Sunday, November 18, 2012

ပင်လယ်ဝန်းရံနေသော ကျွန်းလေးသို့ အလည်သွားခြင်း-၁

နိုဝင်ဘာလ ၆ ရက်နေ့ အင်္ဂါနေ့ ညနေခင်းမှာ ကိုယ်တို့ရဲ့ ထိုင်ဝမ်ခရီးစဉ်ကို စတင်ခဲ့ကြတယ်။ လေယာဉ် ချိန်က ဗုဒ္ဒဟူးနေ့ မနက်စော ၁၂ နာရီ ၅၀ ဆိုပေမဲ့ စိတ်စောနေတဲ့ ကိုယ်တို့တွေဟာ အင်္ဂါနေ့ ညဘက် ၈ နာရီ ၀န်းကျင်မှာ ကိုယ်စီ ကိုယ်စီ အိမ်က ထွက်လာခဲ့ကြတယ်။ကိုယ်တို့ရဲ့ စုရပ်ဖြစ်ရာ ချန်ဂီ လေဆိပ်ဆီ ကိုပေါ့။ ထုံးစံအတိုင်းလေဆိပ်မှာ ဓါတ်ပုံရိုက်ကြ.. လေပေါကြနဲ့ ကိုယ်တို့ တွေ ထိုင်ဝမ်ခရီးစဉ်ကို စတင်ခဲ့ ကြတယ်။ 
ဒီခရီးစဉ်ဟာ ကိုယ့်အတွက်တော့ အမှတ်ရစရာတွေ အများကြီးကျန်တဲ့ ခရီးစဉ်တခု ဖြစ်တယ်။ ကိုယ် မကျွမ်းကျင်တဲ့ ဒေသတခုကို သူငယ်ချင်းတွေရဲ့ အားကိုးနဲ့ မိုက်မိုက်မဲမဲ စီစဉ်ဖြစ်ခဲ့တယ်။ ၃ ရက်တာ ကီလို ၂၀၀ ကျော်ကို ပထမဆုံး စက်ဘီးစီးဖြစ်တဲ့ ခရီးစဉ်လဲ ဖြစ်တယ်။ ဒီခရီးမှာ စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်း ဆိုင်ရာ အခက်အခဲ ပေါင်းများစွာကို ကြုံတွေ့ရဖို့ ကြိုတင်ပြင်ဆင်ခဲ့သလို အောင်လဲ အောင်မြင်ခဲ့တယ်။

၇ ရက်နေ့ မနက် ၇ နာရီ ၀န်းကျင်မှာ ထိုင်ပေ လေဆိပ်ကို ရောက်တယ်။ အဲဒီကနေ Taxi နဲ့ပဲ ကိုယ်တို့ရဲ့
ပထမဆုံး ကိုယ်တို့ရဲ့ ခေတ္တရပ်နားရာ Ni hao hostel ကို ခရီးဆက်ဖြစ်တယ်။ ထိုင်ဝမ်က Taxi တွေကလဲ မီတာ စနစ်ကို သုံးတာဖြစ်တဲ့အတွက် ဈေးဆစ်ရတဲ့ ပြဿနာ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ ပုတ်ပြတ်နဲ့ လိုက်ပို့ဖို့ မဲဆွယ်တဲ့ ကားသမား အချို့ကိုလဲ တွေ့ရတယ်။ ဒါတွေဟာ ကိုယ့်ကို မြန်မာပြည်ကို လွမ်းစေတဲ့ ထိုင်ဝမ်ရဲ့ နွေးထွေးခြင်း အစပါပဲ။ ကိုယ်တို့တည်းမဲ့ နေရာက ထိုင်ဝမ် ဘူတာရုံနဲ့ ကပ်နေပါတယ်။ အဲဒီမှာ အ၀တ်အိတ်တွေကို ထားခဲ့ပြီး ကိုယ်တို့ရဲ့ စက်ဘီးစီး ခရီးစဉ်စတင်ရာ Hualien ကို ရထားနဲ့ ခရီးဆက်ရမှာ ဖြစ်တယ်။ ဖြစ်ချင်တော့ Ni hao hostelက မနက် (၈) နာရီမှ ဖွင့်တာဖြစ်တဲ့ အတွက် ခန စောင့်ရတယ်။ ကိုယ်တို့ရဲ့ ရထားက မနက် ၈ နာရီ ၅၀.. အချိန်က လုနေရသလို စိတ်လဲ ပန်းရတဲ့ ခရီးရဲ့ အစပါပဲ။
ရထားပေါ်ကို ရောက်တဲ့အချိန်မှာတော့ အားလုံး အနားရတယ်။ ထိုင်ဝမ်က ရထားတွေက မြန်မာပြည်က ရထား တွေလိုပါပဲ။ သန့်ရှင်းမှု အနဲငယ်ပိုတာက လွဲရင် မြန်မာပြည်က ဟိုးအဝေးကြီးမှာ ပြတ်ကျန်ခဲ့တဲ့ အနေအထားတော့ မဟုတ်ဘူး ထင်တာပဲ။ ရထားပေါ်မှာ လူတွေ စကားပြောကြမယ်.. မုန့်ဝယ်စားတယ်.. ရထားတွေ (စင်္ကာပူက ရထားမပါ) စီးဖြစ်တိုင်း အိမ်ကို လွမ်းတယ်.. မြန်မာပြည်က အနေအထားတွေက ကိုယ်သိခဲ့တဲ့ အနေအထားတွေလို မဟုတ်တော့ဘူးဆိုရင်တောင် အတိတ်ကို တမ်းတခြင်းနဲ့ အတူ လွမ်းတယ်။ 

Hualien  ကိုရောက်တော့ ကိုယ်တို့တည်းမဲ့ ဟိုတယ်နံမည်က Green တဲ့။ ဘူတာရုံနဲ့ မလှမ်းမကမ်းပါပဲ။ သူငယ်ချင်းတွေရဲ့ နေရာရွေးချယ်မှုအတွက် ချီးကျူးရပါတယ်။ အဲဒီ ဟိုတယ်မှာ အိတ်တွေချ ခနတဖြုတ်နား ပြီးမှာတော့ စက်ဘီးငှားဖို့ရာ Giant ကို ခရီးဆက်ခဲ့ကြပါတော့တယ်။

Wednesday, October 3, 2012

လွမ်းစိမ့်ကပေးတဲ့ အလွမ်း ဝေဒနာ

တကယ်တော့ YIT  ဆိုတာ ကိုယ်နဲ့ အစိမ်းသက်သက် နယ်မြေတခုရယ်ပါ။ ဒီကျောင်းတော်ကြီးနဲ့ ပတ်သတ်လို့ ကိုယ့်ရဲ့ ဗဟုသုတက နဲပါးခဲ့ပါတယ်။ ဖေဖေရဲ့ ညီမ.. ကိုယ့်ရဲ့ အဒေါ် အလုပ်လုပ်တဲ့ ကျောင်းဆိုတာက လွဲလို့ ဒီကျောင်းကြီးရဲ့ သမိုင်းကို ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ အဒေါ်ကို အထင်ကြီးပေမဲ့ ရင်းနှီးနွေးထွေးမှု မရှိခဲ့တာကလဲ ကိုယ်နဲ့ ဒီကျောင်းကြီးကို ဝေးစေခဲ့ပါတယ်။

ဒါပေမဲ့............YIT ကျောင်းရဲ့ သြဘာလမ်းကို အဒေါ်ရဲ့ကောင်းမှုနဲ့ လျှောက်ခွင့်ကြုံခဲ့ရတယ်။ အဲဒီလို လျှောက်ခဲ့တဲ့ နေ့မှာပဲ အစဉ်အလာကြီးမားတဲ့ ဒီကျောင်းတော်ကြီးရဲ့ သမိုင်းကို ကြားဖူး နာခဲ့ဖူး တယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် စင်္ကာပူကို ကျောင်းလာတတ်ပြီးနောက် YIT က အကိုကြီး အမကြီးတွေနဲ့ ခင်ခွင့် ရလာခဲ့တယ်။ သူတို့တွေ ပြောပြပေးတဲ့ YIT ပုံပြင်တွေကို နားထောင်ရင်း သူတို့ရဲ့ နာကျင်မှု၊ နာကျည်းမှုတွေကို နားလည်လာခဲ့တယ်။ တချိန်က သမိုင်းဂုဏ်ရောင် ပြောင်ခဲ့တဲ့ ဒီကျောင်းကြီး အခုလို မြင်ရတာအပေါ် ၀မ်းနည်း နှမြောတတ်လာခဲ့တယ်။ တတ်ခွင့်ရခဲ့တဲ့ အကို၊ အမတွေ အနေနဲ့ ဘာလို့ နာကျင်ခံစားရသလဲဆိုတာကိုလဲ ကိုယ်ချင်းစာ နားလည်နိုင်ခဲ့တယ်။ 

လွမ်းစိမ့်ဆိုတဲ့ ဇာတ်ကား ကြော်ငြာလေးကို တွေ့တော့ မျှော်လင့်တကြီးနဲ့ စောင့်နေခဲ့မိတယ်။  ဒါပေမဲ့ ဆင်ဆာဖြတ်ထားတဲ့ လွမ်းစိမ့်.ကို ကြည့်ပြီးတဲ့နောက် စိတ်ဓါတ်တွေ ကျသွားခဲ့ဖူးတယ်။ ဇာတ်ကားက အဆက်အစပ် မရှိတော့ လွမ်းရမဲ့ အစား.. စိတ်ပျက်မိပြီး အပြီးထိ မကြည့်ပဲ ပိတ်ပြစ်ခဲ့တယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ဆင်ဆာမဖြတ်ထားတဲ့ လွမ်းစိမ့်မူရင်းကို ကြည့်ခွင့်ရလိုက်တယ်။ ကြည့်ရင်းနဲ့ ဒါရိုက်တာရဲ့ ကျောင်းကြီးအပေါ်ထားတဲ့ စေတနာကို ခံစားလိုက်ရတယ်။ သရုပ်ဆောင်တွေက အသစ်တွေ ဖြစ်နေ ပါလျက်နဲ့ ကြောင်နေတာမျိုး မရှိတာအတွက်လဲ သူ့ကို ချီးကျူးမိတယ်။ ဒီကားကို  ရဲရဲဝံ့ဝံ့ ရိုက်ခဲ့တဲ့ သရုပ်ဆောင်တွေကိုလဲ အထင်ကြီးမိတယ်။  ဇာတ်ကားထဲမှာ မျောပါသွားရင်း ကိုယ်မရလိုက်တဲ့ YIT ကျောင်းသားဘ၀ကို လွမ်းတယ်။ မကြုံဖူးလိုက်တဲ့ အနုပညာအသင်းတွေကို လွမ်းတယ်.. ကိုယ့်လို အမှတ်ရစရာ နဲပါးခဲ့တဲ့ သူကိုတောင် လွမ်းစေခဲ့တဲ့ လွမ်းစိမ့်ပါပဲ။

Monday, June 18, 2012

နာကျင်လို့ ရေးတဲ့စာ........

ကိုယ်ဟာ သာမာန်ပြည်သူတယောက်ပါ။ သာမာန်ပြည်သူထဲမှာမှ ကြောက်တတ်တဲ့ .. ၀မ်းနည်းကြေကွဲ စရာ တွေကို ကြားရင် မျက်ရည်လွယ်တတ်တဲ့.. ဘာမှ တန်ဖိုးမရှိတဲ့ သာမာန် ပြည်သူ တယောက်ပါ။

ဒါပေမဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တယ်။ မြန်မာပြည်ကို တိုးတက်စေချင်တယ်။ ကိုယ် ယုံကြည်တဲ့ စကားလေးတခွန်း ရှိပါတယ်။ 
"မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနေတာဟာ တိုင်းပြည်ကို တိုးတက်အောင် ကြိုးစားနေတာပါပဲ" တဲ့။ 

အဲ့ဒီယုံကြည်မှုတခုနဲ့ပဲ အခက်အခဲများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ကိုယ်ကြိုးစားခဲ့ပါတယ်။ ဘ၀မှာ မောပန်းလာလို့ အရှုံးပေးချင်လာတဲ့အခါ ငါ့တိုင်းပြည်အတွက်လို့ တွေးရင်း အားယူလာခဲ့တယ်။
 ကိုယ့်ကြောင့် မြန်မာပြည်ကို ဂုဏ်မငယ်စေရအောင် ကြိုးစားခဲ့ပါတယ်။ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး အစစမှာ မြန်မာလူမျိုးတွေ ကိုယ့်ကြောင့် ဂုဏ်မတတ်ရင်တောင် ဂုဏ်မပျက်စေခဲ့ရပါဘူး။

