နိုဝင်ဘာလ ၆ ရက်နေ့ အင်္ဂါနေ့ ညနေခင်းမှာ ကိုယ်တို့ရဲ့ ထိုင်ဝမ်ခရီးစဉ်ကို စတင်ခဲ့ကြတယ်။ လေယာဉ် ချိန်က ဗုဒ္ဒဟူးနေ့ မနက်စော ၁၂ နာရီ ၅၀ ဆိုပေမဲ့ စိတ်စောနေတဲ့ ကိုယ်တို့တွေဟာ အင်္ဂါနေ့ ညဘက် ၈ နာရီ ၀န်းကျင်မှာ ကိုယ်စီ ကိုယ်စီ အိမ်က ထွက်လာခဲ့ကြတယ်။ကိုယ်တို့ရဲ့ စုရပ်ဖြစ်ရာ ချန်ဂီ လေဆိပ်ဆီ ကိုပေါ့။ ထုံးစံအတိုင်းလေဆိပ်မှာ ဓါတ်ပုံရိုက်ကြ.. လေပေါကြနဲ့ ကိုယ်တို့ တွေ ထိုင်ဝမ်ခရီးစဉ်ကို စတင်ခဲ့ ကြတယ်။
ဒီခရီးစဉ်ဟာ ကိုယ့်အတွက်တော့ အမှတ်ရစရာတွေ အများကြီးကျန်တဲ့ ခရီးစဉ်တခု ဖြစ်တယ်။ ကိုယ် မကျွမ်းကျင်တဲ့ ဒေသတခုကို သူငယ်ချင်းတွေရဲ့ အားကိုးနဲ့ မိုက်မိုက်မဲမဲ စီစဉ်ဖြစ်ခဲ့တယ်။ ၃ ရက်တာ ကီလို ၂၀၀ ကျော်ကို ပထမဆုံး စက်ဘီးစီးဖြစ်တဲ့ ခရီးစဉ်လဲ ဖြစ်တယ်။ ဒီခရီးမှာ စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်း ဆိုင်ရာ အခက်အခဲ ပေါင်းများစွာကို ကြုံတွေ့ရဖို့ ကြိုတင်ပြင်ဆင်ခဲ့သလို အောင်လဲ အောင်မြင်ခဲ့တယ်။
၇ ရက်နေ့ မနက် ၇ နာရီ ၀န်းကျင်မှာ ထိုင်ပေ လေဆိပ်ကို ရောက်တယ်။ အဲဒီကနေ Taxi နဲ့ပဲ ကိုယ်တို့ရဲ့
ပထမဆုံး ကိုယ်တို့ရဲ့ ခေတ္တရပ်နားရာ Ni hao hostel ကို ခရီးဆက်ဖြစ်တယ်။ ထိုင်ဝမ်က Taxi တွေကလဲ မီတာ စနစ်ကို သုံးတာဖြစ်တဲ့အတွက် ဈေးဆစ်ရတဲ့ ပြဿနာ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ ပုတ်ပြတ်နဲ့ လိုက်ပို့ဖို့ မဲဆွယ်တဲ့ ကားသမား အချို့ကိုလဲ တွေ့ရတယ်။ ဒါတွေဟာ ကိုယ့်ကို မြန်မာပြည်ကို လွမ်းစေတဲ့ ထိုင်ဝမ်ရဲ့ နွေးထွေးခြင်း အစပါပဲ။ ကိုယ်တို့တည်းမဲ့ နေရာက ထိုင်ဝမ် ဘူတာရုံနဲ့ ကပ်နေပါတယ်။ အဲဒီမှာ အ၀တ်အိတ်တွေကို ထားခဲ့ပြီး ကိုယ်တို့ရဲ့ စက်ဘီးစီး ခရီးစဉ်စတင်ရာ Hualien ကို ရထားနဲ့ ခရီးဆက်ရမှာ ဖြစ်တယ်။ ဖြစ်ချင်တော့ Ni hao hostelက မနက် (၈) နာရီမှ ဖွင့်တာဖြစ်တဲ့ အတွက် ခန စောင့်ရတယ်။ ကိုယ်တို့ရဲ့ ရထားက မနက် ၈ နာရီ ၅၀.. အချိန်က လုနေရသလို စိတ်လဲ ပန်းရတဲ့ ခရီးရဲ့ အစပါပဲ။
ရထားပေါ်ကို ရောက်တဲ့အချိန်မှာတော့ အားလုံး အနားရတယ်။ ထိုင်ဝမ်က ရထားတွေက မြန်မာပြည်က ရထား တွေလိုပါပဲ။ သန့်ရှင်းမှု အနဲငယ်ပိုတာက လွဲရင် မြန်မာပြည်က ဟိုးအဝေးကြီးမှာ ပြတ်ကျန်ခဲ့တဲ့ အနေအထားတော့ မဟုတ်ဘူး ထင်တာပဲ။ ရထားပေါ်မှာ လူတွေ စကားပြောကြမယ်.. မုန့်ဝယ်စားတယ်.. ရထားတွေ (စင်္ကာပူက ရထားမပါ) စီးဖြစ်တိုင်း အိမ်ကို လွမ်းတယ်.. မြန်မာပြည်က အနေအထားတွေက ကိုယ်သိခဲ့တဲ့ အနေအထားတွေလို မဟုတ်တော့ဘူးဆိုရင်တောင် အတိတ်ကို တမ်းတခြင်းနဲ့ အတူ လွမ်းတယ်။
Hualien ကိုရောက်တော့ ကိုယ်တို့တည်းမဲ့ ဟိုတယ်နံမည်က Green တဲ့။ ဘူတာရုံနဲ့ မလှမ်းမကမ်းပါပဲ။ သူငယ်ချင်းတွေရဲ့ နေရာရွေးချယ်မှုအတွက် ချီးကျူးရပါတယ်။ အဲဒီ ဟိုတယ်မှာ အိတ်တွေချ ခနတဖြုတ်နား ပြီးမှာတော့ စက်ဘီးငှားဖို့ရာ Giant ကို ခရီးဆက်ခဲ့ကြပါတော့တယ်။
No comments:
Post a Comment