Friday, November 7, 2014

ယှဉ်ပြိုင်ဘက်

ဘ၀မှာ အရေးပါဆုံးလူသားတွေကို ချရေးလိုက်မယ်ဆိုရင် ဘက်ညီတဲ့ ယှဉ်ပြိုင်ဘက်တစ်ဦးက အမှတ်စဉ် (၃) အောက် မနိမ့်တဲ့နေရာမှာ ယူမယ်ထင်တယ်။ ကိုယ့်ဘ၀မှာ ဘက်ညီတဲ့ ယှဉ်ပြိုင်ဘက်တစ်ဦး ရရှိခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်တယ်။ မင်းကြောင့် ကိုယ် ငိုကြွေးခဲ့ဖူးတယ်။ မင်းရဲ့ တဖက်သက် အနိုင်ယူတဲ့ စကားလုံးတွေ အောက်မှာ ကိုယ်ဟာ ရှက်ရွံ့စွာ၊ အားငယ်စွာ မျက်ရည်ကျခဲ့ဖူးတယ်။ မင်းကို မီအောင် ၁၀ နှစ်ကြိုးစားစမ်းပါ ဆိုတဲ့ ကလေးဆန်တဲ့ ယှဉ်ပြိုင်မှုတွေကြားမှာ စကားလုံးမရှိစွာ ကိုယ် နာကျင်ခဲ့ဖူးတယ်။ အားနည်းချက်ရှိတဲ့ ကိုယ်ဟာ အများအမြင်မှာ အံ့သြလောက်အောင် သည်းခံနိုင်ခဲ့ဖူးတယ်။ စကားလုံးတိုင်းကို နာကျင်စွာ (သို့) နာကျည်းစွာ ကိုယ်အမှတ်ရနေခဲ့ပေမဲ့ ဒီစကားလုံးတွေကပဲ ကိုယ့်ကို တွန်းအားတွေ ဖြစ်စေခဲ့တယ်။ ဘ၀မှာ သူငယ်ချင်းတွေနဲ့ ပတ်သတ်လာရင် အရင်းနှီးဆုံး မရှိဆိုတဲ့ အနေအထားဖြစ်သွားအောင် ကိုယ်ဟာ ဒဏ်ရာ ရခဲ့ဖူးတယ်။ ဒါပေမဲ့ မင်းသိရဲ့လား။ ကိုယ်အနေနဲ့ မင်းနဲ့ မင်းရဲ့ သူငယ်ချင်း တွေ နှုတ်ဖျားက ထွက်သမျှ စကားလုံးတိုင်းကို နာကျင်စွာ မှတ်မိနေပေမဲ့ မင်းကို မမုန်းခဲ့ဘူး။
မင်းဟာ ကိုယ့်ကို အမှန်တရားကို ရင်ဆိုင်ဝံ့အောင် ဖန်တီးပေးခဲ့သူ ဖြစ်နေလို့ပဲ။
မင်းရဲ့ ဘေးက မင်းကိုဝိုင်းပံ့ပိုးကြတဲ့ သူငယ်ချင်းတွေကို မုန်းသလောက်တောင် မင်းကို ကိုယ် မမုန်းခဲ့ဘူး။ ဒါမို့လဲ ပြန်တွေ့ရတဲ့ ခနမှာ ကိုယ်ဟာ ပြုံးရွှင်စွာ နှုတ်ခွန်းဆက် နိုင်ခဲ့တာပါ။ မင်းနဲ့ ပြန်တွေ့ရတဲ့ ခနမှာ ကိုယ် လွတ်လပ်စွာ ပျော်ရွှင်သွားမိတာလဲ အမှန်ပဲ။ ကိုယ်က “ငယ်ဘ၀ ပြိုင်ဘက်တွေ” လို့ ခပ်ဟဟပြောတော့ မင်းက ပြောတယ်။ “ကိုယ်က မင်းကို အမြဲ နိုင်နေတာပါ” တဲ့။ ဒီစကားရဲ့ နောက်ကွယ်မှာ နာကျင်မှုတွေ ရှိနေမလား။ သူငယ်ချင်း ရေ မင်းဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်း ၊ ယှဉ်ပြိုင်ဘက်ကောင်း၊ ဘ၀မှာ လက်တွဲခဲ့တဲ့၊ လက်တွဲနေဆဲ ကိုယ့်ရဲ့ သူငယ်ချင်းတွေထက် အရေးပါသူ တစ်ယောက်၊ ကိုယ့်ရင်ထဲမှာ မင်းဟာ အမြဲ နေရာယူခဲ့ဖူးတယ်။ ဒါတွေဟာ မုန်းတီးမှုကို အခြေခံတာ မဟုတ်ဘူး သူငယ်ချင်း။ မင်းက ကိုယ့်အပေါ် ဘာတွေပဲ ဆိုခဲ့ပါစေ။ ကိုယ် မင်းကို ခင်ခဲ့တယ်။ နာကျင်မှုနဲ့ ခင်မင်မှုက ဘယ်လို ဆက်သွယ်နေလဲ ဆိုတာ ကိုယ် မသိဘူး။ ဒါပေမဲ့ ခံရတဲ့ လူမှာတော့ အလူးအလှိမ့်ပါကွာ။
ဒီနေ့ မင်းနဲ့ ကိုယ် ပြန်ဆုံတယ်။ (၁၈) နှစ်အတွင်း ပထမအဆုံး လှိုက်လှဲစွာ စကားပြောဖြစ်ခြင်းပဲပေါ့။ ဟုတ်တယ် ... ၁၈ နှစ်တောင် ရှိခဲ့ပြီ။ မင်းက ကိုယ့်ဘ၀ထဲက လုံးဝ ပျောက်ကွယ်သွားခဲ့တာတော့ ၁၀ နှစ်ပေါ့။ ဒီလောက် ဝေးကွာခဲ့ပေမဲ့ မင်းကို ကိုယ် လှိုက်လှဲစွာ စကားပြောနေနိုင်ဆဲပဲ။ မင်းကို ပြန်တွေ့ရလို့ ၀မ်းသာ တယ်။ ကိုယ့်အတွက်လဲ ၀မ်းသာတယ်။ ဘ၀က ပိုပြီး အဓိပ္ပါယ်ရှိသွားတယ်လို့ ခံစားလိုက်ရတယ်။

နိုင်ငံသား

Citizenship refers not only to the fact of belonging to a country and holding a passport issued by that country, but also to the rights and responsibilities associated with being a citizen of that country.

နိုင်ငံသားဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ဟာ တိုင်းပြည်တပြည်ရဲ့ ပတ်စပို့ကို ကိုယ်ထားရုံ၊ အဲဒီ နိုင်ငံသားဖြစ်တယ် ဆိုရုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ ရပိုင်ခွင့်၊ တာဝန်ယူမှု ဆိုတဲ့ စကားလုံးတွေပါ တွဲလျှက်ပါပါတယ်။
 
During a time of changing like this in Myanmar, many opportunity-seekers who want to take advantages of changes are coming into the country everyday. We, as citizens of Myanmar, have full responsibility to welcome  investors and businessmen but at the same time to protect our own people and resources.

Tuesday, April 16, 2013

မည်သူ မဆို ကူညီသည်ဖြစ်စေ.

~~~~~~~~~~~~~~~~~~
(မည်သူ မဆို ကူညီသည်ဖြစ်စေ........
မည်သူ မဆို မကူညီသည်ဖြစ်စေ......
ကိုယ်ထူ ကိုယ်ထ ကိုယ့်ဘ၀ အခြေအနေ...
ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာသခင်ဖြစ်ပေ..
 
ဝန်ထမ်း ရွှင်လန်း ပန်းတိုင်ကိုရောက် လျှောက်နိုင်ဖို့လေ...
လုလင်ငယ်သွေး အားမာန်မွေးရမလေ)၂

 (ရှေ့သို့သာသွား သောကြာကြယ်အလားပေ
ဘ၀ဆိုတာများ နောက်မပြန်နဲ့ဟေ
အလုပ်ကိုသာ မနားမနေ တိုးတတ်အောင်စုချွေ
ဇွဲလုံ့လနဲ့ အားစိုက်ကြံစည်မလေ)၂

(ယောက်ျား ပီပီ ကတိတစ်လုံးမဖျက်ပေါင်
နှလုံးသွင်းဆောင်ယူလေ
အသက်သွေးလို သဘောပိုက်ကာ
ထိန်းသိမ်းလာသမျှတွေ)၂
 
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
http://www.youtube.com/watch?v=nBnCnR_DlC8
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘယ်လောက်မာကျောတဲ့ လူတယောက် ဖြစ်ပါစေ......တချိန်ချိန်မှာတော့ ၀မ်းနည်းနာကျင်ရစမြဲပါပဲလေ။ တခြားလူတွေရှေ့မှာ ဟန်ဆောင်မာကျောထားသမျှ တယောက်ယောက်ရဲ့ ရှေ့မှာတော့ အဲဒီလူက ပျော့ညံ့တတ်စမြဲ မဟုတ်ဘူးလား။

မမျှော်လင့် ရင် မပင်ပန်းဘူးလို့ဆိုတတ်ကြပေမဲ့........တယောက်ယောက်စီက တခုခုကိုတော့ မျှော်လင့် တတ်တာ သဘာဝပဲ မဟုတ်ဘူးလား။ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ နာကျင်တတ်တယ်.. ၀မ်းနည်းတတ်တယ်.. ။ ဒါမှလဲ လူ ပီသ တော့ မပေါ့။

 တကယ်တော့ ကိုယ့်အသက်အရွယ်က....ဘယ်သူ့ကိုမှ အားကိုးနေရမဲ့ အရွယ်တော့ မဟုတ်ဘူးလေ။ ကူညီသူ ရှိတော့ ရှေ့ကို မြန်မြန်ပိုရောက်တာပေါ့........ဒါပေမဲ့.. ကူညီမဲ့ သူ ရှိရှိ.. မရှိရှိ.. ကိုယ့်ဘ၀ကို ကိုယ်ပဲ ထိန်းကျောင်း ပဲ့ကိုင်ရမှာ မဟုတ်ဘူးလား...... မျှော်လင့်မိတာ အပြစ် မဟုတ်ပေမဲ့ ကိုယ် မျှော်လင့် သမျှ ဖြစ်မလာတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်မတင်မိအောင် ကြိုးစားရအုန်းမယ်။

ကိုယ့်ဘ၀မှာ.....ဘယ်အရာကိုမှ အလွယ်တကူ မရခဲ့တာ အမှန်ပဲ။ ဘ၀ဆိုတာ အတက်ရှိသလို အဆင်းလဲ ရှိစမြဲပဲ။ ကြိုးစားကူးခတ်နေသရွေ့.....တနေ့နေ့တော့ ကိုယ်လိုချင်သမျှ ဖြစ်လာရမယ်။

ဘ၀က ခါးသီးလာတဲ့ အခါ သီချင်းတပုဒ်က အားဆေးတပုဒ်ဖြစ်စေတာအတွက်.. သီချင်းချစ်စိတ် ကို မွေးဖွားပေးခဲ့တဲ့ မိဘ နှစ်ပါးကိုတော့ ကျေးဇူးတင်မိပါတယ်။




Friday, February 1, 2013

မင်းကိုနိုင်ရဲ့ နောက်ဆုံးခံတပ်..

လွန်ခဲ့တဲ့ ၂ ပတ်လောက် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ မင်းကိုနိုင်တို့ရဲ့ စာပေဟောပြောပွဲကို သွားနားထောင်ဖြစ်တယ်။ လုပ်တဲ့အဖွဲ့က ရသအလင်း ဆိုတော့ အမှန်ပြောရရင် နဲနဲတော့ စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့ အဲဒီအဖွဲ့ကလုပ်တဲ့ပွဲဆိုရင် ဘာလို့လဲတော့ မသိဘူး.. အခြား အဖွဲ့တွေက လုပ်တာနဲ့ မတူဘူး။ နဲနဲတော့ အစီအစဉ်က လိုအပ်ချက် များသလိုပဲ။ တခြားအဖွဲ့တွေနဲ့ ဈေးနှုန်း အတူတူ ယူပေမဲ့ အကျွေးအမွေးနဲ့ ခန်းမ အနေအထားက ညံ့တာကို သတိထားမိတယ်။ ဒါပေမဲ့ ကိုယ်က မင်းကိုနိုင်ရဲ့ စာပေ (သို့ နိုင်ငံရေး) ဟောပြောမှုကို နားထောင်ချင်လို့ နောက်ဆုံးတော့ လက်မှတ် ၀ယ်ဖြစ်သွားတယ်။ 

သေချာတာတခုကတော့ ရသအလင်း အဖွဲ့ကလူတွေက သူတို့ရဲ့ ရန်ပုံငွေ ရဖို့ အဓိက လုပ်တဲ့ပွဲ.. အမြတ် အစွန်းကို အဓိကထားလုပ်တာမို့လား မသိ.. ခန်းမ အနေအထားက ညံ့တယ်.. ကျောင်းတွေမှာ Auditorium တွေနဲ့ ကျင့်သားရနေသူဆိုတော့.. အခုလို အားလုံး တပြေးညီ ထိုင်ရတာ.. ရှေ့ခုံနဲ့ နောက်ခုံ ကပ်နေတာ အတွက် နဲနဲတော့ အနှောက်အယှက်ဖြစ်မိတယ်။ အစားအသောက်ကျတော့လဲ ကော်ပြန့်လိပ် နဲ့ ကိပ်မုန့်လေးတခုပါဆိုတော့..........အေးလေး.. သူတို့က အမြတ်အတွက် လုပ်တာပဲလို့ပဲ ဖြေတွေး လိုက်မိပါတယ်။ သူငယ်ချင်းတယောက်ကတော့ "ငါတို့ကိုက အမှတ်မရှိတာတဲ့".. ..

