တစ်လလုံးလုံး မခုန်ခဲ့တဲ့ရင်က သွားရခါနီး ၅ နာရီအလိုလောက် (မနေ့က ဒီအချိန်မှာ) မှာ စခုန်လာတယ်။ ယူသွားမဲ့ အိတ်ကို ကြည့်ပြီး ကီလို အပိုဖြစ်မှာ ပူတာကတစ်မျိုး၊ ဒီဘက် immigration မှာ အ၀င် အဆင်မပြေ မှာ ဆိုးတာကတစ်မျိုးပေါ့။ လေဆိပ်ကို စောသွားမယ်လေဆိုပြီး အိမ်က ၈း၃၀ မှာ ထွက်ဖြစ်တယ်။ အစကတော့ ရထားနဲ့ သွားဖို့ စဉ်းစားမိပေမဲ့ အိတ်ကို မကြည့်ပြီး မနိုင်မနင်းဖြစ်နေတာနဲ့ Taxi နဲ့ပဲ ထွက်ဖြစ် လိုက်တယ်။ လေဆိပ်ကို ရောက်တော့ ၉ နာရီ နဲနဲ စွန်းရုံရှိသေးတယ်။ရောက်ရောက်ချင်း သွားချိန်ကြည့်လိုက်တော့ ကီလို က ပိုတယ်ဆိုရုံလေး။ ဒီလောက်ကတော့ သူတို့က စကားပြောနေမှာ မဟုတ်တော့ ရင်အေးသွားမိတယ်။ ဒါပေမဲ့ ဂိတ်ကိုသွားကြည့်လိုက်တော့ closing ဆိုပဲ။ တစ်ခါ ကြုံထားဖူးတဲ့လူဆိုတော့ ခပ်လန့်လန့်နဲ့ အပြေး အလွှားပဲ အိတ်သွားချိန်လိုက်တယ်။
၁၀း၂၅ မှာ လေယာဉ်ရှိရာ သွားရမယ်ဆိုတော့ ညီအမနှစ်ယောက် လေဆိပ် မှာ ခနထိုင်၊ စာအုပ်လာပေးမယ် ဆိုတဲ့ သူငယ်ချင်းနဲ့ ကိုယ့်ကို လိုက်ပို့မယ်လို့ပြောထားတဲ့ ညီမ၀မ်းကွဲကို ဖုန်းလှမ်းဆက်ရတယ်။ သူငယ်ချင်း ကတော့ လေယာဉ်ကွင်းမှာပဲ လုပ်တာဆိုတော့ ခနနေလာခဲ့မယ်တဲ့။ ညီမ၀မ်းကွဲကတော့ လမ်းမှာပဲ ရှိသေး တယ်။ သူတို့ကို စောင့်ရင်း အငယ်မကို ပိုက်ဆံ လွှဲပေးဖို့ သတိရတာနဲ့ ATM သွားရှာပြီး လွှဲဖြစ်တယ်။ သိပ်မကြာဘူး သူငယ်ချင်းရောက်လာတယ်။ ဓါတ်ပုံတွေ ဘာတွေရိုက် ဟိုပြော ဒီပြောလုပ်နေတုန်း ညီမ ၀မ်းကွဲ လဲ ရောက်လာတယ်။သူတို့လာပြီး ခနနေတော့ ညီမတွေ အပြန်နောက်ကျနေမှာ ဆိုးတာနဲ့ လေယာဉ်ကွင်း ထဲကို ၀င်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါတောင် ဟိုပြော ဒီပြောနဲ့ ၁၀း၁၀ မှ ၀င်ဖြစ်တယ်။ အထဲရောက်တော့ ကွက်တိပဲ နားချိန်၊ ရင်ခုန်ချိန် သိပ်မရလိုက်ဘူး။
ဇာတ်လမ်းက ခုမှ စတာ...လေယာဉ်ကို ခုလို ခရီးရှည်က တစ်ခါမှ မစီးဖူးတော့ အတွေ့အကြုံ ကမရှိဘူး။ တစ်တန်းမှာ လူ ၁၀ ယောက် ထိုင်တာ ကိုယ်က အခု ပထမဆုံး ကြုံဖူးတာပဲလေ။ နောက် လူတိုင်းအတွက် TV ထားပေးတယ်ဆိုတာလဲ ခုမှ လက်တွေ့ မြင်ဖူးတာပဲပေါ့။ အရင်တုန်းက ရုပ်ရှင်တွေမှာ တွေ့ဖူးရုံလောက် ရှိတာကို။ နောက် ကိုယ်စီးနေကျ လေယာဉ်တွေနဲ့ အဓိက ကွားခြားတာက ကြည့်ကြည့်သမျှ အာရှသားဆိုလို့ လက်ချိုးရေလို့ရအောင် နည်းနေတာပဲ။ ပတ်ပတ်လည် အဖြူကောင်တွေနဲ့ လူတွေက အကြီးကြီးတွေ။ ဘာလို့လဲ မသိ အားတော့ မငယ်ပါဘူး။ အိပ်ချင်နေတာလဲ ပါမယ်ထင်တယ်။ ကိုယ်လဲ မျက်စိကို စုံမှိတ်ပြီး အိပ်ဖို့ ကြိုးစားလိုက်မိတယ်။ ဒါပေမဲ့ မီးတွေက လင်းနေသေးတော့ အိပ်မရဘူး။ ဘာလုပ်ရမှန်းမသိ ဖြစ်ပြီး မျက်လုံးလေး ကစားလိုက်တော့ ကိုယ့်ဘေးက ဦးလေးကြီးက ငယ်ငယ်က လူဆိုးတွေ တပ်တဲ့ဟာလိုမျိုး သားရေပင်နဲ့ သိုင်းထားတဲ့ အ၀တ်စ လေးတစ်ခုကို ခေါင်းကနေ စွပ်ချလိုက်တယ်။ မျက်လုံးရှေ့မှာ အလင်းကို ကွယ်ပြီးသားဖြစ်သွားတော့ ဟာ မိုက်သား ဆိုပြီး ကိုယ်လဲ လိုက်ရှာတော့ ရှေ့ကပိုက်ခြင်းထဲမှာ နားကြပ် ကတစ်ခုရယ်၊ ဘာမှန်းမသိတဲ့ ဗူးရှည်မျောမျောလေးကတစ်ခု (နောက်မှ အလင်းနဲ့ဖွင့်ကြည့်တော့ သွားတိုက် ဆေးနဲ့ သွားတိုက်တံ)၊ ခုနက သားရေကြိုးတပ်ထားတဲ့ အ၀တ်စလေးရယ်ကို ထည့်ထားတဲ့ အိတ်ကို တွေ့တယ်။ ကိုယ်အိပ်ပြီး သိပ်မကြာဘူး၊ ထမင်းကျွေးမယ်၊ ဘာညာ ကြေညာသံ တွေတော့ ကြားသား အိပ်ချင်နေတော့ အာရုံက အပြည့်မရလိုက်ဘူး။ အနံ့တွေ မွှေးလာလို့ မျက်လုံးဖွင့်ကြည့် လိုက်တော့ ထမင်းဝေတဲ့ ၀န်ထမ်းက ကိုယ့်ခုံကို ကျော်သွားပြီ။ ကိုယ်လဲ လှမ်းတောင်းရင် ရနိုင်ပေမဲ့ ဗိုက်ကလဲ မဆာ၊ သူတို့ ကျွေးတာလဲ ကိုယ်မကြိုက်ဖို့က များနေတော့ မတောင်းလိုက်မိဘူး။ အဓိကကတော့ အိပ်ချင် နေလို့ပဲ။ ဒါပေမဲ့ အဲဒါ အမှားတစ်ခုဆိုတာ လေယာဉ်စီးပြီး ၅ နာရီကျော်ကြာမှ သိလိုက်တယ်။ ကိုယ်က ဗိုက်ဆာလို့ နိုးလာတဲ့ အချိန် လေယာဉ်တစ်ခုလုံးကလဲ မှောင်မည်းလို့ ၀န်ထမ်းတွေကလဲ တစ်ယောက်မှ ဖြတ် သွားဖြတ်လာ မရှိကြဘူး။ အားလုံးက ဗိုက်ပြည့်ပြည့်နဲ့ အိပ်မောကျနေကြပြီလေ။ ကိုယ့်မှာသာ ဗိုက်ဆာဆာနဲ့ နေရခက်နေရော။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ချိုချဉ်လေး ငုံပြီး တရားလေးမှတ် အိပ်ဖို့ကြိုးစားရတယ်။ ကြားထဲမှာ လာဝေသွားတဲ့ လိမ္မော်ရည်လေးနဲ့ မြေပဲထုပ်လေး ကယ်သွားတာလဲ ပါမှာပေါ့။ ပြန်အိပ်ပျော်သွားလိုက် နိုးလိုက်ပဲ။ ကိုယ့်ရှေ့မှာ ပေးထားတဲ့ TV လေး အလကားမဖြစ်အောင် ရုပ်ရှင်ကြည့်မယ်လေလို့ စဉ်းစားမိပေမဲ့ နားကြပ်ပေါက်က ရုတ်တရက် ရှာမတွေဘူး။ ဒါနဲ့ မဖြစ်သေးပါဘူးဆိုပြီး ဟိုရှာဒီရှာပေါ့။ ခနနေတော့ ကိုယ့်ဘေးက တစ်ယောက်တည်းသော အာရှသူ ကောင်မလေးက အိမ်သာထ သွားတယ်။ သူ့နေရာကို လှမ်းငေးလိုက်မှ သူ နားကြပ်တပ်ထားတဲ့ အပေါက်ကို တွေ့တယ်။ ဒါနဲ့ သူများလုပ်သလို လိုက်တပ်ရင်း ကျန်တဲ့ ၈ နာရီကျော်ခရီးကို နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ ဖြတ်သန်းလိုက်ရတယ်။
No comments:
Post a Comment