နေ့ ဧပြီလ မှာ အောင်မြင်စွာ ကျင်းပလို့ ပြီးသွားပြန်ပါပြီ။ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ပွဲကိုတော့ အကြောင်းကြောင်းကြောင့် မတက်လိုက်ရပါဘူး။ ဒါပေမဲ့ နောက်နှစ်တွေမှာ တကယ်လို့များ ၂ ပွဲရှိခဲ့မယ်ဆိုရင်တော့ ၂ ပွဲလုံးတက်ဖို့ ကြိုးစားရပါမယ်။ ၂ ပွဲက ဒီထက် အချိန်ခွဲ ကျင်းပကြမယ်ဆိုရင်တော့ ပိုလို့ အဆင်ပြေမှာပါ။ စင်္ကာပူနိုင်ငံဟာ ကန္တာရ တခုဆိုရင် စာပေ ဟောပြောပွဲလေးတွေဟာ အိုအေစစ်တွေလိုပါပဲ။ စာရေး ဆရာတွေရဲ့ အတွေးအမြင် ဗဟုသုတကို နားထောင်ရတာဟာ မြန်မာ တယောက်ဖြစ်ရတာကို ပိုလို့ ဂုဏ်ယူမိစေပါတယ်။ အခုလို ကျင်းပဖို့ ကြိုးစားကြ တဲ့ လူကြီး လူငယ် အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

ဒီနှစ် စာပေဟောပြောပွဲကို စင်္ကာပူ ပေါ်လီမှာ ကျင်းပသွားပါတယ်။ နေရာထိုင်ခင်း သွားရေးလာရေး အစစ အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲထက်စာရင် ဒီပွဲ ကျင်းပတဲ့ နေရာဟာ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။ (၅) မှတ် အပြည့်ပေးမိတဲ့ နေရာ ရွေးချယ်မှုပါပဲ။ 

တခု အပြစ်ပြောစရာကတော့ ပွဲစချိန်နဲ့ အစားအသောက် ကျွေးတဲ့အချိန်ပါပဲ။ ပွဲစချိန်သာ တိတိကျကျ စနိုင်ခဲ့ မယ်ဆိုရင် ကျွေးမွေးချိန်တွေနဲ့ ပွဲပြီးချိန်တွေဟာ အခုလောက်တော့ ကသောင်းကနင်း မဖြစ်ဘူးလို့ ထင်မိပါတယ်။ အလုပ်ကနေ တန်းလာရတဲ့လူတွေအတွက် ထမင်းမစားရသေးတဲ့အတွက် ၃ နာရီ ၄ နာရီမှာ ကျွေးဖို့ မျှော်လင့်ကြတာ၊ အပြစ်တင်သံ အချို့ ဟိုနား ဒီနားကနေ ကြားရပါတယ်။ တကယ်တော့ စင်္ကာပူ ပေါ်လီအတွင်းမှာ မက်ဒေါ်နယ် ဆိုင်နဲ့ vending machine တွေ ရှိပါတယ်။ တကယ်လို့သာ announcer တွေ အနေနဲ့ ပထမ နားချိန်အတွင်းမှာ ထမင်း ကျွေးချိန်ကို အတိအကျ ကြေညာပြီး အပြင်မှာ မုန့်ထွက်ဝယ်စားလို့ ရပါတယ်ဆိုတာမျိုး ကြေငြာပေးခဲ့မယ်ဆိုရင် အခုလောက် အပြစ်တင် ငြူစူသံတွေ ကြားရမယ် မထင်ပါဘူး။ ဒါတွေ အားလုံး ဖြစ်ရတဲ့ အကြောင်းအရင်းဟာ ပွဲကို စနေမှာ ကျင်းပခဲ့တာကြောင့် ဖြစ်လိမ့်မယ် ထင်ပါတယ်။ ပွဲကို ၁ နာရီမှာ ကျင်းပမယ်လို့ ကြေငြာခဲ့ပေမဲ့ အများစုက အလုပ်လုပ်ပြီးမှ လာရတာကြောင့် နောက်ကျ ကြပါတယ်။ ၁ နာရီအတိမှာ ခန်းမအထဲမှာ လူသိပ်မရှိသေးတာကြောင့် ပွဲစီစဉ်သူတွေနဲ့ ပွဲကို နောက်ကျ ပြီးမှ စလိုက်ရတယ်လို့ ယူဆရပါတယ်။  တကယ်လို့ တနင်္ဂနွေမှာသာ ကျင်းပခဲ့မယ်ဆိုရင်တော့ ဒီလိုဖြစ်စရာ မရှိဘူး ထင်ပါတယ်။

နောက် စာရေးဆရာတွေကို အချိန်နဲ့ ဟောပြောပေးဖို့ ကန့်သတ်ရတာဟာ တော်တော်ခက်ခဲတဲ့ အလုပ် ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဆရာတွေ ဟောပြောနေတဲ့အချိန်မှာ စာရွက်လေးနဲ့ အချိန် လွန်နေပြီ ဖြစ်ကြောင်း သတိပေးရတာမျိုး တွေ့ရပါတယ်။ ဒါတောင်မှ တချို့ဆရာတွေက ၂ နာရီလောက် ဟောသွားခဲ့ပါတယ်။ ဒီအတွက်  အပြင်မှာ ဆရာတွေကို နားလည်အောင် သေချာ ရှင်းပြထားပြီး သတ်မှတ်ချိန် မလွန်ခင် ၅ မိနစ် ၁၀ မိနစ် အလိုမှာ အောက်ကနေ သတိပေးတာမျိုးကို လုပ်သင့်တယ် ထင်ပါတယ်။ ဥပမာ မီးအဖွင့် အပိတ် လုပ်တာမျိုးပဲ ဖြစ်ဖြစ်ပေါ့။ ဆရာတွေ အနေနဲ့လဲ နားလည်နိုင်မယ် ထင်ပါတယ်။

နောက်တခုကတော့ ပွဲစီစဉ်သူတွေနဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ လာရောက် ဟောပြောသူ ဆရာတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ဒီကို လာရောက်ဟောပြောတဲ့ ဆရာတွေရဲ့ ဗဟုသုတနဲ့ အတွေးအခေါ်တွေကို ကြည်ညို လေးစားထားပြီးသားပါ။ ကိုယ်တိုင် လေးစားကြည်ညိုရတဲ့ ဆရာတွေမို့ လာရောက် နားထောင် တာပါ။မြန်မာပြည်က စာရေးဆရာ အချို့ဟာ အရက်ကို စွဲစွဲမြဲမြဲ သောက်တတ်တာကိုလဲ ကြိုတင် သိထားပြီး သားပါ၊ ဟောပြောကြတဲ့အခါ တချို့ ဆရာတွေအနေနဲ့ ဟောပြောလို့ ကောင်းအောင် သောက်တတ်တယ် ဆိုတာလဲ သိထားပါတယ်။ နားလည်ခွင့်လွှတ်ပေးလို့ရပါတယ်။ ဒါပေမဲ့ .. အခုလို နိုင်ငံရပ်ခြားမှာ တကူးတကန့်ကျင်းပရတဲ့ ပွဲမှာတော့ ဆင်ခြင် သင့်တယ်လို့ ထင်မိပါတယ်။ အထူးသဖြင့် လူငယ်တွေကို အားတက်အောင် ဟောကြပြောကြတဲ့ ဆရာတွေ အနေနဲ့ သောက်ထားမယ်ဆိုရင်တောင် မိမိကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ အဆင့် (ပရိသတ် မရိပ်မိတဲ့ အနေ လောက်တော့) ဖြစ်သင့်တယ်လို့ ထင်မိပါတယ်။

အဲဒီနေ့က ဒုတိယဟောပြောသွားတဲ့ ဆရာဟာ အရက်သောက်ထားပြီး ဟောပြောတယ်လို့ ခံစားရပါတယ်။ ကိုယ်တယောက်ထဲ အဲလို ခံစားရတယ်လို့ ပထမ ထင်မိပြီး ကြိတ်မှိတ်သည်းခံ နေခဲ့ ပါသေးတယ်။ နောက် ဘေးက လူတွေဆီက ဝေဖန်သံ ထွက်လာမှ ငါ တယောက်တင် မဟုတ်ပါလား လို့ တွေးမိပါတယ်။ ဟောပြောတဲ့နေရာမှာလဲ ကျစ်လျစ်မှု မရှိဘဲ စာသားတွေ က ပြန့်ကျဲနေပါတယ်။ ဦးတည်ရာ ပျောက်နေတယ်လို့ ခံစားရပါတယ်။ ဆရာဟာ လူတော် တယောက်ပါ။ ဆရာ့စာတွေနဲ့ လူဖြစ်လာခဲ့ရတဲ့ လူငယ်၊ ဆရာ့ကို လေးစားတဲ့ လူငယ် တယောက်အနေနဲ့ စိတ်ထဲမှာ ၀မ်းနည်းမိသလို စော်ကားခံရတယ်လို့ ခံစားရပါတယ်။ 

ဆရာအောင်သင်းကို အထူးကျေးဇူးတင်မိပါတယ်။ ပထမ လူကိုယ်တိုင် မလာဘူးလို့ ကြားမိရာကနေ facebook မှာ လူကိုယ်တိုင်လာမယ်လို့ သိရတော့ ၀မ်းသာမိပါတယ်။ ဒါပေမဲ့ ဆရာ့အသက်အရွယ်အရ အခုလောက် မမျှော်လင့်ခဲ့မိပါဘူး။ တကယ်ဟောပြောတဲ့နေ့မှာတော့ ဆရာ့ရဲ့ အတွေ့အကြုံ၊ ဟောပြောမှု ကို လေးစားလွန်းလို့ မျက်ရည်လည်မိပါတယ်။ ဆရာ သီဆိုသွားတဲ့ သီချင်းတချို့ကိုလဲ အထူးနှစ်သက် မိပါတယ်။ ကိုယ့်ရဲ့ အဖိုးတယောက်ကို ပြန်တွေ့ရသလို ခံစားရပါတယ်။ အဲဒီအတွက် အခုလို လူကိုယ်တိုင် လာရောက်အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ 

ဆရာဖေမြင့် ဟောသွားတဲ့ထဲမှာ နိုင်ငံ မကောင်းကြောင်း မပြောချင်ပါဘူးဆိုတဲ့ စကားကို သိပ်နှစ်သက်မိပါ တယ်။ ပရိသတ်က နိုင်ငံမကောင်းကြောင်းပြောရင် လက်ခုပ်တီးကြတယ်ဆိုတဲ့ ဆရာ့စကားကိုတော့ ၀မ်းနည်းစွာနဲ့ လက်ခံရမှာပါ။ တကယ်တော့ ဆရာရယ်.. နိုင်ငံမကောင်းကြောင်း ပြောမှ မဟုတ်ပါဘူး။ အားတက်စေမဲ့ စကားများ၊ လူငယ်တွေကို ယုံကြည်ချက်ဖြစ်စေမဲ့ စကားတွေပြောရင်လဲ လက်ခုပ်တီးမှာပါ။ 