ပညာပြည့်စုံလာတဲ့ တနေ့ မြန်မာပြည်မှာ ပညာရေး ဖြန့်ဝေနိုင်သူ တယောက်ဖြစ်ဖို့ ပြင်ဆင်နေဆဲ ကိုယ်ဟာ မလုပ်နိုင်သေးတာတွေအတွက် စိတ်ကူးယဉ်မှုတွေနဲ့ အတူ အခုအချိန်မှာ လုပ်နိုင်သမျှကို လုပ်ပေးခဲ့တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေကို မြန်မာပြည် အကြောင်း ပြောပြတယ်။ ကိုယ် ပြောပြသမျှဟာ မြန်မာပြည်ကို သူတို့ချစ်ခင်လာအောင်၊ ကိုယ်တို့ရဲ့ ရိုးသားမှုတွေကို အားကျလာအောင်သာ အဓိက ရည်ရွယ်ပါတယ်။ လူဆိုးလို့ သူတို့ မြင်ထားသူတွေကို ဘာလို့ ဒီလို ဖြစ်ရသလဲဆိုတာ ရှင်းပြပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့ လူဆိုးလို့ မြင်ထားသူတွေ ကလဲ တကယ်တော့ ကိုယ့်အတွက်တော့ မြန်မာတွေ ဖြစ်နေလို့ပါပဲ။ မြန်မာတွေထဲမှာ ဆိုးသူ ရှိသလို ကောင်းသူရှိတယ်ဆိုတာ သူတို့ကို ပြောပြခဲ့တယ်။ မြန်မာပြည်ဆိုတာ သူတို့ ထင်ထားသလို စစ်သားတွေက သေနတ်ကိုင် အုပ်ချုပ်ပြီး မထင်ရင်သလို မထင်သလို သေနတ်နဲ့ ပစ်သတ်တဲ့ မလုံခြုံတဲ့ အရပ်ဒေသေတခု မဟုတ်ဘူးဆိုတာ နားလည်အောင် ပြောပြခဲ့တယ်။ မြန်မာပြည်ဟာ တချို့ မီဒီယာတွေ (သို့) တချို့ (စစ်အစိုးရကို မုန်းတီးတဲ့) မြန်မာတွေ ပြောသလို အရိုင်းအစိုင်းတွေပဲ ရှိတဲ့ နေရာ မဟုတ်ဘူး ဆိုတာ သူတို့ နားလည်အောင် ကြိုးစားခဲ့တယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာ မြန်မာကို မြတ်နိုးတဲ့စိတ် တခု ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်။

နောက် စင်္ကာပူက မြန်မာကလေး တွေကို ကျူရှင် သင်ပေးတဲ့ အခါ ပညာသင်ပေးရုံမက ကိုယ့်ကြောင့် သူတို့မှာ အားတတ်လာအောင် မြန်မာပြည်အတွက် ပြန်လုပ်ပေးချင်တဲ့စိတ် ပေါ်လာအောင် ညွှန်ပြပေးခဲ့ပါတယ်။ကိုယ် တတ်နိုင်သမျှ ငွေလေးတွေနဲ့ မြန်မာပြည်မှာ နှစ်စဉ် ပညာဒါန ပြုခဲ့တယ်။
 မြန်မာပြည်နဲ့ ပတ်သတ် လို့ အလှူအတန်းတွေမှာ ပါဝင်လှူတန်းခဲ့တယ်။ 

ဒါပေမဲ့ လောကကြီးမှာ ကိုယ် မလုပ်ချင်တဲ့အရာတွေ ရှိတယ်။ အဲဒါကတော့ ကိုယ့်လူမျိုးတွေရဲ့ ဆင်းရဲ မွဲတေမှုတွေကို နိုင်ငံခြားသား သူငယ်ချင်းတွေဆီမှာ ချပြပြီး ငွေအလှူခံရမဲ့ ကိစ္စပဲ။ မြန်မာလူမျိုး အချင်းချင်း အလှူငွေစုဖို့ ၀န်မလေးတဲ့ ကိုယ်ဟာ နိုင်ငံခြား လူမျိုးတွေဆီက အလှူခံဖို့ကိုတော့ အမြဲပဲ နောက်တွန့်ခဲ့ရ တယ်။ ဒါဟာ ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိတဲ့ တလွဲ မာနတခုကြောင့်လို့ပဲ ဆိုရမလား။ မြန်မာပြည်က လူတွေကို နိုင်ငံခြားသားတွေက သနားစရာ အဖြစ် မြင်မှာကိုလဲ ကိုယ် မလိုချင်ဘူး။ နောက် ကိုယ်ဒေသက လူတွေရဲ့ စိတ်ထဲမှာ နိုင်ငံခြား က အလှူငွေကို မျှော်ကိုးပြီး ဖြစ်နေမှာကိုလဲ မလိုလားဘူး။ ကိုယ့်ရဲ့ ဒီလို အယူအဆကြောင့်ပဲ တချို့ကိစ္စတွေမှာ (တယောက်အားဖြင့် ယူသော်မရ .. အများအားဖြင့် ယူသော်ရ၏) ဆိုတာလို မစွမ်းဆောင်နိုင်ခဲ့တာတွေလဲ ရှိပါရဲ့။ 

နောက်တခု ကိုယ် မလုပ်ချင်တဲ့ ကိစ္စကတော့ အွန်လိုင်းမှာ အငြင်းပွားရမဲ့ အလုပ်ကိုပါပဲ။ ကိုယ့်အတွက် အွန်လိုင်းဆိုတာ စကားလုံးတွေ မှားဖို့ (သို့) ခံစားချက်တွေအရ စာသား တွေကို ရေးချလိုက်မိဖို့ သိပ်ကို လွယ်ကူတဲ့နေရာ တခုပါ။ တဖက်က ကိုယ့် အပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ရေးလာမှာကို ကြောက်သလို ကိုယ့်ဘက်က စကားတွေ မှားမိမှာကိုလဲ ကြောက်ပါတယ်။ အခု ရခိုင်အရေးနဲ့ ပတ်သတ်လို့ ဒီက သတင်းစာတွေမှာ ဖော်ပြတဲ့ ကြေငြာချက်တွေကို မကျေနပ်တဲ့ ကိုယ့်သူငယ်ချင်း မြန်မာတွေက မြန်မာ မီဒီယာတွေမှာ ဖော်ပြ မှုတွေကို ဘာသာပြန်လို့ (သို့) အကျိုးအကြောင်း ရှင်းပြတဲ့ အီးမေးလ်တွကို ဒီက သတင်းစာတွေကို လှမ်း ပို့ကြတယ်။ ကိုယ့်ကိုလဲ ၀င်ရေးဖို့ ဖိအားပေးလာကြတယ်။ ကိုယ့်ရဲ့ မတတ်တတတ် အင်္ဂလိပ်စာ ကြောင့် သူတို့ ကိုယ့်အပေါ်မှာ မျှော်လင့်တာကိုလဲ နားလည်ပါရဲ့။ ဒါပေမဲ့ ..

