Sunday, July 19, 2009

သူရဲကောင်း

ဗိုလ်ချုပ် အောင်ဆန်း ဇာနည်ကျော်
ငယ်ငယ်တုန်းက ထိန်လင်းခေါ်

ပညာတော်လို့ တက္ကသိုလ်သွား
လူရည်ချွန်သည့် ကျောင်းတော်သား

စစ်ပညာများ စုံလင်စွာ

ဗိုလ်တေဇဘွဲ့ ခံလို့လာ

မမေ့နိုင်ပါ တို့ဗိုလ်ချုပ်
တကယ်အလုပ်လုပ်........

လွန်ခဲ့တဲ့ ၂၁ နှစ် ဒီလို နေ့ရက်မှာ ဂါဝန်အသစ်လေးကို ၀တ်ထားတဲ့ ကောင်မလေးဟာ အဖွဲ့တစ်ခုရဲ့ ဦးဆောင်သူ အဖြစ် ဒီကဗျာလေးကို အမူအယာနဲ့ ရေရွတ်ရင်း ကဗျာရွတ် ပြိုင်ပွဲ ၀င်ခဲ့ဖူးတယ်။ အဲဒီ အချိန်တုန်း က ဒီကောင်မလေးရဲ့ ရင်ထဲမှာ သူမဟာ တချိန်မှာ ဗိုလ်ချုပ်ရဲ့ ခြေဖ၀ါးအောက်က ခြေမှုန်လေးတစ်ခုလောက် တော့ တာဝန်ကျေပွန်သူ ဖြစ်လာမယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ဖူး တယ်။ တိကျတဲ့၊ ရိုးသားတဲ့၊ ထက်မြက်တဲ့၊ မဟုတ်ရင် မခံတတ်တဲ့၊ ခြိုးခြံ ချွေတာတတ်တဲ့၊ နိုင်ငံ အပေါ် စေတနာ အပြည့်ထားတဲ့ နိုင်ငံရေး သမား တစ်ယောက် ဖြစ်တဲ့ ဗိုလ်ချုပ်ကို လေးစားစိတ်နဲ့ တချိန်မှာ ငါလဲ နိုင်ငံအတွက် တာဝန်ကျေသူ ဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့ဖူးတယ်။
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။
မိမိ အတန်းကို ကောင်းအောင် ကြိုးစားမည်။
မိမိ ကျောင်းကို ကောင်းအောင် ကြိုးစားမည်။
မိမိ တိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။

ဒီလေးချက်ကို ယုံယုံကြည်ကြည် ရေရွတ်ရင်း မိမိကိုယ်ကို ကောင်းအောင် ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေ ကြုံလာတိုင်း
“မည်သူ မဆို မည်သူမဆို မကူညီသည် ဖြစ်စေ။ မည်သူမဆို မည်သူမဆို ကူညီသည် ဖြစ်စေ ...ရှေ့သို့သာ သွား သောကြာကြယ် အလားလေ။ ဘ၀ဆိုတာများ နောက်မပြန်နဲ့လေ ..”

ဆိုတဲ့ အဖေရဲ့ သီချင်းနဲ့ အားပေးသံကို နားထောင်ပြီး ကြိုးစားခဲ့ဖူးပါတယ်။

အခုတော့ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနေတဲ့ အဆင့်ကနေ မတတ်နိုင်တဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက် မိသလို ၀မ်းလဲ နည်းမိပါတယ်။ ဗိုလ်ချုပ်ရဲ့ ခြေဖ၀ါးက မြူမှုန်မျှလောက်ဖြစ်စေ နိုင်ငံအပေါ် ယုံကြည်စွာ စေတနာ ထား စွမ်းဆောင်နိုင်သူ တစ်ယောက် ဖြစ်ရပါလို၏။

