Friday, May 29, 2009

စိတ်ခံစားမှု များစွာနှင့် အသုဘ အခမ်းအနား

ဒီနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့ လမ်းတွေဟာ သမ္မတဟောင်းအတွက် ၀မ်းနည်းပူဆွေးနေတဲ့ ပြည်သူတွေနဲ့ ပြည့်လျှံသွားခဲ့တယ်။ လာဘ်စားမှုနဲ့ တရားရုံးတင် စွပ်စွဲခံနေရတဲ့ သမ္မတဟောင်းဟာ လွန်ခဲ့တဲ့ ၆ ရက်က သူ့နေအိမ်ရဲ့ နောက်ဘက် တောင်ကုန်းကနေ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်။ ဒီ အဖြစ်ဟာ တောင်ကိုရီးယား ပြည်သူ အများစုကို ၀မ်းနည်း ဒေါသထွက်စေခဲ့တယ်။ လူပေါင်း ၅ သိန်းခန့်ဟာ သမ္မတဟောင်းရဲ့ အသုဘ အခမ်းအနားကို တက်ရောက်လာခဲ့ကြတယ်။ သမ္မတဟောင်းကို လာဘ်စားမှုနဲ့ ရုံးတင် စွပ်စွဲခြင်းဟာ နိုင်ငံရေးအရ လုပ်ကြံမှုတစ်ခုသာ ဖြစ်တယ်၊ အခုလို တောင်ကုန်းပေါ်က ခုန်ချ သက်သေ သွားရတာဟာ လက်ရှိ သမ္မတရဲ့ ပယောဂကြောင့်သာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၀မ်းနည်းဒေါသ ထွက်နေတဲ့ ပြည်သူတွေက လက်ရှိ သမ္မတကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်။
သမ္မတဟောင်းဟာ နိုင်ငံတာဝန်ကို ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေး သမိုင်း ဂုဏ်သိက္ခာကြီးမားသူ ဖြစ်တယ်။ သို့သော် သူ့ရဲ့ နိုင်ငံရေးသမိုင်းကို လက်ရှိအာဏာရပါတီက လာဘ်စားမှုနဲ့ တရားစွဲခြင်းဖြင့် သမိုင်းပျက်စေခဲ့တယ်။ ၆ မီလျံ ငွေကြေးပမာဏကို သူ့မိသားစုက လက်ခံခဲ့တာကို သူ မသိပါ ဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပေမဲ့ သမ္မတဟောင်းအနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာအတွက် အလွန်အမင်း ထိခိုက် ခံစားခဲ့ရတဲ့ သမ္မတဟောင်းဟာ တရားရင်ဆိုင်နေရဆဲ မေလ ၂၃ ရက်မှာ သူ့နေအိမ်အနီး တောင်ကုန်းမှာ လက်လျှောက်နေရင်း ခုန်ချ သတ်သေခဲ့တယ်။ သူချန်ထားခဲ့တဲ့ စာတိုလေးမှာ သူ့မိန်းမနဲ့ သားသမီး နှစ်ယောက်ကို မနာကျင် မခံစားဖို့ မှာကြားခဲ့တယ်။
သမ္မတဟောင်းရဲ့ အသုဘအခမ်းအနားကို နိုင်ငံတောင် အခမ်းအနား အဖြစ် ကျင်းပခဲ့ပြီး လက်ရှိ အာဏာရ သမ္မတလည်း ဇနီးနဲ့အတူ တက်ရောက် ဂါရ၀ ပြုခဲ့တယ်။ အတူ လုပ်ဖော်ကိုင်ဖက်များက သမ္မတဟောင်းရဲ့ ရုပ်အလောင်းကို အရိုအသေပေးရင်း ငိုကြွေးခဲ့ကြတယ်။ လက်ရှိ သမ္မတကို အော်ဟစ်ဆန္ဒပြခဲ့ကြသူ အချို့ကို ရဲအချို့က ပါးစပ်ပိတ်ထိန်းချုပ်ခေါ်ဆောင်သွားတာကို တွေ့ရတယ်။နိုင်ငံရေးအရ ပြိုင်ဘက်တွေ ဖြစ်နေပေမဲ့ သမ္မတဟောင်းရဲ့ မော်ကွန်းတင်သင့်တဲ့ လုပ်ဆောင်ချက်ကို လက်ရှိအစိုးရက အသိအမှတ်ပြုခဲ့တယ်။ အသုဘအခမ်းအနားကို နိုင်ငံတော် ဈာပနနဲ့ ကျင်းပပေးခဲ့ပြီး သူတို့ကိုယ်တိုင်လဲ တလေးတစား တက်ရောက်ခဲ့ကြတယ်။ လာဘ်စားသူ တစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ ပြည်သူတွေ၊ သမ္မတဟောင်းကို ထောက်ခံသူတွေဟာ နေပူပူအောက်မှာ သမ္မတဟောင်းရဲ့ အသုဘကို တက်ရောက်ခဲ့ခြင်းအားဖြင့် သူတို့ရဲ့ သစ္စာရှိမှုကို ပြသခဲ့ကြတယ်။
နိုင်ငံတော်ကို အမှန်တကယ် မြတ်နိုးတဲ့ နိုင်ငံရေးသမားတွေရှိတဲ့ နိုင်ငံတစ်ခုကို မြင်တွေ့ရခြင်းဟာ စိတ်ခံစားမှု များစွာကို ဖြစ်စေနိုင်တယ်။

ဒီနေ့

တောင်ကိုရီးယား သမ္မတ္တဟောင်းရဲ့ အသုဘ အခမ်းအနားကို ဒီနေ့ တီဗွီမှာ ကြည့်ဖြစ်လိုက်တယ်။ လူပေါင်း ၅ သိန်းကျော် တက်ရောက်တယ်လို့ သတင်းတွေက ဆိုတယ်။ ဆိုးလ် မြို့တစ်ခုလုံးကို လူအုပ်ကြီးတစ်ခုလုံးနဲ့ ပြည့်နှက်နေခဲ့တယ်။ သမ္မတ္တဟောင်းကို ထောက်ခံသူတွေဟာ မခံမရပ်နိုင် အော်ဟစ်ငိုကြွေးနေတာကို ကြည့်ပြီး နိုင်ငံကို တကယ်ချစ်တဲ့ နိုင်ငံသားတွေကို အားကျမိတယ်။ လက်ရှိအာဏာရ ပါတီအနေနဲ့ သမ္မတ္တဟောင်းရဲ့ အသုဘကို နိုင်ငံတော် ဈာပန အဖြစ်ခမ်းခမ်းနားနား ကျင်းပပေးခဲ့တယ်။ လာဘ်စားမှုဆိုတဲ့ ခေါင်းစဉ်ရဲ့ စွပ်စွဲချက်တွေ အောက်မှာ ကိုယ့်ကိုယ်ကို သက်သေသွားခဲ့တယ်ဆိုပေမဲ့ သူ့ကို ထောက်ခံတဲ့လူတွေ၊ ငိုကြွေးနေ တဲ့ ပြည်သူတွေကို ကြည့်ရုံနဲ့ သူဟာ နိုင်ငံအတွက် ဘယ်လောက် တာဝန်ကျေခဲ့တယ်ဆိုတာကို တွေ့နိုင်တယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး၊ ကိုရီးယားရဲ့ အနုပညာနဲ့ ကမ္ဘာကို လွှမ်းအောင် ကြိုးပမ်းနိုင်ခဲ့မှုတွေကို သေဆုံးသွားပေမဲ့ မမေ့တဲ့ လက်ရှိအာဏာရပါတီကိုရော သူ့ရဲ့ စစ်မှန်တဲ့ ထောက်ခံသူတွေကိုရော ဒီနေရာက ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။
ဒီနေ့ ဘ၀မှာ ပီတိကြောင့် မျက်ရည်ဝဲမိတယ်။ ကိုယ်တိုင် စင်ပေါ်ကို အကြိမ်ကြိမ် တက်ခဲ့ဖူးပေမဲ့ ဒီနေ့လို ရင် မခုန်ခဲ့ဘူး။ ၀မ်းသာ ၀မ်းနည်းမှုကြားမှာ ကိုယ်ရင်တွေ စို့နစ်နေမိတယ်။ ခြေလှမ်းလေးတစ်လှမ်းတော့ လှမ်းပြီး သွားပြီ မေမေ။ ဆက်လက်ချီတက်မဲ့ ခြေလှမ်းတွေအတွက် အားအင်တွေ ပေးပါ။ ပြောင်းလဲလို့ရနိုင်မဲ့ အရာတွေ အတွက် ပြောင်းလဲနိုင်တဲ့ စွမ်းရည်၊ မပြောင်းလဲနိုင်တော့မဲ့ အရာတွေကို အမှန်အတိုင်း လက်ခံလိုက် နိုင်မဲ့ သတ္တိတွေကို ဖန်တီးပေးပါ မေမေ။

Sunday, May 17, 2009

maladaptive perfectionists (သို့) ကျွန်မ၏ အတ္တ

၁၀၀ ရာနှုန်း ကောင်းမွန်မှု (သို့) အစစ ပြီးပြည့်စုံမှုကို ရယူနိုင်တယ်၊ ရယူသင့်တယ်လို့ ယုံကြည်တဲ့ ယုံကြည်မှု ကို Perfectionism လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ ၁၀၀ ရာနှုန်း မဟုတ်ရင် လက်သင့် မခံ နိုင်တဲ့ အဆင့်ဖြစ် သွားတဲ့ လူတွေကိုတော့ maladaptive perfectionists လို့ ခေါ်ဆိုနိုင်ပါတယ်။ တနည်းပြောရရင် အစွန်း တဖက်ကို ရောက်သွားတဲ့ လူတွေကို maladaptive perfectionists လို့ ခေါ်တာဖြစ်တယ်။ Perfectionism ရဲ့ ကောင်းကျိုးတွေ ဆိုးကျိုးတွေဟာ အဲဒီလူရဲ့ ယုံကြည်မှု အတိုင်းအတာနဲ့ တိုက်ရိုက်အချိုးကျနေတယ်။
အစွန်း မရောက်ခဲ့ဘူးဆိုရင် Perfectionism ဆိုတာ ကောင်းကျိုးပေးစေနိုင်တဲ့ ယုံကြည်မှုတစ်ခုသာ ဖြစ်တယ်။ အဲလို Perfectionism ကို လက်ခံထားတဲ့ လူတွေဟာ မိမိရဲ့ ကိုယ်ကျင့် သိက္ခာ၊ စံတွေကို စံပြ ဖြစ်အောင် အမြဲ ကြိုးစားနေတတ်တယ်။ ဒီယုံကြည်မှုကပဲ လူတွေကို ထိပ်ဆုံးရောက်အောင် တွန်းပို့တတ်တယ်။ ကိုယ်လုပ်ကိုင် နေတဲ့ အရာအပေါ်မှာ ခိုင်မာ တည်ကြည်မှု၊ စိတ်ဝင်စားမှုတွေကို ဒီယုံကြည်မှုကပဲ ဖန်တီးပေးတယ်။ အောင်မြင် တဲ့ သိပ္ပံပညာ ရှင်တွေ၊ အနုပညာရှင်တွေ ဖြစ်လာနိုင်ဖို့ ဒီယုံကြည်မှုကသာ တွန်းပို့နိုင်တယ်။
အစွန်းတဖက်ကို ရောက်သွားတဲ့အခါမှာတော့ Perfectionism ဆိုတဲ့ ယုံကြည်မှုဟာ လူတွေကို maladaptive perfectionists အဖြစ်ကို တွန်းပို့လိုက်ပါတော့တယ်။ ဖြစ်ချင်တာတွေ များသလို လုပ်ဆောင်တဲ့ ကိစ္စအ၀၀မှာ ၁၀၀ ရာနှုန်းသာ ဖြစ်ချင်တာမို့ သူနဲ့ လုပ်ကိုင်ဆောင်ရွက်ရတဲ့ လူတွေဟာ စိတ်ညစ်ရတတ်ပါတယ်။ တခါ တလေ procrastination တွေ ဖြစ်သွားတတ်တယ်။ procrastination ဆိုတာကတော့ ကိုယ် လုပ်ဆောင်ရမဲ့ ကိစ္စကို ၁၀၀ ရာနှုန်းဖြစ်ချင်စိတ်ကြောင့်မို့ နောက်ဆုတ် အချိန်ဆွဲတတ်သူမျိုးပါပဲ။ နည်းမှန်ကို ရှာမတွေ့ သရွေ့ မလုပ်တဲ့အခါ ဒီအလုပ်က ဘယ်တော့မှ မပြီးတော့တတ်တာမို့ procrastination ဟာလဲ လုပ်ငန်းခွင်မှာ လိုလားအပ်တဲ့ အရာတော့ မဟုတ်ပါဘူး။ Perfectionismရဲ့ နောက်ပုံစံတမျိုးကတော့ self-deprecation။ မိမိကို လူသနားအောင် ကိုယ့်ကိုယ်ကို အပြစ်တင် တဲ့လူမျိုးတွေပေါ့။ လူတွေရဲ့ အသနားကို ခံပြီး အလုပ်မပြီးတာကို ကာကွယ်တဲ့လူမျိုးပေါ့။

Thursday, May 14, 2009

eat or be eaten

လောကကြီးမှာ ပါးနပ်မှုတစ်ခုတော့ ရှိဖို့လိုအပ်တယ်။ ကိုယ်တိုင် ရင်ဆိုင်နေရတဲ့ ရန်သူရဲ့ အနေအထားကို ကိုယ်တိုင်မှ မတွက်ဆနိုင်ရင်တော့ အစားခံရမှာပဲ။ ကိုယ်က စားတဲ့လူ နေရာမှာ နေမလား။ အစားခံမလား။ ဒါကို ရွေးချယ်နေရတဲ့ ဘ၀ကြီးကို လက်မခံချင်ပေမဲ့ လက်ခံနေရတယ်။ ရိုးဖြောင့်ခြင်းဆိုတာ အမြဲတမ်းတော့ မနိုင်နိုင်ဘူးလေ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတဲ့အခါ ရှိသလို ရိုးသားယောင်ဆောင်ရတဲ့ အခါလဲ ရှိတယ်။ ဒါတွေကို မတွက်ဆတော့ပဲ ရန်သူ့လက်မှာ ထိုးဆင်းလိုက်တဲ့ သူ့ကို အားမရ ဖြစ်မိတယ်။ ဘ၀ရဲ့ မတရားမှုတွေကို တွေးဆမိပြီး ၀မ်းနည်းမိတယ်။ နောက် နာကျင်မိတယ်။ လောကကြီးဟာ မတရားမှုတွေနဲ့ ပြည့်နှက်နေပြီး နိုင်သူစားစတမ်းပဲဆိုတာကို သက်သေပြတဲ့ ပြယုဂ်တစ်ခုပါပဲ။
ကိုယ့်ရဲ့ personal life အပေါ်မှာ ချိုးဖောက်မှုတစ်ခု လုပ်လာတယ်လို့ သိနေပေမဲ့ ဒါကို အတွင်းစိတ်က လက်မခံချင်တာ ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ သဘောတစ်ခုရယ်ပါ။ ဒီအတွက် မကျေမနပ်ဖြစ်မိပေမဲ့ တုန့်ပြန် လို့မရသေးတဲ့အခါ ရိုးသားယောင်၊ အ ချင်ယောင် ဆောင်လိုက်ရတာ နာတော့ နာကျင်မိတယ်။

Tuesday, May 12, 2009

အကြမ်းဖက်သမား (သို့) အေးချမ်းသော ဘ၀က လူ

အကြမ်းဖက်သမားတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လို ပုံဖော်ကြည့်လို့ရမလဲ။ အကြမ်းဖက်သမားဆိုတဲ့ ခေါင်းစဉ် အောက်က လူတစ်ယောက်ကို အတွေးနဲ့အတူ ကြောက်ခဲ့ဖူးတယ်။ မနှစ်က ဖေဖော်ဝါရီလမှာ ထောင်ဖောက် ထွက်ပြေးသွားခဲ့တဲ့ သူ့ကို မလေးရှား ရဲတွေက ပြီးခဲ့တဲ့ အပတ်က ဂျိုဟောမှာ ဖမ်းမိတယ်။ သူနေတဲ့နေရာတွေ သူတစ်နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ ဘ၀တွေကို ဒီနေ့သတင်းစာမှာ ဖတ်ရတယ်။ အကြမ်းဖက်သမား တစ်ယောက် နေတဲ့ အိမ်လေးက အေးချမ်းလိုက်တာ။ နှစ်ထပ်အိမ်လေးရယ် ရှင်းလင်းနေတဲ့ အခန်းရယ်၊ အခန်းထောင့်က ဘာသာရေး ဆိုင်ရာ စာအုပ်တွေရယ်၊ အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ဖန်တီးယူထားတဲ့ လူတစ်ယောက် က အကြမ်းဖက်သမားလို့ ဘယ်သူက ထင်မှာလဲ။ ဒီဘ၀ကို သံသယတွေက ကင်းဝေးအောင် ဖန်တီးယူထားတာ ဖြစ်နိုင်ပေမဲ့ ဒီလို ရိုးရှင်းတဲ့ဘ၀လေးကို ဖန်တီးထားတဲ့ သူ့ကို ဖမ်းမိသွားတာ စိတ်မကောင်းတောင် ဖြစ်မိတယ်။ ဘာသာရေးဆိုတာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်လို့ ခိုင်ခိုင်မာမာ ယုံကြည်သူတစ်ဦးအနေနဲ့ ဘာသာရေးကို အပြစ်တော့ မတင်ချင်ဘူး။ ဒါပေမဲ့ ဒီလူ အကြမ်းဖက်သမားဖြစ်ခဲ့ရတာဟာ နိုင်ငံရေး ကစားကွက် မဟုတ်ရင် ဘာသာရေးရဲ့ ခိုင်းစေချက်များ ဖြစ်နေမလားလို့ တွေးနေမိတယ်။
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~