ကိုယ့် အတွက်တော့ ရခိုင် လူမျိုးတွေအတွက် ၀မ်းနည်းကြေကွဲ ရပေမဲ့.. ကိုယ် တိတိကျကျ မသိတဲ့ အရာ တွေအတွက် ဘာသာပြန်တာကို မလုပ်ချင်ခဲ့ဘူး။ အဲဒီအတွက် ကိုယ်ဟာ တာဝန်မကျေဘူးလို့ စွပ်စွဲ လာကြတဲ့အခါ ၀မ်းနည်းမှုကို ခံစားရတာက လွဲလို့ သူတို့ကို အပြစ်မတင်ခဲ့ပါဘူး။ ကိုယ့်အနေနဲ့ ကိုယ် လုပ်နိုင်တဲ့ အရာဖြစ်တဲ့ ငွေလှူခြင်း........ကို လုပ်ခဲ့ပြီးတဲ့နောက် ကိုယ် မလုပ်ချင်(မလုပ်နိုင်)တဲ့ ဒီက မီဒီယာ တွေကို တိုက်ခိုက်ခြင်း (သို့)  အမှန်သိမြင်အောင် ကြိုးစားကြခြင်းဆိုတဲ့ မီဒီယာ တိုက်ပွဲမှာ မပါဝင် ခဲ့ဘူး။ အဲဒီအတွက် တာဝန်မကျေဘူးလို့ စွပ်စွဲကြတာကို အပြုံးမပျက် သည်းခံနိုင်ပေမဲ့...........

'နင်တို့လို လူမျိုးတွေကြောင့် မြန်မာပြည် အခုလို ဖြစ်နေတာ' ဆိုပြီး တရားခံ တံဆိပ် အကပ်ခံရတာကို နာကျင်မိတယ်။

အခုထိ ကိုယ်လုပ်ဆောင်သမျှဟာ တိုင်းပြည်အတွက် တာဝန်မကျေဘူးလို့ ဆိုရင် လက်ခံနိုင်ပေမဲ့....... ကိုယ့်ကြောင့် မြန်မာပြည်ကြီး ပျက်စီးရပါတယ်ဆိုရင်ဖြင့် ..........

အားလုံး ငြိမ်းချမ်းပါစေ...လို့ ဆုတောင်းရင်း............

Saturday, May 12, 2012

မကြာမကြာ ကြည့်ဖြစ်တဲ့ အင်တာဗျူးတခု

ကျွန်မ မကြာမကြာ နားထောင်ဖြစ်တဲ့ ဗွီဒီယိုလေးတခုပါ။ အထူးသဖြင့် စိတ်ဓါတ်ကျတဲ့ အခါ၊ လူသားချင်း စာနာမှု မရှိတဲ့ လူတွေကို ကြုံတွေ့ ဆက်ဆံရတဲ့ အခါ၊ စိတ်ဓါတ် ခွန်အားယူနိုင်ဖို့အတွက် နားထောင်  ဖြစ်တဲ့ အင်တာဗျူးတခုပါပဲ။ 

နေအိမ်အကျဉ်းစံဘ၀မှာ အချိန်များစွာ၊ နှစ်ပေါင်းများစွာ ဖြုန်းတီးခဲ့ရတဲ့ အသက် (၇၀) ကျော် အမျိုးသမီး ကြီး တယောက်ရဲ့ ခွန်အား၊ စိတ်ဓါတ်တက်ကြွမှုဟာ ကျွန်မကို သွေးသစ်တွေ လောင်းပေးနိုင်စေပါတယ်။
နိုင်ငံရေးအားဖြင့် သူမကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည် ဖြစ်စေ သူမရဲ့ အသက်အရွယ်မှာ အခုလို စိတ်ဓါတ်တက်ကြွနေသေးတာ.. မေးလာသမျှ မေးခွန်းတွေ အပေါ်မှာ တွန့်ဆုတ်မှု မရှိ ဖြေသွားတာ.. ဒါတွေ အားလုံးက သူမရဲ့ အရည်အချင်းကို မြင်နေရပါတယ်။ မေးခွန်းတွေကို ဖြေတဲ့နေရာမှာ သူမရဲ့ ရိုးသား မှုကို မြင်ရသလို အားထုတ်မှုကိုလဲ မြင်ရပါတယ်။ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းဆိုသလို သူမ ရဲ့ အဖြေတွေဟာ အားလုံးကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စေပါတယ်။ 

မေးခွန်းမေးသူတွေထဲမှာ မြန်မာ ကျောင်းသား ၂ ယောက်ပါတာကို တွေ့ရပါတယ်။ စိတ်မကောင်းစရာ တခုက ဒီမြန်မာကလေးတွေရဲ့ ရိုင်းပျမှုနဲ့ အကင်းမပါးမှုပါပဲ။ ပထမ မေးတဲ့ကလေးဟာ သူမကို လူကြီး တယောက်အနေနဲ့ လေးစားမှုတောင် မပေးပဲ နာမည်ကို တိုက်ရိုက်ခေါ်သွားတာ.. ဒုတိယ ကလေး ရဲ့ မေးခွန်းမှာ မြန်မာအပေါ် အထင်သေးစိတ်တွေ ပါနေတာကို မြင်ရတာ ကျွန်မအတွက်တော့ မခံချင် သလို စိတ်ထဲလဲ အနှောက် အယှက်ဖြစ်မိပါတယ်။ ဒါပေမဲ့ သူမကတော့ အပြုံးမပျက်ပဲ ပေါ့ပေါ့ပါးပါးလေး (ဒေါသသံ မပါပဲ) ဖြေသွားနိုင်တာဟာ ရင့်ကျက်တဲ့လူဆိုတာ ဘယ်လို နေထိုင်ပြုမူသင့်တယ်ဆိုတာကို ဆုံးမ သွန်သင်သွားတာပါပဲ။