အညာဓလေ့၊ ရွာဓလေ့တွေနဲ့ နွေးထွေးစေတဲ့ ဆရာမ ခင်ခင်ထူးကိုလဲ ကျေးဇူး တင်မိပါတယ်။ ဆရာ နေ၀င်း မြင့် ဟောပြောတဲ့ နေ့က.........ဒါဟာ မြန်မာပဲ လို့ တွေးမိသလို.. ဆရာမ ဟောပြောချိန်မှာလဲ အညာကို လွမ်းစိတ်၊ မြန်မာ့ဓလေ့ကို ပိုတန်ဖိုးထားမိစိတ် ဖြစ်ရပါတယ်။

ဒုတိယအကြိမ် စာပေဟောပြောပွဲ
ပထမအကြိမ် စာပေဟောပြောပွဲ

Sunday, April 24, 2011

တယ်လီဖုန်းသံ

ကိုယ် တယ်လီဖုန်းသံတွေကို ကြောက်ရွံ့တဲ့ ရောဂါကို ဘယ်တုန်းက စရခဲ့ပါလိမ့်။ ဖုန်းမြည်လာရင် နံပါတ်ကို သေသေချာချာကြည့် မြန်မာနိုင်ငံရဲ့ နံပါတ် ကုဒ် မပေါ်မှ သက်ပြင်းကို ရဲရဲချပြီး ဖုန်းကိုင်ရဲသည်။ အကြောင်းကြောင်းကြောင့်များ မြန်မာပြည် နံပါတ်ဖြစ်နေတဲ့အပြင် ဟိုဘက်က ချသွားလို့ missed call ဖြစ်သွားတဲ့အခါ ကိုယ့်နှလုံး ခုန်သံကို ကိုယ်တိုင် ပြန်ကြားနေရတယ်။ ပြန်ခေါ်လို့ ဟိုဘက်က မကိုင်သေးရင် ဒါမှမဟုတ် လိုင်းမအားရင် ငိုချင်သလို ရင်ထဲမှာ အရမ်းဝမ်းနည်းလာတတ်တယ်။ မဟုတ်နိုင်ဘူး၊ မနေ့ကတင် အိမ်နဲ့ ဖုန်းပြောထားတယ်။ ဘယ်သူမှ ဘာမှ မဖြစ်ဘူးလို့ စိတ်ထဲက တဖွဖွ ရွတ်ရင်း လိုင်းဝင်သွားမဲ့အသံကို ရင်ဖိုစွာနဲ့ နားစွင့်ရတယ်။ ဟိုဘက်က တယောက်ယောက် လာကိုင်လို့ အသံက အေးအေးဆေးဆေး ဖြစ်နေ မှသာ ကိုယ် ပုံမှန်ပြန်ဖြစ်ရတယ်။ တကယ်ပါပဲ။ ဒီလို ဖုန်းခေါ်သံမျိုးသာ တနေ့မှာ ၃ ကြိမ်ရရင် ကိုယ် နှလုံး ရပ်လို့ သေဆုံးသွားနိုင်တယ်။

