Wednesday, June 30, 2010

ဘယ်သူ ဥာဏ်ပိုသာသလဲ

အမျိုးသမီးများ၏ ဦးနှောက်သည် အမျိုးသားများ၏ ဦးနှောက်ထက် သေးငယ်ပြီးတော့ အလေးချိန်အားဖြင့်လည်း ၁၀ ရာနှုန်းထက် ငယ်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်က ဆိုပါတယ်။ အမျိုးသားများရဲ့ ဦးနှောက်က ပျမ်းမျှအားဖြင့် ၁.၃ ကီလိုဂရမ်လေးပြီးတော့ အမျိုးသမီးတွေရဲ့ ပျမ်းမျှဦးနှောက်ကတော့ ၁.၁၇ ကီလို ဂရမ်ခန့်သာရှိပါတယ်။ ယေဘူယျအားဖြင့် ဦးနှောက်ကြီးတဲ့ တရိစ္ဆာန်တွေဟာ ပိုပြီး ဥာဏ်ပြေးတယ်ဆိုတဲ့ သုတေ သန ပြုချက်တွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး တော်တယ်၊ ဥာဏ်ပြေးတယ်ဆိုတာ မှန်ပါသလား။ အဖြေကတော့ မှားပါတယ်။
အမျိုးသားနဲ့အမျိုးသမီးတွေဟာ ဥာဏ်ကို သုံးပြီး ဖြေဆိုရတဲ့ စစ်ဆေးချက်တွေမှာ အမှတ်တူရအောင် ဖြေဆိုနိုင် တာ တွေ့ရပါတယ်။ ဒီလေ့လာချက်နဲ့ ပတ်သတ်လို့ သိပ္ပံပညာရှင်တွေဟာ နှစ်ပေါင်းများစွာ အဖြေရှာမရ ဖြစ်ခဲ့ကြပါတယ်။ မကြာသေးခင်ကာလမှာပဲ ဒီအချက်နဲ့ ပတ်သတ်လို့ အဖြေကို သိပ္ပံပညာရှင် တဖွဲ့က အဖြေ ထုတ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ.. ဦးနှောက်ရဲ့ အရွယ်ပမာဏထက် ဦးနှောက်တွင်းမှာ ရှိတဲ့ အရာကသာ လူတဦးရဲ့ ဥာဏ်ရည်ကို ဆုံးဖြတ်ပေးပါတယ်။ လူတဦးရဲ့ ဦးနှောက်မှာ အဖြူရောင် အပိုင်း နဲ့ မီးခိုးရောင် အပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်း ရှိတဲ့အနက် မီးခိုးရောင်အပိုင်းက စဉ်းစားတွေးခေါ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ပြီး အဖြူရောင် အပိုင်းကအချက်အလက်တွေကို တနေရာကနေ တနေရာကို သယ်ယူပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ အမျိုးသားတွေရဲ့ ဦးနှောက်ကို အမျိုးသမီးတွေရဲ့ ဦးနှောက်ထက် ကြီးစေတာ ကတော့ အဖြူရောင် အပိုင်းသာ ဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်ရာမှာ အသုံးပြုတဲ့ မီးခိုးရောင် ဦးနှောက်ကတော့ အမျိုးသမီးနဲ့ အမျိုးသားမှာ အတူတူသာ ဖြစ်ပါတယ်။
တနည်းအားဖြင့် လူတွေမှာ ဦးနှောက်သေးခြင်းဟာ စွမ်းဆောင် နိုင်ရည်ပိုမြင့်ခြင်းလို့လဲ ဆိုနိုင်ပါသည်။ အမျိုးသမီးတွေရဲ့ ဦးနှောက်မှာ မီးခိုးရောင် အပိုင်းနဲ့ အဖြူရောင် အပိုင်းရဲ့ ဆက်သွယ်မှုက ပိုပြီး ကောင်းနေတာ ကို တွေ့ရပါတယ်။ ဒါရဲ့ အကျိုးဆက်အဖြစ် ကလေးဘ၀မှာ မိန်းကလေးအများစုက စကား မြန်မြန်ပြောနိုင်တာ ကို တွေ့ရပါတယ်။ ဒါ့အပြင် လူကြီးဘ၀မှာလဲ အမျိုးသမီးများကသာ လုပ်ငန်း ၄၊၅ ခုကို တပြိုင်နက် လုပ်ဆောင် နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်တာ တွေ့ရပါတယ်။ ဖုန်းပြောရင်း ဟင်းချက်နေတဲ့ အမျိုးသမီး တယောက်က သူမ ဘေးမှာ ဆော့ကစားနေတဲ့ ကလေးကို တပြိုင်နက်ထဲမှာ ထိန်းနိုင်ပါတယ်။ အမျိုးသားများကတော့ တချိန်မှာ အလုပ်တခုကိုသာ လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဖြူရောင် ဦးနှောက်ကို ပိုပြီး ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေမှာလည်း အားသာချက် အချို့ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ ခရီးလမ်းညွှန်၊ မြေပုံတွေနဲ့ ပတ်သတ်လာရင် အမျိုးသမီးတွေထက် အားသာတာကို တွေ့ရပါတယ်။
သုတေသနပညာရှင်တွေရဲ့ သုတေသနပြုချက်အရ အမျိုးသမီးနဲ့ အမျိုးသားရဲ့ ခြားနားချက်ဟာ မိခင် ၀မ်း အတွင်း မှာ စတယ်လို့ ဆိုပါတယ်။ ၉ ပတ် အရွယ်မှာ ကလေးရဲ့ ဦးနှောက်ဟာ စတင် ဖွံ့ဖြိုးလာပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ တက်စတို စတီရုန်းလို့ ခေါ်တဲ့ ဟိုမုန်း ဓာတ်တမျိုး တိုးပွားလာခြင်းဟာ မတူညီတဲ့ ယောက်ျားလေးနဲ့ မိန်းကလေး တွေရဲ့ ဦးနှောက် စတင်ဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်တယ်လို့ လေ့လာတွေ့ရှိချက်များက ဆိုပါတယ်။
လုပ်ငန်းခွင်ရွေးချယ်မှုဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ မတူညီတဲ့ ဦးနှောက်ပေါ်မှာ မူတည်နေတာ မငြင်းဆိုနိုင်ပါဘူး။ အမေရိကန် နိုင်ငံမှာ ၈၅ ရာခိုင်နှုန်း သော အာခီပညာရှင်တွေနဲ့ ၉၀ ရာခိုင်နှုန်း မက္ကင်းနစ် တွေဟာ အမျိုးသားများ ဖြစ်နေပြီးတော့ ဘာသာစကား ကျွမ်းကျင်သူ ၉၄ ရာခိုင်နှုန်းဟာ အမျိုးသမီးများ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။
အထက်ပါ လေ့လာဆန်းစစ်မှုများဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ယေဘူယျ သုံးသပ်ချက်သာ ဖြစ်ပါတယ်။ သို့သော် လူသားတို့ရဲ့ ဦးနှောက်သည် အချိန်နဲ့ အမျှ ပြောင်းလဲနေသည့်အပြင် အသုံးချမှု လေ့လာမှု အပေါ်မှုတည်ပြီး တိုးတက်မှု၊ ဆုတ်ယုတ်မှုများ ဖြစ်နေသည် ဖြစ်ရာ.. ထူးချွန်သူများ ဖြစ်လာစေရန် မိမိတို့၏ ဦးနှောက်ကို ပြုစု ပျိုးထောင်ကြရမည် ဖြစ်ပါသည်။

Saturday, June 5, 2010

အချိန်က တိုက်စားသည့်အခါ...

အခန်း(၁)
ကိုယ် တတိယတန်း၊ သူမတို့ အိမ် အလည်လိုက်သွားသည့်နေ့မှာ မိမိကိုယ်ကို ယုံကြည်စိတ်တို့ ပျောက်သွားခဲ့သည်။ ကြီးကျယ် ခမ်းနားသည့် တိုက်ကြီးကို ငေးရင်း သူမကို အားကျစိတ်နှင့်အတူ မိမိဘ၀ကို သိမ်ငယ်စိတ် ၀င်လာခဲ့သည်။ အဲဒီအခါ ကိုယ့်ကိုယ်ကို လှည့်စားရင်း သူမတို့ကိုပါ လှည့်စားဖြစ်ခဲ့သည်။ မိမိရဲ့ ဖြစ်ချင်သော ချမ်းသာကြွယ်ဝမှုများကို အမှန်ရှိသယောင် သူမတို့ ယုံအောင် ပုံပြင်တပုဒ်လို ပြောပြဖြစ်ခဲ့သည်။

သို့သော်.. ကိုယ့်ရဲ့ အယောင်ဆောင်ဘ၀ဟာ စောစောစီးစီးပဲ အဆုံးသတ်သွားခဲ့ရသည်။ ကိုယ် (၅) တန်းနှစ် အသည်းရောင် အသားဝါရောဂါနှင့် ကျောင်းမတတ်နိုင် ဖြစ်နေစဉ်မှာ ကိုယ့်ရဲ့ ဘ၀အမှန်ကို သူမတို့ သိသွားခဲ့သည်။နေမကောင်းဖြစ်ကာ အိမ်မှာ နားနေရစဉ် သူမတို့ ရေးပေးလိုက်သော စာတစ်စောင်နှင့်အတူ သူမတို့နဲ့ ကိုယ့်ရဲ့ သူငယ်ချင်းဘ၀က အဆုံးသတ်ခဲ့ရသည်။ အဲဒီနေ့က စလို့ပေါ့ .. ဒီမြို့လေးရဲ့ အထက်တန်းကျောင်းမှာ စာပြိုင်ဘက် ၂ ဖွဲ့ ထွက်ပေါ်လာခဲ့သည်။ တဘက်က သူမ ဦးဆောင်တဲ့ သူငယ်ချင်း (၅) ယောက်၊ ဒီဘက်မှာက ကိုယ် တဦးတည်းပါဝင်တဲ့ တကိုယ်တော်အဖွဲ့။ ပညာနဲ့ပတ်သတ်လို့ အပြင်းအထန် ယှဉ်ပြိုင်ကြိုးစားခဲ့တဲ့ ကိုယ်ဟာ သူမတို့ရဲ့ ချိုးနှိမ်သမျှ စကားလုံးတွေကို ကိုယ် ခေါင်းညိတ်ခံခဲ့တယ်။ သူမတို့က ဘာကို အခဲမကြေနိုင်သည် မသိ။ ကိုယ် တတ်နိုင်သမျှ ရှောင်နေတဲ့ကြားက တခါတရံ ကိုယ့်ရဲ့အတန်းခွဲရှေ့ ကိုလာပြီး ကိုယ့်ကို ရစရာမရှိအောင် နှိပ်ကွပ်တတ်သည်။ သူမကို (၁၀) နှစ်ကြိုးစားတောင် မမီနိုင်ပါဘူးဆိုတဲ့ စကားတွေနဲ့ လှောင် ရယ်သံတွေကြားမှာ ကိုယ် မျက်ရည်ကြတတ်ခဲ့သည်။ သူမကို ကိုယ်မုန်းသည်။ သူမဘေး က ၀န်းရံပြီး ကိုယ့်ကို ၀ိုင်းအာနေကြသော သူမရဲ့ အဖွဲ့ဝင် သူငယ်ချင်းများ(တချိန်က ကိုယ့်ရဲ့ သူငယ်ချင်းတွေ) ကို မုန်းသည်။ ဒါပေမဲ့ ကိုယ် သူတို့နှင့် ထိပ်တိုက် ရင်မဆိုင်ရဲခဲ့။ ကိုယ် သူတို့ကို ရင်ဆိုင်လိုက်ရင် ကိုယ့်ရဲ့ ကြွားဝါတတ်တဲ့ စိတ်ကို တခြားသူငယ်ချင်းတွေ သိသွားမှာ စိုးရိမ်ခဲ့သည်။ ဒီလိုနဲ့ သူမတို့အဖွဲ့ စော်ကားသမျှ ကို ရင်ထဲမှာ သိမ်းရင်း ကိုယ့်ဘ၀ကို ၀မ်းနည်းအားငယ်သည့်အခါ မျက်ရည်ကျရင်း ကိုယ် (၁၀) တန်း မြန်မြန်ရောက် ဖို့ သာ ဆုတောင်းခဲ့မိသည်။ အဲဒီအချိန်က ကိုယ့်ဘ၀ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို မေးလာခဲ့ရင် (၁၀)တန်းမှာ သူမတို့ တဖွဲ့လုံးထက် (ဖြစ်နိုင်မယ်ဆိုရင်) တမြို့နယ်လုံးမှာ ရှိသမျှ ကျောင်းသားတွေထက် ကျော်နိုင်ဖို့သာ ဖြစ်တယ်။ အဲ့ဒီအတွက် ကိုယ် အပြင်းအထန် ကြိုးစားခဲ့ရသည်။

သူမနှင့် ကိုယ်သည် ကိုယ်ပိုင်စွမ်းအင် ရှိတာခြင်း၊ ဥာဏ်ကောင်းတာခြင်း တူကောင်းတူမည် ဖြစ်သော်လည်း သူမက မိဘ တီထွင်ပေးသော လမ်းပေါ်တွင် သက်တောင့်သက်သာ လျှောက်လှမ်းနေရတာ ဖြစ်သည်။ သူမတွင် သူမကို သိပ်ချစ်သည့် လမ်းညွှန်ပြသပေးနိုင်သည့် ပြလဲ ပြသပေးနေသည့် အမ နှစ်ယောက် ရှိသည်။ ကိုယ့်မှာလဲ ကိုယ့်ကို သိပ်ချစ်တဲ့ အမ တယောက် အကို တယောက် ရှိပါသည်။ သို့သော် မမနှင့်ကိုကိုက ပညာရေးနှင့် ပတ်သတ်၍ ကိုယ့်ကို မညွှန်ပြနိုင်ခဲ့။ ထို့အတွက် ကိုယ် သူမတို့အဖွဲ့ကို ကျော်နိုင်ဖို့ သူမတို့ထက် ပိုကြိုးစားခဲ့ရသည်။ ကိုယ်မှတ်မိနေပါသေးသည်။ ကိုယ်တို့ (ရ)တန်းနှစ်မှာ ကျောင်း ကိုယ်စားပြု စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ၀င်ဖို့ ကိုယ်တို့ နှစ်ယောက်ကို ကျောင်းက ရွေးသည်။ ကိုယ့်မှာ ပြိုင်ပွဲနေရာကို သွားဖို့ စက်ဘီးလေး တစီးတောင် မရှိခဲ့။ အဲဒီအတွက် သူမရဲ့ စက်ဘီး နောက်မှာ ကိုယ် ထိုင်လိုက်ခဲ့ရသည်။ ထူးခြားတာတခုက သူမက ကိုယ့်ကို ရန်မရှာခဲ့။ ဆရာမတွေပါလို့ ဖြစ်နိုင်ပေမဲ့ သူမနှင့် ကိုယ် ၂ ယောက်ထဲ ရှိချိန်မှာလဲ သူမ စာပဲ ဖတ်နေတတ်တသည်။ ဒါပေမဲ့ သူမ သူငယ်ချင်းတွေ ပါလာပြီ ဆိုလျှင်တော့ ကိုယ့်မှာ နေစရာ မရှိတော့ ဒေါင်းယောင်ဆောင်သော ကျီးတို့ ၊ တောသမတို့.. စတဲ့ စကားတွေနဲ့ နှိပ်ကွပ်တတ်ကြသည်။ ထို့အတွက်လဲ သူမထက်စာရင် (သူမက အဓိက စာပြိုင်ဘက် ဖြစ်နေခဲ့သော်လည်း) သူမ သူငယ်ချင်းတွေကို ကိုယ် ပိုမုန်းခဲ့သည်။