သူမလို သိပ်ကို ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတယောက်အနေနဲ့ အရည်အချင်းမရှိတဲ့ ကိုယ်တို့လို လူငယ်တွေကို မြင်ရတဲ့အခါ အားမရစိတ်နဲ့ အပြစ်မတင်မိအောင် သူမ ဘယ်လိုများ ကြိုးစားပါလိမ့်လို့ အတွေးဝင်မိပါစေတယ်။
 ကျွန်မအနေနဲ့လဲ တခြားလူတွေကို အပြစ်မတင်ပဲ ကိုယ့်ဘ၀ကို ဒီထက် ကြိုးစားရပါအုန်းမယ်။ သူမကို မမှီရင်တောင် ခြေဖျားတခုကို မှီဖို့တော့ ဆက်လက် ချီတက်ရအုန်းမယ်။



Sunday, February 19, 2012

စင်္ကာပူ- မြန်မာ

စင်္ကာပူမှာ မြန်မာတွေ တနေ့တခြား များလာလိုက်တာ အပြင်ထွက်ရင် ခလုတ်တိုက်တယ် ပြောရမတတ်ပါပဲ။ တဖြည်ဖြည်း မြန်မာတွေ များလာတာနဲ့ အမျှ လူဆိုး လူကောင်း အစုံပါလာတာလဲ တကယ်တော့ သိပ်မဆန်း ပါဘူး။
စကပ်တိုတိုလေးတွေ ၀တ်ထားတဲ့ မိန်းကလေးတွေကို ဓါတ်ပုံလိုက်ရိုက်လို့ ထောင်ကျတဲ့ မြန်မာ၊ credit card လို့ ခေါ်တဲ့ အကြွေး ၀ယ်တဲ့ ကဒ်တွေကို ခိုးပြီး ဈေးလျှောက်ဝယ်တဲ့ မြန်မာ စသည်ဖြင့် သတင်းထဲမှာ ပါလာတဲ့အခါ ပါလာတတ်ပြီ။အဲလို သတင်းတွေ ဖတ်ရတဲ့ အခါ ကိုယ့်လူမျိုးအတွက် နာကျင် အရှက်ရသလို အချစ်အတွက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မြန်မာ မိန်းကလေးရဲ့ သတင်းကို ဖတ်ရတဲ့အခါ အားမရ စိတ်နဲ့ နာကျင်ရတယ်။ အကြောင်းအမျိုးမျိုးနဲ့ တိုက်ပေါ်က ခုန်ချ သက်သေတဲ့ အိမ်ဖော် မိန်းကလေးတွေထဲ မှာ မြန်မာတချို့ ပါလာတာကိုလဲ ၀မ်းနည်းစွာနဲ့ လက်ခံတတ်လာပြီ။ 
တကယ်တော့ မြန်မာတွေက မညံ့ကြပါဘူး။ အလုပ်ခွင်မှာ ထူးချွန်တဲ့ မြန်မာတွေ အများကြီး ရှိသလို ယေဘူယျ အားဖြင့် ပြောရမယ်ဆိုရင် မြန်မာအလုပ်သမားတွေဟာ နံမည်ကောင်း ရသူတွေပါ။ ဒါပေမဲ့ ၀မ်းနည်းစရာ တခုက ဆိုးသွမ်းတဲ့ မြန်မာတွေရဲ့ အကြောင်းဟာ စင်္ကာပူ သတင်းစာတွေမှာ နေရာရလာပေမဲ့ တော်ပြီး ထူးချွန်တဲ့ မြန်မာတွေရဲ့ နံမည်ကတော့ စင်္ကာပူ သတင်းစာတွေမှာ မသင်းပျံ့နိုင်သေးပါဘူး။ 
လူမျိုးတခုမှာ ထူးချွန်တဲ့၊တော်တဲ့လူ ရှိသလို ညံ့တဲ့လူ၊ ယုတ်မာတဲ့လူလဲ ရှိတယ်ဆိုပေမဲ့ မကောင်းတဲ့ မြန်မာတွေ ရဲ့ အကြောင်းဟာ သတင်းစာမှာ ခနခန ပါလာတတ်တဲ့အခါ မြန်မာတွေက မကောင်းဘူးဆိုတဲ့ အမြင်တခု အခြားလူမျိုးတွေရဲ့ ရင်ထဲကို ရောက်သွားမှာတော့ ထိတ်လန့်မိပါတယ်။