Friday, April 22, 2011

အတိတ် ခြေရာ

အတိတ်ခြေရာ.
တီ.. တီ.. တီ.. 
အချက်ပေးသံလို.. ကားဟွန်းတီးသံလိုလို.....အသံသဲ့သဲ့ နားထဲကို အဆက်မပြတ် တိုးဝင်လာတော့.. သွယ့်  စိတ်ထဲ မြန်မာပြည် ပြန်ရောက်နေသလိုလို....၊။ ဟင် မဟုတ်သေးပါဘူး. ငါ အခု စင်္ကာပူမှာပဲ။ အသိ တိုးဝင်လာပေမဲ့ ၃ ရက်လောက် အိပ်ရေး ဆက်တိုက် ပျက်ထားတဲ့ မျက်လုံးတွေက မဖွင့်ချင်သေး။ ကုတင်ဘေးက စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို မမှီမကမ်း လှမ်းဆွဲပြီး... 
`ဟလို...........'
'ဟလို......ကျွန်တော် သွယ်နှင်းဆီနဲ့ ပြောချင်လို့ပါ ခင်ဗျာ..'
ဟင်. ဒီအသံ ငါ သိနေသလိုပဲ.. .သွယ် အိပ်ရာမှ ထထိုင်ရင်း..
'ဟုတ်ပါတယ်.. ကျွန်မ သွယ်နှင်းဆီပါ.. အခုပြောနေတာက ....'
  'ဟဲ့ မိသွယ်.. ငါပါဟ.. ကိုလတ်...'
'ဟယ်..........ကိုလတ်.. ..'
သွယ် ရုတ်တရက် ပျော်သွားတဲ့ စိတ်နဲ့ ဘာဆက်ပြောရမှန်း မသိ.. 
'ဟုတ်ပါ့ဗျာ.. ကျွန်တော် ကိုလတ်ပါ.. '
'နင် အခု ဘယ်ရောက်နေတာလဲ ဟင်..စင်္ကာပူမှာလား..'
'ဟား ဟား.. အိပ်ချင်မူးတူးနဲ့ မိသွယ်ရယ်.. နံပါတ်လေး ဘာလေးလဲ ကြည့်ပါအုန်းဟဲ့.. ငါ အခုပဲ စင်္ကာပူရောက်တယ်.. ရောက်ရောက်ချင်း နင့်ဆီ ဆက်လိုက်တာပဲ။'
ဟင်.. ဒါဆို.. ကိုလတ် ဘာမှ မဖြစ်ဘူးပေါ့။ AIDS ဖြစ်နေတယ်ဆိုတဲ့ သတင်းက မမှန်ဘူးပေါ့။ သွယ် ရင်ထဲ ရုတ်တရက် တိုးဝင်လာတဲ့ အပျော်လှိုင်းနဲ့..
'နင်.. ဘာလာလုပ်တာလဲ ဟင်.. ကိုလတ်.. ဟိုရောဂါ.. '..သွယ် စကားကို ဘယ်လိုဆက်ရမှန်း မသိ။ ဒီလို မေးခွန်းဆိုတာ တိုက်ရိုက်မေးလို့ ရတဲ့ အရာမျိုးတော့ မဟုတ်ဘူးလေ။ ကိုလတ်ကတော့ သူမ မေးရခက်နေတာကို သဘောကျနေပုံနဲ့ တဟားဟား အော်ရီရင်း..
‘အော်.. စင်္ကာပူမှာနေတဲ့ နင့်ဆီတောင် ဒီသတင်းရောက်တယ်ပေါ့.. အလကားပါဟာ.. တကယ်ဆိုရင် ငါ အခု ဒီနိုင်ငံကို ရောက်လာပါ့မလားဟ’..
‘အေးပါ.. ကိုလတ်ရယ်.. ငါဝမ်းသာလိုက်တာ ဘာပြောရမှန်းတောင် မသိဘူး။ အခု နင်ဘယ်မှာ တည်းမှာလဲဟင်.. လာတာရော တယောက်ထဲလား..’
‘အေး လာတာတော့ တယောက်ထဲပဲ။ အခု ငါ့ ကာစင် လာကြိုတယ်.. သူပြောတာတော့ နင် နေတဲ့ နေရာနဲ့ သူနေတဲ့ နေရာ မဝေးဘူးတဲ့။ ငါ အထုတ်တွေ ထားပြီးရင် နင့်ကို လာတွေ့မယ်။ နင် ၁ နာရီလောက်တော့ ငါ့ကို အချိန် ပေးနိုင်တယ်မှလား။’
‘အေး လာခဲ့ အခု ငါ အိမ်မှာ..နင် အခု ဘာနဲ့လာနေတာလဲ။ ငါ ဘယ်နားမှာ နင့်ကို လာစောင့်ရမလဲ။ နင်လာတတ်လို့လား။’
‘စိတ်မပူပါနဲ့ မိသွယ်ရယ်.. ဒီမှာ ငါ့ညီ ပါပါတယ်။ သူ့ကို နင့်အိမ်နားထိ လိုက်ပို့ခိုင်းလိုက်မယ်။ နင့် လိပ်စာ အတိအကျ ငါ့မှာ ရှိတယ်။ ဒါဆို ဒါပဲ။။ ဖုန်းချလိုက်တော့မယ်။ အခု Taxi ရပြီ။’
‘အိုကေ.. ဒါဆို နောက်မှ တွေ့မယ်။ ကိုလတ်’