Thursday, July 16, 2009

Love's Unending Legacy

မထင်မှတ်ပဲ..မရည်ရွယ်ပဲ ကြည့်ဖြစ်သွားတဲ့ ရုပ်ရှင်တစ်ကားပဲ။ စာတန်းထိုး မပါတဲ့ TV က လာတဲ့ ရုပ်ရှင်တွေ ကြည့်ဖို့ ကြိုးစားတာ ပထမဆုံး အောင်မြင်သွားတဲ့ ရုပ်ရှင်မို့ မှတ်တမ်းတင်လိုက်ပါတယ်။ ဇာတ်ကားနံမည်က Love's Unending Legacy တဲ့။ အချစ်၏ မပြီးဆုံးသော ဒဏ်ရာ အနာတရ လို့ ဘာသာပြန်ရမလားပဲ။ အချစ်ဆိုတော့ ရုတ်တရက် ၁၅၀၀ အချစ် ဇာတ်လမ်းလို့ ထင်လိုက်သေးတယ်။ ပျင်းစရာ ကောင်းမယ်ထင်တာ။ ဒါပေမဲ့ ကြည့်နေရင်းနဲ့ ကြိုက်သွားတယ်။ အမှန်တော့ ဇာတ်လမ်းက ၅၂၈ အပေါ်မှာ အခြေခံထားတာပါ။ ၁၅၀၀ အချစ်နဲ့ သိပ်မဆိုင်ဘူးရယ်။
ဇာတ်ကားလေးက အမှန်တော့ ရိုးရိုးလေးပါပဲ။ မိဘမဲ့ မောင်နှမ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို ဖွဲ့ထားပါ တယ်။ တောရွာလေး တစ်ခုမှာ ဆရာမ လုပ်နေတဲ့ မင်းသမီးက အမှတ်မထင်ပဲ ဘုရားကျောင်းကို ဖြတ်သွားရင်း ကလေးတွေ မွေးစားဖို့ပေးတဲ့ အခမ်းအနားကို တွေ့တော့ ခန၀င်ထိုင်ပါတယ်။ မွေးစားဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးစားဖို့ ခေါ်သွားကြပြီးနောက် ကလေးလေး နှစ်ယောက် ကျန်ခဲ့ပါတယ်။ မိန်းကလေးက ၁၄ နှစ်ရှိပြီး ယောက်ျားလေးက ၅ နှစ်ပါ။ အခန်းထဲမှာလဲ မွေးစားဖို့ လာရှာတဲ့ လူကြီးတွေက မကျန်တော့ပါဘူး။ ခုနက ဆရာမရယ်၊ နောက်ထပ် အသက်ကြီးကြီး လင်မယားရယ်ပဲ ကျန်တာပါ။ အဲဒီမှာ အသက်ကြီးကြီး လင်မယားရဲ့ ရည်ရွယ်ချက်က ခိုင်းစားဖို့ ရည်ရွယ်ပါတယ်။ အဲဒါမို့ အသက်ကြီးတဲ့ မိန်းကလေးကိုပဲ လိုချင်ပါတယ်။ သူတို့ရဲ့ လေသံနဲ့ အပြုအမူမှာက သိပ်ကို သိသာနေပါတယ်။ မိန်းကလေးကလဲ ကဲကဲဆတ်လေးပါ။ သူ့ မေးစေ့ကို လာကိုင်တဲ့ အဖိုးကြီးကို ခြေထောက်ကနေ ပိတ်ကန် လိုက်ပါတယ်။ အဲဒီမှာတင် ခုနက လင်မယားလဲ ကလေးအငယ် ယောက်ျားလေးကို ခေါ်သွားပါတယ်။ အဲဒီမှာ ဘုရားကျောင်းက ဖာသာက ကလေးလေးကို လိုက်ချင်ရဲ့လားလို့ မေးပါတယ်။ အဲဒီ မေးခွန်းကို မဖြေခင် ကလေးက မိန်းကလေးကို မော့ကြည့်ပါတယ်။ နောက်တော့ လိုက်သွားခဲ့ပါတယ်။ မွေးစားမဲ့သူ မရှိတဲ့ ခုနက မိန်းကလေးနဲ့ ဆရာမပဲ အခန်းထဲ ကျန်ခဲ့ရာကနေ နောက်ဆုံးတော့ ဆရာမကပဲ ကလေးကို မွေးစားဖြစ်သွား ပါတယ်။ ဒါပေမဲ့ ကောင်မလေးက ဂျစ်ကပ်ကပ်လေးပါ။ သူ့ကိုယ်သူ အိမ်သားဆိုတာထက် ခိုင်းဖို့ ခေါ်လာ တယ်လို့ပဲ မြင်နေပါတယ်။ နောက်တော့ ညဘက်တွေ ပျောက်ပျောက်သွားတယ်။ အိမ်က စားစရာတွေလဲ ပျောက်တယ်။ အဲလိုနဲ့ ဆရာမနဲ့ ကောင်မလေး ထိပ်တိုက်တွေ့..မေးတော့လဲ မဖြေ။ ဒါပေမဲ့ တစ်ညတော့ ကောင်မလေးနောက်ကို လိုက်ချောင်းတဲ့ ဆရာမက ကောင်မလေးရဲ့ လျှို့ဝှက်ချက်ကို သိသွားပါတယ်။ အဲဒါ ကတော့ ကောင်မလေးနဲ့ အဖိုးကြီး လင်မယားနောက်ကို ပါသွားတဲ့ ကောင်လေးက မောင်နှမ ဖြစ်နေတာပါ။ နှိပ်စက်ခံနေတဲ့ ကောင်လေးကို သနားတဲ့ အမလုပ်သူက ညဘက်တွေ မုန့်ခိုးပြီး သွားပို့ပေးတာပါ။ ဒီလိုနဲ့ ကောင်လေးကို ပြန်ခေါ်ဖို့ ကြိုးစားကြပါတယ်။ နောက်တော့ ကလေး နှစ်ယောက်က ထွက်ပြေး..တောထဲမှာ လိုက်ရှာ၊ နောက်ဆုံးတော့ ပြန်တွေ့တာနဲ့ နိဂုံးချုပ်သွားပါတယ်။ ဇာတ်ကားမှာ လစ်ဟာချက်တွေ အများကြီး ရှိပေမဲ့ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားပါပဲ။
ဇာတ်သိမ်းပိုင်းကိုတော့ လုံးဝ မကြိုက်ပါ။ ဘုရားသခင်ရဲ့ တန်ခိုးနဲ့ ကလေးတွေကို ပြန်တွေ့တယ် ဆိုတာနဲ့ နိဂုံးချူပ်သွားပါတယ်။ ဒီဇာတ်ကားမှာ အစာမကြေတာက ခိုင်းစားဖို့ မွေးစားမှန်း၊ အကြင်နာမရှိတာ သိသိလျက် နဲ့ ကလေးကို မွေးစားဖို့ ပေးလိုက်တဲ့ ဘုရားကျောင်းက ဖာသာနဲ့ လူကြီးတွေကိုပါ။

Sunday, July 12, 2009

ကိုယ်တိုင် ဖတ်ဖို့ ဂျူးရဲ့ ခံစားရသော စာသားများ

“နင့် အသက်အရွယ်နဲ့ နင့် ပညာအရည်အချင်းက မျှတနေပြီးသားကို နင် ဘာလို့ ဒီလောက် စိတ်လှုပ်ရှား နေရတာလဲ။ အသက် နှစ်ဆယ့် ခုနှစ်နှစ် အရွယ် မိန်းမတစ်ယောက်နဲ့ အသက်လေးဆယ် အရွယ် မိန်းမ တစ်ယောက်ရဲ့ ဗဟုသုတချင်းတော့ ဘယ်တူနိုင်မလဲ။ ဒါကို အားငယ်စရာ မလိုပါဘူး။ ”
“လူတစ်ယောက်အတွက် အခြားလူတစ်ယောက်က နေရာတကာမှာ လိုက်ပြီး ရှေ့ကနေ ကာကွယ်မပေးနိုင်ဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ရမယ်။ကိုယ့်အရည်အချင်းကို သူများက မျက်စိလျှံ မသွားအောင် ချက်ကျ လက်ကျ ပြောတတ်ရမယ်။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ထုတ်ဖော်တတ်ရမယ်။ သူများက ထုတ်ဖော်ပြောပြပေး ဖို့ မမျှော်လင့်နဲ့”
“စံကားဖြူပွင့်က ငါ့အတွက် စိတ်ထိခိုက်စရာ ဖြစ်ပေမဲ့ နင့်အတွက် အိမ်မက်ဆန်တယ်ဆိုရင် ငါ ၀မ်းသာပါတယ်။ တစ်ခုပဲ ရှိတယ်။ အိမ်မက်ကို နှစ်သက်တတ်သူဟာ လက်တွေ့ အမှန်တရားကို တုန်လှုပ်ရတတ်တယ်။”
(မင်းညို...The voice ဂျာနယ်၏ လက်ထောက် အယ်ဒီတာ (သို့) တာဝန်ခံ အယ်ဒီတာ)
“ဘ၀ အတွက်လည်း သိပ်ကြီးကြီးမားမား မမျှော်လင့်ပါဘူး။ ကိုယ် အသက်ရှင်နေတဲ့ ကမ္ဘာမြေကြီးအတွက် မသေခင်မှာ တနည်းနည်းနဲ့ အသုံးတည့်တဲ့သူ၊ အသုံးဝင်တဲ့သူ ဖြစ်နေရင် တော်ပါပြီ”
(ခွန်သာ... အထက်တန်း အောင်၊ မိမိကြောင့် မိခင် အသက်သေဆုံးရသည်ဟူသော နောင်တဖြင့် အသက်ရှင်နေရသူ (သို့) မကျွတ် မလွတ်သေးသော ၀ိညာဉ်)
“ငါက နင့်လို ရည်မှန်းချက်တွေလည်း မကြီးပါဘူး။ လောကကို အများကြီးလည်း မပေးနိုင်ပါဘူး။ လောကဆီ ကလည်း အများကြီး မယူချင်ပါဘူး။ ကိုယ်ချစ်တဲ့သူကိုတော့ ပျော်ရွှင်စေချင်တယ်။ စိတ်ချမ်းသာစေချင်တယ်။ သူစိတ်ချမ်းသာမယ်ဆိုရင် ငါ ဘာပဲလုပ်ရလုပ်ရ လုပ်မယ်။ ဘယ်ကိုပဲ သွားရ သွားရ သွားမယ်။ ငါ့ဘ၀တစ်ခုလုံး သူ့ကို ပေးချင်တယ် ”
(မေဇော်နု...ပြင်သစ်ဘာသာစကား ကျွမ်းကျင်သူ၊ စာကြည့်တိုက်မှုးဖြစ်ရန် ကြိုးပမ်းနေသူ၊ နံမည်ကြီး စာရေးဆရာမတစ်ဦး၏ အတ္ထုပတ္တိကို ရေးရန် အားထုတ်နေသူ)
“ကျွန်တော်လို့အားလုံးဟာ ဘ၀မှာ ရွေးချယ်မှုတွေကို အများကြီး ရင်ဆိုင်ရတယ်။ အဲဒီလို အခါမျိုးမှာ ကျွန်တော်တို့ ပြတ်သားဖို့လိုတယ်။ ဘယ်သူမှ မှားမသွားချင်ကြဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘ၀မှာ ဘာကို တန်ဖိုးအထားဆုံးလဲ။ ဘာကို အဆုံးရှူံး မခံနိုင်ဆုံးလဲ သိထားဖို့လိုလာတယ်။ ကိုယ် အဆုံးအရှူံးမခံနိုင် တဲ့ အခွင့်အရေးတစ်ခုကို ကာကွယ်ဖို့၊ ဆုပ်ကိုင်ဖို့ လိုတယ်။ တစ်ခုကို ဆုပ်ကိုင်ပြီးသွားရင် အခြားတစ်ခုကို စိတ်မညွတ်နေဖို့လဲ အရေးကြီးပြန်ရော”..
“လူတစ်ယောက်ဟာ ဘ၀မှာ အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ်ထူးချွန်ပြောင်မြောက်တဲ့ အလုပ်နဲ့ ၀င်ငွေ ရနေဖို့လည်း လိုတယ်။ ဘ၀ရဲ့ အရသာအတွက် ကိုယ်စိုက်ထူနိုင်တဲ့ မှတ်တိုင်တစ်ခုလည်း လိုတယ်။ ”
“ကျွန်တော်က ယောက်ျားတွေကိုရော၊ မိန်းမတွေကိုရော စံနှုန်းတစ်ခုတည်းနဲ့တိုင်းတယ် မမေဇော်၊ ကျွန်တော့် မှာ ယောက်ျားအတွက် စံနှုန်းက တစ်မျိုး၊ မိန်းမအတွက် စံနှုန်းက တစ်မျိုး မရှိဘူး။ လူသားကျင့်ဝတ် စံနှုန်းပဲပေါ့။ ဖြောင့်မှန်ရမယ်။ ထူးချွန်ရမယ်။ ကိုယ့်ဘေးဝန်းကို အကျိုးပြုရမယ်။ ကိုယ့်ရဲဘော်ရဲဘက်ကို သစ္စာ မဖောက် ရဘူး။ လူတစ်ယောက် နောက်ကျောကို ဓါးနဲ့ထိန်းတဲ့ ကောက်ကျစ်တဲ့ အနိုင်ယူမှုမျိုး ကင်းရမယ်။ အိမ်ထောင်ရေး သစ္စာမြဲရမယ်။”
(ကိုသီဟ.. တက္ကသိုလ်ဆရာ)
(ဂျူး ချစ်သူလား စကား တစ်ပွင့် ပွင့်ခဲ့တယ်.. )
ဆရာမ ဂျူးက အပြင်လောကမှာ အနေအထိုင် ကျစ်လျစ်သူ၊ စကားပြော မသွက်သူ (ခင်သွားရင်တော့ ပြောသတဲ့) အဖြစ် ကိုယ်သိထားပါတယ်။ ဆရာမရဲ့ အနေအထိုင်က ရိုးတယ်။ မိန်းမဆန်တယ်လို့လဲ ကိုယ် နားလည်ထားတယ်။ ဆရာမက ဘယ်လိုလူမျိုးကို သာမာန်မိန်းမ အဖြစ်သတ်မှတ်ထားသလဲ။ အတင်းပြော၊ အလှအပပြင်၊ စိတ်ထားနိမ့်တဲ့ မိန်းမတွေကို သာမာန်မိန်းမ လို့ သတ်မှတ်ထားတာလား။ ဆရာမကို လူတွေက မိန်းမ၀ါဒီ အဖြစ် ပုံဖော်တာ ကိုယ်ခနခန ကြားဖူးတယ်။ ဒါပေမဲ့ ကိုယ်နားမလည်ဘူး။ဆရာမရဲ့ ဇာတ်ကောင်တွေက ထူးချွန်ထက်မြတ်သူတွေဟာ ယောက်ျားလေးတွေ ဖြစ်သလို၊ မိန်းမတွေလဲ ဖြစ်နေတာပဲ။ ကိုယ့်အမြင်မှာတော့ မျှတပါတယ်။