Monday, January 23, 2012

တရားစခန်းတွင် တနေ့တာ

ကိုယ် နားလည်တဲ့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာ (မိုးကုတ်)
အ၀ိဇ္ဇာဆိုတဲ့ သိသင့်သိထိုက်တာကို မသိခြင်းကြောင့် သင်္ခါရ သဘောတရားတွေကို ဖြစ်ပြီး အတိတ်က ပြုခဲ့တဲ့ အကြောင်းတရားတွေကြောင့် အခုဘ၀မှာ ခန္ဓာ ငါးပါးကို ပိုင်ဆိုင်ရတယ်။ ဒီဘ၀မှာ သံယောဇဉ်တွေကို မဖြတ် နိုင်ဘူးဆိုရင် တဏှာ စိတ်တွေနဲ့ ဥပါဒါန်အစွဲအလမ်းတွေရယ် ကံတရားကို အကြောင်းပြုပြီး ဘ၀ တဖန် ပြန်လည်ပြီးနောက် အိုနာသေ ဘေးကို ပြန်လည် ကြုံတွေ့ရမယ်။
ဘ၀ ခန္ဓာကို သုတ္တန်သဘောအရ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿနဲ့ ဝေဒနာဆိုပြီး ၅ ပိုင်း ခွဲပါတယ်။ သံသရာ ရှည်စေတဲ့ အာရုံခံ ၆ပါး (သဠာယတန)  ကတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်နဲ့ စိတ် တို့ ဖြစ်ပါ တယ်။ ဒါကိုမှ ပြန်ပေါင်းစည်းလိုက်မယ်ဆိုရင်တော့ မျက်စိ၊ နား၊ နှာ၊ လျှာ နဲ့ကိုယ်က ရုပ်ဖြစ်ပြီး စိတ်ကတော့ နာမ်ဖြစ်ပါတယ်။ ဒါမို့လို့ ခန္ဓာကို ရုပ်နဲ့ နာမ် နှစ်ပါးနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီရုပ် နဲ့ နာမ် တွေရဲ့ သဘောဟာ ဖြစ်ပြီး ရင် ပျက်၊ ပျက်ပြီးရင် အသစ်တဖန် ထပ်ထပ်ဖြစ်တဲ့ သဘောတရား ရှိလို့ ဖြစ် ပျက်လို့ (အနိစ္စ-မမြဲခြင်းတရား) လို့ ရှုမှတ်ရမှာ ဖြစ်ပါတယ်။ 
မျက်စိနဲ့ အဆင်း ပေါင်းစည်းလိုက်တဲ့ အခါ မြင်စိတ်၊ နားနဲ့ အသံ ပေါင်းလိုက်တဲ့အခါ ကြားစိတ်၊ နှာနဲ့ အနံ့ ပေါင်းလိုက်တဲ့ အခါ နံစိတ် စသဖြင့် အခံ နဲ့ အတိုက် ပေါင်းခြင်းကြောင့် ဖဿဖြစ်လာပြီး ဝေဒနာ ဆိုတဲ့ သိမှု ခံစားမှုတွေ ဖြစ်ပေါ်လာပါတယ်။ 
ဒီလို ဖြစ်ပေါ်ခံစားလာရသမျှကို ဖြစ်ပျက် ရှုမှတ်နိုင်မယ်ဆိုရင် သံယောဇဉ်ကို ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါမှ သာလျှင် ဒီဘ၀ကို တွယ်ငြိနေသော တဏှာ စိတ်ကို ဖြတ်နိုင်ပြီးနောက် လွတ်ရာကျွတ်ရာ နိမ္ဗာန်ကို ရောက်နိုင် ပါမယ်။

ကိုယ် ရတဲ့ တရား အသိ
တနေ့တရက် ကျင့်ကြံအားထုတ်သည်ဖြစ်စေ၊ ဟန်ဆောင်နေသည်ဖြစ်စေ မိမိရဲ့ စိတ်ကို ထိန်းချုပ်ပြီး တရား ရှုမှတ်ဖို့ ကြိုးစားရခြင်းဟာ ခက်ခဲတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ ဒါမို့ တရားစခန်းဝင်နိုင်သော ယောဂီ များကို အပြစ်တင် ပြောဆိုမှုကို နောက်နောင် မပြုမိအောင် ဆင်ခြင်ရပါမယ်။
တရားကို မှတ်တဲ့ နည်းလမ်းကို သိပြီးနောက် နေစဉ် မကျင့်နိုင်သေးရင်တောင် နေ့စဉ် ကျင့်ကြံ့နိုင်ဖို့ ကြိုး စား ရပါအုန်းမယ်။ 
တရားထိုင်စဉ်အခါမှာ do or die စိတ်ဓါတ်နဲ့ အရိုးကြေကြေ၊ အရေခန်းခန်း ကြိုးစားနိုင်ဖို့ လိုပါတယ်။ ဇွဲမရှိရင် ဘယ်အရာမှ အလကား မရပါဘူး။
ကိုယ်လုပ်ချင်တာကို လုပ်ပြီးရင် လုပ်သင့်တာကိုလဲ လုပ်ရပါမယ်။

စိတ်ဓါတ်ပိုမို ရင့်ကျက်လာသူ တဦးဖြစ်ဖို့ တရားကို ကြိုးစား အား ထုတ်ရအုန်းမယ်။ ကွန်ပြူတာရှေ့မှာ အချိန်ကုန်တာထက်စာရင် မျက်လုံးနှစ်လုံးကို မှိတ်လို့ တရားမှတ် နေ တာဟာ (စိတ်တွေ ပျံ့လွင့်သည့် တိုင်) အကျိုး ရှိပါတယ်။ စာလုပ်ချိန်မှာ စာလုပ်လို့ ၊ ကျန်ချိန်တွေမှာ လုပ်သင့်တာတွေကို လုပ်ဖို့ ကြိုးစား ရမယ်။


23-01-2012 တရားပွဲ အပြန်

Saturday, January 21, 2012

ခွင့်လွှတ်တယ်.

ခွင့်လွှတ်တယ်ဆိုတဲ့ စကားလေး သုံးလုံးဟာ တိုတောင်းပေမဲ့ ကျင့်သုံးဖို့ ခက်ခဲတဲ့ အရာတခုပါပဲ။ 
ကိုယ်လေးစား အားကျတဲ့ သူတို့ရဲ့ စိတ်ကို အတုယူလို့ ခွင့်လွှတ် နိုင်ဖို့ ကြိုးစားရအုန်းမယ်။ 
လူတယောက်ကို အပြစ်မြင်ပြီးသွားတဲ့အခါ ဒီလူ ဘာလုပ်လုပ် အကောင်းမမြင်တတ်တော့တဲ့ စိတ်ကို ပြုပြင် ရအုန်းမယ်။
အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကကြီးထဲမှာ အရာရာ အပြစ်မြင်တဲ့ စိတ်ထက် အကောင်းမြင်တဲ့ စိတ်ကို ရရှိဖို့ ကြိုးစားပြုပြင် နေထိုင်သင့်တယ်။ 

ဒီမိုကရေစီဆိုတာ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းဆိုတဲ့ အရာနှစ်ခုကို မျှမျှတတ ရရှိနိုင်တဲ့စနစ်တခု ဖြစ်တယ်။ 
ဘ၀မှာ တာဝန်နဲ့ အသက်ရှင်နေထိုင်ခြင်းဟာ အရေးအကြီးဆုံးလို့ တွေးကြည့်လိုက်မယ်ဆိုရင် အရာရာကို ရင်ဆိုင်နိုင်တဲ့ သတ္တိခွန်အားတွေ ရရှိလာလိမ့်မယ်။ ဒါဟာ မိမိဘ၀ကို ချုပ်နှောင်လိုက်တာ မဟုတ်ဘူး။ အမြင်များစွာ လမ်းကြောင်းများစွာကို ဖွင့်ပေးလိုက်တာ ဖြစ်တယ်။ (အောင်ဆန်းစုကြည်)

မိမိကိုယ်ကို မချည်နှောင်မိပါစေနဲ့။ ဘာသာရေးဟာ မိမိကို ချည်နှောင်စေမဲ့ ကြိုးတချောင်း မဖြစ်ပါစေနဲ့။  (ဇာဂနာ) 

သူများကို အပြစ်တင်နေတဲ့ စိတ်ကို လျော့ချပြီး တိုင်းပြည်အတွက် ဘာလုပ်နိုင်မလဲ။ မိမိကိုယ်တိုင်ရော ဘာတွေကို လုပ်ပြီးပြီလဲ။ မိမိဘ၀ကို အချိန်နဲ့ အမျှ တိုးတက်စေဖို့ ကြိုးစား နေထိုင်နိုင်ရမယ်။ 

ထောင်ထဲမှာ ၊ နေအိမ်အကျဉ်းစံဘ၀မှာ အချိန်များစွာ ဖြုန်းတီးခဲ့ရတဲ့ လူတယောက်ကတောင် သူ့ရဲ့ ဘာသာ စကားကို တိုးတက်အောင်၊ ဖွံ့ဖြိုးအောင် ကြိုးစားနိုင်သေးရင် ပြင်ပမှာ လွတ်လပ်စွာ နေရတဲ့ ကိုယ့်ရဲ့ ဘာသာစကားဟာ အခုထက် အဆများစွာ တိုးတက်နေသင့်တယ်။ 

(20-01-2012 ဇာဂနာ စာပေဟောပြောပွဲ အပြန် တွေးမိသမျှ)

Saturday, January 14, 2012

ပီတိကြောင့် ကျသော မျက်ရည်

ကိုယ်တိုင်ရတဲ့ အောင်မြင်မှုကြောင့် ပျော်ရွှင်ရမှု၊ကိုယ်သိပ်ချစ်တဲ့ သွေးသားအရင်းရဲ့ အောင်မြင်မှုကြောင့်ရတဲ့ ကြည်နူးရမှုတွေကြောင့် မျက်ရည်လည်တယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ ကိုယ်နဲ့ သွေး သား မတော်စပ် တဲ့ လူတစုကို မြင်ရတဲ့အတွက် ၊ သူတို့ရဲ့ အသံကို  ကြားရတဲ့အတွက် ၀မ်းသာကြည်နူးမှုဖြစ်ပြီး မျက်ရည်လည်မိတာ ဘ၀မှာ ပထမဆုံးပါပဲ။ 
၂၀၁၂ ဇန်န၀ါရီလ ၁၂ ရက်နေ့ - သူတို့တွေ လွတ်တော့မယ်လို့ ကြားတော့ ရင်ခုန်မိတယ်။ မယုံမရဲနဲ့ လွတ်ပါစေလို့ ဆုတောင်းမိတယ်။ တကယ် မသေချာသေးတော့ မပျော်နိုင်သေးဘူးပေါ့။ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာတော့ လွတ်လာပြီဆိုတဲ့ အသံတွေ ကြားလာရတယ်။ ဓါတ်ပုံတွေတော့ မမြင်ရသေးပါဘူး။ အလုပ် မလုပ်နိုင်ပဲ Facebook မျက်နှာပေါ်ကနေ တချိန်လုံး စောင့်ကြည့်နေမိတယ်။ ဖုန်းထဲကနေတဆင့် အင်တာဗျူးတဲ့ အသံတွေ တက်လာတော့ ၀မ်းသာ ၀မ်းနည်း၊ သူတို့ကို နိုင်ငံရေးအပေါ် ဘယ်လိုအမြင် ရှိသလဲလို့ ဇွတ်လိုက်မေးနေတဲ့ အင်တာဗျူးသမားတွေကို စိတ်ထဲ ခပ်ချဉ်ချဉ်ဖြစ်နေတဲ့ကြားက (အေးလေ ဒီအင်တာဗျူးသမားတွေကြောင့်သာ ကိုယ် သူတို့အသံကို ကြားရတာပေါ့) ပြည်သူတွေရဲ့ ၀မ်းသာအားရ ကြိုသံတွေကြောင့် ကြည်နူးမိနေတယ်။ ပထမဆုံး တယောက် မြင်ရပြီ။ နောက် တဦးချင်း၊ တဦးချင်း..ထောင်ကနေ ထွက်လာတဲ့ သူတို့ရဲ့ ဓါတ်ပုံတွေကို လိုက်ကြည့်ရင်း မျက်ရည်လည်မိတယ်။ မမေးကြပါနဲ့ အုန်း၊ နိုင်ငံရေး အမြင်တွေ၊ ပါတီထောင်မဲ့ အကြောင်းတွေ ..... သူတို့တွေရဲ့ လူငယ်ဘ၀ တခုလုံးကို ပေးဆပ်လို့ ထောင်ကနေ ထွက်လာတဲ့ခန.. သူတို့ကို ချောင်ပိတ်မဲ့ မေးခွန်းတွေ မမေးကြပါနဲ့ အုန်း။ သူတို့ရဲ့ မိသားစုတွေနဲ့ လွတ်လပ်ပျော်ရွှင်ကြပါစေအုန်ုး။ နှစ်ပေါင်းများစွာ ကဲကွာနေရှာတဲ့ မိဘတွေ သားသမီးတွေကို သူတို့နဲ့ စကားတွေ ပြောခွင့်ပေးလိုက်ကြပါအုန်း။ ရင်ထဲမှာ အဲလို တွေးနေမိတယ်။ 
ကိုယ့်ဘက်က ဒီလို တွေးနေမိပေမဲ့ သူတို့တွေကတော့ တိုင်းပြည်အတွက် ရိုးသားစွာ အနစ်နာခံခဲ့ ကြသူများ ပီသကြပါပေတယ်။ အင်တာဗျူးသမားတွေကို အတတ်နိုင်ဆုံး ရိုးသားစွာ ဖြေပေးကြတယ်။ ဘ၀မှာ အချိန်ပေါင်းများစွာ အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေခဲ့ရသူတို့ရဲ့ အသံဟာ ကြည်လင် ပြတ်သားနေတာအတွက်လဲ အားကျမိတယ်။ လေးစားမိပါတယ် ၈၈ ကျောင်းသား ခေါင်းဆောင် များရယ်။
ကိုယ့်အမြင်ပေါ့လေ သူတို့တွေဟာ လူငယ်တယောက်ရဲ့ ရိုးသားမှုနဲ့ နိုင်ငံချစ်စိတ် တခုထဲကို အခြေခံပြီး နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ခဲ့ကြသူတွေပါ။ 'ကျောင်းသားလို့ နံမည်ခံနေရတာ နဲနဲတော့ ရီစရာ ကောင်းတာပေါ့တဲ့။ ကျွန်တော်ဆို လွန်ခဲ့တဲ့ ရက်ကပဲ အသက် (၅၀) ပြည့်သွားခဲ့ပီ' ဆိုတဲ့ ဖြေဆိုသံ ကို ကြားရတော့ သူတို့ရဲ့ ပေးဆပ်မှုတွေအတွက် ၀မ်းနည်းစွာ အားနာမိတယ်။ 
နှစ်ထောင့် ဆယ့်နှစ်ဟာ ပျော်ရွှင်မှုတွေနဲ့ အတူ အောင်မြင်မှုတွေကိုပါ သယ်ဆောင်လာမယ်လို့ ယုံကြည်ပါ တယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်နေခဲ့တာတွေ ရပ်ဆဲလို့ ရန်သူနဲ့ မိတ်ဆွေ အတူ လက်တွဲ ရင်ဆိုင် ကြမယ်ဆိုရင် သာယာလှပတဲ့ အနာဂတ်တခုကို မကြာခင် ရရှိတော့မယ်လို့ မျှော်လင့် ပါတယ်။ ဒီအချိန် ကူးပြောင်းရေးကာလမှာ အမှားအယွင်းတွေ မဖြစ်ဖို့၊ အရှိန်နဲ့ စီးဆင်းဝင်ရောက်လာမဲ့ စီးပွားရေးသမားတွေရဲ့ သားကောင်တွေ ဖြစ်မသွားစေဖို့၊ တို့လူငယ်တွေ နိုင်ငံရေး အသိအမြင်နဲ့ ကြီးမြတ်တဲ့ နိုင်ငံသားတွေ ဖြစ်ဖို့ ဆိုတာကတော့ ကိုယ်တွေရဲ့ တာဝန်ပါပဲ။ မှန်ကန်တဲ့ ခေါင်းဆောင်မှု၊ အားကောင်းတဲ့ ၀န်းရံမှုတွေနဲ့ အတူ သာယာလှပတဲ့ နိုင်ငံတော် တခုကို တည်ဆောင်ကြရမှာ သဲတပွင့်အဖြစ် ပါဝင်နိုင်အောင် ကြိုးစားရအုန်းမယ်။

Wednesday, January 4, 2012

သူငယ်ချင်း - မင်းအတွက် အမြဲရှိနေမယ်..

ဟေးးးးးးးးး.. သူငယ်ချင်း...........
မင်း စိတ်ညစ်နေတဲ့အခါ.. ဒါမှ မဟုတ် ဒုက္ခရောက်နေတဲ့အခါ..
ခင်မင်မှုနဲ့ မေတ္တာတရားတွေ လိုအပ်နေတဲ့အခါ...
ဘယ်အရာကမှ မင်းလိုချင်သလို ဖြစ်မလာတဲ့အခါ...........

မျက်လုံးကိုမှိတ်လို့.. ငါ့အကြောင်းကို တွေးလိုက်စမ်းပါ...
သိပ်မကြာခင် အချိန်အတွင်း မင်းရဲ့ ညမိုက်တွေကို ထွန်းလင်းပေးဖို့ ငါအပြေးရောက်လာခဲ့ပါ့မယ်။ ။

ငါ့နံမည်ကိုသာ အော်ခေါ်လိုက်စမ်းပါ...
ဘယ်နေရာကို ရောက်နေပါစေ... ငါအပြေးရောက်လာခဲ့မယ်။ ။
နွေ၊ မိုး၊ ဆောင်း ရာသီတွေ ဘယ်လို ရှိနေပါစေ..
မင်းလုပ်ရမဲ့ အလုပ်က ငါ့နံမည်ကို အော်ခေါ်လိုက်ဖို့ပါပဲ.....
မင်းရှိရာအရပ်ကို ငါအပြေးရောက်လာခဲ့ပါမယ်။

မင်းရဲ့ ကောင်းကင်ကြီးတခုလုံး မှောက်မိုက်လို့ တိမ်မည်းတွေ လွှမ်းခြုံနေတဲ့အခါ
လေနီကြမ်းတွေ မင်းရဲ့ ဘ၀ကို ရိုက်ခတ်လာတဲ့အခါ...
ခေါင်းကို မော့လို့ ငါ့နံမည်ကို ရေရွတ်လိုက်စမ်းပါ..
မင်းအတွက် ငါအမြဲ အဆင်သင့် ရှိနေမယ်..
မင်းရဲ့ တံခါးဝမှာ စက္ကန့်မခြား ရောက်လာခဲ့မယ်။။။


သူငယ်ချင်းရေ.. မင်းဘ၀မှာ ခုလို သူငယ်ချင်းတယောက် ရှိနေတယ်လို့ သိရတာ မင်း မပျော်ဘူးလား....
တခါတလေ မင်းပတ်ဝန်းကျင်က လူတွေက သိပ်ကို အေးစက်နေလိမ့်မယ်..
ရက်စက်မှုတွေ ၀န်းရံလို့ မင်းကို နာကျင်စေလိမ့်မယ်..

အိုးးးးးးးးးး မင်းသာ ပျော့ညံ့ခဲ့မယ်ဆိုရင်လေ.. မင်းရဲ့ စိတ်ဝိညာဉ်နှလုံးသားကို သူတို့ ဖျက်ဆီးကြလိမ့်မယ်..
သူငယ်ချင်းရေ.. သူတို့ကို အရှုံးမပေးလိုက်ပါနဲ့.. မင်းဘေးမှာ ငါအမြဲ ရှိနေမယ်..
ငါ့ရဲ့ နံမည်ကိုသာ မင်း အော်ခေါ်လိုက်စမ်းပါ.....

မင်းအတွက် ငါအမြဲ ရှိနေမယ်.........
ဘယ်နေရာကိုပဲ ရောက်နေပါစေ...
မင်းရဲ့ အပါးကို ငါအပြေးလာခဲ့မယ်....
နွေ မိုး ဆောင်း ရာသီတွေ ပြောင်းနေပါစေ...
မင်းရှိရာ အရပ်ကို ငါ အပြေးရောက်လာခဲ့မယ်..........

James Taylor ရဲ့ You've got a friend ကို ခံစားရေးဖွဲ့သည်။

http://www.youtube.com/watch?v=0iM38PyxzG8
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~