ကိုယ်ဟာ သာမာန်ပြည်သူတယောက်ပါ။ သာမာန်ပြည်သူထဲမှာမှ ကြောက်တတ်တဲ့ .. ၀မ်းနည်းကြေကွဲ စရာ တွေကို ကြားရင် မျက်ရည်လွယ်တတ်တဲ့.. ဘာမှ တန်ဖိုးမရှိတဲ့ သာမာန် ပြည်သူ တယောက်ပါ။
ဒါပေမဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တယ်။ မြန်မာပြည်ကို တိုးတက်စေချင်တယ်။ ကိုယ် ယုံကြည်တဲ့ စကားလေးတခွန်း ရှိပါတယ်။
"မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနေတာဟာ တိုင်းပြည်ကို တိုးတက်အောင် ကြိုးစားနေတာပါပဲ" တဲ့။
အဲ့ဒီယုံကြည်မှုတခုနဲ့ပဲ အခက်အခဲများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ကိုယ်ကြိုးစားခဲ့ပါတယ်။ ဘ၀မှာ မောပန်းလာလို့ အရှုံးပေးချင်လာတဲ့အခါ ငါ့တိုင်းပြည်အတွက်လို့ တွေးရင်း အားယူလာခဲ့တယ်။
ကိုယ့်ကြောင့် မြန်မာပြည်ကို ဂုဏ်မငယ်စေရအောင် ကြိုးစားခဲ့ပါတယ်။ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး အစစမှာ မြန်မာလူမျိုးတွေ ကိုယ့်ကြောင့် ဂုဏ်မတတ်ရင်တောင် ဂုဏ်မပျက်စေခဲ့ရပါဘူး။
ပညာပြည့်စုံလာတဲ့ တနေ့ မြန်မာပြည်မှာ ပညာရေး ဖြန့်ဝေနိုင်သူ တယောက်ဖြစ်ဖို့ ပြင်ဆင်နေဆဲ ကိုယ်ဟာ မလုပ်နိုင်သေးတာတွေအတွက် စိတ်ကူးယဉ်မှုတွေနဲ့ အတူ အခုအချိန်မှာ လုပ်နိုင်သမျှကို လုပ်ပေးခဲ့တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေကို မြန်မာပြည် အကြောင်း ပြောပြတယ်။ ကိုယ် ပြောပြသမျှဟာ မြန်မာပြည်ကို သူတို့ချစ်ခင်လာအောင်၊ ကိုယ်တို့ရဲ့ ရိုးသားမှုတွေကို အားကျလာအောင်သာ အဓိက ရည်ရွယ်ပါတယ်။ လူဆိုးလို့ သူတို့ မြင်ထားသူတွေကို ဘာလို့ ဒီလို ဖြစ်ရသလဲဆိုတာ ရှင်းပြပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့ လူဆိုးလို့ မြင်ထားသူတွေ ကလဲ တကယ်တော့ ကိုယ့်အတွက်တော့ မြန်မာတွေ ဖြစ်နေလို့ပါပဲ။ မြန်မာတွေထဲမှာ ဆိုးသူ ရှိသလို ကောင်းသူရှိတယ်ဆိုတာ သူတို့ကို ပြောပြခဲ့တယ်။ မြန်မာပြည်ဆိုတာ သူတို့ ထင်ထားသလို စစ်သားတွေက သေနတ်ကိုင် အုပ်ချုပ်ပြီး မထင်ရင်သလို မထင်သလို သေနတ်နဲ့ ပစ်သတ်တဲ့ မလုံခြုံတဲ့ အရပ်ဒေသေတခု မဟုတ်ဘူးဆိုတာ နားလည်အောင် ပြောပြခဲ့တယ်။ မြန်မာပြည်ဟာ တချို့ မီဒီယာတွေ (သို့) တချို့ (စစ်အစိုးရကို မုန်းတီးတဲ့) မြန်မာတွေ ပြောသလို အရိုင်းအစိုင်းတွေပဲ ရှိတဲ့ နေရာ မဟုတ်ဘူး ဆိုတာ သူတို့ နားလည်အောင် ကြိုးစားခဲ့တယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာ မြန်မာကို မြတ်နိုးတဲ့စိတ် တခု ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်။
နောက် စင်္ကာပူက မြန်မာကလေး တွေကို ကျူရှင် သင်ပေးတဲ့ အခါ ပညာသင်ပေးရုံမက
ကိုယ့်ကြောင့် သူတို့မှာ အားတတ်လာအောင် မြန်မာပြည်အတွက်
ပြန်လုပ်ပေးချင်တဲ့စိတ် ပေါ်လာအောင် ညွှန်ပြပေးခဲ့ပါတယ်။ကိုယ် တတ်နိုင်သမျှ ငွေလေးတွေနဲ့ မြန်မာပြည်မှာ နှစ်စဉ် ပညာဒါန ပြုခဲ့တယ်။
မြန်မာပြည်နဲ့ ပတ်သတ် လို့ အလှူအတန်းတွေမှာ ပါဝင်လှူတန်းခဲ့တယ်။
