ကိုယ်တိုင်ရတဲ့ အောင်မြင်မှုကြောင့် ပျော်ရွှင်ရမှု၊ကိုယ်သိပ်ချစ်တဲ့ သွေးသားအရင်းရဲ့ အောင်မြင်မှုကြောင့်ရတဲ့ ကြည်နူးရမှုတွေကြောင့် မျက်ရည်လည်တယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ ကိုယ်နဲ့ သွေး သား မတော်စပ် တဲ့ လူတစုကို မြင်ရတဲ့အတွက် ၊ သူတို့ရဲ့ အသံကို ကြားရတဲ့အတွက် ၀မ်းသာကြည်နူးမှုဖြစ်ပြီး မျက်ရည်လည်မိတာ ဘ၀မှာ ပထမဆုံးပါပဲ။
၂၀၁၂ ဇန်န၀ါရီလ ၁၂ ရက်နေ့ - သူတို့တွေ လွတ်တော့မယ်လို့ ကြားတော့ ရင်ခုန်မိတယ်။ မယုံမရဲနဲ့ လွတ်ပါစေလို့ ဆုတောင်းမိတယ်။ တကယ် မသေချာသေးတော့ မပျော်နိုင်သေးဘူးပေါ့။ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာတော့ လွတ်လာပြီဆိုတဲ့ အသံတွေ ကြားလာရတယ်။ ဓါတ်ပုံတွေတော့ မမြင်ရသေးပါဘူး။ အလုပ် မလုပ်နိုင်ပဲ Facebook မျက်နှာပေါ်ကနေ တချိန်လုံး စောင့်ကြည့်နေမိတယ်။ ဖုန်းထဲကနေတဆင့် အင်တာဗျူးတဲ့ အသံတွေ တက်လာတော့ ၀မ်းသာ ၀မ်းနည်း၊ သူတို့ကို နိုင်ငံရေးအပေါ် ဘယ်လိုအမြင် ရှိသလဲလို့ ဇွတ်လိုက်မေးနေတဲ့ အင်တာဗျူးသမားတွေကို စိတ်ထဲ ခပ်ချဉ်ချဉ်ဖြစ်နေတဲ့ကြားက (အေးလေ ဒီအင်တာဗျူးသမားတွေကြောင့်သာ ကိုယ် သူတို့အသံကို ကြားရတာပေါ့) ပြည်သူတွေရဲ့ ၀မ်းသာအားရ ကြိုသံတွေကြောင့် ကြည်နူးမိနေတယ်။ ပထမဆုံး တယောက် မြင်ရပြီ။ နောက် တဦးချင်း၊ တဦးချင်း..ထောင်ကနေ ထွက်လာတဲ့ သူတို့ရဲ့ ဓါတ်ပုံတွေကို လိုက်ကြည့်ရင်း မျက်ရည်လည်မိတယ်။ မမေးကြပါနဲ့ အုန်း၊ နိုင်ငံရေး အမြင်တွေ၊ ပါတီထောင်မဲ့ အကြောင်းတွေ ..... သူတို့တွေရဲ့ လူငယ်ဘ၀ တခုလုံးကို ပေးဆပ်လို့ ထောင်ကနေ ထွက်လာတဲ့ခန.. သူတို့ကို ချောင်ပိတ်မဲ့ မေးခွန်းတွေ မမေးကြပါနဲ့ အုန်း။ သူတို့ရဲ့ မိသားစုတွေနဲ့ လွတ်လပ်ပျော်ရွှင်ကြပါစေအုန်ုး။ နှစ်ပေါင်းများစွာ ကဲကွာနေရှာတဲ့ မိဘတွေ သားသမီးတွေကို သူတို့နဲ့ စကားတွေ ပြောခွင့်ပေးလိုက်ကြပါအုန်း။ ရင်ထဲမှာ အဲလို တွေးနေမိတယ်။
ကိုယ့်ဘက်က ဒီလို တွေးနေမိပေမဲ့ သူတို့တွေကတော့ တိုင်းပြည်အတွက် ရိုးသားစွာ အနစ်နာခံခဲ့ ကြသူများ ပီသကြပါပေတယ်။ အင်တာဗျူးသမားတွေကို အတတ်နိုင်ဆုံး ရိုးသားစွာ ဖြေပေးကြတယ်။ ဘ၀မှာ အချိန်ပေါင်းများစွာ အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေခဲ့ရသူတို့ရဲ့ အသံဟာ ကြည်လင် ပြတ်သားနေတာအတွက်လဲ အားကျမိတယ်။ လေးစားမိပါတယ် ၈၈ ကျောင်းသား ခေါင်းဆောင် များရယ်။
ကိုယ့်အမြင်ပေါ့လေ သူတို့တွေဟာ လူငယ်တယောက်ရဲ့ ရိုးသားမှုနဲ့ နိုင်ငံချစ်စိတ် တခုထဲကို အခြေခံပြီး နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ခဲ့ကြသူတွေပါ။ 'ကျောင်းသားလို့ နံမည်ခံနေရတာ နဲနဲတော့ ရီစရာ ကောင်းတာပေါ့တဲ့။ ကျွန်တော်ဆို လွန်ခဲ့တဲ့ ရက်ကပဲ အသက် (၅၀) ပြည့်သွားခဲ့ပီ' ဆိုတဲ့ ဖြေဆိုသံ ကို ကြားရတော့ သူတို့ရဲ့ ပေးဆပ်မှုတွေအတွက် ၀မ်းနည်းစွာ အားနာမိတယ်။
နှစ်ထောင့် ဆယ့်နှစ်ဟာ ပျော်ရွှင်မှုတွေနဲ့ အတူ အောင်မြင်မှုတွေကိုပါ သယ်ဆောင်လာမယ်လို့ ယုံကြည်ပါ တယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်နေခဲ့တာတွေ ရပ်ဆဲလို့ ရန်သူနဲ့ မိတ်ဆွေ အတူ လက်တွဲ ရင်ဆိုင် ကြမယ်ဆိုရင် သာယာလှပတဲ့ အနာဂတ်တခုကို မကြာခင် ရရှိတော့မယ်လို့ မျှော်လင့် ပါတယ်။ ဒီအချိန် ကူးပြောင်းရေးကာလမှာ အမှားအယွင်းတွေ မဖြစ်ဖို့၊ အရှိန်နဲ့ စီးဆင်းဝင်ရောက်လာမဲ့ စီးပွားရေးသမားတွေရဲ့ သားကောင်တွေ ဖြစ်မသွားစေဖို့၊ တို့လူငယ်တွေ နိုင်ငံရေး အသိအမြင်နဲ့ ကြီးမြတ်တဲ့ နိုင်ငံသားတွေ ဖြစ်ဖို့ ဆိုတာကတော့ ကိုယ်တွေရဲ့ တာဝန်ပါပဲ။ မှန်ကန်တဲ့ ခေါင်းဆောင်မှု၊ အားကောင်းတဲ့ ၀န်းရံမှုတွေနဲ့ အတူ သာယာလှပတဲ့ နိုင်ငံတော် တခုကို တည်ဆောင်ကြရမှာ သဲတပွင့်အဖြစ် ပါဝင်နိုင်အောင် ကြိုးစားရအုန်းမယ်။
No comments:
Post a Comment