အချိန်မရှိတဲ့ကြားက စာပေဟောပြောပွဲကို လာတာ.. တကယ်တော့ ရသအလင်းရဲ့ ကြော်ငြာတွေကို နားထောင်ချင်လို့မှ မဟုတ်ပဲ.. အဓိကကျတဲ့ ဆရာတွေရဲ့ ဟောပြောချက်ကို နားထောင်ချင်လို့ဆိုတော့ အစီအစဉ်ကြေငြာသူတွေရဲ့ ထပ်ခါထပ်ခါ ကြော်ငြာတွေကို စိတ်ပျက်မိတယ်။ အခမ်းအနားကြာချိန် ၆ နာရီ ရှိတယ်ဆိုရင်.. ဆရာတွေရဲ့ ဟောပြောချိန်က ၃ နာရီ မပြည့်ချင်တာကိုတော့ စိတ်ပျက်မိတယ်။
ခန်းမ တခုလုံး (A-X = 24 *10* 6)  ခုံ ၁၅၀၀ ၀န်းကျင်စာလောက်ပြည့်နေတာကို တွေ့ပေမဲ့ အစီအစဉ် လုပ်သူ တွေက သူတို့ ရှုံးကြောင်း တဖွဖွ ညည်းသွားလေတော့ ဘာလို့ပါလိမ့်လို့ တွေးမိတယ်။

ထားပါလေ.....သူတို့ကအမြတ်ရဖို့.....မြန်မာပြည်က စာရေးဆရာတွေကို ခေါ်ပြီး စီးပွားရေးလုပ်ခဲ့တယ်.. ကိုယ်ကလဲ အဲဒီဆရာတွေရဲ့ ဟောပြောချက်ကိုမှ နားထောင်ချင်တော့ သွားခဲ့တယ်။ နောက်ကိုတော့ ဒီအဖွဲ့က လုပ်ရင် အတော် စဉ်းစားရမလို ဖြစ်နေတယ်။

မြန်မာပြည်က စာရေးဆရာ တွေရဲ့ ဟောပြောမှု ကို နားထောင်ရတိုင်း တို့မြန်မာတွေ တော်လိုက်တာလို့ ခံစားရတယ်.. အဲဒီထဲမှာ ဆရာ ဦးဝင်းဖေက ဒီခံစားချက်ကို ထပ်လို့ မြှင့်တင်ပေးသွားခဲ့တယ်။ ဆရာက ကိုယ် နားမလည်ခဲ့တဲ့ မော်ဒန် အနုပညာကို နားလည်အောင် ရှင်းပြသွားခဲ့တယ်။ ဘောင်တွေ စည်းမျဉ်းတွေကြားကနေ ဖြန့်ကျက်တွေးခေါ်ပုံကို ရှင်းပြခဲ့တယ်။ ကိုယ် ဆရာရှင်းပြတာကို အသေအချာ မရပေမဲ့.....သေချာတာတခုကတော့ ဆရာ့ကြောင့်ပဲပန်းချီကိုနားလည်ဖို့ ကြိုးစားချင်စိတ် ပေါ်လာမိတယ်။ ဘ၀မှာ စိတ်ဓါတ်မြင့်မားသူသာ အနုပညာကို ခံစားနိုင်တယ်ဆိုတာ ပို လက်ခံလာတယ်။ 

ကိုဂျင်မီက စကားပြောကောင်းသူ တယောက်ပါ။ ထောင်ထဲမှာ နှစ်များစွာ နေခဲ့ရသူဆိုတာ ကျိန်ပြောရမလို တက်တက်ကြွကြွ ရှိနေနိုင်တာကို အံ့သြတယ်။ အနာဂတ် မျိုးဆက်အတွက် ဘာပြင်ဆင်ထားသလဲ ဆိုတဲ့ မေးခွန်းအတွက် သူ့မှာ သမီးလေး ရှိကြောင်း ဟာသစွက် ပြောသွားတာလေးကို သဘောကျတယ်။ သူ့ကို ကြည့်ရင်းနဲ့ ဘယ်အရာကိုပဲ လုပ်လုပ်.. နောက်ကွယ်က ပံ့ပိုးသူက သိပ်အရေးကြီးပါလားလို့ တွေး မိ ခံစားမိတယ်။ သူ့ဟောပြောမှုကို နားထောင်ရင်းနဲ့ လူငယ်တယောက်မှာ.. အားအင်တွေ အများကြီး ရှိအောင် ဘယ်လို အရာတွေကများ ပံ့ပိုးခဲ့ပါလားလို့ တွေးမိပါတယ်။ 

နောက်ဆုံးဟောပြောသူကတော့ ကိုမင်းကိုနိုင်ပါ.သူ့မှာ.ဒဏ်ရာတွေ ရှိတယ်ဆိုတာကို ခံစားလို့  မြင်နိုင် တယ်၊  သူ့ကို ကြည့်ရင်း သူဟောပြောတာကို နားထောင်ရင်း ၀မ်းနည်း မျက်ရည်ဝဲ မိတယ်။ ထောင်ထဲမှာ သက်တမ်း တ၀က်လောက်နေခဲ့ရသူ. ဘာပညာကိုမှ လေ့လာခွင့် မရခဲ့သူတဦးအနေနဲ့ အပြင်ကို 