ဒါပေမဲ့ လောကကြီးမှာ ကိုယ် မလုပ်ချင်တဲ့အရာတွေ ရှိတယ်။ အဲဒါကတော့ ကိုယ့်လူမျိုးတွေရဲ့ ဆင်းရဲ မွဲတေမှုတွေကို နိုင်ငံခြားသား သူငယ်ချင်းတွေဆီမှာ ချပြပြီး ငွေအလှူခံရမဲ့ ကိစ္စပဲ။ မြန်မာလူမျိုး အချင်းချင်း အလှူငွေစုဖို့ ၀န်မလေးတဲ့ ကိုယ်ဟာ နိုင်ငံခြား လူမျိုးတွေဆီက အလှူခံဖို့ကိုတော့ အမြဲပဲ နောက်တွန့်ခဲ့ရ တယ်။ ဒါဟာ ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိတဲ့ တလွဲ မာနတခုကြောင့်လို့ပဲ ဆိုရမလား။ မြန်မာပြည်က လူတွေကို နိုင်ငံခြားသားတွေက သနားစရာ အဖြစ် မြင်မှာကိုလဲ ကိုယ် မလိုချင်ဘူး။ နောက် ကိုယ်ဒေသက လူတွေရဲ့ စိတ်ထဲမှာ နိုင်ငံခြား က အလှူငွေကို မျှော်ကိုးပြီး ဖြစ်နေမှာကိုလဲ မလိုလားဘူး။ ကိုယ့်ရဲ့ ဒီလို အယူအဆကြောင့်ပဲ တချို့ကိစ္စတွေမှာ (တယောက်အားဖြင့် ယူသော်မရ .. အများအားဖြင့် ယူသော်ရ၏) ဆိုတာလို မစွမ်းဆောင်နိုင်ခဲ့တာတွေလဲ ရှိပါရဲ့။
နောက်တခု ကိုယ် မလုပ်ချင်တဲ့ ကိစ္စကတော့ အွန်လိုင်းမှာ အငြင်းပွားရမဲ့ အလုပ်ကိုပါပဲ။ ကိုယ့်အတွက် အွန်လိုင်းဆိုတာ စကားလုံးတွေ မှားဖို့ (သို့) ခံစားချက်တွေအရ
စာသား တွေကို ရေးချလိုက်မိဖို့ သိပ်ကို လွယ်ကူတဲ့နေရာ တခုပါ။ တဖက်က ကိုယ့် အပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ရေးလာမှာကို ကြောက်သလို ကိုယ့်ဘက်က စကားတွေ မှားမိမှာကိုလဲ ကြောက်ပါတယ်။ အခု ရခိုင်အရေးနဲ့ ပတ်သတ်လို့ ဒီက သတင်းစာတွေမှာ ဖော်ပြတဲ့
ကြေငြာချက်တွေကို မကျေနပ်တဲ့ ကိုယ့်သူငယ်ချင်း မြန်မာတွေက မြန်မာ မီဒီယာတွေမှာ ဖော်ပြ
မှုတွေကို ဘာသာပြန်လို့ (သို့) အကျိုးအကြောင်း ရှင်းပြတဲ့ အီးမေးလ်တွကို ဒီက
သတင်းစာတွေကို လှမ်း ပို့ကြတယ်။ ကိုယ့်ကိုလဲ ၀င်ရေးဖို့ ဖိအားပေးလာကြတယ်။ ကိုယ့်ရဲ့ မတတ်တတတ် အင်္ဂလိပ်စာ ကြောင့် သူတို့ ကိုယ့်အပေါ်မှာ မျှော်လင့်တာကိုလဲ နားလည်ပါရဲ့။ ဒါပေမဲ့ ..
ကိုယ့် အတွက်တော့ ရခိုင် လူမျိုးတွေအတွက်
ဝမ်းနည်းကြေကွဲ ရပေမဲ့.. ကိုယ် တိတိကျကျ မသိတဲ့ အရာ တွေအတွက်
ဘာသာပြန်တာကို မလုပ်ချင်ခဲ့ဘူး။ အဲဒီအတွက် ကိုယ်ဟာ တာဝန်မကျေဘူးလို့
စွပ်စွဲ လာကြတဲ့အခါ ၀မ်းနည်းမှုကို ခံစားရတာက လွဲလို့ သူတို့ကို
အပြစ်မတင်ခဲ့ပါဘူး။ ကိုယ့်အနေနဲ့ ကိုယ် လုပ်နိုင်တဲ့ အရာဖြစ်တဲ့
ငွေလှူခြင်း........ကို လုပ်ခဲ့ပြီးတဲ့နောက် ကိုယ်
မလုပ်ချင်(မလုပ်နိုင်)တဲ့ ဒီက မီဒီယာ တွေကို တိုက်ခိုက်ခြင်း (သို့)
အမှန်သိမြင်အောင် ကြိုးစားကြခြင်းဆိုတဲ့ မီဒီယာ တိုက်ပွဲမှာ မပါဝင် ခဲ့ဘူး။
အဲဒီအတွက် တာဝန်မကျေဘူးလို့ စွပ်စွဲကြတာကို အပြုံးမပျက်
သည်းခံနိုင်ပေမဲ့...........
'နင်တို့လို လူမျိုးတွေကြောင့် မြန်မာပြည် အခုလို ဖြစ်နေတာ' ဆိုပြီး တရားခံ တံဆိပ် အကပ်ခံရတာကို နာကျင်မိတယ်။
အခုထိ ကိုယ်လုပ်ဆောင်သမျှဟာ
တိုင်းပြည်အတွက် တာဝန်မကျေဘူးလို့ ဆိုရင် လက်ခံနိုင်ပေမဲ့.......
ကိုယ့်ကြောင့် မြန်မာပြည်ကြီး ပျက်စီးရပါတယ်ဆိုရင်ဖြင့်
..........
No comments:
Post a Comment