Monday, July 6, 2009

ကျွန်ရုပ်မ

“သမီး မရှိတဲ့နောက် သမီးနဲ့ တူတဲ့ သမီး (သို့) သားလေးတစ်ယောက်လောက် လူ့လောကကြီးထဲမှာ မထားခဲ့ ချင်ဘူးလား” အန်တီရဲ့မေးခွန်းကို ကျွန်မ ခပ်ပြုံးပြုံးပဲ ခေါင်းခါပြလိုက်တယ်။ ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ ဘ၀မှာ အတ္တတွေ အဲလောက်ထိ မကြီးချင်ဘူး လေ။

ဒါဆိုရင် “သမီးဘ၀မှာ အတူနေဖို့ လက်တွဲဖော်ဆိုတာတောင် မလိုအပ်တော့ဘူးလား၊ သမီး အကို၊အမတွေက အချိန်တန်ရင် အိမ်ထောင်ပြုကြသွားမှာလေ၊ အဲဒီအခါ သမီးတစ်ယောက်ထဲ လောကကြီးထဲမှာ တစ်ယောက်ထဲ ဖြစ်နေမှာပေါ့”။ဟင့်အင်းကွယ်.. ကိုယ် ခေါင်းခါရတာ အားနာလာတယ်။ “အဖော်ဆိုတာ လိုအပ်တာပေါ့၊ လူ ဆိုတာ အဖော်အပေါင်းနဲ့ နေတဲ့ သတ္တ၀ါတွေပဲ မှလား” ဒါပေမဲ့ လက်တွဲဖော်မှ မဟုတ်ပါဘူးကွယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေဟာ ကိုယ့်ရဲ့ ဘ၀မှာ အတူရှိနေမဲ့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် တွေပဲ မဟုတ်လား။