ပြန်ရောက်လာတဲ့အခါ.. သူ့ကို မျှော်လင့်ထားတဲ့ လူထုရဲ့ မျှော်လင့်ချက်တွေနဲ့ သိပ်ကို စိတ်ပင်ပန်းနေရှာ တယ်လို့ ခံစားတွေးနေမိတယ်။

ကိုမင်းကိုနိုင်က ပညာတတ်တွေကို သတ္တိရှိဖို့.. တိုက်တွန်းသွားတယ်။ လူတယောက်က အသက်ကြီးလာတာနဲ့ အမျှ ပညာတတ်လာတာနဲ့ အမျှ ပိုကြောက်တတ်လာတာတော့ အမှန်ပဲ ထင်တယ်။ အမှားနဲ့ အမှန်ဟာ..........အလွှာပါးပါးလေးပဲ ခြားထားတယ်လို့ ခံစားသိသွားတဲ့အခါ. တဖက် ကို ရပ်ဖို့ ပိုလို့ တွေဝေလာတာလဲ အမှန်ပဲ။

တကယ်တော့......ကို မင်းကိုနိုင်ရဲ့ စာပေဟောပြောပွဲက လူငယ်အများစုကို သတ္တိရှိဖို့ တိုက်တွန်းသွားနိုင် ပါတယ်။ သူ့ကို နိုင်ငံရေး စင်မြင့်မှာပဲ မြင်ချင်ပါတယ်ဆိုပြီး စာပေ စင်မြင့်ပေါ်မှာ မြင်ရလို့ ဝေဖန်တဲ့ သူတို့ ရဲ့ သူငယ်ချင်း (သို့) တချိန်က လုပ်ဖော်ကိုင်ဖက်တွေကိုလဲ.. အကောင်းမြင်ပေးကြပါလို့ တောင်းဆိုချင် တယ်။ သူတို့က လုပ်နိုင်တဲ့ အခွင့်အလမ်းထဲက အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြချိန်မှာ.. ပြင်ပက ရှိသူတွေက ဟိုလို လုပ်.. ဒီလိုလုပ် ဝေဖန်နေကြတယ်။ 

သူသာ ကိုယ့်အကို.. ကိုယ့်ဦးလေး တယောက် ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံရေးထဲမှာ ဘ၀တခုလုံးကို ဆက်မနှစ်ထားပါနဲ့ တားမိမှာ အသေအချာပဲ။ လူတယောက်က နိုင်ငံရေးသမား ဖြစ်နေမှ အစိုးရကို ဆန့်ကျင်မှ တိုင်းပြည်ကောင်းအောင် တည်ဆောက်နိုင်မှာမှ မဟုတ်ပဲလေ။ 

ကိုမင်းကိုနိုင်မှာ ရိုးသားမှု ရှိတယ်.. ဒါကို သေချာ ခံစားမိတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ ထာဝရ ရိုးဖြောင့်  
နေလို့မှ မရပဲလေ။ ကိုမင်းကိုနိုင်အနေနဲ့.. နာကျင်မှုတွေကို ပြန်လည်ပေါင်းစည်းဖို့ဆိုတဲ့ ဆန္ဒတခုကို အခြေခံပြီး ခွင့်လွှတ်မျိုချနေရတယ်လို့ ခံစားရတယ်။ နိုင်ငံရေးဆန်တဲ့ စကားတွေကို ပြောနေမဲ့ အစား သူတို့ သူငယ်ချင်းတွေကြားမှာ ပွင့်လင်းတဲ့ စကားဝိုင်းတွေ ရှိစေချင်တယ်။  

မတရားသော နည်းလမ်းနဲ့ ထောင်အချခံခဲ့ရတဲ့ လူငယ် တယောက်၊ တန်ဖိုး အရှိဆုံး အချိန်တွေ ကို 
ထောင်ထဲမှာ အချိန်ဖြုန်းခဲ့ရတဲ့ လူငယ်တယောက် အနေနဲ့ သူတို့မှာ ဒဏ်ရာ တွေရှိတယ်. နာကျင်မှု ရှိတယ်။  ဆေးပညာ ရှုထောင့်က ကြည့်ရင်.. အချိန်မရွေး စိတ်ဓါတ်ကျ ရောဂါ ၀င်သွားနိုင်တဲ့.. သူတို့တွေရဲ့ အနေအထားကို နားလည် တတ်ကျွမ်းသူတွေအနေနဲ့ ဖေးမ ပေးကြဖို့ပဲ မျှော်လင့်မိတယ်။

Tuesday, January 1, 2013

နှစ်သစ် .......စိတ်သစ် .. လူသစ်

ဒီနေ့ဟာ ၂၀၁၃ ရဲ့ ပထမဆုံး နေ့သစ်တနေ့...........

