ခုတလော မိုးမိုးအင်းလျားရဲ့ ၀တ္ထုတပုဒ်ကို မကြာမကြာ သတိရနေမိတယ်။ဇာတ်လမ်းလေးက မိန်းကလေး သူငယ်ချင်း နှစ်ယောက်ရဲ့ ရိုးရိုးရှင်းရှင်း ဘ၀လေးကို ဆရာမရဲ့ ရေးဟန်အတိုင်း အရိုးသားဆုံး တင်ပြထားပါ တယ်။
ကျော်ကျော်နဲ့ မော်မော်ဆိုတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်း နှစ်ယောက်၊ ဥာဏ်ရည်တူတယ်၊ ကြိုးစားမှု တူတယ်။ စိတ်ဓာတ်တူတယ်။ ဒါလေးကို ဆရာမက အခုလို တင်စားပါတယ်။ "ကျော်ကျော်နဲ့ မော်မော်က တာထွက်မှန်တာရော သက်လုံကောင်းတာရော စံချိန်တူတဲ့ ပြိုင်မြင်း နှစ်ကောင် ပါပဲ" တဲ့။
အတန်းထဲ မှာ ပထမ၊ ဒုတိယကို လုနေကြတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ ဘ၀ပေး အခြေအနေကတော့ မတူပါဘူး။ မော်မော်က ၀န်ထမ်းမိဘရဲ့ ဒုတိယမြောက် သမီး၊ ကျော်ကျော်က စီးပွားရေး လုပ်ငန်းရှင်မိဘရဲ့ သမီး။ ဘ၀အခြေအနေ မတူတော့ ကြိုးစား ရတဲ့ ဘ၀ချင်း မတူပေမဲ့ သူတို့ သူငယ်ချင်းတွေကြားမှာ ပြဿနာ မရှိခဲ့ပါဘူး။ တယောက် အိမ် တယောက် လိုက်နေရင်း တယောက် ထမင်း တယောက် နှိုက်စားတဲ့ဘ၀နဲ့ ခင်ခင်မင်မင် ရှိကြပါတယ်။ ဒါကို ဆရာမက ကျော်ကျော့်မှာတော့ တယုတယ ပေါင်းသင်ရေလောင်းမည့်သူ ရှိသည်။ မော်မော်ကတော့ ရေနှင့် အလင်းရောင်ကို သူ့ဘာသာ ရှာဖွေပြီး ရှင်သန်ကြီးထွားဖို့ ကြိုးစား ရသည့် သဘာဝ ပေါက်ပင်တည်း တဲ့။ တင်စားလိုက်တတ်တဲ့ ဆရာမလို့သာ ပြောလိုက်ချင်ပါတော့တယ်။ ဘ၀မှာ ကြိုးစားအားထုတ်ရမှုခြင်း တူပေမဲ့ အခြေအနေတွေ မတူတတ်တာကို အရိုးသားဆုံး တင်ပြထား ပါတယ်။
ခင်ခင်မင်မင် ပေါင်းတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ အခြေအနေကတော့ မော်မော်ရဲ့ အဖေ ဆုံးသွားတဲ့ အချိန်မှာတော့ တမျိုးပြောင်းလာပါတော့တယ်။ကျော်ကျော်ရဲ့ စိတ်က မပြောင်းပေမဲ့ ကျော်ကျော့်မိဘတွေက စတင် ပြောင်းလဲလာပါတယ်။ ၁၀ တန်းဖြေမဲ့ ကျော်ကျော်ကို မိဘတွေက ရန်ကုန်ကို ဘော်ဒါထားဖို့ လွှတ်လိုက် ပါတော့တယ်။ သမီးရဲ့ ပညာရေးကို အားပေးတာက တချက်၊ ကျော်ကျော်နဲ့ မော်မော်ရဲ့ အကိုကြားမှာ သံယောဇဉ်တွယ်လာမှာကို တားဆီးလိုတာက တချက် ဖြစ်ပါတယ်။
တာထွက်တာ မှန်တာခြင်း၊ သက်လုံ ကောင်းတာခြင်း တူသော်လည်း ပန်းဝင်တာခြင်း တူနိုင်ပါဦးမလား။ အခြေအနေတွေ ပြောင်းလဲလာတဲ့ မော်မော်က ဘ၀ကို အရှုံးမပေးပဲ ကြိုးစားနေရတယ်။အဲဒီအချိန် မှာ ကျော်ကျော်ကတော့ မိဘ ခင်းပေးတဲ့ လမ်းမှာ အဆင်သင့် လျှောက်ရင်း ၁၀ တန်းကို ဂုဏ်ထူး သုံး ဘာသာနဲ့ အောင်မြင်ခဲ့ပြီး တက္ကသိုလ်မှာ ပုဝါနှစ်စချနိုင်သည့် ဆရာမဘ၀ကို ရရှိခဲ့ပါတယ်။ တဖက်က မော်မော်အနေနဲ့ ရေကုန်ရေခန်း ကြိုးစားရင်း ဘွဲ့ တခုကို ရနိုင်ခဲ့ပါတယ်။
သူငယ်ချင်း ၂ ယောက် လုံး အိမ်ထောင်ကျပြီးနောက် မော်မော်ရဲ့ သား အလုပ်ရှာတဲ့အချိန် ကျော်ကျော်ရဲ့ သမီးနဲ့ ယှဉ်ပြိုင်ပြီး အလုပ်ဝင်တဲ့နောက် မော်မော့်သားက မရပဲ ကျော်ကျော့်သမီး ရသွားတဲ့အပေါ် မော်မော့် သားရဲ့ မကျေမနပ် စကားနဲ့ နိဂုံး ချုပ်သွားပါတယ်။ ဘ၀မှာ နေတတ်ဖို့လဲ လိုပါတယ်။
တခါတလေ တာထွက်မှန်၊ သက်လုံကောင်းပေမဲ့ ပန်းဝင်တဲ့အခါ နောက်ကျရတာမျိုးလဲ ရှိတတ်တာပဲလေ။