ကိုယ်နဲ့ သူမက နေရာတော်တော်များများမှာ တူနေတတ်သည်။ နှုတ်ခမ်းဖျား တွင် မှဲ့ပါတာခြင်းတူသည်။ လက်ရေး လက်သား တူသည်။ ကိုယ်တို့ (၄)တန်းနှစ်မှာ သူမနှင့်ကိုယ့်လက်ရေးကို မှားပြီး ဆရာမက လေ့ကျင့်ခန်း စာအုပ် မှားပေးခဲ့ဖူးသည်။ (နောက်တော့ သူမ လက်ရေးပြောင်းသွားခဲ့သည်ဟု သိရသည်။ အခုအချိန်မှာ သူမ လက်ရေး ဘယ်လိုရှိနေမလဲ ကိုယ် သိချင်ပါသေးသည်။)အတန်းထဲမှာ စာအသစ်တပုဒ်ပေးလိုက်ရင် အဖြေရတဲ့အချိန်၊ အလွတ်ဆိုရမည့် စာဆိုပါက အလွတ်ပြန်နိုင်တဲ့ အချိန် တူသည်။ ဘ၀ပေး အခြေအနေကလွဲလို့ နေရာတော်တော်များများမှာ ထပ်တူကျနေခဲ့သော သူမနှင့် ကိုယ့်ကို အဆင်ပြေ နိုင်ဖို့ ဆရာ၊ဆရာမ တော်တော်များများက ကြိုးစားခဲ့ဖူးသည်။

ကိုယ်တို့ (၁၀)တန်းနှစ်မှာတော့ သူမ ရန်ကုန်ကို ကျောင်းသွားတက်ခဲ့သည်။သို့သော် သူမ၏ နံမည်ကတော့ ကျောင်းက ဖြေဆိုမည့် ကျောင်းသားတွေရဲ့ စာရင်းမှာပဲတဲ့။ အဲဒီစကားကို ကြားတော့ ကိုယ်ကျောင်းကို နာကျည်းစွာ ရီမိသည်။ သူမကို ကျောင်းက ထားရှိတဲ့ မျှော်လင့်ချက်၊ အထင်ကြီးမှုတွေက မကုန်နိုင်အောင်ပါပဲလား ဟူသော အတွေးဖြင့် ကိုယ် ပြုံးခဲ့မိသည် ထင်ပါသည်။

အခန်း(၂)