၂၀၁၂ ဟာ ကိုယ့်ဘ၀အတွက် ပျော်စရာတွေ အများကြီးကို သယ်ဆောင်လာခဲ့တယ်။ အထူးသဖြင့် ပညာရေးနဲ့ ပတ်သတ်လို့.......ကိုယ်စိုက်ခဲ့တဲ့ သစ်ပင်တွေရဲ့ အသီးအပွင့်ကို ခူးဆွတ်ခံစားရတဲ့ အချိန်လဲ ဖြစ်တယ်။ ဘ၀နဲ့ ပတ်သတ်လို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တချို့ကိုလဲ ချဖြစ်ခဲ့တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တခု ရှိသွားတဲ့ အခါ ဘ၀ဟာ ပိုပြီး နေလို့ ကောင်းတာလဲ အမှန်ပဲ။ အဓိကကျတဲ့ ပညာရေးမှာ တိုးတက်မှုတွေ ရသလို..အင်္ဂလိပ်စာနဲ့ ပတ်သတ်လို့လဲ ပိုပြီး လေ့လာဖြစ်တယ်။ Speech တွေကိုပဲ ပိုပြီး နားထောင်ဖြစ်တာတော့ အမှန်ပဲ။

လူမှုရေးနဲ့ ပတ်သတ်လို့တော့ ကိုယ့်ကိုယ်ကို သိပ်ပြီး စိတ်တိုင်းမကျတဲ့နှစ်လို့ ဆိုရမယ်ထင်တယ်။ သူငယ်ချင်း အချို့ကို ရင်ဘက်ထဲက ထုတ်လိုက်မိတယ်။  မိတ်ဆွေတွေနဲ့တော့ ဆက်ဆံရေး ပိုပြီးကောင်းမွန်တဲ့ နှစ်လို့ ပြောရမယ်ထင်တယ်။ အထူးသဖြင့် ဆရာတွေနဲ့ ဆက်ဆံရေး ကောင်းတယ်။ ပညာရေးပိုင်းက ဆရာအချို့နဲ့ မိတ်ဆွေဖြစ်ခွင့်ရသလို.. NTU က senior အချို့နဲ့လဲ နှုတ်ဆက် စကား ပြောဖြစ်လာတယ်။ အပေါင်းအသင်း မိတ်ဆွေအချို့တိုးလာပေမဲ့ အပေါ်ယံ ဆက်ဆံရေး တွေ များလာတယ်လို့ ခံစားရတဲ့ နှစ်လဲ ဖြစ်တယ်။
ဒါပေမဲ့ နှစ်သစ်ရဲ့ အဆုံးမှာ ကိုယ်နဲ့ ရင်ဘတ်ချင်း ရင်းနှီးတဲ့ သူငယ်ချင်းအချို့နဲ့ အဆက်အသွယ် ရခဲ့တာမို့ ၂၀၁၂ ဟာ ကိုယ့်အတွက် လူမှုရေး အရ အရှုံးမရှိတဲ့ နှစ်တနှစ် ဖြစ်သွားခဲ့တယ်။

စီးပွားရေးနဲ့ ပတ်သတ်လို့တော့ ကျေနပ်မှု ရတဲ့ နှစ်တနှစ်လို့ ဆိုရမှာပဲ။ အိတ်ထဲမှာ စုငွေတွေ အများကြီး ဖြစ်မလာပေမဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်သင့်တာတွေကို လုပ်ဖြစ်ခဲ့တယ်။ ပိုပြီး လုပ်ရဲကိုင်ရဲ လုပ်တတ်ကိုင်တတ် ဖြစ်လာတဲ့ နှစ်တနှစ်ပဲ. ကိုယ့်ဘ၀အတွက် အုတ်မြစ်တွေ စချဖြစ်တယ်လို့ ပြောရင်လဲ ရမယ် ထင်တယ်။

၂၀၁၃ ဟာ ကိုယ့်ဘ၀အတွက် အပြောင်းအလဲ တခုကို သယ်ဆောင်လာလိမ့်မယ်လို့ မျှော်လင့် ယုံကြည်တယ်။blog ကို ပုံမှန် ပြန်ရေးဖို့ ကြိုးစားရမယ်။ ရင်ထဲရှိသမျှ အတွေးတွေကို တွေဝေမှု မရှိပဲ ရေးနိုင်သူ ဖြစ်ချင်တယ်။

Sunday, November 18, 2012

ပင်လယ်ဝန်းရံနေသော ကျွန်းလေးသို့ အလည်သွားခြင်း-၁

နိုဝင်ဘာလ ၆ ရက်နေ့ အင်္ဂါနေ့ ညနေခင်းမှာ ကိုယ်တို့ရဲ့ ထိုင်ဝမ်ခရီးစဉ်ကို စတင်ခဲ့ကြတယ်။ လေယာဉ် ချိန်က ဗုဒ္ဒဟူးနေ့ မနက်စော ၁၂ နာရီ ၅၀ ဆိုပေမဲ့ စိတ်စောနေတဲ့ ကိုယ်တို့တွေဟာ အင်္ဂါနေ့ ညဘက် ၈ နာရီ ၀န်းကျင်မှာ ကိုယ်စီ ကိုယ်စီ အိမ်က ထွက်လာခဲ့ကြတယ်။ကိုယ်တို့ရဲ့ စုရပ်ဖြစ်ရာ ချန်ဂီ လေဆိပ်ဆီ ကိုပေါ့။ ထုံးစံအတိုင်းလေဆိပ်မှာ ဓါတ်ပုံရိုက်ကြ.. လေပေါကြနဲ့ ကိုယ်တို့ တွေ ထိုင်ဝမ်ခရီးစဉ်ကို စတင်ခဲ့ ကြတယ်။ 
