ဆရာမဂျူးရဲ့ ရှားရှားပါးပါး သိပ်မအောင်မြင်တဲ့ စာအုပ်တအုပ်ကို ပြောပါဆိုရင် နံရံ၏ အခြားတဖက် ကို ညွှန်ပြ ရမယ် ထင်ပါတယ်။ ကျွန်မသိသလောက် လူအများစုရဲ့ ဝေဖန်ခြင်း (သို့) ချီးမြှင့်ခြင်းက ကင်းလွတ် သလောက် ရှိတဲ့ စာအုပ်ဖြစ်မယ် ထင်ပါရဲ့။
ဆရာမ ဂျူးဟာ ဒီစာအုပ်ကို ဘယ်အချိန်မှာ ရေးခဲ့သလဲ။ သူ့အမေဆုံးပါးခြင်းနဲ့ ဒီ စာအုပ်က ပတ်သတ်မှု ရှိသလား မသေချာပေမဲ့ ကျွန်မကတော့ ဒီစာအုပ်ကို အမေဆုံးပြီး ၃ နှစ် ပြည့်ခါနီး အချိန်မှာ ဖတ်ဖြစ် ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးပြီးချင်း ရင်ထဲမှာ ၀မ်းနည်းတာလို မွန်းကြပ်တာလိုနဲ့ ကံကြမ္မာကို အရှုံးပေး သွားရတဲ့ ဇာတ်ကောင်တယောက်အတွက် မခံချင်ဖြစ်မိခဲ့တယ်။ တဖက်ကတော့လဲ ဒီစာအုပ်ကြောင့်ပဲ အမေ့အတွက် ကိုယ့်ကိုယ်ကို တင်မိနေတဲ့ နောင်တတရားတွေကို အတိုင်းအတာတခုအထိ ဖြေသိမ့်နိုင် ခဲ့တယ်။ လူတဦး အတွက် ဘ၀ဇာတ်ဆရာက အချိန်တခုကို သတ်မှတ်ပေးခဲ့ပြီးသားလို့ တွေးလိုက်တဲ့အခါ အမေဆုံးပါးသွားတာ ကိုယ်တွေရဲ့ ညံ့ဖျင်းမှုကြောင့် တာဝန်မကျေပွန်မှုကြောင့်ဆိုတဲ့ အတွေးကနေ ခနတာ ရုန်းထွက်နိုင်ခဲ့တယ်။
ဒီနေ့ အမေဆုံးတာ ၅ နှစ်ပြည့်ဖို့ ၆ ရက် အလို။
လွန်ခဲ့တဲ့ ၅ နှစ်က ဒီအချိန်မှာ ကျွန်မဘာလုပ်နေခဲ့တယ် ဆိုတာ အတိအကျ မမှတ်မိတော့ပေမဲ့ သေချာတာ တခုကတော့ ၆ ရက်လောက်အတွင်းမှာ အမေ့ကို ဆုံးရှုံးရ မယ်ဆိုတဲ့ အတွေးကို ရေးရေးတောင် မတွေးခဲ့မိ တာတော့ အသေအချာပဲ။ ၂၀၀၄ ကစလို့ ကျန်းမာရေး ချို့ယွင်းလာတဲ့ အမေ့အတွက် စိတ်ပူပန်ခဲ့မိတယ် ဆိုပေမဲ့ ဆီးချိုဆိုတဲ့ ရောဂါဟာ လူတယောက် ကို သေစေနိုင်တဲ့ရောဂါ မဟုတ်ဘူးလို့လဲ မသိစိတ်က အခိုင်အမာ ယုံကြည်ခဲ့မိတယ်။ ကံကြမ္မာဟာ မမြင်နိုင်တဲ့နေရာကနေ လျှပ်တပြတ် တိုက်ခိုက်နိုင်ပါလားလို့ မတွေးမိသေးတဲ့ အချိန်လဲ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ အမေ့ကို ဆုံးရှုံးခဲ့ရ တယ်။ မျက်စိတမှိတ် လျှပ်တပြက် အတွင်း ပြုစု ယုယခွင့် မရပဲ အမေ့ကို သေမင်းလက်ကို ၀ကွက်အပ်ခဲ့ရ တယ်။
သေဆုံးခြင်းဆိုတဲ့ နံရံကြီးရဲ့ တဖက်မှာ ဘာတွေ ရှိသလဲ ကျွန်မတို့ မသိနိုင်ပါဘူးလေ။ တနေ့ အားလုံး သွားရမဲ့ လမ်းဆိုပေမဲ့လဲ အမေသွားဖို့ စောနေသေးတယ်လို့ တွေးမိတဲ့အခါ ၀မ်းနည်းနာကျင်မှုတွေက ရင်ထဲကို တိုးဝင်လာတတ်တယ်။လူတယောက် သေဆုံးသွားပြီးနောက် ကျန်တဲ့လူတွေက ပူဆွေးကြတယ်၊ ငိုကြွေးကြတယ်။ ဒါပေမဲ့ ဘယ်လောက်ကြာကြာ ပူဆွေးနေနိုင်မှာလဲ။ ဆက်လျှောက်ရမဲ့ လမ်းအသီးသီးမှာ မရပ် မနား ဆက်လျှောက်နေကြရအုန်းမှာပဲမှလား။
တကယ်လို့များ သေဆုံးခြင်းရဲ့နောက်မှာ ဘ၀တခု ပြန်လည်ရှင်သန်ခြင်း ဆိုတာ ရှိခဲ့မယ်ဆိုရင် မေမေ အနေနဲ့ ငြိမ်းချမ်းတဲ့ နောက်ဘ၀တခုကို ပိုင်ဆိုင်နေမယ်လို့ ယုံကြည်ပါတယ် မေမေရယ်။ ဆုတောင်းခြင်း ဆိုတာ သံဓိဌာန်ချခြင်းတမျိုးလို့ ယူဆထားပေမဲ့လဲ ဘ၀မှာ အတ္တကြီးစွာ ဆုတခု တောင်းလို့ရမယ်ဆိုရင် ဒီလို နာကျင်မှုမျိုးကို နောက်ထပ် ဘယ်တော့မှ မခံစားရတဲ့ ဘ၀တခုကို ရချင်ပါတယ်။
No comments:
Post a Comment