သူမ မျက်နှာမှာ စိတ်ပျက်လက်ပျက် အပြုံးကို မြင်ရတော့ ကိုယ် အန်တီ့ကို အားနာသွားမိတယ်။ သူမက ကိုယ့် အတွက် အဒေါ်ဆိုပေမဲ့ သူငယ်ချင်းလဲ ဖြစ်နေပြန်တယ်။ဖေဖေ့ရဲ့ ညီမအငယ်ဆုံးပီပီ အန်တီက ကိုယ်နဲ့ ဆယ်နှစ်တောင် မကွာချင်တော့ တူအရီးလိုတစ်မျိုး ညီအမလို တစ်မျိုး ချစ်ခဲ့ကြတာလေ။ အိမ်ထောင် မကျခင် ကဆို သူဘယ်သွားသွား ကိုယ်တို့ကို ခေါ်သွားတတ်တယ်။ ရည်းစားရပြီးတာတောင် ရည်းစားနဲ့ ချိန်းတွေ့တဲ့ အခါ ကိုယ့်ကို ခေါ်သွားတတ်ခဲ့တာ။ အဲလို အဒေါ်မျိုးကို ဆန့်ကျင်နေရတာအတွက် ကိုယ် တကယ်ပဲ သူမကို အားနာနေမိတယ်။အိမ်ထောင်ကျပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့တဲ့ အဒေါ်နဲ့ ကိုယ်ဟာ ဒီကိစ္စမှာ အယူ အဆ လွဲနေမယ်ဆိုတာ သေချာနေတာပဲလေ။ အဲ့အတွက် ကိုယ် သူမကို အတိုက်အခံ မလုပ်ရက်ပါဘူး။

“သမီးက အိမ်ထောင်ရေးကို ကြောက်နေတယ် ထင်တယ်၊တော်တဲ့ မိန်းကလေးတွေက အဲလိုပဲ အိမ်ထောင်ရေး ကို ကြောက်တတ်တယ် သမီးရဲ့၊ တကယ်တော့သမီးရယ် ယောက်ျားဆိုတာ ချွဲလိုက်ရင် အစစ ကိုယ့်သဘော ဖြစ်သွားတာမျိုးပါ၊ သမီးလုပ်ချင်တာတွေ ဆက်လုပ်လို့ ရပါတယ်၊ အန်တီ့ကို ကြည့်ပါလား”။

သူမကို ဒီတစ်ခါ တော့ ကိုယ် သနားသွား မိတယ်။ သူမက အလွန်အမင်း တဖက်သက် အလျော့ပေး အလိုလိုက် တတ်တဲ့ အိမ်ထောင်ဘက်ကို ပိုင်ဆိုင်ထားသူပီပီ ချွဲ့နွဲ့ အနိုင်ယူတဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားသူ ဖြစ်နေတယ်လေ။ အဲလို အိမ်ထောင်ရေးကို “ပထမ” အဆင့်လို့ ကိုယ် မသတ်မှတ်ထားတာ ဘယ်လို သူမကို ပြောရက်မှာလဲ။ ဘယ်အရာမှာမဆို “ပထမ” ရချင်တဲ့ ကိုယ်ဟာ “ပထမ” မရနိုင်ဘူးထင်ရင် မကြိုးစားချင်တဲ့ သွေးကြောင်သူ တစ်ယောက် ဖြစ်နေပြန်တယ် ဆိုတာ သူမကို ကိုယ် မရှင်းပြရက်ဘူး။

ကိုယ် ယုံကြည်ထားတဲ့ အိမ်ထောင်ရေးဆိုတာ အချင်းချင်း ညှာတာရမယ်၊ သိတတ်ရမယ်၊ ဖြစ်ချင်တာတွေ ညှိယူရမယ်။ သေချာတာကတော့ ကြိုးလေးတွေကို အလျော့ အတင်း ကစားသင့်တယ်။ တစ်ဖက်သက် အလျော့ပေးတဲ့ အိမ်ထောင်ရေးဟာ စံပြ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့လဲ ညှိယူရတယ်ဆိုပေမဲ့ ချစ်သူနဲ့ သူငယ်ချင်းဆီက မျှော်လင့်ပုံတွေ မတူနိုင်ဘူးမှလား။ အဲလောက် သဘောထားကြီးနိုင်အောင်လဲ ကိုယ်က မရင့်ကျက်သေးဘူးလေ။ တပြိုင်တည်းမှာပဲ ကိုယ်ဟာ မညှိချင်သူ တစ်ယောက်လဲ ဖြစ်နေပြန်တယ်။ ကိုယ် လုပ်ချင်တဲ့ အရာတွေအတွက် ဘယ်သူနဲ့မှ မညှိရပဲ ရှေ့ပန်းတိုင်ကို အရောက်လှမ်းချင်လဲ ဖြစ်ပြန်တယ်။ အရာရာမှာ အကောင်းဆုံးပဲ ဖြစ်ချင်တဲ့ ကိုယ်ဟာ စံပြ အိမ်ထောင်ရေးကို တည်ထောင်ချင်သူလဲ ဖြစ်တယ်။ အိမ်ထောင်ပြုပြီးနောက်မှ သားသမီးတွေကို ပစ်ထားမဲ့ မိန်းမတစ်ယောက်လဲ မဖြစ်ချင်သလို ကိုယ့်ရဲ့ လက်တွဲ ဖော်ကို မငဲ့ညှာ၊ မလေးစားသူလဲ မဖြစ်ချင်ပြန်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ အသွေးအသားထဲကနေ လူတစ်ဦးကို အမြဲ လေးစားသွားနိုင်ဖို့ဆိုတာ ခက်နေပြန်တယ်။ ဘ၀မှာ ပန်းတစ်ပွင့်ထက် ပန်းများစွာကို ပွင့်ချင်သူလဲ ဖြစ်ပြန်တယ်။ အိမ်မက်တွေများစွာကို မက်တတ်သူလဲ ဖြစ်ပြန်တယ်။ ကိုယ့်ရဲ့ အိမ်မက်တွေဟာ တခါတလေမှာ ကိုယ် နားမလည်နိုင်အောင် ကျယ်ပြန့်နေပြန်တယ်။ အစွန်းနှစ်ခုလို့ ကိုယ်မြင်ထားတဲ့အရာတွေကို ဘယ်လို အားမျိုးနဲ့ ပေါင်းစည်းရမလဲ။

