Saturday, January 31, 2009

comfort zone မှ ခွဲခွာကြည့်ခြင်း (၁)

တစ်လလုံးလုံး မခုန်ခဲ့တဲ့ရင်က သွားရခါနီး ၅ နာရီအလိုလောက် (မနေ့က ဒီအချိန်မှာ) မှာ စခုန်လာတယ်။ ယူသွားမဲ့ အိတ်ကို ကြည့်ပြီး ကီလို အပိုဖြစ်မှာ ပူတာကတစ်မျိုး၊ ဒီဘက် immigration မှာ အ၀င် အဆင်မပြေ မှာ ဆိုးတာကတစ်မျိုးပေါ့။ လေဆိပ်ကို စောသွားမယ်လေဆိုပြီး အိမ်က ၈း၃၀ မှာ ထွက်ဖြစ်တယ်။ အစကတော့ ရထားနဲ့ သွားဖို့ စဉ်းစားမိပေမဲ့ အိတ်ကို မကြည့်ပြီး မနိုင်မနင်းဖြစ်နေတာနဲ့ Taxi နဲ့ပဲ ထွက်ဖြစ် လိုက်တယ်။ လေဆိပ်ကို ရောက်တော့ ၉ နာရီ နဲနဲ စွန်းရုံရှိသေးတယ်။ရောက်ရောက်ချင်း သွားချိန်ကြည့်လိုက်တော့ ကီလို က ပိုတယ်ဆိုရုံလေး။ ဒီလောက်ကတော့ သူတို့က စကားပြောနေမှာ မဟုတ်တော့ ရင်အေးသွားမိတယ်။ ဒါပေမဲ့ ဂိတ်ကိုသွားကြည့်လိုက်တော့ closing ဆိုပဲ။ တစ်ခါ ကြုံထားဖူးတဲ့လူဆိုတော့ ခပ်လန့်လန့်နဲ့ အပြေး အလွှားပဲ အိတ်သွားချိန်လိုက်တယ်။
၁၀း၂၅ မှာ လေယာဉ်ရှိရာ သွားရမယ်ဆိုတော့ ညီအမနှစ်ယောက် လေဆိပ် မှာ ခနထိုင်၊ စာအုပ်လာပေးမယ် ဆိုတဲ့ သူငယ်ချင်းနဲ့ ကိုယ့်ကို လိုက်ပို့မယ်လို့ပြောထားတဲ့ ညီမ၀မ်းကွဲကို ဖုန်းလှမ်းဆက်ရတယ်။ သူငယ်ချင်း ကတော့ လေယာဉ်ကွင်းမှာပဲ လုပ်တာဆိုတော့ ခနနေလာခဲ့မယ်တဲ့။ ညီမ၀မ်းကွဲကတော့ လမ်းမှာပဲ ရှိသေး တယ်။ သူတို့ကို စောင့်ရင်း အငယ်မကို ပိုက်ဆံ လွှဲပေးဖို့ သတိရတာနဲ့ ATM သွားရှာပြီး လွှဲဖြစ်တယ်။ သိပ်မကြာဘူး သူငယ်ချင်းရောက်လာတယ်။ ဓါတ်ပုံတွေ ဘာတွေရိုက် ဟိုပြော ဒီပြောလုပ်နေတုန်း ညီမ ၀မ်းကွဲ လဲ ရောက်လာတယ်။သူတို့လာပြီး ခနနေတော့ ညီမတွေ အပြန်နောက်ကျနေမှာ ဆိုးတာနဲ့ လေယာဉ်ကွင်း ထဲကို ၀င်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါတောင် ဟိုပြော ဒီပြောနဲ့ ၁၀း၁၀ မှ ၀င်ဖြစ်တယ်။ အထဲရောက်တော့ ကွက်တိပဲ နားချိန်၊ ရင်ခုန်ချိန် သိပ်မရလိုက်ဘူး။
ဇာတ်လမ်းက ခုမှ စတာ...လေယာဉ်ကို ခုလို ခရီးရှည်က တစ်ခါမှ မစီးဖူးတော့ အတွေ့အကြုံ ကမရှိဘူး။ တစ်တန်းမှာ လူ ၁၀ ယောက် ထိုင်တာ ကိုယ်က အခု ပထမဆုံး ကြုံဖူးတာပဲလေ။ နောက် လူတိုင်းအတွက် TV ထားပေးတယ်ဆိုတာလဲ ခုမှ လက်တွေ့ မြင်ဖူးတာပဲပေါ့။ အရင်တုန်းက ရုပ်ရှင်တွေမှာ တွေ့ဖူးရုံလောက် ရှိတာကို။ နောက် ကိုယ်စီးနေကျ လေယာဉ်တွေနဲ့ အဓိက ကွားခြားတာက ကြည့်ကြည့်သမျှ အာရှသားဆိုလို့ လက်ချိုးရေလို့ရအောင် နည်းနေတာပဲ။ ပတ်ပတ်လည် အဖြူကောင်တွေနဲ့ လူတွေက အကြီးကြီးတွေ။ ဘာလို့လဲ မသိ အားတော့ မငယ်ပါဘူး။ အိပ်ချင်နေတာလဲ ပါမယ်ထင်တယ်။ ကိုယ်လဲ မျက်စိကို စုံမှိတ်ပြီး အိပ်ဖို့ ကြိုးစားလိုက်မိတယ်။ ဒါပေမဲ့ မီးတွေက လင်းနေသေးတော့ အိပ်မရဘူး။ ဘာလုပ်ရမှန်းမသိ ဖြစ်ပြီး မျက်လုံးလေး ကစားလိုက်တော့ ကိုယ့်ဘေးက ဦးလေးကြီးက ငယ်ငယ်က လူဆိုးတွေ တပ်တဲ့ဟာလိုမျိုး သားရေပင်နဲ့ သိုင်းထားတဲ့ အ၀တ်စ လေးတစ်ခုကို ခေါင်းကနေ စွပ်ချလိုက်တယ်။ မျက်လုံးရှေ့မှာ အလင်းကို ကွယ်ပြီးသားဖြစ်သွားတော့ ဟာ မိုက်သား ဆိုပြီး ကိုယ်လဲ လိုက်ရှာတော့ ရှေ့ကပိုက်ခြင်းထဲမှာ နားကြပ် ကတစ်ခုရယ်၊ ဘာမှန်းမသိတဲ့ ဗူးရှည်မျောမျောလေးကတစ်ခု (နောက်မှ အလင်းနဲ့ဖွင့်ကြည့်တော့ သွားတိုက် ဆေးနဲ့ သွားတိုက်တံ)၊ ခုနက သားရေကြိုးတပ်ထားတဲ့ အ၀တ်စလေးရယ်ကို ထည့်ထားတဲ့ အိတ်ကို တွေ့တယ်။ ကိုယ်အိပ်ပြီး သိပ်မကြာဘူး၊ ထမင်းကျွေးမယ်၊ ဘာညာ ကြေညာသံ တွေတော့ ကြားသား အိပ်ချင်နေတော့ အာရုံက အပြည့်မရလိုက်ဘူး။ အနံ့တွေ မွှေးလာလို့ မျက်လုံးဖွင့်ကြည့် လိုက်တော့ ထမင်းဝေတဲ့ ၀န်ထမ်းက ကိုယ့်ခုံကို ကျော်သွားပြီ။ ကိုယ်လဲ လှမ်းတောင်းရင် ရနိုင်ပေမဲ့ ဗိုက်ကလဲ မဆာ၊ သူတို့ ကျွေးတာလဲ ကိုယ်မကြိုက်ဖို့က များနေတော့ မတောင်းလိုက်မိဘူး။ အဓိကကတော့ အိပ်ချင် နေလို့ပဲ။ ဒါပေမဲ့ အဲဒါ အမှားတစ်ခုဆိုတာ လေယာဉ်စီးပြီး ၅ နာရီကျော်ကြာမှ သိလိုက်တယ်။ ကိုယ်က ဗိုက်ဆာလို့ နိုးလာတဲ့ အချိန် လေယာဉ်တစ်ခုလုံးကလဲ မှောင်မည်းလို့ ၀န်ထမ်းတွေကလဲ တစ်ယောက်မှ ဖြတ် သွားဖြတ်လာ မရှိကြဘူး။ အားလုံးက ဗိုက်ပြည့်ပြည့်နဲ့ အိပ်မောကျနေကြပြီလေ။ ကိုယ့်မှာသာ ဗိုက်ဆာဆာနဲ့ နေရခက်နေရော။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ချိုချဉ်လေး ငုံပြီး တရားလေးမှတ် အိပ်ဖို့ကြိုးစားရတယ်။ ကြားထဲမှာ လာဝေသွားတဲ့ လိမ္မော်ရည်လေးနဲ့ မြေပဲထုပ်လေး ကယ်သွားတာလဲ ပါမှာပေါ့။ ပြန်အိပ်ပျော်သွားလိုက် နိုးလိုက်ပဲ။ ကိုယ့်ရှေ့မှာ ပေးထားတဲ့ TV လေး အလကားမဖြစ်အောင် ရုပ်ရှင်ကြည့်မယ်လေလို့ စဉ်းစားမိပေမဲ့ နားကြပ်ပေါက်က ရုတ်တရက် ရှာမတွေဘူး။ ဒါနဲ့ မဖြစ်သေးပါဘူးဆိုပြီး ဟိုရှာဒီရှာပေါ့။ ခနနေတော့ ကိုယ့်ဘေးက တစ်ယောက်တည်းသော အာရှသူ ကောင်မလေးက အိမ်သာထ သွားတယ်။ သူ့နေရာကို လှမ်းငေးလိုက်မှ သူ နားကြပ်တပ်ထားတဲ့ အပေါက်ကို တွေ့တယ်။ ဒါနဲ့ သူများလုပ်သလို လိုက်တပ်ရင်း ကျန်တဲ့ ၈ နာရီကျော်ခရီးကို နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ ဖြတ်သန်းလိုက်ရတယ်။

