တတိယအကြိမ် မြန်မာ့ စာပေဟောပြောပွဲကို ၃၀ ရက်နေ့ ဧပြီလ မှာ အောင်မြင်စွာ ကျင်းပလို့ ပြီးသွားပြန်ပါပြီ။ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ပွဲကိုတော့ အကြောင်းကြောင်းကြောင့် မတက်လိုက်ရပါဘူး။ ဒါပေမဲ့ နောက်နှစ်တွေမှာ တကယ်လို့များ ၂ ပွဲရှိခဲ့မယ်ဆိုရင်တော့ ၂ ပွဲလုံးတက်ဖို့ ကြိုးစားရပါမယ်။ ၂ ပွဲက ဒီထက် အချိန်ခွဲ ကျင်းပကြမယ်ဆိုရင်တော့ ပိုလို့ အဆင်ပြေမှာပါ။ စင်္ကာပူနိုင်ငံဟာ ကန္တာရ တခုဆိုရင် စာပေ ဟောပြောပွဲလေးတွေဟာ အိုအေစစ်တွေလိုပါပဲ။ စာရေး ဆရာတွေရဲ့ အတွေးအမြင် ဗဟုသုတကို နားထောင်ရတာဟာ မြန်မာ တယောက်ဖြစ်ရတာကို ပိုလို့ ဂုဏ်ယူမိစေပါတယ်။ အခုလို ကျင်းပဖို့ ကြိုးစားကြ တဲ့ လူကြီး လူငယ် အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။
ဒီနှစ် စာပေဟောပြောပွဲကို စင်္ကာပူ ပေါ်လီမှာ ကျင်းပသွားပါတယ်။ နေရာထိုင်ခင်း သွားရေးလာရေး အစစ အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲထက်စာရင် ဒီပွဲ ကျင်းပတဲ့ နေရာဟာ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။ (၅) မှတ် အပြည့်ပေးမိတဲ့ နေရာ ရွေးချယ်မှုပါပဲ။
တခု အပြစ်ပြောစရာကတော့ ပွဲစချိန်နဲ့ အစားအသောက် ကျွေးတဲ့အချိန်ပါပဲ။ ပွဲစချိန်သာ တိတိကျကျ စနိုင်ခဲ့ မယ်ဆိုရင် ကျွေးမွေးချိန်တွေနဲ့ ပွဲပြီးချိန်တွေဟာ အခုလောက်တော့ ကသောင်းကနင်း မဖြစ်ဘူးလို့ ထင်မိပါတယ်။ အလုပ်ကနေ တန်းလာရတဲ့လူတွေအတွက် ထမင်းမစားရသေးတဲ့အတွက် ၃ နာရီ ၄ နာရီမှာ ကျွေးဖို့ မျှော်လင့်ကြတာ၊ အပြစ်တင်သံ အချို့ ဟိုနား ဒီနားကနေ ကြားရပါတယ်။ တကယ်တော့ စင်္ကာပူ ပေါ်လီအတွင်းမှာ မက်ဒေါ်နယ် ဆိုင်နဲ့ vending machine တွေ ရှိပါတယ်။ တကယ်လို့သာ announcer တွေ အနေနဲ့ ပထမ နားချိန်အတွင်းမှာ ထမင်း ကျွေးချိန်ကို အတိအကျ ကြေညာပြီး အပြင်မှာ မုန့်ထွက်ဝယ်စားလို့ ရပါတယ်ဆိုတာမျိုး ကြေငြာပေးခဲ့မယ်ဆိုရင် အခုလောက် အပြစ်တင် ငြူစူသံတွေ ကြားရမယ် မထင်ပါဘူး။ ဒါတွေ အားလုံး ဖြစ်ရတဲ့ အကြောင်းအရင်းဟာ ပွဲကို စနေမှာ ကျင်းပခဲ့တာကြောင့် ဖြစ်လိမ့်မယ် ထင်ပါတယ်။ ပွဲကို ၁ နာရီမှာ ကျင်းပမယ်လို့ ကြေငြာခဲ့ပေမဲ့ အများစုက အလုပ်လုပ်ပြီးမှ လာရတာကြောင့် နောက်ကျ ကြပါတယ်။ ၁ နာရီအတိမှာ ခန်းမအထဲမှာ လူသိပ်မရှိသေးတာကြောင့် ပွဲစီစဉ်သူတွေနဲ့ ပွဲကို နောက်ကျ ပြီးမှ စလိုက်ရတယ်လို့ ယူဆရပါတယ်။ တကယ်လို့ တနင်္ဂနွေမှာသာ ကျင်းပခဲ့မယ်ဆိုရင်တော့ ဒီလိုဖြစ်စရာ မရှိဘူး ထင်ပါတယ်။
နောက် စာရေးဆရာတွေကို အချိန်နဲ့ ဟောပြောပေးဖို့ ကန့်သတ်ရတာဟာ တော်တော်ခက်ခဲတဲ့ အလုပ် ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဆရာတွေ ဟောပြောနေတဲ့အချိန်မှာ စာရွက်လေးနဲ့ အချိန် လွန်နေပြီ ဖြစ်ကြောင်း သတိပေးရတာမျိုး တွေ့ရပါတယ်။ ဒါတောင်မှ တချို့ဆရာတွေက ၂ နာရီလောက် ဟောသွားခဲ့ပါတယ်။ ဒီအတွက် အပြင်မှာ ဆရာတွေကို နားလည်အောင် သေချာ ရှင်းပြထားပြီး သတ်မှတ်ချိန် မလွန်ခင် ၅ မိနစ် ၁၀ မိနစ် အလိုမှာ အောက်ကနေ သတိပေးတာမျိုးကို လုပ်သင့်တယ် ထင်ပါတယ်။ ဥပမာ မီးအဖွင့် အပိတ် လုပ်တာမျိုးပဲ ဖြစ်ဖြစ်ပေါ့။ ဆရာတွေ အနေနဲ့လဲ နားလည်နိုင်မယ် ထင်ပါတယ်။
နောက်တခုကတော့ ပွဲစီစဉ်သူတွေနဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ လာရောက် ဟောပြောသူ ဆရာတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ဒီကို လာရောက်ဟောပြောတဲ့ ဆရာတွေရဲ့ ဗဟုသုတနဲ့ အတွေးအခေါ်တွေကို ကြည်ညို လေးစားထားပြီးသားပါ။ ကိုယ်တိုင် လေးစားကြည်ညိုရတဲ့ ဆရာတွေမို့ လာရောက် နားထောင် တာပါ။မြန်မာပြည်က စာရေးဆရာ အချို့ဟာ အရက်ကို စွဲစွဲမြဲမြဲ သောက်တတ်တာကိုလဲ ကြိုတင် သိထားပြီး သားပါ၊ ဟောပြောကြတဲ့အခါ တချို့ ဆရာတွေအနေနဲ့ ဟောပြောလို့ ကောင်းအောင် သောက်တတ်တယ် ဆိုတာလဲ သိထားပါတယ်။ နားလည်ခွင့်လွှတ်ပေးလို့ရပါတယ်။ ဒါပေမဲ့ .. အခုလို နိုင်ငံရပ်ခြားမှာ တကူးတကန့်ကျင်းပရတဲ့ ပွဲမှာတော့ ဆင်ခြင် သင့်တယ်လို့ ထင်မိပါတယ်။ အထူးသဖြင့် လူငယ်တွေကို အားတက်အောင် ဟောကြပြောကြတဲ့ ဆရာတွေ အနေနဲ့ သောက်ထားမယ်ဆိုရင်တောင် မိမိကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ အဆင့် (ပရိသတ် မရိပ်မိတဲ့ အနေ လောက်တော့) ဖြစ်သင့်တယ်လို့ ထင်မိပါတယ်။
အဲဒီနေ့က ဒုတိယဟောပြောသွားတဲ့ ဆရာဟာ အရက်သောက်ထားပြီး ဟောပြောတယ်လို့ ခံစားရပါတယ်။ ကိုယ်တယောက်ထဲ အဲလို ခံစားရတယ်လို့ ပထမ ထင်မိပြီး ကြိတ်မှိတ်သည်းခံ နေခဲ့ ပါသေးတယ်။ နောက် ဘေးက လူတွေဆီက ဝေဖန်သံ ထွက်လာမှ ငါ တယောက်တင် မဟုတ်ပါလား လို့ တွေးမိပါတယ်။ ဟောပြောတဲ့နေရာမှာလဲ ကျစ်လျစ်မှု မရှိဘဲ စာသားတွေ က ပြန့်ကျဲနေပါတယ်။ ဦးတည်ရာ ပျောက်နေတယ်လို့ ခံစားရပါတယ်။ ဆရာဟာ လူတော် တယောက်ပါ။ ဆရာ့စာတွေနဲ့ လူဖြစ်လာခဲ့ရတဲ့ လူငယ်၊ ဆရာ့ကို လေးစားတဲ့ လူငယ် တယောက်အနေနဲ့ စိတ်ထဲမှာ ၀မ်းနည်းမိသလို စော်ကားခံရတယ်လို့ ခံစားရပါတယ်။
ဆရာအောင်သင်းကို အထူးကျေးဇူးတင်မိပါတယ်။ ပထမ လူကိုယ်တိုင် မလာဘူးလို့ ကြားမိရာကနေ facebook မှာ လူကိုယ်တိုင်လာမယ်လို့ သိရတော့ ၀မ်းသာမိပါတယ်။ ဒါပေမဲ့ ဆရာ့အသက်အရွယ်အရ အခုလောက် မမျှော်လင့်ခဲ့မိပါဘူး။ တကယ်ဟောပြောတဲ့နေ့မှာတော့ ဆရာ့ရဲ့ အတွေ့အကြုံ၊ ဟောပြောမှု ကို လေးစားလွန်းလို့ မျက်ရည်လည်မိပါတယ်။ ဆရာ သီဆိုသွားတဲ့ သီချင်းတချို့ကိုလဲ အထူးနှစ်သက် မိပါတယ်။ ကိုယ့်ရဲ့ အဖိုးတယောက်ကို ပြန်တွေ့ရသလို ခံစားရပါတယ်။ အဲဒီအတွက် အခုလို လူကိုယ်တိုင် လာရောက်အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။
ဆရာဖေမြင့် ဟောသွားတဲ့ထဲမှာ နိုင်ငံ မကောင်းကြောင်း မပြောချင်ပါဘူးဆိုတဲ့ စကားကို သိပ်နှစ်သက်မိပါ တယ်။ ပရိသတ်က နိုင်ငံမကောင်းကြောင်းပြောရင် လက်ခုပ်တီးကြတယ်ဆိုတဲ့ ဆရာ့စကားကိုတော့ ၀မ်းနည်းစွာနဲ့ လက်ခံရမှာပါ။ တကယ်တော့ ဆရာရယ်.. နိုင်ငံမကောင်းကြောင်း ပြောမှ မဟုတ်ပါဘူး။ အားတက်စေမဲ့ စကားများ၊ လူငယ်တွေကို ယုံကြည်ချက်ဖြစ်စေမဲ့ စကားတွေပြောရင်လဲ လက်ခုပ်တီးမှာပါ။
အညာဓလေ့၊ ရွာဓလေ့တွေနဲ့ နွေးထွေးစေတဲ့ ဆရာမ ခင်ခင်ထူးကိုလဲ ကျေးဇူး တင်မိပါတယ်။ ဆရာ နေ၀င်း မြင့် ဟောပြောတဲ့ နေ့က.........ဒါဟာ မြန်မာပဲ လို့ တွေးမိသလို.. ဆရာမ ဟောပြောချိန်မှာလဲ အညာကို လွမ်းစိတ်၊ မြန်မာ့ဓလေ့ကို ပိုတန်ဖိုးထားမိစိတ် ဖြစ်ရပါတယ်။
ဒုတိယအကြိမ် စာပေဟောပြောပွဲ
ပထမအကြိမ် စာပေဟောပြောပွဲ
ဒုတိယအကြိမ် စာပေဟောပြောပွဲ
ပထမအကြိမ် စာပေဟောပြောပွဲ