Saturday, July 4, 2009

မနေ့က

မနေ့က ၂၀၀၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ ခန့်မှန်းချိန် နေ့ခင်း ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် Fusionopolis အဆောက်အအုံရှေ့တွင် လူသေမှုတစ်ခု ဖြစ်ပွားသွားခဲသည်။ ကောင်းကင် ဥယျာဉ် ရှိရာ ၁၉ ထပ် (သို့) ၂၃ ထပ်မှ လူတစ်ယောက် ပြုတ်ကျ (သို့) ခုန်ချ သွားခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။ Fusionpolis အဆောင်အအုံကို မနှစ်က စင်္ကာပူ ၀န်ကြီး လီရှောင်လုံးကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။ အဆောက်အအုံမှာ ၂၃ ထပ် အမြင့်ရှိပြီး အဆောက်အအုံခွဲ (၃) ခု ဖြင့် ဖွဲ့စည်းထားသည်။ Fusionopolis အဆောက်အအုံမှာ စင်္ကာပူနိုင်ငံအတွင်း ခေတ်အမှီဆုံး ဒီဇိုင်းအလှပဆုံးဟု ဆိုနိုင်သည်။ အဆောက်အအုံအတွင်း အစိုးရပိုင် ကုမ္ပဏီ (၁၀) ခု နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီ (၈) ခုခန့် ရှိသည်ဟု သိရသည်။ အများစုမှာ စင်္ကာပူနိုင်ငံ၏ သုတေသန ဆိုင်ရာ A*Star ပိုင် Research Institutes များ ဖြစ်သည်။ သို့သော် မနေ့က သေဆုံးသွားခဲ့သူမှာ A*star မှ ၀န်ထမ်း (သို့) ကျောင်းသား မဟုတ်ဟု ဆိုသည်။ အဆောက်အအုံအတွင်းရှိ အခြားကုမ္ပဏီ တစ်ခုမှ ဖြစ်နိုင်သည်ဟု အများက ထင်ကြေးပေးနေကြသည်။ မျက်မြင်သက်သေအချို့၏ အဆိုအရ သေဆုံးသူမှာ အနောက်နိုင်ငံသား တစ်ဦး ဖြစ်နိုင်သည်ဟု ဆိုသည်။ နေ့ခင်း ထမင်းစားရာမှ ပြန်ချိန်တွင် ဖြစ်ပွားခဲ့ရာ မျက်မြင် သက်သေ အများ အပြား ရှိသည့်အပြင် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်သူ အများအပြားရှိနိုင်သည်။ အချို့မှာ ဦးဏှောက်များ ပွင့်ထွက် နေသည်ကိုပင် မြင်ခဲ့ကြရသည်ဟု ဆိုသည်။ သို့သော် အထက်ပါ ဖြစ်ရပ်နှင့် ပတ်သတ်ပြီး ယနေ့အချိန်ထိ မည့်သည့် သတင်းဌာနကမှ သတင်းထုတ်ပြန်ခြင်း မရှိချေ။
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~