Tuesday, January 20, 2009

A*Star Scholar commited sucide over PRC girl

A*Star Scholar ကျောင်းသားတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သတင်းကို စကြားခါစတုန်းက ပညာရေးအတွက်လို့ ထင်လိုက်မိတယ်။
ဒါပေမဲ့ အဖြစ်မှန်က မိန်းကလေး တစ်ယောက်အတွက်တဲ့။ သူငယ်ချင်း ၂ ယောက် အပြိုင်လိုက်ကြရာက သူ့ကို မရွေးပဲ သူ့အချစ်ဆုံးသူငယ်ချင်းကို ရွေးချယ်လိုက်လို့ HDB ၉ ထပ်တိုက်က ခုန်ချပြီး သတ်သေသွားတာတဲ့။
အချစ်ကြီးလိုက်တာလို့ ချီးကျူးရမလား၊ မိုက်လိုက်တာလားလို့ ရှုံချရမလားတောင် မသိတော့ဘူး။ ကောင်မ လေးကိုရော သူ့ကောင်လေးကိုရော သနားနေမိတယ်။ သူတို့ဘ၀မှာ ဒီအဖြစ်အပျက်ကြီးက အရိပ် အဖြစ် လွှမ်းမိုးပြီး နေသွားရရှာတော့မှာ။ သူ့ရဲ့ တဒင်္ဂ ရူးသွပ်ခြင်းက ကျန်တဲ့လူတွေကို နောက်တတရား တစ်ခုနဲ့ နေကောင်းနေသွားရတော့မယ်။ မိဘတွေကရော ဘယ်လို ဖြေသိမ့်ရမလဲ။ နောက်ပြီး သူ့ရသွားတဲ့အတွက် scholarship မရခဲ့တဲ့ ပညာရေးကို တကယ်လိုချင်ကောင်း လိုချင်နိုင်တဲ့ တခြားကျောင်းသားတစ်ယောက်ကိုလဲ သနားမိတယ်။ ပညာတော်ပြီး အဆင့်တွေ ကောင်းတိုင်းလဲ ရင့်ကျက်တဲ့ လူ မဖြစ်ဘူးဆိုတာကို သက်သေပြ လိုက်သလိုပဲ။ ပညာတော်နေရုံတင်မဟုတ်ပဲ မှန်ကန်တဲ့ တွေးခေါ်မှု ရှိတဲ့ လူတွေ ဖြစ်လာဖို့ ဆရာ၊ ဆရာမတွေ ထိန်းကျောင်းဖို့ လိုနေပြီ။

Wednesday, January 14, 2009

စိန်ခေါ်မှုရဲ့ ပထမခြေလှမ်း

အခန်း(၁)
လက်ထဲက ပတ်စ်ပို့လေးကို ဖွင့်မကြည့်နိုင်လောက်အောင် သူမလက်တွေ အေးစက်နေတယ်။ ဒူးတွေရဲ့ တုန်ခါမှုကို ထိန်းချုပ်နိုင်ဖို့ ထိုင်ခုံမှာ ၀င်ထိုင်လိုက်ရတော့ ကောင်တာက ၀န်ထမ်းက သူမကို ပြုံးကြည့်နေ တယ်။ ခုန်နေတဲ့ ရင်ကို အသာထိန်းရင်း ပတ်စ်ပို့ကို ဖွင့်ကြည့်လိုက်တော့ အိုကေ တဲ့။ သူမ ပျော်သွားသလို တချိန်တည်းမှာ စိုးရိမ်မိနေတာ ဘာလို့တဲ့။
သူမ မျှော်တလင့်လင့် စောင့်စားခဲ့ရတဲ့ အချိန်ကိုဝမ်းသာမှု တစ်ခုထဲနဲ့တော့ မကြိုဆိုမိတာ ဘာကြောင့်လဲ။ စိန်ခေါ်ပွဲကို ရင်ဆိုင်နိုင်ဖို့ အားအင်တွေကို ကြိုတင်ပြင်ဆင်လာပေမဲ့ တကယ်ရင်ဆိုင်ရချိန်မှာ တုန်လှုပ်နေ သေးတာ ဘာလို့လဲ။ မမျှော်လင့်တဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့ရတာက ခနခန ဖြစ်နေတော့လဲ ၀မ်းသာစရာ ကြုံရင်တောင် လွတ်လွတ်လပ်လပ် မပျော်ဝင့်တော့ဘူး။

Sunday, January 11, 2009

အားနာတာလား (သို့) ကြောက်တာလား

ကိုယ်နဲ့ မဆိုင်တဲ့ နေရာတစ်ခုမှာ ထိုင်နေရတဲ့အခါ အမြဲမသိုးမသန့်ဖြစ်မိတယ်။ မထိုင်ဘဲကလဲ မနေနိုင် မျက်လုံးတွေက တောင်ကြည့် မြောက်ကြည့်နဲ့။ ကဲဘာဖြစ်ဖြစ်ဆိုပြီး မျက်လုံးမှိတ်လိုက်ပြန်တော့လဲ စိတ်က အနားမရဘူး။ ရင်ထဲက တဒိန်းဒိန်းနဲ့ ကြောက်တတ်တာက.......
ဟော ကိုယ်က ပွဲကြည့်ပရိသတ်ဖြစ်တဲ့အခါကျတော့ သူများက အဲနေရာမှာ ခန့်ခန့်ကြီးထိုင်နေပြီး ထိုင်ခုံ ပိုင်ရှင် ကိုတော့ နေရာမပေးတဲ့အခါကျ မြင်ရတာ မျက်လုံးထဲမှာ ကန့်လန့်ဖြစ်..ထိုင်နေတဲ့ လူကိုလဲ နေရာ ဖယ်ပေးဖို့ မပြောရဲ၊ ပိုင်ရှင်ကိုလဲ အားနာ သနား..
MRT စီးတိုင်း ကိုယ့်ကိုယ်ကို အားမရတဲ့ စိတ်တွေဖြစ်တာ ကြာပြီ။ သူငယ်ချင်း တစ်ယောက်ကတော့ ခပ်တည်တည်ပဲ အဲလို ထိုင်နေတဲ့လူတွေကို သွားပြောတတ်တယ်။ ကိုယ်ကသာ ကြားထဲက မျက်နှာတွေပူ၊ ခြေဖျားလက်ဖျားတွေအေးနဲ့ ဘာလုပ်ရမှန်းမသိဘူး။ ဒါပေမဲ့ ဥပက္ခာ ပြုနိုင်လားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ကြည့်ပြီး ပွစိပွစိ လုပ်နေမိတတ်တယ်။ တော်တော် မကောင်းတဲ့ စိတ်...
ထိုင်ခုံလေးရလို့ ထိုင်မိပြန်တော့လဲ စိတ်က မအေးဘူး။ လူကြီးတွေများတတ်လာမလား၊ ကိုယ်ဝန်သည်တွေများ ဖြစ်နေမလားနဲ့ စိတ်က ဘယ်တော့မှ အနားမရဘူး။ အဲဒါဆိုလဲ လုံးဝမထိုင်ဘဲ နေပါ့လားဆိုတော့လဲ လွတ်နေတာ တွေ့ရင် ၀င်ထိုင်မိပြန်ရော။ မွေးရာပါ ကြောက်တတ်တာလား...ဒါမှမဟုတ် အားနာတတ်တာလား။ ဘာမှန်းကို မသိတော့ဘူး..ကောင်းတော့ မကောင်းတာ အမှန်ပဲ။

Saturday, January 10, 2009

Life is yours!

This life is yours.
Take the power to choose what you want to do and do it well.
Take the power to love what you want in life and love it honestly.
Take the power to walk in the forest and be a part of nature.
Take the power to control your own life. No one else can do it for you.
Take the power to make your life happy. --Susan Polis Schutz

Tuesday, January 6, 2009

challenges

အခက်အခဲဆိုတာ အရည်အသွေးတွေကို ပြောင်မြောက်စေမဲ့ တွန်းအားတစ်ခုတဲ့
အခက်အခဲတွေ ကြိမ်ဖန်များစွာ ကြုံလာတဲ့အခါ.......
အပြုံးမပျက် ရင်ဆိုင်နိုင်ဖို့
သတ္တိသွေးတွေ မရဲတော့တဲ့ အခါ
စိတ်ဓါတ်တွေ ပျက်ပြားလာတဲ့ အခါ
အခက်အခဲတွေကို လွှင့်ပစ်လို့
ဘ၀ကို သုညက ပြန်စ
ရိုးရိုးလေးပဲ နေလိုက်ချင်တယ်................

ဒါပေမဲ့
ဘ၀ဆိုတာကလေ
နောက်ပြန်လှည့်မရသလို
ရပ်တန့်လို့မှ မရနိုင်ပဲ

သူများတွေထက်ထူး
ရိုးရိုးလှေထက် စက်တပ်လှေမှ ကောင်းမယ်
ထင်မိတော့လဲ
ကြုံလာသမျှ အခက်အခဲတွေကို
အားတင်းလို့ ရင်ဆိုင်ရင်း
ဘ၀ပင်လယ်ပြင်မှာ
ဆက်လက်ရုန်းကန်ရအုန်းမှာပေါ့....................

Monday, January 5, 2009

Today

Today, all my friends came back from their holidays. They celebrated my belated birthday party. Though it was late, I am surprisingly happy. I feel gratitude not because of the presents but because of the things they chose as presents. It is very pleased to know thay my friends take care on me and know what I need. Thank all my friends!
ဒီနေ့ ကိုယ့်မွေးရပ်ဇာတိကို ပြန်သွားတဲ့ သူငယ်ချင်းတွေ ပြန်လာတဲ့နေ့...အားလုံး ပြန်စုံတဲ့နေ့မှာ ကိုယ့် မွေးနေ့ကို ကျင်းပပေးခဲ့ကြတယ်။ နောက်ကျနေတဲ့ မွေးနေ့ပွဲတစ်ခုပေမဲ့ ကိုယ်ပျော်ရွှင်ခဲ့တာတော့ အမှန်ပဲ။ မွေးနေ့ရှင်ကို မကျွေးစေပဲ သူတို့ကပဲ ကျွေးတာကလဲ ကိုယ်တို့ စရိုက်နဲ့ဆို ထူးခြားမှုတစ်ခုပေါ့။ ကိုယ့် အတွက် တကယ်လိုအပ်မယ်ထင်တဲ့ ပစ္စည်းလေးတွေကိုပဲ သေချာစီစစ် ၀ယ်ထားကြတော့ ရင်ထဲမှာ တခုခု ခံစားလိုက်ရတယ်။ တကယ်တော့ သူငယ်ချင်းဆိုတာ လူမျိုးခြားတာ မခြားတာနဲ့ မဆိုင်ပါဘူး၊ ရင်ဘက်ချင်း စကားပြောဖို့ အရေးကြီးတာကို သက်သေပြတဲ့ပွဲပါပဲ။ ပစ္စည်းတွေကို ရလို့ဝမ်းသာတာထက် ကိုယ့်ရဲ့ လိုအပ်ချက်တွေကို အမှတ်တရ ရှိနေတာ ရင်ကို တကယ်ကြည်နူးစေပါတယ်။ သူတို့ နားမလည်တဲ့ စကားနဲ့လဲ သူတို့မသိအောင် မှတ်တမ်းတင်လိုက်ပါတယ်။

Saturday, January 3, 2009

warm hand, warm heart

နွေးထွေးတဲ့ လက်တစ်စုံကို ပိုင်ဆိုင်သူဟာ နွေးထွေးတဲ့ နှလုံးသားကို ပိုင်ဆိုင်ပါတယ်တဲ့။

အားပေးစကား မပြောခင် နွေးထွေးတဲ့ ကော်ဖီခွက်ကို သောက်လိုက်ရတဲ့ လူတစ်ယောက်ဟာ ပိုပြီး ကောင်းမွန် နွေးထွေးတဲ့ စကားတွေကို ပြောနိုင်ပါတယ်တဲ့။

အဲဒီ သုတေသန ပြုချက်က မှန်မယ်ဆိုရင်လဲ အေးတဲ့ အနောက်တိုင်းနိုင်ငံတွေအတွက်ပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ဒီမှာဆိုရင်တော့ ပူအိုက်နေရတဲ့ ကြားထဲ ကော်ဖီပူပူလာတိုက်ရင် ပိုပြီးကောင်းမွန်တဲ့ စကား ပြောနိုင်မလား၊ အချဉ်ပေါက်တဲ့ စကားကိုပဲ ပြောထွက်မလား မသိဘူး။

Friday, January 2, 2009

ကျေးဇူးပါ သူငယ်ချင်း

လွန်ခဲ့တဲ့ ၁၀ နှစ်က ညနေခင်းတစ်ခုမှာ ပျော်ရွှင်မှုတစ်ခုကို ဖုန်းလိုင်းကတစ်ဆင့် လက်ခံရရှိချိန်မှာ..
ကိုယ့်ရဲ့ အောင်မြင်မှုကို ဂုဏ်ယူတဲ့စိတ်၊ သူငယ်ချင်းတွေကို ခွဲသွားရမှာအတွက် ၀မ်းနည်းအားငယ်တဲ့စိတ်၊ နေရာသစ်အတွက် ကြောက်ရွံ့စိတ်တွေ အတွက် ၀မ်းသာဝမ်းနည်း ငိုခဲ့ဖူးတယ်။ အဲဒီတုန်းက ကိုယ့်ဘေးမှာ သူငယ်ချင်းတွေ အများကြီး ရှိနေခဲ့တယ်။ စကားတစ်ခွန်းမှ မနှစ်သိမ့်တတ်တဲ့ သူငယ်ချင်းမလေးက ကိုယ် လိုအပ်သမျှကို ဖြည့်ဆည်းပေးခဲ့တယ်။
ဒီနေ့လဲ နေ့လည် ၃ နာရီမှာ အင်တာနက်ပေါ်က စာသားအချို့ကို ကြည့်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကခံစားခဲ့ရသလို ခံစားလိုက်ရတယ်။ ဒီတစ်ခါတော့ ကိုယ့်ဘေးမှာ ကိုယ်ရင်ဖွင့်လို့ရမဲ့ လူတစ်ယောက်မှ အနားမှာ မရှိခဲ့ဘူး။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီသူငယ်ချင်းမလေး အွန်လိုင်း ရောက်လာခဲ့တယ်။ ဟိုတုန်းက စကားတစ်ခွန်းမှ မနှစ်သိမ့်တတ်ခဲ့တဲ့ သူငယ်ချင်းမလေးက အွန်လိုင်းကနေ ကိုယ့်ကို နှစ်သိမ့်မှုတွေ အများကြီး ပေးသွားတယ်။
ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်။
မင်းက ကိုယ်လိုအပ်တဲ့ အချိန်တိုင်း အံ့သြစရာကောင်းလောက်အောင် ကိုယ့်ဘေးမှာ အမြဲရှိနေပေးခဲ့တဲ့ကိုယ့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးပါ။ မင်းလိုအပ်လာတဲ့အချိန်မှာလဲ ရှိနေခွင့်ရချင်ပါတယ်။ အခုအချိန်မှာ အံ့သြစရာ ကောင်းလောက်အောင် ခံယူချက်တွေ ထပ်တူကျနေတာလဲ ၀မ်းသာစရာ တစ်ခုလိုပါပဲ။ တစ်ချိန် တုန်းက ကျခဲ့ရတဲ့ မျက်ရည်တွေအတွက် ဟာသ လုပ်နိုင်ခဲ့တဲ့ အချိန်ကာလကို အတူတူ ဖြတ်သန်းခဲ့ကြပြီးပီပဲ လေ။ ဒါပေမဲ့ ခင်မင်မှုဆိုတာ အချိန်ကာလနဲ့တော့ ဆိုင်မယ် မထင်ပါဘူး။ တကယ်တော့ ကိုယ်တို့ အတူတူ တွဲသွားတွဲလာ ခင်ခဲ့ကြတဲ့ သက်တမ်းက ၂ နှစ်တောင် ပြည့်ပါ့မလားပဲ။ ခုလို ဆက်လက် နွေးထွေးနေကြမယ် လို့မှ မမျှော်လင့်ခဲ့ပဲလေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့နှစ်သိမ့်မှုတွေ အတွက်၊ ကိုယ့်မွေးနေ့ကို ခုချိန်ထိ အမှတ်ရနေတဲ့ အတွက် ကျေးဇူးတင်ပါတယ် ချစ်သူငယ်ချင်းလေးရေ။ညီမငယ်တစ်ယောက်လို သူငယ်ချင်းလေးကို ကောက်ရ စေခဲ့တဲ့ ကျောင်းတော်ကြီးကိုလဲ ကျေးဇူးတင်ပါတယ်။

Thursday, January 1, 2009

ဖေဖေ

ဖေဖေဟာ သမီးဘ၀အတွက်တော့ သူရဲကောင်း

ဖေဖေဟာ သမီးဘ၀ရဲ့ ပဲ့ကိုင်ရှင်

ဖေဖေဟာ သမီးအတွက်တော့ မီးရှူးတန်ဆောင်

သမီးကိုမွေးဖို့ မေမေ ဗိုက်နာနေတော့ ဖေဖေက မြို့နယ်ဘောလုံးပွဲမှာ ဒိုင်းဆုရလို့ မြို့ပတ်နေကြတာတဲ့...မေမေက ဖေဖေ ပြန်မလာသေးလို့ အိမ်ရှေ့မှာ စောင့်ရင်း ဗိုက်နာလွန်းလို့ ပုံမှန်အချိန်ဆို ယောက်ျားကြီး ၂ ယောက်လောက် တွန်းရတဲ့ ရေအပြည့်နဲ့ ရေတိုင်ကီကြီးကို ကိုင်လှုပ်နေခဲ့တာတဲ့။ နောက်ဆုံး ဆရာဝန်မက ဆူဆူငေါက်ငေါက်နဲ့ အိမ်ပေါ်တက်ခိုင်းခဲ့ရတယ်တဲ့။ အိမ်ရှေ့က ဖေဖေ့အသံကြားမှ သမီးကို မွေးခဲ့တာတဲ့...မေမေ ပြောပြခဲ့တဲ့ အကြောင်းအရာတွေကို ခုချိန်ထိ သမီး မှတ်မိနေဆဲပဲ ဖေဖေ။ သမီးငယ်ငယ်လေးမှာပဲ ဖေဖေက ဖောင်ကြီးကို သွားရလို့ ဖေဖေ ပြန်ရောက်လာခါစက သမီးက ဖေဖေ့ကို မမှတ်မိခဲ့ဘူးတဲ့။

သမီး အသက်(၂) နှစ်အရွယ်မှာ ဖေဖေက တာဝန်အရ သမီးတို့ရဲ့ မွေးရပ်ဇာတိကနေ ခွဲရတော့ သမီးက မလိုက်ချင်လို့ အိမ်အောက်မှာ ပုန်းနေခဲ့တယ်တဲ့။ အဲဒီ ဖြစ်ရပ်အပေါ်ကို အခြေခံပြီး ကြီးတဲ့ အထိ သမီးက အဒေါ် (မေမေ့ ညီမ)ကို မိသားစုထက် အချစ်ပိုခဲ့တယ်လို့ အပြောခံခဲ့ရတယ်။ အမှန်လဲ ငယ်ငယ်တုန်းက လက်သာတဲ့ အဒေါ်ဆီမှာ သမီး ပိုပျော်ခဲ့ဖူးတယ် ထင်ပါတယ်။ ညီမငယ်လေး မွေးလာတဲ့အချိန်မှာလဲ မိသားစု ဆီက အချစ်တွေ ပေါ့သွားတယ်လို့ ခံစားချက်နဲ့ အဲဒီအဒေါ်အိမ်မှာပဲ သမီး ပိုပျော်ခဲ့တယ်။ ဖေဖေ့ အိမ်မှာက စည်းကမ်းနဲ့ ထ၊ စည်းကမ်းနဲ့စားရပေမဲ့ အဲဒီ အဒေါ်အိမ်မှာက သမီး ထချင်မှထ၊ စားချင်မှစားဆိုတာ ကလေးသဘာဝ လွတ်လပ်မှုကို သမီး မြတ်နိုးခဲ့ဖူးမယ်ထင်တယ်။ နွေကျောင်းပိတ်ရက်တိုင်း သမီးရဲ့ ဇာတိ မြို့လေးဆီကို ပြန်ခဲ့မိတာ အဒေါ်ကို ချစ်တဲ့စိတ်ထက် အဲဒီအိမ်မှာ ရတဲ့ လွတ်လပ်မှုတွေကြောင့် ဖြစ်မယ် ထင်ပါတယ်။

သမီး ၁၀ နှစ်သမီးအရွယ်ရောက်တော့ အဲဒီ အဒေါ်အိမ်မှာ ပျက်ဆီးတယ်ဆိုတဲ့ အမိန့်နဲ့ နွေကျောင်းပိတ်ရက်တွေ ပြန်ခွင့်မရတော့လဲ ကလေးသဘာဝ ခနခံစားပြီး မေ့မေ့ ပျောက်ပျောက်ပဲ ကိုကိုတို့ မမတို့နဲ့ ကစားရင်း နွေရာသီတွေကို ကုန်ခဲ့ဖူးတာ ဖေဖေ မှတ်မိမှာပါ။ ဒါပေမဲ့ ညီမလေး မွေးလာတဲ့ အချိန်ကစပြီး သမီးကို မိဘ နှစ်ပါးက မချစ်ဖူးဆိုတဲ့ ခံစားချက်ကတော့ သမီး ရင်မှာ ငြိတွယ်ခဲ့တာ အမှန်ပဲ ဖေဖေ။ ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ အတည်လိုလို၊ အပျော်လိုလို စခဲ့တဲ့ စကားတွေ၊ ကိုကိုတို့မမတို့နဲ့ မတူတဲ့ သမီးရဲ့ ရုပ်ရည်ကြောင့် သမီးက မွေးစားသမီးလားလို့ တွေးပြီး အားငယ်ခဲ့ဖူးတာလဲ အမှန်ပဲ ဖေဖေရယ်။ ဒါပေမဲ့ သမီးက ဖေဖေ့ကို အရမ်းချစ်တယ်။ ဖေဖေလုပ်သမျှကို အထင်တကြီးနဲ့ သူရဲကောင်းလို ကိုးကွယ်ခဲ့တယ်။ အဲဒီ အချက်တွေကပဲ သမီးကို စာကြိုးစားဖို့ တွန်းအားတွေ ဖြစ်လာခဲ့တယ်။ ဖေဖေ ခရီးထွက်ရင်တောင် ဖျားတတ်တဲ့ အဖေချစ်သမီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ ဖေဖေ ရုံးအပြန်နောက်ကျရင် အမျိုးမျိုး ရစ်ပြီး ငိုနေတတ်တဲ့ သမီးကို မေမေက ဆူရင် ဘေးအိမ်က အဖွားက “ကလေးက ဖအေကို လွမ်းနေတာ” လို့ ပြောပြီး မေမေ့ကို တားတတ်တယ်။ သမီးကလဲ သမီးပဲ။ ဖေဖေ ပြောသမျှစကားကို နောက်ယောင်လိုက်ပြီး ပြောတတ်တယ်။ မေမေနဲ့ ဖေဖေ တစ်ခုခုဖြစ်ရင်တောင် ဖေဖေက မှန်တယ်လို့ အမြဲပဲ ယုံကြည်ခဲ့ပြီး မေမေ့ကိုတောင် အပြစ်လိုက်ပြောမိခဲ့သေးတယ်။ ။

နဲနဲ အရွယ်ရလာတော့ ဖေဖေက မေမေ့ကို နိုင်တယ်လို့ ယူဆပြီး မေမေက အကုန်လိုက်လုပ်ပေးသမျှအတွက် မေမေ့ဘက်က ၀င်ပြီး ဖေဖေ့ကို စိတ်ဆိုးခဲ့ဖူးတယ်။ ဒါပေမဲ့ ဖေဖေ့ကို ချစ်တာကတော့ ချစ်နေတာပဲ။
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~