Thursday, September 30, 2010

NTU အဆင့်မကျကြောင်း လက်ရှိကျောင်းအုပ် မှ ဖြေရှင်းချက်ထုတ်

NTU က အဆင့် ၁၀၁ အထိ ပြုတ်ကျသွားတယ်ဆိုပြီး Strait Times မှာ report ထွက်လာတာနဲ့ ပတ်သတ်ပြီး NTU president က ဖြေရှင်းစာ ထွက်လာပါတယ်။ ဖြေရှင်းစာရဲ့ အကျဉ်းချုပ်ကတော့ ၂၀၀၄ ခုနှစ်ကစလို့ Quacquarelli Symonds (QS) နဲ့ Times Higher Education (Times) ဆိုတဲ့ အဖွဲ့အစည်း နှစ်ခုဟာ တက္ကသိုလ်တွေရဲ့ အဆင့်ကို သတ်မှတ်ဖို့ စံညွှန်းတွေကို အတူတကွ သတ်မှတ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ အဆင့် စာရင်းကို ထုတ်ပေးခဲ့ပါတယ်။ ဒီသတ်မှတ်ချက်တွေအရ NTU ဟာ ၂၀၀၉ ခုနှစ်မှာ အဆင့် (၇၃) နေရာကို ရယူခဲ့ပါတယ်။

ယခုနှစ် ၂၀၁၀ မှာတော့ (QS) နဲ့ (Times) တို့ဟာ အသင်းနှစ်သင်း အဖြစ်ကွဲသွားခဲ့ပါတယ်။ QS က မူလ လက်ဟောင်း ချမှတ်ခဲ့တဲ့ စံညွှန်းတွေကို ဆက်လက်သုံးစွဲပြီး Times ကတော့ စံညွှန်းအသစ်တွေကို ရေးဆွဲ ကျင့်သုံးခဲ့ပါတယ်။ မူလ စံညွှန်းတွေကို ဆက်လက်ကျင့်သုံးတဲ့ QS က ထုတ်ဝေတဲ့ စံနှုန်းတွေအရဆိုရင် NTU ဟာ အဆင့် ၇၄ ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာ မနှစ်က (၂၀၀၉) နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆင့် တဆင့်သာ ပြုတ်ကျသွားတာ ဖြစ်ပါတယ်။

Straits Times က တင်ပြခဲ့တဲ့ NTU က အဆင့် ၁၀၁ အထိ ပြုတ်ကျသွားတယ်ဆိုတဲ့ သတင်းဟာ Times က ထုတ်ဝေတဲ့ ကမ္ဘာ့ တက္ကသိုလ်များ စာရင်းအရသာ ဖြစ်ပါတယ်။ Times က ကျင့်သုံးခဲ့တဲ့ စံညွှန်းတွေဟာ တက္ကသိုလ် အဟောင်းတွေကို ဦးစားပေးတဲ့ စံညွှန်းတွေ ဖြစ်တယ်လို့ Dr Su က ဆိုထားပါတယ်။ ဒီစံညွှန်းထဲကို အဓိကတိုင်းတာတဲ့ ဧရိယာ ၅ ခုကတော့ Citations (တက္ကသိုလ်က ထုတ်ဝေတဲ့ ဂျာနယ်၊ စာစောင်တွေကို အခြားသူများက ညွှန်းဆိုခြင်း )(၃၂.၅ %)၊ သုတေသန (၃၀%)၊ သင်ကြားမှုဆိုင်ရာ (၃၀%)၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (၅%) နှင့် Industry ၀င်ငွေ (၂.၅%) တို့ဖြစ်ပါတယ်။ ဒီအချက် တွေထဲက ၃၂.၅ % ယူထားတဲ့ Citations ဟာဆိုလို့ရှိရင် တက္ကသိုလ်တခုရဲ့ သက်တမ်းပေါ်မှာလဲ အများကြီး မူတည်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ Times က ကျင့်သုံးတဲ့ စံညွှန်းတွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ် လို့ Dr Su က တင်ပြသွားပါတယ်။

Tuesday, September 28, 2010

ဒုတိယ အကြိမ် စာပေဟောပြောပွဲ

MC
အမ်စီတွေကို ဝေဖန်ရမှာ လန့်တော့ ခပ်လန့်လန့်ပဲ။ မနှစ်က လူကြီးတွေထက်တော့ သာတယ်လို့ ပြောလို့ ရပါတယ်။ ပြဇာတ် သိပ်ဆန်နေတာနဲ့ အချိန်တွေ အပိုကုန်သွားတာ ဖယ်လိုက်ရင်ပေါ့။ ကိုယ့် အမြင်ကို ရိုးသားစွာ ပြောရမယ်ဆိုရင်တော့ ဒီလို စာပေဟောပြောပွဲ တခုက သိပ်ပြဇာတ်ဆန်တဲ့ အမ်စီ အစီအစဉ် ထည့်စရာမလိုဘူးလို့ ယူဆပါတယ်။ စာရေးဆရာတွေက ပရိသတ်ကို ဟာသတွေ၊ စကားလုံးတွေနဲ့ ထိန်းသွားတာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်တွေက မလိုအပ်ပဲ အချိန်ကုန်သွားစေတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ထည့်ရတယ်ဆိုရင်တော့လဲ ဝေဖန်ရန် အကြောင်း မရှိပေါ့လေ။
အစီအစဉ်
အစီ အစဉ်တွေကတော့ မနှစ်ကလောက် မပြည့်စုံတာ အမှန်ပဲ။ဥပမာ Outram Park ဘူတာက ထွက်လာတဲ့ မြန်မာတွေဟာ Theater ဘယ်နားရှိမှန်း မသိဖြစ်နေကြပါတယ်။လက်မှတ်မှာ မြေပုံပါတယ်ဆိုပေမဲ့ စမ်းတ၀ါးဝါး ဖြစ်နေတဲ့လူတွေ တော်တော်များများကို တွေ့ရပါတယ်။ မနှစ်ကတော့ မြေပုံအညွှန်းလေးတွေနဲ့ လမ်းညွှန်ပေး ထားတာကို မှတ်မိပါတယ်။ နောက်တခုက အချိန်အခက်အခဲပါ။ ညနေစောင်းကို ရွှေ့လိုက်တဲ့အတွက် ညနေစာ ကျွေးရပါတယ်။ဒါ့အပြင် လက်မှတ်နဲ့ ကြော်ငြာတွေမှာ ညနေ ၁၀ နာရီ အထိလို့ ရေးထားတာဖြစ်တဲ့အတွက် (အမှန်တကယ် ပြီးသွားတာက ၉ နာရီ ကျော်ကျော်ပါ) တချို့သူငယ်ချင်းတွေက အပြန်နောက်ကျမှာ ဆိုးပြီး မလာဖြစ်တော့ပါဘူး။ နောက်တခု မဆိုစလောက် အခက်အခဲကတော့ အစားအသောက်ဝေတဲ့နေရာနဲ့ စားရတဲ့ နေရာမှာပါ။ အအေးနဲ့ ဒန်ပေါက်ကို အတူတူဝေလို့ရပေမဲ့ ခွဲဝေတဲ့ အပြင် အအေးက ချက်ချင်းမဝေသေးတော့ စားရတဲ့လူ (အထူးသဖြင့် ဒန်ပေါက်ကို သိပ်မကြိုက်တဲ့လူအတွက် အအေးနဲ့ တွဲစားနိုင်ဖို့)က အအေးဝေမဲ့ အချိန်ကို တမျှော်မျှော်ဖြစ်နေရပါတယ်။
ဒါပေမဲ့ အခက်အခဲတွေနဲ့ ကြားထဲကနေ လုပ်တာ ဖြစ်တဲ့အတွက် စီစဉ်သူတွေ တော်တယ်လို့ ချီးကျူးရမှာပါပဲ။ လူကြီးတွေ(ကိုယ်အပါအ၀င်)က ဟိုလို လှော်၊ ဒီလိုခတ် သင်ပြ နေပြီး လူငယ်တွေက တကယ့်လှေပေါက်ကို ပိတ်ထားရတာမျိုး မဖြစ်ပါစေနဲ့ပဲ ဆုတောင်း ပါ တယ်။
ဟောပြောပွဲ
ဒီနှစ်လာတဲ့ ဆရာတွေက နိုင်ငံရေးဆန်ဆန် အယူအဆတွေ အများ ကြီး ဟောပြောသွားတာဆိုတော့ ကိုယ်ရဲ့ ဆန္ဒနဲ့တော့ ထပ်တူ မကျဘူးပေါ့။ မနှစ်က စာပေဟောပြောပွဲ အပြီးမှာ မြန်မာဖြစ်ရတာအတွက် ဂုဏ်ယူလိုစိတ် တွေနဲ့ လူက တက်ကြွနေခဲ့ပေမဲ့ ဒီနှစ် ဟောပြောပွဲ အပြီးမှာတော့ အသက်ရှူ မရသလို ခံစားလိုက်ရတယ်။ ကိုယ့် အကြိုက်ဆုံး စာရေးဆရာက လယ်တွင်းသား စောချစ် ဖြစ်ပြီး ကာတွန်း အော်ပီကျယ် နောက်ဆုံး ပြီးခါနီး ပြောသွားတဲ့ အပေါ်ကနေ ဆွဲတင်တာထက် ပုခုံးနဲ့ တွန်းတင်တာက ပိုထိရောက်မှာပါ ဆိုတဲ့ စကားကို ကိုယ် နားလည်ချင်သလို နားလည်လိုက်ပြီး ကြိုက်နေမိတယ်။
ဆရာ လယ်တွင်းသား စောချစ် ဟောသွားတဲ့ အဓိက အကြောင်းအရာကတော့ စာပေက သူ့ရဲ့ ဘ၀ကို ဘယ်လို လွှမ်းမိုးသွားသလဲ ဆိုတာပါပဲ။ ဆရာ ပီမိုးနင်းရဲ့ စာတွေကြောင့် သူ ပြောင်းလဲခဲ့ပုံတွေကို စိတ်ဝင်စားအောင် ပြောသွားခဲ့တယ်။ နောက် လှတောသား စကားကြွယ်ပုံကို ဥပမာလေးတွေနဲ့ ပြောသွားတာကို သဘောကျ တယ်။ ဒါပေမဲ့ ကိုယ်အကြိုက်ဆုံးကတော့ တောသား မြို့ရောက်တဲ့အခါ သိမ်ငယ်စိတ် ၀င်ရပုံကို ပြောပြသွားတာ ပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်တိုင် ကြုံခဲ့ရတာကို။ ဆရာ့ရဲ့ အသက်အရွယ်နဲ့ ကိုယ်တွေ အပေါ် စေတနာထား ဟောပြောပေးခဲ့တာအတွက် ကျေးဇူးတင်မိတယ်။
နောက် ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ကတော့ သူရဲကောင်းဆိုတာကို ဖွင့်ဆိုသွားခဲ့ပါတယ်။ ဆရာ ညွှန်းသွားတဲ့ သူရဲကောင်းအများစုက တချိန်က လူတွေ ဖြစ်နေတာ တခုပါပဲ။ အဲ့အတွက်တော့ စိတ်မကောင်း ဖြစ်မိတယ်။ အခုခေတ်မှာ သူရဲကောင်းတွေ မရှိတော့တာလား၊ အဲဒီလူတွေကို သူရဲကောင်းအဖြစ် မသတ်မှတ်ရဲ တာလား။ မပြောတတ်တော့ဘူး။ အဲဒီအတွက် ကိုယ့်ရင်ဘက်တွေ နာလာတယ်။
ဆရာ ကာတွန်း အော်ပီကျယ်ကတော့ လူကြိုက်အများဆုံး ဖြစ်မယ်ထင်ပါတယ်။ လက်ခုတ်သံ အများဆုံး ရသွားတဲ့ ဆရာတယောက်ပါပဲ။ ဆရာ ပြောတဲ့စကားတွေက မှန်လွန်းလို့ ရင်ကိုလာထိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ် ကို အားမရမှုကြောင့် ရင်အနာရဆုံးလဲ ဖြစ်တယ်။ အခက်အခဲတွေ အခြေအနေတွေကြားက တာဝန်ကျေသူ ဖြစ်တဲ့အတွက် ဆရာ့ကိုတော့ လေးစားမိပါတယ်။ ဒါပေမဲ့ နိုင်ငံရပ်ခြားမှာနေတဲ့ ကိုယ်တို့ မြန်မာတွေဟာ အပြောတရားမှာ လေးစားစရာကောင်းလောက်အောင် သိပ်ထူးချွန်ပြောင်မြောက်ကြတယ်လို့ မြင်မိတယ်။ အဲဒီ အပြောတွေရဲ့ နောက်မှာ အလုပ်တရားဘယ်လောက် ကပ်ပါလာသကြသလဲဆိုတာ စဉ်းစားစရာပါပဲ။ သိပ်မဝေးလှတဲ့ တနေ့မှာတော့ ကိုယ်ဟာ ပုခုံးနဲ့ တွန်းတင်နိုင်တဲ့ လူတယောက် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိတယ်။



Friday, September 10, 2010

အတွေး........အရေး

molest: to touch or attack someone in a sexual way against their wishes
ခုတလော ဒီစကားလုံးလေးကို ခနခန တွေးမိနေတယ်။ အထူးသဖြင့် သတင်းစာမှာ ဒီအမှုနဲ့ ပတ်သတ်တဲ့ သတင်းတွေ ဖတ်ရတိုင်းပေါ့။ မြန်မာပြည်က အမျိုးသား အများစုဟာ ဒီကိစ္စအပေါ်မှာ ဘာအတွက် သာယာနေလဲ ဆိုတာ နားမလည်နိုင်ဘူး။

Saturday, September 4, 2010

ချန်ဂီ လမ်းခွဲ

--မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာတယောက် မြန်မာပြည်ပြန်တာ ရူးသွပ်ခြင်းတဲ့လား၊ မိုက်မဲခြင်းတဲ့လား။--

'နှောင်းငယ်' ......... သူမနားကို တိုးတိုးလေးကပ်ပြီး ခေါ်လိုက်တဲ့ ကို့အသံကြောင့် သူမ တုန်သွားမိတယ်။ ကိုက သူ့ထုံးစံအတိုင်း အပြာနုရောင် ရှပ်လက်ရှည်လေးကို ၀တ်လို့.... သူမကို လိုက်ပို့မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ တာမို့ သူမ ပျော်ရွှင်သွားမိတယ်။ နောက်ဆုံးတော့ ကို သူမကို နားလည်သွားပြီ ထင်ပါရဲ့။

'နှောင်း check in တောင် လုပ်ပြီး သွားပြီပဲ.. အစောကြီး ရှိသေးတာ.. ပြန်ရမှာကို သိပ်တက်ကြွနေတယ် ထင်ပါရဲ့ ' . ခပ်ထေ့ထေ့ပြုံးရင်း ပြောလိုက်တဲ့ ကို့မျက်နှာကို နှောင်း ဆက်ခနဲ မော့ကြည့်မိတယ်။ သူမ သိလိုက်ပါပြီ။ ကိုဟာ သူမကို နောက်ဆုံးအကြိမ် အဖြစ် လာနှုတ်ဆက်တာ ဖြစ်မှာပါ။ .. သူမ ကို့ကို သိပ်ချစ်ခဲ့တာနဲ့အမျှ ကို့ရဲ့ ခပ်ထေ့ထေ့ အပြုံးကို သိပ်မုန်း သိပ်ကြောက်တယ်။ အဲ့ အပြုံးမှာ သူမ သိပ်မုန်းတဲ့ ကို့ရဲ့ မာနတွေ ပျော်ဝင်နေတယ်။ .. မျက်ရည်တွေ ဝေ့လာပေမဲ့ သူမ အချိန်မီ ထိန်းပြီး ကို့ကို ပြုံးပြလိုက်တယ်။

'ဟုတ်တယ် ကို........နှောင်း စိတ်လှုပ်ရှားပြီး ညက အိပ်မပျော်တာနဲ့ ခပ်စောစောပဲ ထွက်လာခဲ့တာ.. ကိုရော ဘယ်သူ့ကို လိုက်ပို့တာလဲ'.....
သူမကို လိုက်ပို့နှုတ်ဆက်တာ သိသိနဲ့ သူမ ဇွတ်နှစ်ပြီး မေးလိုက်တော့ ကို မျက်နှာ ပျက်သွားတယ်.... မိန်းမတယောက်ရဲ့ မာနပေါ့ ကိုရယ်။ နှောင်းရဲ့ အမျိုးမျိုးသော ခယ တောင်းပန်မှု တွေကို လျစ်လျူရှူ့ပြီး နှောင်းကို အဆက်အသွယ် ဖြတ်ခဲ့တဲ့ ယောက်ျားတယောက်ကို နှောင်း ဒီလောက်တော့ တုန့်ပြန်သင့်တာပေါ့ မဟုတ်ဘူးလား။ သူငယ်ချင်းဘ၀ (၅) နှစ် ၊ ရည်းစား ဘ၀ (၃) နှစ်တာကာလအတွင်း တယောက်ကို တယောက် ဘယ်လောက် စိတ်ဆိုးဆိုး ဖုန်း မပြောခဲ့တဲ့ရက် တရက်မှ မရှိအောင် သံယောဇဉ် ကြီးခဲ့တဲ့ နှောင်းတို့ရဲ့ သံယောဇဉ်တွေကို လျစ်လျူရှူ့ပြီး ကို နေနိုင်ခဲ့တယ်နော်။ နှောင်း နံပါတ်ကို မြင်တာနဲ့ ဖုန်း ပိတ်ပြစ်တတ်လို့ အများသုံး ဖုန်းနဲ့ ခေါ်တော့လဲ နှောင်း အသံကြားရုံနဲ့ ကို ဖုန်းကို ပိတ်ပစ်လိုက်တယ်။ မြန်မာပြည်ကို အပြီးပြန်မှာမို့ အလုပ်ရှုပ်နေတဲ့ကြားက ကို့ကို တွေ့ချင်လွန်းလို့ အိမ်လိုက်လာတော့ 'မလေးရှား သွားတယ် ' တဲ့။ နှောင်း မြန်မာပြည်ကို ပြန်တာ အပြစ်တခု တဲ့လား ကိုရယ်......


'--မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာတယောက် မြန်မာပြည်ပြန်တာ ရူးသွပ်ခြင်းတဲ့လား၊ မိုက်မဲခြင်းတဲ့လား။ မြန်မာပြည်ဆိုတာ နှောင်းတို့၊ ကိုတို့ကို မွေးထုတ်ပေးခဲ့တဲ့ နေရာပါ ကို.. မြန်မာပြည်ကို ချစ်မိတာ အမြင်ကျဉ်းတာဆိုရင်တော့ ထားလိုက်ပါတော့ ကိုရယ်။ ဟုတ်ပါတယ်.. နှောင်းက အမြင်ကျဉ်းပါတယ်.. လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတခုကို မနှစ်မြို့လို့ မပြန်ဘူးဆိုရင် မြန်မာပြည် အခြေအနေက ပြန်ကောင်းလာ အုန်းမှာတဲ့လား ကို.......အစိုးရမှာ တာဝန်ရှိသလို နှောင်းတို့လို ခေတ်ပညာတတ် လူငယ်တွေမှာလဲ တာဝန် မရှိဘူးလား ကို..... ကိုပဲ မြန်မာပြည်ကို ချစ်တယ်ဆို...နှောင်းတို့ ဒီနိုင်ငံကို ပညာသင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ကြတာလေ.. သိပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ စာကြည့်တိုက်တွေကို မြင်တော့ နှောင်းတို့ နှစ်ယောက် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေအတွက် ဘယ်လို ခံစားခဲ့ကြရသလဲ.. ကို မှတ်မိအုန်းမယ် ထင်ပါတယ်။ ဘွဲ့ရတော့လဲ ငွေစုအုန်းမယ်ဆိုတဲ့ မရေမရာ အကြောင်းပြချက်တွေနဲ့ နှောင်းတို့ ဒီမှာ ဆက်နေဖြစ်ခဲ့တယ်။ ခုဆို နှောင်းလဲ ဒေါက်တာ ဘွဲ့တောင် ရလို့ ပိုက်ဆံ လဲ အသင့်အတင့် စုမိပြီ။ ခုချိန်မှ နှောင်းတို့ မပြန်ရင် ဘယ်အချိန်မှ ပြန်ဖြစ်မှာလဲ။.. အိုမင်း မစွမ်းတော့တဲ့ အချိန်မှလား......ပညာဆိုတာ ကိုယ်တိုင် ဆည်းပူးနေရုံနဲ့ လုံလောက်နေပြီလို့ ကိုက ယူဆနေတာလား။ ကိုယ်က သင်ယူသလို ကိုယ့်လို သင်ယူခွင့် မရတဲ့ ကိုယ့် နိုင်ငံက လူတွေအတွက် တခုခုတော့ ပြန်ပေးဆပ်သင့်တယ်လို့ ကို မတွေးမိဘူးလား။ နှောင်းတို့က နိုင်ငံတခုလုံးကို မပြင်နိုင်ပေမဲ့ နှောင်းတို့ ကျင်လည်ရာ ပတ်ဝန်းကျင်လေးတခုကိုတော့ ပြင်နိုင်မှာပါ။ နှောင်းကတော့ အဲလို ယုံကြည် မျှော်လင့်ထားတယ်... .. '
ကို့မျက်လုံးထဲ စိုက်ကြည့်ရင်း သူမ ပြောချင်သမျှတွေကို စိတ်ထဲက ပြောပြနေမိတယ်။ ခုချိန်မှတော့ ဖွင့်ဟဖို့ မလိုတော့ပါဘူးလေ။ မိန်းမတယောက်ရဲ့ ချစ်ခြင်းနဲ့ ခယတောင်းပန်မှုတွေ အားလုံးကို ကို လျစ်လျူရှူ့ခဲ့ပြီပဲ။

'-----ဥက္ကာ သွေးတွေ ဆူပွက်တဲ့ အထိ ခံစားလာရတယ်.. (၃) နှစ်တာ အချစ်ကြီး ချစ်ခဲ့တဲ့ ချစ်သူကို လမ်းခွဲ ထားခဲ့မဲ့ မိန်းမ တယောက်က ခုလောက်ထိ မာကျောနေဖို့တော့ မကောင်းဘူး ထင်ပါတယ်။ .. ခပ်တင်းတင်း ပြုံးထားတဲ့ နှုတ်ခမ်းနဲ့ ထက်မြက်စူးရှတဲ့ မျက်ဝန်းတွေက ဘာကိုမှ နောင်တ မရဖူးသလို ကြည်လင် ပြတ်သား လွန်းတယ်။ သူ ချစ်ခဲ့တာလဲ အဲလို ထက်မြတ်ပြီး ရဲရင့်တဲ့ သူမရဲ့ စိတ်ဓါတ်ကိုပဲ။ ဒါပေမဲ့ ခုချိန်မှာတော့ သူချစ်ခဲ့တဲ့ သူမဟာ အခုလို အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဝံ့သူ မဟုတ်ပဲ သိုးငယ်လေးလို နာခံတတ်သူ ဖြစ်စေချင်တဲ့ ဆန္ဒက ရင်ထဲမှာ စူးခနဲ တောင်းတမိတယ်။ ..
ဲမြန်မာပြည်ကို ကိုယ်လဲ မချစ်လို့မှ မဟုတ်ပဲ... လုပ်ကိုင် စားသောက်လို့မရလောက်အောင် စုတ်ပြတ်နေတဲ့ နိုင်ငံမှာ နေထိုင်ချင်စိတ်မရှိတာ သူမလွန်ဘူး ထင်ပါတယ်။ မြန်မာပြည်ထဲမှာ ရှိနေတဲ့လူတွေတောင် နည်းအမျိုးမျိုးနဲ့ ဒီနိုင်ငံကို ထွက်လာဖို့ ကြိုးစားနေချိန်မှာ လက်ရှိဘ၀ကို အခြေဖျက်ပြီး ပြန်ဖို့ ကြိုးစားခဲ့တဲ့ သူမကို စိတ်တိုမိတာ သူ မှားသွားခဲ့သလား။ သူမ ပြောသလို သူက ဒီမှာ ဆက်နေ.. အဝေးကနေပဲ ချစ်နေဆိုတာ လက်တွေ့မဆန်ဘူးဆိုတာ သိပ်တော် သိပ်လက်တွေ့ဆန်လွန်းတဲ့ သူမက မသိဘူးတဲ့လား။ အကျိုးအကြောင်း အမျိုးမျိုး ရှင်းပြပြီး တောင်းပန်နေတဲ့ကြားက သူမသိအောင် လေယာဉ်လက်မှတ် ၀ယ်ခဲ့တဲ့ သူမကို စိတ်ဆိုးဆိုးနဲ့ ပြတ်ဖို့ ဆုံးဖြတ်ပြီး ရှောင်နေခဲ့ပေမဲ့ နောက်ဆုံးအချိန်မှာ သူမပြန်မဲ့ လေယာဉ်ကွင်းကို ရောက်လာခဲ့တဲ့ သူ့ကို သူမရဲ့ ကြိုဆိုမှုက ရက်စက်လွန်းပါတယ်။ ...
ချစ်ခဲ့တဲ့ (၃) နှစ်တာ ကာလတလျှောက်လုံးမှာ တခါမှ စိတ်မကောက်ဖူးတဲ့၊ မျက်ရည် မကျဖူးတဲ့ ချစ်သူ၊ မာနကြီး သလောက် သူ့အပေါ်မှာ နားလည်ပေးနိုင်စွမ်း အရှိဆုံး ချစ်သူလို့ ဂုဏ်ယူခဲ့တာ အားလုံးကို လွှင့်ပစ်ပြီး သူ့အပေါ်မှာ အရာရာ ဆိုးနွဲ့ အနိုင်ယူတတ်တဲ့ ချစ်သူ တယောက်သာ ဖြစ်စေချင်လိုက်တယ်။ သူမဘက်ကသာ ကို့ကို မခွဲနိုင်ဘူးဆိုတဲ့ စကားတခွန်းသာ ထွက်လာခဲ့မယ်ဆိုရင် သူ မိုက်ရူးရဲဆန်စွာပဲ သူမနဲ့ အတူ မြန်မာပြည် ပြန်လိုက်မိမှာ အသေအချာပဲ။ စိတ်ကို ထိန်းနေတဲ့ ကြားက သူမကို ပေးဖို့ မလေးရှားက ၀ယ်လာခဲ့တဲ့ လက်ဆောင် အိတ်ကို ကိုင်ထားတဲ့လက်က တဆတ်ဆတ် တုန်နေတယ်။ သူ့ရှပ်အကျီအနားစ ခါနေတာကို ထက်မြတ်လွန်းတဲ့ သူမ သိတော့မှာပဲ .....
ထိန်းစမ်း ဥက္ကာ .. နှောင်းဆိုတဲ့ မိန်းကလေးက စိတ်ထား ပြတ်သားမာကျောတဲ့ ဥက္ကာဆိုတဲ့ ယောက်ျားတယောက်ကို ချစ်ခဲ့တာလေ။ ဒီအချိန်မှာ မျက်ရည်ကျပြလိုက်မယ်ဆိုရင် သူ့ကို နှောင်း အထင်သေး သွားမှာ။ ချစ်ခွင့်မရတော့လို့ ခွဲရတော့မယ်ဆိုရင် နှောင်းရဲ့ အထင်ကြီးလေးစားမှုကိုတော့ သူ ပိုင်ဆိုင်ချင်တယ်။ အဲဒါကို အတ္တလို့ စွပ်စွဲလာမယ်ဆိုရင် ကို လက်ခံလိုက်မှာပါ.. နှောင်းရယ်.. '

..........ကို.. လက်တွေ တုန်နေတာလားဟင်.. အဲဒါဟာ သူမကို ချစ်လို့ သူမကို ခွဲရမှာ စိုးတဲ့ စိတ်ကြောင့် တုန်နေတာလို့ နှောင်း မမျှော်လင့်ပါဘူး.. ကို။ ဒေါသကြောင့် တုန်နေတာသာ ဖြစ်မှာပါ။ ကျေးဇူးပြုပြီး ကို့ရဲ့ ခပ်ထေ့ထေ့ အပြုံးကို မပယ်လိုက်ပါနဲ့ .. နှောင်းချစ်ခဲ့တဲ့ ကိုဟာ စိတ်ထား ပြတ်သား မာကျောပြီး ကိုယ် မှန်တယ် ထင်တဲ့ ဆုံးဖြတ်ချက်ကို အမြဲ ရဲရဲ ၀ံ့ဝံ့ လုပ်ခဲ့သူပါကွယ်... မိန်းမ တယောက်ကို ချစ်ရုံနဲ့.. နှောင်းကို ချစ်ရုံနဲ့ ပြန်လိုက်မလာပါနဲ့ ကိုရယ်.. မြန်မာပြည်ကို ပြန်လာမယ်ဆိုရင်လဲ ကို ကိုယ်တိုင် ယုံကြည်ပြီး ပြန်လာတာသာ ဖြစ်စေချင်ပါတယ်။ နှောင်းကို ချစ်ရုံနဲ့တော့ ကို မပြန်လာချင်တဲ့ နိုင်ငံကို ပြန်လိုက်မလာပါနဲ့ ကို။ နှောင်းလိုချင် တာ ကို့ရဲ့ ခန္ဓာကိုယ်ကို မဟုတ်ပါဘူးကွယ်။ ကို့ဆီက နားလည်မှုနဲ့ အားပေးစကားတခွန်းကိုပါ။ ကို ပြောပြော နေတဲ့ သားရဲတွင်းတွေ ကျက်စားရာ တောနက်ကို သွားမဲ့ နှောင်းအတွက် ချစ်သူရဲ့ အားပေးစကားတခွန်းကို လိုအပ်ပါတယ် ကိုရယ်။ လူမိုက်လို့ ၀ိုင်းပြီး လက်ညှိုးထိုးလာမဲ့ ဆွေမျိုး အသိုင်းအ၀န်းနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင် နိုင်ဖို့ နှောင်း သတ္တိတွေ အများကြီး လိုအပ်ပါတယ်.. အပေါ်ယံ မာကျောနေတယ်လို့ ကို ထင်နေတဲ့ နှောင်း.. သိပ်ကြောက်နေပါတယ် ကို။ နှောင်း ဘာတွေကို ရင်ဆိုင်ရအုန်းမယ်ဆိုတာ မသိနိုင်ဘူး။ အားလုံးကို ရင်ဆိုင်နိုင်ဖို့ နှောင်းလိုအပ်တာ ကို့ဆီရဲ့ စကားတခွန်းပါ။ ဒါပေမဲ့....................
'နှောင်း သွားတော့မယ်..............' လို့ နှုတ်ဆက်လိုက်ချိန်ထိ နှောင်း ကြားချင်တဲ့ စကား တခွန်း ကို့ နှုတ်ဖျားက ထွက်မလာဘူးနော်. ကျလာတော့မဲ့ မျက်ရည်ကို ထိန်းရင်း သူမ ကို့ကို ကျောခိုင်း လိုက်ပါတော့တယ်။




There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~