(၁၀) တန်းအောင်တော့ သူမက ဂုဏ်ထူး နှစ်ခု၊ ကိုယ်က သုံးခု။အောင်စာရင်း ကြည့်ရာ ကျောင်းအုပ်ကြီး ရုံးခန်းမှာဆုံတော့ ကိုယ့်လက်ထဲက အောင်စာရင်းစာရွက် မိတ္တူကို သူမလက်ထံ ကမ်းပေးခဲ့မိ သည်။ အပြုံးသဲ့သဲ့ ဖြင့် နှုတ်ဆက်ဖြစ်တော့ သူမလဲ ပြန်ပြုံးပြခဲ့သည် ထင်ပါရဲ့။ အဲဒီအချိန်မှာ ကိုယ်ဘာလို့ ပြုံးပြ လိုက်မိသလဲ အခုအချိန်ထိ စဉ်းစားမရနိုင်။ သူမကို ကိုယ်နိုင်သွားပြီဆိုတဲ့ သဘောနဲ့တော့ မဟုတ်တာ သေချာ သည်။ အဲဒီနေ့က ကိုယ် မပျော်နေခဲ့ဘူးလေ။ ဘာသာစုံ ဂုဏ်ထူးမထွက်ပေမဲ့ အမှတ်ကောင်းမှာပါဆိုတဲ့ မိဘတွေရဲ့ အားပေးစကားနဲ့ အမှတ်စာရင်းကို မျှော်နေတုန်း ကိုယ် ကွန်ပျူတာ သင်တန်း တက်ဖြစ်ခဲ့သည်။ ရေစက် တခုရဲ့ စေခိုင်းရာလို့ပဲ ဆိုရမလား။ သူမကလဲ ကိုယ်တက်တဲ့ သင်တန်းမှာပဲ ကွန်ပျူတာ လာတတ်ပြန်သည်။ သင်တန်း ချိန် မတူပေမဲ့ သင်တန်းဆင်းပွဲ နောက်ဆုံးနေ့မှာတော့ ကိုယ်တို့ ဆုံဖြစ်ကြပြန်သည်။ ဒီပွဲမှာတော့ သူမကို ကိုယ် စကားစပြောနိုင်ခဲ့သည်။အတိတ်ကို ပြန်လည်တူးဆွမှု မရှိတဲ့ စကားတွေဖြင့် အပြန်အလှန် နှုတ်ဆက်ခဲ့ဖြစ်ကြ သည်။ ရင်ထဲက နာကျည်းခဲ့ရတဲ့ အမုန်းတွေ မကြေနိုင်သေးခဲ့ပေမဲ့ သူမကို နှစ်ကိုယ်ခွဲ အဖြစ် ကိုယ် မြင်နိုင်ခဲ့ပြီ ဖြစ်သည်။ ကိုယ့်ကို အမြဲအနိုင်ကျင့်ခဲ့တဲ့ သူမ တကိုယ်ကို ကိုယ်မုန်းတီးနေဆဲပေမဲ့ ကိုယ့်ဘ၀ရဲ့ စာပြိုင်ဘက်၊ နေရာတော်တော်များများမှာ ထပ်တူကျနေတတ်တဲ့ သူမ တကိုယ်ကို ကိုယ် ခင်မင်နေဆဲဆိုတာ သိလိုက်ရသည့် ကာလလဲ ဖြစ်ပြန်သည်။

အခန်း(၃)
ကိုယ် ဒီနေ့ သူမရဲ့ မင်္ဂလာပွဲက ပြန်လာခဲ့သည်။ သေချာတာ တခုက ကိုယ်သိပ်မုန်းတီးတဲ့ သူမ တကိုယ် သေသွားခဲ့ပြီ ဖြစ်သည်။ အမုန်းမရှိတော့တဲ့ အခါ အပြုံးတွေက ချိုနေပြန်သည်။ အစ အနောက်စကားတွေ ကြားမှာ သူမ ပျော်ရွှင်သလို ကိုယ်လဲ ပျော်ရွှင်မိပြန်သည်။ ဘယ်အရာက ကိုယ့်ရင်ထဲက အမုန်းတွေကို ဖယ်သွား သလဲ ကိုယ်မသေချာပေမဲ့ အမုန်းတွေ ဖယ်သွားသည့် ကိုယ့်ရင်က အေးချမ်းနေတာတော့ အမှန်ဖြစ်သည်။ ၁၅ နှစ်ကျော် ထမ်းလာခဲ့ရသော ၀န်ထုပ်တခု ပြုတ်ကျသွားသလို ကိုယ်ခံစားရသည်။

ကိုယ်ပျော်နေသည်။.............
There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~