ဒီခရီးစဉ်ဟာ ကိုယ့်အတွက်တော့ အမှတ်ရစရာတွေ အများကြီးကျန်တဲ့ ခရီးစဉ်တခု ဖြစ်တယ်။ ကိုယ် မကျွမ်းကျင်တဲ့ ဒေသတခုကို သူငယ်ချင်းတွေရဲ့ အားကိုးနဲ့ မိုက်မိုက်မဲမဲ စီစဉ်ဖြစ်ခဲ့တယ်။ ၃ ရက်တာ ကီလို ၂၀၀ ကျော်ကို ပထမဆုံး စက်ဘီးစီးဖြစ်တဲ့ ခရီးစဉ်လဲ ဖြစ်တယ်။ ဒီခရီးမှာ စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်း ဆိုင်ရာ အခက်အခဲ ပေါင်းများစွာကို ကြုံတွေ့ရဖို့ ကြိုတင်ပြင်ဆင်ခဲ့သလို အောင်လဲ အောင်မြင်ခဲ့တယ်။

၇ ရက်နေ့ မနက် ၇ နာရီ ၀န်းကျင်မှာ ထိုင်ပေ လေဆိပ်ကို ရောက်တယ်။ အဲဒီကနေ Taxi နဲ့ပဲ ကိုယ်တို့ရဲ့
ပထမဆုံး ကိုယ်တို့ရဲ့ ခေတ္တရပ်နားရာ Ni hao hostel ကို ခရီးဆက်ဖြစ်တယ်။ ထိုင်ဝမ်က Taxi တွေကလဲ မီတာ စနစ်ကို သုံးတာဖြစ်တဲ့အတွက် ဈေးဆစ်ရတဲ့ ပြဿနာ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ ပုတ်ပြတ်နဲ့ လိုက်ပို့ဖို့ မဲဆွယ်တဲ့ ကားသမား အချို့ကိုလဲ တွေ့ရတယ်။ ဒါတွေဟာ ကိုယ့်ကို မြန်မာပြည်ကို လွမ်းစေတဲ့ ထိုင်ဝမ်ရဲ့ နွေးထွေးခြင်း အစပါပဲ။ ကိုယ်တို့တည်းမဲ့ နေရာက ထိုင်ဝမ် ဘူတာရုံနဲ့ ကပ်နေပါတယ်။ အဲဒီမှာ အ၀တ်အိတ်တွေကို ထားခဲ့ပြီး ကိုယ်တို့ရဲ့ စက်ဘီးစီး ခရီးစဉ်စတင်ရာ Hualien ကို ရထားနဲ့ ခရီးဆက်ရမှာ ဖြစ်တယ်။ ဖြစ်ချင်တော့ Ni hao hostelက မနက် (၈) နာရီမှ ဖွင့်တာဖြစ်တဲ့ အတွက် ခန စောင့်ရတယ်။ ကိုယ်တို့ရဲ့ ရထားက မနက် ၈ နာရီ ၅၀.. အချိန်က လုနေရသလို စိတ်လဲ ပန်းရတဲ့ ခရီးရဲ့ အစပါပဲ။
ရထားပေါ်ကို ရောက်တဲ့အချိန်မှာတော့ အားလုံး အနားရတယ်။ ထိုင်ဝမ်က ရထားတွေက မြန်မာပြည်က ရထား တွေလိုပါပဲ။ သန့်ရှင်းမှု အနဲငယ်ပိုတာက လွဲရင် မြန်မာပြည်က ဟိုးအဝေးကြီးမှာ ပြတ်ကျန်ခဲ့တဲ့ အနေအထားတော့ မဟုတ်ဘူး ထင်တာပဲ။ ရထားပေါ်မှာ လူတွေ စကားပြောကြမယ်.. မုန့်ဝယ်စားတယ်.. ရထားတွေ (စင်္ကာပူက ရထားမပါ) စီးဖြစ်တိုင်း အိမ်ကို လွမ်းတယ်.. မြန်မာပြည်က အနေအထားတွေက ကိုယ်သိခဲ့တဲ့ အနေအထားတွေလို မဟုတ်တော့ဘူးဆိုရင်တောင် အတိတ်ကို တမ်းတခြင်းနဲ့ အတူ လွမ်းတယ်။ 

Hualien  ကိုရောက်တော့ ကိုယ်တို့တည်းမဲ့ ဟိုတယ်နံမည်က Green တဲ့။ ဘူတာရုံနဲ့ မလှမ်းမကမ်းပါပဲ။ သူငယ်ချင်းတွေရဲ့ နေရာရွေးချယ်မှုအတွက် ချီးကျူးရပါတယ်။ အဲဒီ ဟိုတယ်မှာ အိတ်တွေချ ခနတဖြုတ်နား ပြီးမှာတော့ စက်ဘီးငှားဖို့ရာ Giant ကို ခရီးဆက်ခဲ့ကြပါတော့တယ်။

Wednesday, October 3, 2012

လွမ်းစိမ့်ကပေးတဲ့ အလွမ်း ဝေဒနာ

တကယ်တော့ YIT  ဆိုတာ ကိုယ်နဲ့ အစိမ်းသက်သက် နယ်မြေတခုရယ်ပါ။ ဒီကျောင်းတော်ကြီးနဲ့ ပတ်သတ်လို့ ကိုယ့်ရဲ့ ဗဟုသုတက နဲပါးခဲ့ပါတယ်။ ဖေဖေရဲ့ ညီမ.. ကိုယ့်ရဲ့ အဒေါ် အလုပ်လုပ်တဲ့ ကျောင်းဆိုတာက လွဲလို့ ဒီကျောင်းကြီးရဲ့ သမိုင်းကို ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ အဒေါ်ကို အထင်ကြီးပေမဲ့ ရင်းနှီးနွေးထွေးမှု မရှိခဲ့တာကလဲ ကိုယ်နဲ့ ဒီကျောင်းကြီးကို ဝေးစေခဲ့ပါတယ်။

ဒါပေမဲ့............YIT ကျောင်းရဲ့ သြဘာလမ်းကို အဒေါ်ရဲ့ကောင်းမှုနဲ့ လျှောက်ခွင့်ကြုံခဲ့ရတယ်။ အဲဒီလို လျှောက်ခဲ့တဲ့ နေ့မှာပဲ အစဉ်အလာကြီးမားတဲ့ ဒီကျောင်းတော်ကြီးရဲ့ သမိုင်းကို ကြားဖူး နာခဲ့ဖူး တယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် စင်္ကာပူကို ကျောင်းလာတတ်ပြီးနောက် YIT က အကိုကြီး အမကြီးတွေနဲ့ ခင်ခွင့် ရလာခဲ့တယ်။ သူတို့တွေ ပြောပြပေးတဲ့ YIT ပုံပြင်တွေကို နားထောင်ရင်း သူတို့ရဲ့ နာကျင်မှု၊ နာကျည်းမှုတွေကို နားလည်လာခဲ့တယ်။ တချိန်က သမိုင်းဂုဏ်ရောင် ပြောင်ခဲ့တဲ့ ဒီကျောင်းကြီး အခုလို မြင်ရတာအပေါ် ၀မ်းနည်း နှမြောတတ်လာခဲ့တယ်။ တတ်ခွင့်ရခဲ့တဲ့ အကို၊ အမတွေ အနေနဲ့ ဘာလို့ နာကျင်ခံစားရသလဲဆိုတာကိုလဲ ကိုယ်ချင်းစာ နားလည်နိုင်ခဲ့တယ်။ 

လွမ်းစိမ့်ဆိုတဲ့ ဇာတ်ကား ကြော်ငြာလေးကို တွေ့တော့ မျှော်လင့်တကြီးနဲ့ စောင့်နေခဲ့မိတယ်။  ဒါပေမဲ့ ဆင်ဆာဖြတ်ထားတဲ့ လွမ်းစိမ့်.ကို ကြည့်ပြီးတဲ့နောက် စိတ်ဓါတ်တွေ ကျသွားခဲ့ဖူးတယ်။ ဇာတ်ကားက အဆက်အစပ် မရှိတော့ လွမ်းရမဲ့ အစား.. စိတ်ပျက်မိပြီး အပြီးထိ မကြည့်ပဲ ပိတ်ပြစ်ခဲ့တယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ဆင်ဆာမဖြတ်ထားတဲ့ လွမ်းစိမ့်မူရင်းကို ကြည့်ခွင့်ရလိုက်တယ်။ ကြည့်ရင်းနဲ့ ဒါရိုက်တာရဲ့ ကျောင်းကြီးအပေါ်ထားတဲ့ စေတနာကို ခံစားလိုက်ရတယ်။ သရုပ်ဆောင်တွေက အသစ်တွေ ဖြစ်နေ ပါလျက်နဲ့ ကြောင်နေတာမျိုး မရှိတာအတွက်လဲ သူ့ကို ချီးကျူးမိတယ်။ ဒီကားကို  ရဲရဲဝံ့ဝံ့ ရိုက်ခဲ့တဲ့ သရုပ်ဆောင်တွေကိုလဲ အထင်ကြီးမိတယ်။  ဇာတ်ကားထဲမှာ မျောပါသွားရင်း ကိုယ်မရလိုက်တဲ့ YIT ကျောင်းသားဘ၀ကို လွမ်းတယ်။ မကြုံဖူးလိုက်တဲ့ အနုပညာအသင်းတွေကို လွမ်းတယ်.. ကိုယ့်လို အမှတ်ရစရာ နဲပါးခဲ့တဲ့ သူကိုတောင် လွမ်းစေခဲ့တဲ့ လွမ်းစိမ့်ပါပဲ။
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~