ဘာကိုမဆို အစွဲအလန်းကြီးလွန်းတဲ့ ကိုယ်ဟာ ကိုယ်နေနေတဲ့ အိမ်ကလေးကို ခွဲသွားဖို့ တော်တော်လေး အားယူ ဆုံးဖြတ်ခဲ့ရတယ်။ နယ်မြေသစ်ကို ရောက်တော့လဲ ၀န်းကျင် အသစ်ကို အသားတကျ တိုးဝင်နိုင်ဖို့ ကြိုးစားရပြန်ရော။ တကယ်တော့ ဇိမ်ကျလွန်းတာကလဲ မကောင်းဘူး။ ကိုယ့်နေရာလေးမှာ အစစ အဆင်သင့်နဲ့ ဇိမ်ကျနေတော့ နေရာအသစ်တစ်ခုကို တိုးဝင်ရတာ မလွယ်ဘူး။ ဒါပေမဲ့ တိုးဝင်ဖို့ အခိုင်အမာ ဆုံးဖြတ်လိုက်နိုင်တာအတွက်တော့ ဂုဏ်ယူ ကျေနပ်မိတယ်။
နေရာ ကွာတယ်.ရာသီဥတု ကွာတယ်။ စကားပြောပုံ လေယူလေသိမ်းကွာတယ်။ ဒါပေမဲ့ ကျန်တာတွေကတော့ သိပ်မထူးပါဘူး။ ယောက်ျားလေး ကြီးစိုးရာ အင်ဂျင်နီယာ ