လွန်ခဲ့တဲ့ ၁၀ နှစ်က ညနေခင်းတစ်ခုမှာ ပျော်ရွှင်မှုတစ်ခုကို ဖုန်းလိုင်းကတစ်ဆင့် လက်ခံရရှိချိန်မှာ..
ကိုယ့်ရဲ့ အောင်မြင်မှုကို ဂုဏ်ယူတဲ့စိတ်၊ သူငယ်ချင်းတွေကို ခွဲသွားရမှာအတွက် ၀မ်းနည်းအားငယ်တဲ့စိတ်၊ နေရာသစ်အတွက် ကြောက်ရွံ့စိတ်တွေ အတွက် ၀မ်းသာဝမ်းနည်း ငိုခဲ့ဖူးတယ်။ အဲဒီတုန်းက ကိုယ့်ဘေးမှာ သူငယ်ချင်းတွေ အများကြီး ရှိနေခဲ့တယ်။ စကားတစ်ခွန်းမှ မနှစ်သိမ့်တတ်တဲ့ သူငယ်ချင်းမလေးက ကိုယ် လိုအပ်သမျှကို ဖြည့်ဆည်းပေးခဲ့တယ်။
ဒီနေ့လဲ နေ့လည် ၃ နာရီမှာ အင်တာနက်ပေါ်က စာသားအချို့ကို ကြည့်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကခံစားခဲ့ရသလို ခံစားလိုက်ရတယ်။ ဒီတစ်ခါတော့ ကိုယ့်ဘေးမှာ ကိုယ်ရင်ဖွင့်လို့ရမဲ့ လူတစ်ယောက်မှ အနားမှာ မရှိခဲ့ဘူး။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီသူငယ်ချင်းမလေး အွန်လိုင်း ရောက်လာခဲ့တယ်။ ဟိုတုန်းက စကားတစ်ခွန်းမှ မနှစ်သိမ့်တတ်ခဲ့တဲ့ သူငယ်ချင်းမလေးက အွန်လိုင်းကနေ ကိုယ့်ကို နှစ်သိမ့်မှုတွေ အများကြီး ပေးသွားတယ်။
ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်။
မင်းက ကိုယ်လိုအပ်တဲ့ အချိန်တိုင်း အံ့သြစရာကောင်းလောက်အောင် ကိုယ့်ဘေးမှာ အမြဲရှိနေပေးခဲ့တဲ့ကိုယ့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးပါ။ မင်းလိုအပ်လာတဲ့အချိန်မှာလဲ ရှိနေခွင့်ရချင်ပါတယ်။ အခုအချိန်မှာ အံ့သြစရာ ကောင်းလောက်အောင် ခံယူချက်တွေ ထပ်တူကျနေတာလဲ ၀မ်းသာစရာ တစ်ခုလိုပါပဲ။ တစ်ချိန် တုန်းက ကျခဲ့ရတဲ့ မျက်ရည်တွေအတွက် ဟာသ လုပ်နိုင်ခဲ့တဲ့ အချိန်ကာလကို အတူတူ ဖြတ်သန်းခဲ့ကြပြီးပီပဲ လေ။ ဒါပေမဲ့ ခင်မင်မှုဆိုတာ အချိန်ကာလနဲ့တော့ ဆိုင်မယ် မထင်ပါဘူး။ တကယ်တော့ ကိုယ်တို့ အတူတူ တွဲသွားတွဲလာ ခင်ခဲ့ကြတဲ့ သက်တမ်းက ၂ နှစ်တောင် ပြည့်ပါ့မလားပဲ။ ခုလို ဆက်လက် နွေးထွေးနေကြမယ် လို့မှ မမျှော်လင့်ခဲ့ပဲလေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့နှစ်သိမ့်မှုတွေ အတွက်၊ ကိုယ့်မွေးနေ့ကို ခုချိန်ထိ အမှတ်ရနေတဲ့ အတွက် ကျေးဇူးတင်ပါတယ် ချစ်သူငယ်ချင်းလေးရေ။ညီမငယ်တစ်ယောက်လို သူငယ်ချင်းလေးကို ကောက်ရ စေခဲ့တဲ့ ကျောင်းတော်ကြီးကိုလဲ ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment