ကိုယ် တယ်လီဖုန်းသံတွေကို ကြောက်ရွံ့တဲ့ ရောဂါကို ဘယ်တုန်းက စရခဲ့ပါလိမ့်။ ဖုန်းမြည်လာရင် နံပါတ်ကို သေသေချာချာကြည့် မြန်မာနိုင်ငံရဲ့ နံပါတ် ကုဒ် မပေါ်မှ သက်ပြင်းကို ရဲရဲချပြီး ဖုန်းကိုင်ရဲသည်။ အကြောင်းကြောင်းကြောင့်များ မြန်မာပြည် နံပါတ်ဖြစ်နေတဲ့အပြင် ဟိုဘက်က ချသွားလို့ missed call ဖြစ်သွားတဲ့အခါ ကိုယ့်နှလုံး ခုန်သံကို ကိုယ်တိုင် ပြန်ကြားနေရတယ်။ ပြန်ခေါ်လို့ ဟိုဘက်က မကိုင်သေးရင် ဒါမှမဟုတ် လိုင်းမအားရင် ငိုချင်သလို ရင်ထဲမှာ အရမ်းဝမ်းနည်းလာတတ်တယ်။ မဟုတ်နိုင်ဘူး၊ မနေ့ကတင် အိမ်နဲ့ ဖုန်းပြောထားတယ်။ ဘယ်သူမှ ဘာမှ မဖြစ်ဘူးလို့ စိတ်ထဲက တဖွဖွ ရွတ်ရင်း လိုင်းဝင်သွားမဲ့အသံကို ရင်ဖိုစွာနဲ့ နားစွင့်ရတယ်။ ဟိုဘက်က တယောက်ယောက် လာကိုင်လို့ အသံက အေးအေးဆေးဆေး ဖြစ်နေ မှသာ ကိုယ် ပုံမှန်ပြန်ဖြစ်ရတယ်။ တကယ်ပါပဲ။ ဒီလို ဖုန်းခေါ်သံမျိုးသာ တနေ့မှာ ၃ ကြိမ်ရရင် ကိုယ် နှလုံး ရပ်လို့ သေဆုံးသွားနိုင်တယ်။
Sunday, April 24, 2011
Friday, April 22, 2011
အတိတ် ခြေရာ
အတိတ်ခြေရာ.
တီ.. တီ.. တီ..
အချက်ပေးသံလို.. ကားဟွန်းတီးသံလိုလို.....အသံသဲ့သဲ့ နားထဲကို အဆက်မပြတ် တိုးဝင်လာတော့.. သွယ့်  စိတ်ထဲ မြန်မာပြည် ပြန်ရောက်နေသလိုလို....၊။ ဟင် မဟုတ်သေးပါဘူး. ငါ အခု စင်္ကာပူမှာပဲ။ အသိ တိုးဝင်လာပေမဲ့ ၃ ရက်လောက် အိပ်ရေး ဆက်တိုက် ပျက်ထားတဲ့ မျက်လုံးတွေက မဖွင့်ချင်သေး။ ကုတင်ဘေးက စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို မမှီမကမ်း လှမ်းဆွဲပြီး...
`ဟလို...........'
'ဟလို......ကျွန်တော် သွယ်နှင်းဆီနဲ့ ပြောချင်လို့ပါ ခင်ဗျာ..'
ဟင်. ဒီအသံ ငါ သိနေသလိုပဲ.. .သွယ် အိပ်ရာမှ ထထိုင်ရင်း..
'ဟုတ်ပါတယ်.. ကျွန်မ သွယ်နှင်းဆီပါ.. အခုပြောနေတာက ....'
'ဟဲ့ မိသွယ်.. ငါပါဟ.. ကိုလတ်...'
'ဟယ်..........ကိုလတ်.. ..'
သွယ် ရုတ်တရက် ပျော်သွားတဲ့ စိတ်နဲ့ ဘာဆက်ပြောရမှန်း မသိ..
'ဟုတ်ပါ့ဗျာ.. ကျွန်တော် ကိုလတ်ပါ.. '
'နင် အခု ဘယ်ရောက်နေတာလဲ ဟင်..စင်္ကာပူမှာလား..'
'ဟား ဟား.. အိပ်ချင်မူးတူးနဲ့ မိသွယ်ရယ်.. နံပါတ်လေး ဘာလေးလဲ ကြည့်ပါအုန်းဟဲ့.. ငါ အခုပဲ စင်္ကာပူရောက်တယ်.. ရောက်ရောက်ချင်း နင့်ဆီ ဆက်လိုက်တာပဲ။'
ဟင်.. ဒါဆို.. ကိုလတ် ဘာမှ မဖြစ်ဘူးပေါ့။ AIDS ဖြစ်နေတယ်ဆိုတဲ့ သတင်းက မမှန်ဘူးပေါ့။ သွယ် ရင်ထဲ ရုတ်တရက် တိုးဝင်လာတဲ့ အပျော်လှိုင်းနဲ့..
'နင်.. ဘာလာလုပ်တာလဲ ဟင်.. ကိုလတ်.. ဟိုရောဂါ.. '..သွယ် စကားကို ဘယ်လိုဆက်ရမှန်း မသိ။ ဒီလို မေးခွန်းဆိုတာ တိုက်ရိုက်မေးလို့ ရတဲ့ အရာမျိုးတော့ မဟုတ်ဘူးလေ။ ကိုလတ်ကတော့ သူမ မေးရခက်နေတာကို သဘောကျနေပုံနဲ့ တဟားဟား အော်ရီရင်း..
‘အော်.. စင်္ကာပူမှာနေတဲ့ နင့်ဆီတောင် ဒီသတင်းရောက်တယ်ပေါ့.. အလကားပါဟာ.. တကယ်ဆိုရင် ငါ အခု ဒီနိုင်ငံကို ရောက်လာပါ့မလားဟ’..
‘အေးပါ.. ကိုလတ်ရယ်.. ငါဝမ်းသာလိုက်တာ ဘာပြောရမှန်းတောင် မသိဘူး။ အခု နင်ဘယ်မှာ တည်းမှာလဲဟင်.. လာတာရော တယောက်ထဲလား..’
‘အေး လာတာတော့ တယောက်ထဲပဲ။ အခု ငါ့ ကာစင် လာကြိုတယ်.. သူပြောတာတော့ နင် နေတဲ့ နေရာနဲ့ သူနေတဲ့ နေရာ မဝေးဘူးတဲ့။ ငါ အထုတ်တွေ ထားပြီးရင် နင့်ကို လာတွေ့မယ်။ နင် ၁ နာရီလောက်တော့ ငါ့ကို အချိန် ပေးနိုင်တယ်မှလား။’
‘အေး လာခဲ့ အခု ငါ အိမ်မှာ..နင် အခု ဘာနဲ့လာနေတာလဲ။ ငါ ဘယ်နားမှာ နင့်ကို လာစောင့်ရမလဲ။ နင်လာတတ်လို့လား။’
‘စိတ်မပူပါနဲ့ မိသွယ်ရယ်.. ဒီမှာ ငါ့ညီ ပါပါတယ်။ သူ့ကို နင့်အိမ်နားထိ လိုက်ပို့ခိုင်းလိုက်မယ်။ နင့် လိပ်စာ အတိအကျ ငါ့မှာ ရှိတယ်။ ဒါဆို ဒါပဲ။။ ဖုန်းချလိုက်တော့မယ်။ အခု Taxi ရပြီ။’
‘အိုကေ.. ဒါဆို နောက်မှ တွေ့မယ်။ ကိုလတ်’
ဟင်း.. ကိုလတ်စုတ်……ဒါက အသေအချာ ကိုလတ်ပဲ။ သွယ့်ကိုဆိုရင် နဲနဲလေးတော့ ခနဲ့ လိုက်ရမှ.. စိတ်ထဲမှာ ၀မ်းသာတဲ့ စိတ်နဲ့ ရင်ခုန်တဲ့ စိတ် ဘယ်ဟာက ပိုများသလဲ သွယ် ကိုယ်တိုင်လဲ မဝေခွဲနိုင်။ သွယ်နဲ့ ကိုလတ် နောက်ဆုံးတွေ့တာ ဘယ်တုန်းကပါလိမ့်.. သွယ် စင်္ကာပူ ထွက်လာတဲ့နေ့က နောက်ဆုံးတွေ့ခဲ့တာဆိုတော့.. ၂၀၀၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်။ အဲဒီနောက် မြန်မာပြည်ကို အလည်ပြန်ခိုက် ကိုလတ် မသိအောင် ကိုလတ်တို့ အိမ်ရှေ့မှာ ကြံရည် သောက်ရင်း သွားကြည့်ခဲ့တာက.. ၂၀၀၅ ခုနှစ် မေလ ၂၀ ရက်နေ့။..
အခု ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်ဆိုတော့ ကိုလတ်ကို မတွေ့ရတာ ၈ လ နဲ့ ၁ ရက်။ ကိုလတ် ဘာတွေ ပြောင်းလဲ သွားမှာပါလိမ့်။ အတွေးတွေနဲ့အတူ သွယ် ကုတင်ကနေ နာရီ လှမ်းကြည့်လိုက်တော့ ၁ နာရီ ၁၅ မိနစ်.. အင်း စင်္ကာပူ အရှေ့ဖျား လေဆိပ်ကနေ ကိုယ်နေတဲ့ စင်္ကာပူ အနောက်ဖျား Poinner ကို ရောက်ဖို့ဆိုရင် ၄၅ မိနစ် အသာလေးပဲ။ သွယ် ရေချိုးချိန် ရသေးတယ်။
ရေမိုးချိုး.. သနပ်ခါး လိမ်းပြီးတဲ့ထိ.. ကိုလတ်က ရောက်မလာသေး။ သွယ့် ဆံပင်က ပုခုံးထောက်ရုံတင်။ အရင် ခါးလည်ထိ ဆံပင်ရှည်ထားတုန်းက နင် မညှပ်နဲ့နော်လို့ ကိုလတ်က တဖွဖွ ပြောခဲ့တာ။ အခု သူမ ဆံပင် အတိုကို မြင်ရင် ကိုလတ် ဘာပြောမှာပါလိမ့်။ အေးလေ.. သူမ ဘယ်လို ပုံရှိတယ်ဆိုတာ ကိုလတ်က ဂရုစိုက်သေးရင်ပေါ့။
အခု ကိုလတ်က သူမကို ဘယ်လို ပုံစံနဲ့ လာတွေ့မှာလဲ။ ဖုန်းထဲက အသံကို နားထောင်ရတာတော့ သူငယ်တန်းကနေ ၁၀ တန်းအထိ ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းကို လာတွေ့တဲ့ အသံမျိုး။
သွယ့်ဘက်ကရော………..ကိုလတ်ကို သိပ်ချစ်ခဲ့တာ မှန်ပေမဲ့ ကိုလတ် ရောဂါနဲ့ လဲနေတယ် ကြားတော့ သတင်းမေးတောင် သွားဖြစ်ခဲ့လို့လား။ ကိုလတ် မသိအောင် သူတို့ အိမ်ရှေ့မှာ အသာသွားကြည့်ပြီး လှည့်ပြန်ဖြစ်ခဲ့တာပဲမှလား။ တကယ်တော့ ကိုလတ်နဲ့ သွယ်ဟာ ဘယ်တုန်းကမှ တရားဝင် ချစ်သူတွေ မဖြစ်ခဲ့ကြပါဘူး။ ချစ်သူလို့ အဓိပ္ပာယ်ရစေတဲ့ စကားတချို့ကို ပြောဖြစ်ခဲ့တာက လွဲရင်ပေါ့။
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ထက် ပိုတဲ့ အချစ်မျိုးနဲ့ ကိုလတ်ကို ချစ်မိနေခဲ့တာလား.. အတန်းထဲမှာ၊ ကျောင်းမှာ နံမည် သိပ်ကြီးတဲ့ မင်းသားချောလေး တယောက်မို့ စိတ် ကစား မိခဲ့တာလား မသေချာခင် ကိုလတ်က သွယ်တို့မြို့ကလေးကနေ ရန်ကုန် မြို့ကြီးမှာ ၁၀ တန်းကို ဘော်ဒါ သွားနေခဲ့တာ။ ရန်ကုန်ကနေ လစဉ်လတိုင်း ဘော်ဒါက သင်သမျှကို မိတ္တူဆွဲပြီး ပို့ပေးခဲ့တာ သွယ့်ကို သူငယ်ချင်း တယောက်အနေနဲ့ ထူးချွန်စေချင်လို့လား၊ ဒါမှ မဟုတ် သွယ့်ကို ချစ်ခဲ့လို့လားဆိုတာ ကိုလတ်မှပဲ သိမှာ မဟုတ်လား။ ကိုလတ် ပို့ပေးလိုက်တဲ့ စာရွက်တွေကို လစဉ် အိမ်ကို လာပို့ပေးတဲ့ သူငယ်ချင်း နိုင်ထွန်းကတော့ အဖြူရောင် သူငယ်ချင်း သီချင်းကို ခပ်ညည်းညည်းဆိုရင်း သွယ့်ကို အမြဲ စနေခဲ့တာ။ သူ စတိုင်းတော့ သွယ် ကြည်နူးခဲ့မိတာ အမှန်ပဲလေ။
အဲဒီ ကြည်နူးမှု မှန်သမျှကို ရှက်စိတ်နဲ့ မျိုသိပ်ခဲ့ရတာတော့ ဆယ်တန်းအောင်စာရင်း ထွက်ပြီး ချိန်မှာပါပဲ။
သွယ် ၁၀ တန်းမှာ ဂုဏ်ထူး ၃ ဘာသာ ရခဲ့တာ၊ အမှတ်စာရင်းတွေ ထွက်လာတော့ အမှတ်အများဆုံး ရခဲ့တာတွေ အတွက်.. နယ်မြို့လေး တမြို့မှာတော့ သွယ်ဟာ နံမည်ကြီး မင်း သမီး တလက် ဖြစ်ခဲ့ရတယ်။ စာကျက်ဝိုင်း ငှားချင်သူတွေ ၀ိုင်းဝိုင်းလည်နဲ့ ငွေတွေ ၀င်နေချိန်မှာ တော့ သွယ် အဲဒီအောင်မြင်မှုအတွက် သာယာခဲ့ မိတာ အမှန်ပဲ။ ဒါပေမဲ့ သူငယ်ချင်းတွေ ဆုံဖြစ် တိုင်းမှာ.. အဲဒီ ၀ိုင်းတွေကို ကိုလတ် မလာခဲ့ဘူး။ ရန်ကုန်မှာပဲ သင်တန်းတွေ ဆက်တက်နေတယ် ဆိုတဲ့ သတင်းကလွဲရင် ကိုလတ်.. သွယ့်ဆီကို စာလဲ မရေးခဲ့သလို ဖုန်းလဲ မဆက်ခဲ့ဘူး။ ၁၀ တန်းမှာ ဂုဏ်ထူး တခုပဲ ပါလို့ ကိုလတ် စိတ်ညစ်နေတယ်လို့ ကြားတော့လဲ အချိန်တန်ရင် ပြန်လာမှာလို့ပဲ ထင်ခဲ့မိတယ်။
တကယ်တော့ ကိုလတ် ပြန်လာခဲ့ပါတယ်။ သွယ့်ဆီကိုပဲ မလာခဲ့တာ မှလား။ ဒါကို သေသေချာချာ သိလိုက်ရတာက ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့။
သွယ်နဲ့ ကိုလတ် .. ညီမလေးတွေကို ကြိုရင်း ကျောင်းမှာ ဆုံဖြစ်ကြတယ်။ သွယ့် ညီမလေးနဲ့ ကိုလတ် ညီမလေးက အတန်းတူတွေလေ။ အဲဒီနေ့က ကိုလတ်က အကျီ အပြာရောင် အစင်းကြားလေးကို ၀တ်လို့။ သွယ့် ဆိုင်ကယ် ဘေးနားကို ထိုးရပ်လိုက်တော့.. ပထမ အံ့သြ ၀မ်းသာ သွားခဲ့မိတယ်။
‘ကိုလတ်……….နင် ပြန်ရောက်နေတာလား’
‘ဟုတ်ပါ့…ဆရာမကြီးရယ်……..ပြန်ရောက်နေပါတယ်။ ဂုဏ်ထူးနဲတဲ့ မျက်နှာမွဲဆိုတော့ သူငယ်ချင်းတွေကြား မလာဝံ့လို့ ရှောင်နေရတာပါ’………
ကိုလတ် စကားသံတွေကြားတော့ သွယ် တော်တော်လေး စိတ်ဆိုးမိတယ်။ အဲဒီနေ့က သွယ်နဲ့ ကိုလတ် စကားအခြေအတင် ဖြစ်ကြတယ်။ သွယ်လဲ ငိုမိတယ်။ ကိုလတ်လဲ စိတ်ဆိုးတယ်။ ညီမတွေ ကျောင်းအဆင်းကိုတောင် မစောင့်ပဲ ကိုလတ် ပြန်သွားခဲ့တယ်။ အဲဒါ သွယ်နဲ့ ကိုလတ်ရဲ့ နောက်ဆုံး တွေ့ခြင်းလို့ ထင်ခဲ့မိပေမဲ့.. မဖြစ်ခဲ့ဘူး။
ဘာလို့လဲဆိုတော့ ………နိုင်ထွန်းဆိုတဲ့ သူငယ်ချင်း ကြောင့်ပေါ့။ နောက် ၃ ရက် အကြာ သွယ် မန္တလေး ကို ကျောင်းသွားတက်ရမယ်ဆိုတော့ နိုင်ထွန်း အိမ်ကို ရောက်လာခဲ့တယ်။ ကိုလတ် ပေးခိုင်းလိုက်တယ်ဆိုတဲ့…………အဲဒီအချိန်က နံမည် သိပ်ကြီးနေတဲ့ အဖြူရောင် သူငယ်ချင်း အခွေလေးရယ်.. စာလေး တစောင်ရယ်နဲ့ အတူပေါ့။ စာထဲမှာက……….
‘အမြင့်ဆုံးကို…………ပျံအုန်း ငှက်ငယ်လေးရယ်…….’ တဲ့..
ဒီစကားလုံးလေး ၁၀ လုံးပဲပါတဲ့ စာလေးကို နိုင်ထွန်း ဘာသာပြန်တာတော့ အများကြီးပေါ့။ ဒါတွေက တကယ်ပဲ ကိုလတ်ရဲ့ ခံစားချက်အမှန်တွေပဲလားဆိုတာ နိုင်ထွန်းနဲ့ ကိုလတ်ပဲ သိမှာပါ။ သွယ်ကတော့ ရင်ခုန်ခဲ့ပါတယ်။ အဲဒီနောက်တော့ သွယ် မန္တလေးမှာ ကျောင်းတက်နေတုန်း ကိုလတ်ဆီက စာတွေ လစဉ် လာခဲ့တယ်။ အဆောင်မှာ ကျောင်းမှာ…….သွယ်ဟာ ရည်းစား ရှိတယ်လို့ အထင်ခံရတဲ့ အထိပေါ့။ ဖုန်းတော့ မဆက်လာခဲ့ဘူး။ စာ တစောင်ဟာ ၅ မျက်နှာ ၆ မျက်နှာ ရှိတယ်။ စာထဲမှာ ကိုလတ် ရန်ကုန်မှာ ကျောင်းတက်ဖြစ်တဲ့ အကြောင်း.. သွယ်တက်တဲ့ ကျောင်းကို မရပေမဲ့ သူလဲ diploma တက်ရင်း အမှီလိုက်နေတယ်ဆိုတဲ့ အကြောင်း.. သွယ် ဆံပင်ရှည်ထားဖို့ အကြောင်းကတော့ စာတိုင်းမှာ ပါတတ်တယ်။
အစပိုင်းမှာ သွယ် လစဉ် စာပြန်ဖြစ်ခဲ့ပေမဲ့….နောက်ပိုင်းမှာ သွယ် စာရေးကျဲခဲ့တယ်။ ဒါဟာလဲ မိန်းကလေး တယောက်ရဲ့ မာနပေါ့ ကိုလတ်ရယ်။ ရည်းစားစကားအပြောမခံရပဲနဲ့ ရည်းစားလို ဆက်ဆံခံရတယ်ဆိုတဲ့ အတွေး ၀င်လာတိုင်း ကိုယ့်ဘ၀ကို ရှက်ခဲ့မိတယ်။ ဒါပေမဲ့ သွယ် စကော်လားရှစ် ရလို့ စင်္ကာပူမှာ ကျောင်းတက်ရမယ်ဆိုတော့ မိဘတွေပြီးရင် ဖွင့်ပြောဖြစ်ခဲ့တာ ကိုလတ်ကိုပါ။ နိုင်ငံခြားသွားဖို့ အလုပ်တွေ ရှုပ်နေတဲ့ ကြားက ကိုလတ်ဆီကို စာလှမ်းရေးခဲ့တယ်။ အဲဒီအတွက် ပြန်စာဆိုရင် ကြာနေမှာဆိုးလို့ ဖုန်းဆက်ရမဲ့ နံပါတ်၊ ရန်ကုန်ရောက်မဲ့ နေ့၊ စင်္ကာပူကို ထွက်မဲ့နေ့..တိတိကျကျ ရေးပေးခဲ့တယ်။ ဒါပေမဲ့ ကိုလတ် စာမပြန်ခဲ့ဘူး။ ဖုန်းမခေါ်ခဲ့ဘူး။ လူကိုယ်တိုင်လဲ လာမတွေ့ခဲ့ဘူး။ ရန်ကုန်ရောက်တော့ ကိုလတ် တတ်တယ်ဆိုတဲ့ ကျောင်းကို ရောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုရှာရမလဲ။ နယ်က လူတယောက်အတွက်တော့ ရန်ကုန်ဆိုတာ အဲဒီအချိန်က အပြောကျယ်တဲ့ ပင်လယ်ကြီးတခုပါပဲ။
တွေ့မဲ့တွေ့တော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ… စင်္ကာပူကို ထွက်မဲ့နေ့မှာ ဆုံကြတယ်။ ကိုလတ်နဲ့အတူ နောက်ထပ် သူငယ်ချင်းတယောက်လဲ ပါတယ်။ သွယ့်ကို လိုက်ပို့တာလို့ ထင်မိပေမဲ့ ကိုလတ်ပြောတာက သူ့ညီကို လာကြိုတာတဲ့။ သွယ် တော်တော်လေး ရှက်ရွံ့နာကျည်းခဲ့မိတယ်။ မိဘတွေ ဆွေမျိုးတွေ ရှေ့မို့ ဟန်ဆောင် တင်းထားရပေမဲ့ ကိုလတ် ကို ရင့်ရင့် သီးသီး တခုခု ပြောချင်မိတယ်။ ဒါပေမဲ့ ဘာအတွက် ပြောရမှာလဲ။ ကိုလတ်က သွယ့်ရဲ့ ချစ်သူလဲ မဟုတ်၊ ရည်းစားလဲ မဟုတ်။ စာရေးဖော် သူငယ်ချင်းသာ ဖြစ်ခဲ့တာမှလား။ ဒါပေမဲ့ အဲ့နေ့က ကိုလတ် မျက်နှာ မကောင်းတာ.. ကိုလတ် ပိန်သွားတာတွေကိုလဲ နာကျည်းနေတဲ့ကြားက သတိထားခဲ့မိတယ်။
၂၀၀၅ ခုနှစ်……သွယ် မာစတာ ဆက်မတတ်ခင် အိမ်ခနပြန်တော့ ကိုလတ် သတင်းတွေက မဟုတ်တော့ဘူး။ သွယ့်ညီမလေးက ကိုလတ်.. AIDS ဖြစ်နေတယ်လို့ ပြောတော့ သွယ်မယုံခဲ့ဘူး။ နိုင်ထွန်းကို မေးတော့ ငါလဲ မသိပါဘူးဆိုတာကလွဲရင် ဘာမှ မေးမရခဲ့ဘူး။ ဒါနဲ့ ဖေဖေ့ကို သွယ် မေးခဲ့မိတယ်။ ကိုလတ် ဖေဖေနဲ့ သွယ့် ဖေဖေဟာ လုပ်ငန်းသဘောအရ မရင်းနှီးပေမဲ့ တဆင့်ခံတွေနဲ့ သိနေကြတယ်မှလား။ ..
‘အင်း……… ဟုတ်မယ် ထင်တယ် သမီးရဲ့.. သူတို့ တရုတ်ဆေးတွေနဲ့လဲ ကုနေတယ် ကြားတယ်။ ဦးစိုးမင်းလတ်တို့ကတော့ သွေးဝမ်းသွားတယ်လို့ သတင်း လွှင့်ထားတာပဲ။ ဒါပေမဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို ပေးမတွေ့ဘူးဆိုတော့ ..၉၀ ရာနှုန်းလို့ ပြောရမှာပဲ။ ကောင်လေးက ရန်ကုန်မှာ တော်တော်လေး ပျက်စီးသွားတယ် ကြားတယ်’…
သွယ် ၀န်ခံပါတယ်။ သွယ် တုန်လှုပ်ခဲ့မိတယ်။.. ကိုလတ်ကို အရမ်းတွေ့ချင်ခဲ့ပေမဲ့ ကိုလတ်တို့ အိမ်ကို မ၀င်ချင်ခဲ့ဘူး။ ဘာကိုမှန်း မသိ.. သွယ် လန့်နေမိတယ်။ ဒီရောဂါဖြစ်နေတဲ့ လူနဲ့ မပတ်သတ်ချင်တာလား၊ သွယ့်အပေါ်မှာ မညှာခဲ့တဲ့ ကိုလတ်ကို နာကျည်းနေလို့လား သွယ်လဲ မသိတော့ပါဘူး။ ဒါပေမဲ့ ကိုလတ်တို့ အိမ်ရှေ့ကို နေ့တိုင်းလို ရောက်ဖြစ်ခဲ့တယ်။ ကိုလတ်တို့ အိမ်နဲ့ မျက်စောင်းထိုးက ကြံရည်ဆိုင်မှာ နေ့တိုင်းလို အချိန်ဖြုန်းဖြစ်ခဲ့တာ မပြန်ခင် နောက်ဆုံး နေ့ အထိပေါ့။
အင်းလေ……အဲဒီ နောက်ဆုံးနေ့က……ကိုလတ်…သွယ့်ကို တွေ့ခဲ့တယ် မဟုတ်လား။ အိမ်ရှေ့ကို ထွက်လာတဲ့ ကိုလတ်..ကြံရည်ဆိုင်ထဲကို လှမ်းကြည့်လိုက်တဲ့ အချိန်…….. သွယ်က လည်ပြန်ပြီး ကိုလတ်တို့ အိမ်ဘက်ကို ကြည့်တဲ့ အချိန် မျက်လုံးချင်း ဆုံခဲ့တာပဲမှာလား။ ပိန်ပြီး အရပ်တွေ ရှည်ထွက်နေတဲ့ ကိုလတ်ကို သွယ်က မယုံကြည်တဲ့ စိတ်နဲ့ ငေးအကြည့်..ကိုလတ်က ချာခနဲ အိမ်ထဲကို လှည့်ဝင်သွားခဲ့တာလေ…..
အခုတော့ သွယ်ရှိရာ…….စင်္ကာပူကို ကိုလတ် ရောက်လာခဲ့ပြီ။ သွယ်တို့ ၂ ယောက်ချစ်သူ တွေလို ဆုံရမှာလား………သူငယ်ချင်းလို့ ဆုံရမှာလား……….
တီ………တီ ………………တီ ………တီ……..
ဟော……….ကိုလတ် လာပြီ။………….
‘ဟဲ့……..မိသွယ်…..နေ့ခင်းကြောင်တောင်ကြီး အိပ်နေလိုက်တာဟယ်…ဖုန်းမြည်နေတာကို မနိုးဘူး။..’
‘ဟင်…….မမခင်……….ကိုလတ်ရော…’
‘ဟဲ့…ဘယ်က ကိုလတ်လဲ……….နင် အိမ်မက်ယောင်နေတာလား…….ဘယ်က ကိုလတ်မှ မရှိဘူး.. ငါ..နင့် အခန်းဖော်..မိခင်မြတ်နိုး..’..
ဟင်……….ဒါဆို..သွယ် အိမ်မက် မက်နေခဲ့တာလား.. ကိုလတ်က သွယ့်ဆီကို မလာခဲ့ဘူးပေါ့။ စင်္ကာပူမှာ ကိုလတ် ရောက်နေတယ်ဆိုတာလဲ မဟုတ်ဘူးပေါ့……. သွယ့် တကိုယ်လုံး အားအင်တွေ ဆုတ်ယုတ်သွားခဲ့ရတယ်……..
အဲဒီထက် ပိုဆိုးစေခဲ့တာကတော့……….သွယ် အဲဒီနေ့ခင်း အိမ်မက်ကို မက်ပြီး ၁ လ အကြာ ရောက်လာတဲ့ နိုင်ထွန်းစာပါပဲ။ စာထဲမှာတော……..
‘မိသွယ်…………နင် စိတ်မကောင်းလဲ မဖြစ်နဲ့။ ဒါဟာ ငါတို့ မျှော်လင့်ထားတဲ့ အခြေအနေတခုပဲ .. ကိုလတ် ပြီးခဲ့တဲ့လ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီ မှာ ဆုံးသွားတယ်..အခြေအနေ အဲလောက်ဆိုးနေတာ ငါတို့လဲ မသိကြဘူး။ ၂၀ ရက်နေ့ကထဲက မျောနေခဲ့တာတဲ့။ ၂၀ ရက်နေ့ညက ငါ ဒီကောင့်ကို အိမ်မက် မက်တယ်။ ဒါနဲ့ နောက်နေ့ သူတို့ အိမ်ဘက် သွားကြည့်တော့ အသုဘ ပြင်ထားတာ တွေ့ရတာပဲ။ ဒီကောင် ဆုံးခါနီးမှာ သူငယ်ချင်းတွေကို တသွားတယ်လို့ ယူဆရတယ်.. သူ့မိဘတွေကို ငါမုန်းတယ်။ ခေတ် ပညာတတ်တွေ ဖြစ်ပါလျက်နဲ့……… မရှက်သင့်တာကို ရှက်ပြီး ကိုလတ်ကို အိမ်တွင်းပုန်း စေခဲ့တာ ကိုလတ် မြန်မြန် သေဖို့ ဖြစ်သွားခဲ့တယ်လို့ ငါထင်တယ်။ ငါတို့ သူငယ်ချင်းတွေ စုပြီး ကိုလတ်အတွက် ဘုရားမှာ ကုသိုလ်လုပ်ဖြစ်တယ်။ နင်လဲ သာဓု ခေါ်ပါ. ကိုလတ် အတွက်လဲ အမျှဝေပါ……..နင့် အမျှဝေသံကြားရင်……….ကိုလတ် ကျွတ်မှာပါ….
သတိရခြင်းများစွာဖြင့်
နိုင်ထွန်း…’
Thursday, April 7, 2011
အမေးနဲ့ အဖြေ
ကျောင်းသား။ ။ မင်္ဂလာရှိသော ညနေခင်းပါ မစ္စတာ လီ။ ဒီပရိသတ်တွေထဲမှာ ရှိနေတဲ့ အခြား ကျောင်းသားတွေလိုပဲ ငါဟာ နိုင်ငံတော်ရဲ့ စစ်မှုထမ်း တာဝန်ကို ထမ်းဆောင်ခဲ့ရတဲ့ စင်္ကာပူ နိုင်ငံသားတဦး ဖြစ်ပါတယ်။ လာမဲ့ ရှေ့တနှစ်မှာ ဘွဲ့ရပြီးရင်တော့ ငါဟာ အစိုးရ အခွန်ကို ပေးတော့မဲ့ သူလဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပရိတ်သတ်တွေနဲ့ ငါနဲ့ မတူမဲ့ အချက်ကတော့ ငါက 'အဖြူရောင် ယူရီဖောင်း' (ဒီနေရာမှာ လက်ရှိ အာဏာရနေတဲ့ ပါတီ ဖြစ်တဲ့ PAP) ကို မထောက်ခံတဲ့၊ မဲမပေးခဲ့တဲ့ရပ်ကွက်မှာ နေနေတာပဲ ဖြစ်ပါလိမ့်မယ်။
ဒီနေ့ ငါမေးချင်တဲ့ မေးခွန်းကတော့ .. ငါတို့ဟာ ငါတို့ ရွေးချယ်တဲ့ ၀န်ကြီး အတွက် ဘာကြောင့် အပြစ်ပေးခံနေရတာလဲ။
ဝန်ကြီးချုပ်။ ။ မင်းက ဘယ်လို အပြစ်ပေးခံနေရလို့လဲ။
ကျောင်းသား။ ။ ငါတို့ နေတဲ့ ရပ်ကွက်မှာ ရှိတဲ့ တိုက်ခန်းတွေက ဓါတ်လှေကားတွေက အိုဟောင်းနေတဲ့ ဓါတ်လှေကားတွေ ဖြစ်ပါတယ်။ မွမ်းမံဖို့ ပြောတဲ့အခါ ပိုက်ဆံ မရှိဘူးလို့ ပြောပါတယ်။ အဲလိုပါပဲ ဘတ်စ် ကား မှတ်တိုင်ကို သွားတဲ့ လမ်းတလျှောက်ဟာလဲ အမိုးအကာ မရှိဖြစ်နေပါတယ်။ ဒါပေမဲ့ ငါ ဟိုဘက် ရပ်ကွက် (လက်ရှိ အာဏာရ PAP ကို ထောက်ခံတဲ့) လှမ်းကြည့်လိုက်တဲ့အခါ သူတို့မှာတော့ အရာရာ ပြည့်စုံနေပါတယ်။ (ပရိသတ်ထဲက ကျောင်းသားတွေက လက်ခုပ်တီး အားပေးကြပါတယ်။)
ဝန်ကြီးချုပ်။ ။ ဒါပေမဲ့ မင်းတို့ရပ်ကွက် လူကြီးကတော့ ငွေရှိတယ်လို့ ပြောပါလားကွ။
ကျောင်းသား။ ။ မဟုတ်ဘူး။ ငါ့ရဲ့ မေးခွန်းက.........
ဝန်ကြီးချုပ်။ ။ (ကျောင်းသား စကားမဆုံးခင် ဖြတ်ပြော) မင်း မေးခွန်းက မင်းတို့ရပ်ကွက်က ငါတို့ကို ထောက်ခံတဲ့ ရပ်ကွက်တွေ လောက် ၊ အိုကွာ.. ဒါမှ မဟုတ် ငါတို့ကို ထောက်ခံတဲ့ ရပ်ကွက်တွေထက် အခွင့်အရေး ဘာကြောင့်မရသလဲ မှလား။ အဖြေက ရှင်းရှင်းလေးပါ.. အဲဒီရပ်ကွက်က ငါတို့ကို ထောက်ခံတယ်။
ခုနက မင်းပြောခဲ့တဲ့ ကောင်းတဲ့ အချက်တွေကို ချမှတ်တဲ့ အစိုးရကို ထောက်ခံတယ်လေ။ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ရထားတွေ၊ လမ်းတွေ၊ အိမ်တွေ၊ လုံခြုံရေးတွေကို နိုင်ငံသားတိုင်း ရတယ်။ အေး ဒါပေမဲ့ ခုနက ပြောတဲ့ ဓါတ်လှေကား တွေ အဆင့်မြှင့်တာမျိုးကတော့ အခု လက်ရှိအစိုးရရဲ့ အထူးချမှတ်တဲ့ နိုင်ငံတော် စီမံကိန်းတွေ ဖြစ်တယ်။ ဒီလို စီမံကိန်းမျိုးမှာတော့ အစိုးရကို မထောက်ခံတဲ့ လူတွေကို ထောက်ခံတဲ့လူတွေထက် အခွင့် အရေး ပေးရမယ်ဆိုရင် ဒါဟာ တရား မမျှတမှုပဲ..
ကျောင်းသား။ ။ ဒါဆိုရင် ကျွန်တော့်အနေနဲ့ အခွန် လျှော့ပေးလို့ ရမလား။ ဒါမှ မဟုတ် စစ်မှုထမ်းကာလကို ၁ နှစ် (သို့) ၂ နှစ် လျှော့ချပေးလို့ရမလား။ (ပရိသတ်ထဲက ကျောင်းသားတွေက လက်ခုပ်တီး အားပေးကြပါတယ်)
ဝန်ကြီးချုပ်။ ။ မင်းကွာ.. (၀န်ကြီးချုပ်က ရီပါတယ်. ပြီးတော့ ခနနားလိုက်ပြီးမှ).. ငါ ဘယ်လို ပြောရမလဲ။ မင်း နေနေတာ ဒီလို ကျွန်းသေးသေးလေး မဟုတ်ရင်တော့ မင်းခုနက စိတ်ကူးယဉ်တာတွေ ဖြစ်လာချင် ဖြစ်လာမယ်။
အခြေခံ အခွင့် အရေးတွေ ကို နိုင်ငံသားတိုင်းကို ပေးထားပြီးပြီ။ အထူးအခွင့် အရေးနဲ့ ပတ်သတ်လာရင် အလှည့်ဆိုတာ ရှိတယ်။ပထမ၊ ဒုတိယ စသဖြင့်.. အားလုံးကို တပြိုင်နက်ထဲတော့ မဖြစ်နိုင်ဘူး။ တချို့ကို ဦးစားပေးပြီး တချို့ကတော့ စောင့်ရမှာပဲ။
အခမ်းအနားမှူး။ ။ နောက်မေးခွန်း...........
ဝန်ကြီးချုပ်။ ။ (ကြားဖြတ်ပြော) မင်း သိလား။ ဒါပေမဲ့ မင်းထိုင်စောင့်နေစရာတော့ မလိုဘူးကွ။ မင်းတို့ အနေနဲ့ အဖြူရောင် ယူနီဖောင်း မ၀တ်တဲ့ လူကို ထောက်ခံစရာမလိုဘူး။ (ပရိတ်သတ်တွေက ရီကြပါတယ်)
ဧပြီလ ၀၅ ရက်နေ့က NUSမှာ လုပ်သွားတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံတော် ၀န်ကြီးချုပ် တွေ့ဆုံတဲ့ ဖိုရမ်မှာ ကျောင်းသားနဲ့ ၀န်ကြီးချုပ် လီရှောင်လွန်း လုပ်သွားတဲ့ အမေး၊ အဖြေပါ။ ဒီအမေးအဖြေတွေရဲ့ နောက်ကွယ်မှာ ဘာတွေ အဓိပ္ပါယ်ရှိသလဲ မဝေဖန်ချင်ပါဘူး။ ဒီကျောင်းသားရဲ့ နံမည်၊ အတန်းတွေ အတိအကျပါလာတာတွေ အတွက်.. ဒီကျောင်းသားရဲ့ အနာဂတ်မှာ ဘာတွေ ထိခိုက်နိုင်သလဲ မတွေးချင်ပါဘူး။
ကိုယ့်စိတ်ထဲမှာ တွေးမိတာက တခုထဲပါ။ ကိုယ်တို့တွေ ဘယ်အချိန်မှများ ဒီလို ရဲရဲ ၀ံ့ဝံ့ ထားမေးနိုင်တဲ့ သတ္တိကို ရမှာလဲ။
Subscribe to:
Posts (Atom)
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!
~~~~Starting Long Journey on 10 Nov 2008~~~~
~~~~Starting Long Journey on 10 Nov 2008~~~~