ဟင်း.. ကိုလတ်စုတ်……ဒါက အသေအချာ ကိုလတ်ပဲ။ သွယ့်ကိုဆိုရင် နဲနဲလေးတော့ ခနဲ့ လိုက်ရမှ.. စိတ်ထဲမှာ ၀မ်းသာတဲ့ စိတ်နဲ့ ရင်ခုန်တဲ့ စိတ် ဘယ်ဟာက ပိုများသလဲ သွယ် ကိုယ်တိုင်လဲ မဝေခွဲနိုင်။ သွယ်နဲ့ ကိုလတ် နောက်ဆုံးတွေ့တာ ဘယ်တုန်းကပါလိမ့်.. သွယ် စင်္ကာပူ ထွက်လာတဲ့နေ့က နောက်ဆုံးတွေ့ခဲ့တာဆိုတော့.. ၂၀၀၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်။ အဲဒီနောက် မြန်မာပြည်ကို အလည်ပြန်ခိုက် ကိုလတ် မသိအောင် ကိုလတ်တို့ အိမ်ရှေ့မှာ ကြံရည် သောက်ရင်း သွားကြည့်ခဲ့တာက.. ၂၀၀၅ ခုနှစ် မေလ ၂၀ ရက်နေ့။..
အခု ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်ဆိုတော့ ကိုလတ်ကို မတွေ့ရတာ ၈ လ နဲ့ ၁ ရက်။ ကိုလတ် ဘာတွေ ပြောင်းလဲ သွားမှာပါလိမ့်။ အတွေးတွေနဲ့အတူ သွယ် ကုတင်ကနေ နာရီ လှမ်းကြည့်လိုက်တော့ ၁ နာရီ ၁၅ မိနစ်.. အင်း စင်္ကာပူ အရှေ့ဖျား လေဆိပ်ကနေ ကိုယ်နေတဲ့ စင်္ကာပူ အနောက်ဖျား Poinner ကို ရောက်ဖို့ဆိုရင် ၄၅ မိနစ် အသာလေးပဲ။ သွယ် ရေချိုးချိန် ရသေးတယ်။
ရေမိုးချိုး.. သနပ်ခါး လိမ်းပြီးတဲ့ထိ.. ကိုလတ်က ရောက်မလာသေး။ သွယ့် ဆံပင်က ပုခုံးထောက်ရုံတင်။ အရင် ခါးလည်ထိ ဆံပင်ရှည်ထားတုန်းက နင် မညှပ်နဲ့နော်လို့ ကိုလတ်က တဖွဖွ ပြောခဲ့တာ။ အခု သူမ ဆံပင် အတိုကို မြင်ရင် ကိုလတ် ဘာပြောမှာပါလိမ့်။ အေးလေ.. သူမ ဘယ်လို ပုံရှိတယ်ဆိုတာ ကိုလတ်က ဂရုစိုက်သေးရင်ပေါ့။
အခု ကိုလတ်က သူမကို ဘယ်လို ပုံစံနဲ့ လာတွေ့မှာလဲ။ ဖုန်းထဲက အသံကို နားထောင်ရတာတော့ သူငယ်တန်းကနေ ၁၀ တန်းအထိ ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းကို လာတွေ့တဲ့ အသံမျိုး။
သွယ့်ဘက်ကရော………..ကိုလတ်ကို သိပ်ချစ်ခဲ့တာ မှန်ပေမဲ့ ကိုလတ် ရောဂါနဲ့ လဲနေတယ် ကြားတော့ သတင်းမေးတောင် သွားဖြစ်ခဲ့လို့လား။ ကိုလတ် မသိအောင် သူတို့ အိမ်ရှေ့မှာ အသာသွားကြည့်ပြီး လှည့်ပြန်ဖြစ်ခဲ့တာပဲမှလား။ တကယ်တော့ ကိုလတ်နဲ့ သွယ်ဟာ ဘယ်တုန်းကမှ တရားဝင် ချစ်သူတွေ မဖြစ်ခဲ့ကြပါဘူး။ ချစ်သူလို့ အဓိပ္ပာယ်ရစေတဲ့ စကားတချို့ကို ပြောဖြစ်ခဲ့တာက လွဲရင်ပေါ့။
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ထက် ပိုတဲ့ အချစ်မျိုးနဲ့ ကိုလတ်ကို ချစ်မိနေခဲ့တာလား.. အတန်းထဲမှာ၊ ကျောင်းမှာ နံမည် သိပ်ကြီးတဲ့ မင်းသားချောလေး တယောက်မို့ စိတ် ကစား မိခဲ့တာလား မသေချာခင် ကိုလတ်က သွယ်တို့မြို့ကလေးကနေ ရန်ကုန် မြို့ကြီးမှာ ၁၀ တန်းကို ဘော်ဒါ သွားနေခဲ့တာ။ ရန်ကုန်ကနေ လစဉ်လတိုင်း ဘော်ဒါက သင်သမျှကို မိတ္တူဆွဲပြီး ပို့ပေးခဲ့တာ သွယ့်ကို သူငယ်ချင်း တယောက်အနေနဲ့ ထူးချွန်စေချင်လို့လား၊ ဒါမှ မဟုတ် သွယ့်ကို ချစ်ခဲ့လို့လားဆိုတာ ကိုလတ်မှပဲ သိမှာ မဟုတ်လား။ ကိုလတ် ပို့ပေးလိုက်တဲ့ စာရွက်တွေကို လစဉ် အိမ်ကို လာပို့ပေးတဲ့ သူငယ်ချင်း နိုင်ထွန်းကတော့ အဖြူရောင် သူငယ်ချင်း သီချင်းကို ခပ်ညည်းညည်းဆိုရင်း သွယ့်ကို အမြဲ စနေခဲ့တာ။ သူ စတိုင်းတော့ သွယ် ကြည်နူးခဲ့မိတာ အမှန်ပဲလေ။
အဲဒီ ကြည်နူးမှု မှန်သမျှကို ရှက်စိတ်နဲ့ မျိုသိပ်ခဲ့ရတာတော့ ဆယ်တန်းအောင်စာရင်း ထွက်ပြီး ချိန်မှာပါပဲ။
သွယ် ၁၀ တန်းမှာ ဂုဏ်ထူး ၃ ဘာသာ ရခဲ့တာ၊ အမှတ်စာရင်းတွေ ထွက်လာတော့ အမှတ်အများဆုံး ရခဲ့တာတွေ အတွက်.. နယ်မြို့လေး တမြို့မှာတော့ သွယ်ဟာ နံမည်ကြီး မင်း သမီး တလက် ဖြစ်ခဲ့ရတယ်။ စာကျက်ဝိုင်း ငှားချင်သူတွေ ၀ိုင်းဝိုင်းလည်နဲ့ ငွေတွေ ၀င်နေချိန်မှာ တော့ သွယ် အဲဒီအောင်မြင်မှုအတွက် သာယာခဲ့ မိတာ အမှန်ပဲ။ ဒါပေမဲ့ သူငယ်ချင်းတွေ ဆုံဖြစ် တိုင်းမှာ.. အဲဒီ ၀ိုင်းတွေကို ကိုလတ် မလာခဲ့ဘူး။ ရန်ကုန်မှာပဲ သင်တန်းတွေ ဆက်တက်နေတယ် ဆိုတဲ့ သတင်းကလွဲရင် ကိုလတ်.. သွယ့်ဆီကို စာလဲ မရေးခဲ့သလို ဖုန်းလဲ မဆက်ခဲ့ဘူး။ ၁၀ တန်းမှာ ဂုဏ်ထူး တခုပဲ ပါလို့ ကိုလတ် စိတ်ညစ်နေတယ်လို့ ကြားတော့လဲ အချိန်တန်ရင် ပြန်လာမှာလို့ပဲ ထင်ခဲ့မိတယ်။
တကယ်တော့ ကိုလတ် ပြန်လာခဲ့ပါတယ်။ သွယ့်ဆီကိုပဲ မလာခဲ့တာ မှလား။ ဒါကို သေသေချာချာ သိလိုက်ရတာက ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့။
သွယ်နဲ့ ကိုလတ် .. ညီမလေးတွေကို ကြိုရင်း ကျောင်းမှာ ဆုံဖြစ်ကြတယ်။ သွယ့် ညီမလေးနဲ့ ကိုလတ် ညီမလေးက အတန်းတူတွေလေ။ အဲဒီနေ့က ကိုလတ်က အကျီ အပြာရောင် အစင်းကြားလေးကို ၀တ်လို့။ သွယ့် ဆိုင်ကယ် ဘေးနားကို ထိုးရပ်လိုက်တော့.. ပထမ အံ့သြ ၀မ်းသာ သွားခဲ့မိတယ်။
‘ကိုလတ်……….နင် ပြန်ရောက်နေတာလား’
‘ဟုတ်ပါ့…ဆရာမကြီးရယ်……..ပြန်ရောက်နေပါတယ်။ ဂုဏ်ထူးနဲတဲ့ မျက်နှာမွဲဆိုတော့ သူငယ်ချင်းတွေကြား မလာဝံ့လို့ ရှောင်နေရတာပါ’………
ကိုလတ် စကားသံတွေကြားတော့ သွယ် တော်တော်လေး စိတ်ဆိုးမိတယ်။ အဲဒီနေ့က သွယ်နဲ့ ကိုလတ် စကားအခြေအတင် ဖြစ်ကြတယ်။ သွယ်လဲ ငိုမိတယ်။ ကိုလတ်လဲ စိတ်ဆိုးတယ်။ ညီမတွေ ကျောင်းအဆင်းကိုတောင် မစောင့်ပဲ ကိုလတ် ပြန်သွားခဲ့တယ်။ အဲဒါ သွယ်နဲ့ ကိုလတ်ရဲ့ နောက်ဆုံး တွေ့ခြင်းလို့ ထင်ခဲ့မိပေမဲ့.. မဖြစ်ခဲ့ဘူး။
ဘာလို့လဲဆိုတော့ ………နိုင်ထွန်းဆိုတဲ့ သူငယ်ချင်း ကြောင့်ပေါ့။ နောက် ၃ ရက် အကြာ သွယ် မန္တလေး ကို ကျောင်းသွားတက်ရမယ်ဆိုတော့ နိုင်ထွန်း အိမ်ကို ရောက်လာခဲ့တယ်။ ကိုလတ် ပေးခိုင်းလိုက်တယ်ဆိုတဲ့…………အဲဒီအချိန်က နံမည် သိပ်ကြီးနေတဲ့ အဖြူရောင် သူငယ်ချင်း အခွေလေးရယ်.. စာလေး တစောင်ရယ်နဲ့ အတူပေါ့။ စာထဲမှာက……….
‘အမြင့်ဆုံးကို…………ပျံအုန်း ငှက်ငယ်လေးရယ်…….’ တဲ့..
ဒီစကားလုံးလေး ၁၀ လုံးပဲပါတဲ့ စာလေးကို နိုင်ထွန်း ဘာသာပြန်တာတော့ အများကြီးပေါ့။ ဒါတွေက တကယ်ပဲ ကိုလတ်ရဲ့ ခံစားချက်အမှန်တွေပဲလားဆိုတာ နိုင်ထွန်းနဲ့ ကိုလတ်ပဲ သိမှာပါ။ သွယ်ကတော့ ရင်ခုန်ခဲ့ပါတယ်။ အဲဒီနောက်တော့ သွယ် မန္တလေးမှာ ကျောင်းတက်နေတုန်း ကိုလတ်ဆီက စာတွေ လစဉ် လာခဲ့တယ်။ အဆောင်မှာ ကျောင်းမှာ…….သွယ်ဟာ ရည်းစား ရှိတယ်လို့ အထင်ခံရတဲ့ အထိပေါ့။ ဖုန်းတော့ မဆက်လာခဲ့ဘူး။ စာ တစောင်ဟာ ၅ မျက်နှာ ၆ မျက်နှာ ရှိတယ်။ စာထဲမှာ ကိုလတ် ရန်ကုန်မှာ ကျောင်းတက်ဖြစ်တဲ့ အကြောင်း.. သွယ်တက်တဲ့ ကျောင်းကို မရပေမဲ့ သူလဲ diploma တက်ရင်း အမှီလိုက်နေတယ်ဆိုတဲ့ အကြောင်း.. သွယ် ဆံပင်ရှည်ထားဖို့ အကြောင်းကတော့ စာတိုင်းမှာ ပါတတ်တယ်။
အစပိုင်းမှာ သွယ် လစဉ် စာပြန်ဖြစ်ခဲ့ပေမဲ့….နောက်ပိုင်းမှာ သွယ် စာရေးကျဲခဲ့တယ်။ ဒါဟာလဲ မိန်းကလေး တယောက်ရဲ့ မာနပေါ့ ကိုလတ်ရယ်။ ရည်းစားစကားအပြောမခံရပဲနဲ့ ရည်းစားလို ဆက်ဆံခံရတယ်ဆိုတဲ့ အတွေး ၀င်လာတိုင်း ကိုယ့်ဘ၀ကို ရှက်ခဲ့မိတယ်။ ဒါပေမဲ့ သွယ် စကော်လားရှစ် ရလို့ စင်္ကာပူမှာ ကျောင်းတက်ရမယ်ဆိုတော့ မိဘတွေပြီးရင် ဖွင့်ပြောဖြစ်ခဲ့တာ ကိုလတ်ကိုပါ။ နိုင်ငံခြားသွားဖို့ အလုပ်တွေ ရှုပ်နေတဲ့ ကြားက ကိုလတ်ဆီကို စာလှမ်းရေးခဲ့တယ်။ အဲဒီအတွက် ပြန်စာဆိုရင် ကြာနေမှာဆိုးလို့ ဖုန်းဆက်ရမဲ့ နံပါတ်၊ ရန်ကုန်ရောက်မဲ့ နေ့၊ စင်္ကာပူကို ထွက်မဲ့နေ့..တိတိကျကျ ရေးပေးခဲ့တယ်။ ဒါပေမဲ့ ကိုလတ် စာမပြန်ခဲ့ဘူး။ ဖုန်းမခေါ်ခဲ့ဘူး။ လူကိုယ်တိုင်လဲ လာမတွေ့ခဲ့ဘူး။ ရန်ကုန်ရောက်တော့ ကိုလတ် တတ်တယ်ဆိုတဲ့ ကျောင်းကို ရောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုရှာရမလဲ။ နယ်က လူတယောက်အတွက်တော့ ရန်ကုန်ဆိုတာ အဲဒီအချိန်က အပြောကျယ်တဲ့ ပင်လယ်ကြီးတခုပါပဲ။
တွေ့မဲ့တွေ့တော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ… စင်္ကာပူကို ထွက်မဲ့နေ့မှာ ဆုံကြတယ်။ ကိုလတ်နဲ့အတူ နောက်ထပ် သူငယ်ချင်းတယောက်လဲ ပါတယ်။ သွယ့်ကို လိုက်ပို့တာလို့ ထင်မိပေမဲ့ ကိုလတ်ပြောတာက သူ့ညီကို လာကြိုတာတဲ့။ သွယ် တော်တော်လေး ရှက်ရွံ့နာကျည်းခဲ့မိတယ်။ မိဘတွေ ဆွေမျိုးတွေ ရှေ့မို့ ဟန်ဆောင် တင်းထားရပေမဲ့ ကိုလတ် ကို ရင့်ရင့် သီးသီး တခုခု ပြောချင်မိတယ်။ ဒါပေမဲ့ ဘာအတွက် ပြောရမှာလဲ။ ကိုလတ်က သွယ့်ရဲ့ ချစ်သူလဲ မဟုတ်၊ ရည်းစားလဲ မဟုတ်။ စာရေးဖော် သူငယ်ချင်းသာ ဖြစ်ခဲ့တာမှလား။ ဒါပေမဲ့ အဲ့နေ့က ကိုလတ် မျက်နှာ မကောင်းတာ.. ကိုလတ် ပိန်သွားတာတွေကိုလဲ နာကျည်းနေတဲ့ကြားက သတိထားခဲ့မိတယ်။

၂၀၀၅ ခုနှစ်……သွယ် မာစတာ ဆက်မတတ်ခင် အိမ်ခနပြန်တော့ ကိုလတ် သတင်းတွေက မဟုတ်တော့ဘူး။ သွယ့်ညီမလေးက ကိုလတ်.. AIDS ဖြစ်နေတယ်လို့ ပြောတော့ သွယ်မယုံခဲ့ဘူး။ နိုင်ထွန်းကို မေးတော့ ငါလဲ မသိပါဘူးဆိုတာကလွဲရင် ဘာမှ မေးမရခဲ့ဘူး။ ဒါနဲ့ ဖေဖေ့ကို သွယ် မေးခဲ့မိတယ်။ ကိုလတ် ဖေဖေနဲ့ သွယ့် ဖေဖေဟာ လုပ်ငန်းသဘောအရ မရင်းနှီးပေမဲ့ တဆင့်ခံတွေနဲ့ သိနေကြတယ်မှလား။ ..
‘အင်း……… ဟုတ်မယ် ထင်တယ် သမီးရဲ့.. သူတို့ တရုတ်ဆေးတွေနဲ့လဲ ကုနေတယ် ကြားတယ်။ ဦးစိုးမင်းလတ်တို့ကတော့ သွေးဝမ်းသွားတယ်လို့ သတင်း လွှင့်ထားတာပဲ။ ဒါပေမဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို ပေးမတွေ့ဘူးဆိုတော့ ..၉၀ ရာနှုန်းလို့ ပြောရမှာပဲ။ ကောင်လေးက ရန်ကုန်မှာ တော်တော်လေး ပျက်စီးသွားတယ် ကြားတယ်’…
သွယ် ၀န်ခံပါတယ်။ သွယ် တုန်လှုပ်ခဲ့မိတယ်။.. ကိုလတ်ကို အရမ်းတွေ့ချင်ခဲ့ပေမဲ့ ကိုလတ်တို့ အိမ်ကို မ၀င်ချင်ခဲ့ဘူး။ ဘာကိုမှန်း မသိ.. သွယ် လန့်နေမိတယ်။ ဒီရောဂါဖြစ်နေတဲ့ လူနဲ့ မပတ်သတ်ချင်တာလား၊ သွယ့်အပေါ်မှာ မညှာခဲ့တဲ့ ကိုလတ်ကို နာကျည်းနေလို့လား သွယ်လဲ မသိတော့ပါဘူး။ ဒါပေမဲ့ ကိုလတ်တို့ အိမ်ရှေ့ကို နေ့တိုင်းလို ရောက်ဖြစ်ခဲ့တယ်။ ကိုလတ်တို့ အိမ်နဲ့ မျက်စောင်းထိုးက ကြံရည်ဆိုင်မှာ နေ့တိုင်းလို အချိန်ဖြုန်းဖြစ်ခဲ့တာ မပြန်ခင် နောက်ဆုံး နေ့ အထိပေါ့။
အင်းလေ……အဲဒီ နောက်ဆုံးနေ့က……ကိုလတ်…သွယ့်ကို တွေ့ခဲ့တယ် မဟုတ်လား။ အိမ်ရှေ့ကို ထွက်လာတဲ့ ကိုလတ်..ကြံရည်ဆိုင်ထဲကို လှမ်းကြည့်လိုက်တဲ့ အချိန်…….. သွယ်က လည်ပြန်ပြီး ကိုလတ်တို့ အိမ်ဘက်ကို ကြည့်တဲ့ အချိန် မျက်လုံးချင်း ဆုံခဲ့တာပဲမှာလား။ ပိန်ပြီး အရပ်တွေ ရှည်ထွက်နေတဲ့ ကိုလတ်ကို သွယ်က မယုံကြည်တဲ့ စိတ်နဲ့ ငေးအကြည့်..ကိုလတ်က ချာခနဲ အိမ်ထဲကို လှည့်ဝင်သွားခဲ့တာလေ…..
အခုတော့ သွယ်ရှိရာ…….စင်္ကာပူကို ကိုလတ် ရောက်လာခဲ့ပြီ။ သွယ်တို့ ၂ ယောက်ချစ်သူ တွေလို ဆုံရမှာလား………သူငယ်ချင်းလို့ ဆုံရမှာလား……….
တီ………တီ ………………တီ ………တီ……..
ဟော……….ကိုလတ် လာပြီ။………….
‘ဟဲ့……..မိသွယ်…..နေ့ခင်းကြောင်တောင်ကြီး အိပ်နေလိုက်တာဟယ်…ဖုန်းမြည်နေတာကို မနိုးဘူး။..’
‘ဟင်…….မမခင်……….ကိုလတ်ရော…’
‘ဟဲ့…ဘယ်က ကိုလတ်လဲ……….နင် အိမ်မက်ယောင်နေတာလား…….ဘယ်က ကိုလတ်မှ မရှိဘူး.. ငါ..နင့် အခန်းဖော်..မိခင်မြတ်နိုး..’..
ဟင်……….ဒါဆို..သွယ် အိမ်မက် မက်နေခဲ့တာလား.. ကိုလတ်က သွယ့်ဆီကို မလာခဲ့ဘူးပေါ့။ စင်္ကာပူမှာ ကိုလတ် ရောက်နေတယ်ဆိုတာလဲ မဟုတ်ဘူးပေါ့……. သွယ့် တကိုယ်လုံး အားအင်တွေ ဆုတ်ယုတ်သွားခဲ့ရတယ်……..
အဲဒီထက် ပိုဆိုးစေခဲ့တာကတော့……….သွယ် အဲဒီနေ့ခင်း အိမ်မက်ကို မက်ပြီး ၁ လ အကြာ ရောက်လာတဲ့ နိုင်ထွန်းစာပါပဲ။ စာထဲမှာတော……..
‘မိသွယ်…………နင် စိတ်မကောင်းလဲ မဖြစ်နဲ့။ ဒါဟာ ငါတို့ မျှော်လင့်ထားတဲ့ အခြေအနေတခုပဲ .. ကိုလတ် ပြီးခဲ့တဲ့လ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီ မှာ ဆုံးသွားတယ်..အခြေအနေ အဲလောက်ဆိုးနေတာ ငါတို့လဲ မသိကြဘူး။ ၂၀ ရက်နေ့ကထဲက မျောနေခဲ့တာတဲ့။ ၂၀ ရက်နေ့ညက ငါ ဒီကောင့်ကို အိမ်မက် မက်တယ်။ ဒါနဲ့ နောက်နေ့ သူတို့ အိမ်ဘက် သွားကြည့်တော့ အသုဘ ပြင်ထားတာ တွေ့ရတာပဲ။ ဒီကောင် ဆုံးခါနီးမှာ သူငယ်ချင်းတွေကို တသွားတယ်လို့ ယူဆရတယ်.. သူ့မိဘတွေကို ငါမုန်းတယ်။ ခေတ် ပညာတတ်တွေ ဖြစ်ပါလျက်နဲ့……… မရှက်သင့်တာကို ရှက်ပြီး ကိုလတ်ကို အိမ်တွင်းပုန်း စေခဲ့တာ ကိုလတ် မြန်မြန် သေဖို့ ဖြစ်သွားခဲ့တယ်လို့ ငါထင်တယ်။ ငါတို့ သူငယ်ချင်းတွေ စုပြီး ကိုလတ်အတွက် ဘုရားမှာ ကုသိုလ်လုပ်ဖြစ်တယ်။ နင်လဲ သာဓု ခေါ်ပါ. ကိုလတ် အတွက်လဲ အမျှဝေပါ……..နင့် အမျှဝေသံကြားရင်……….ကိုလတ် ကျွတ်မှာပါ….
သတိရခြင်းများစွာဖြင့်
နိုင်ထွန်း…’
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~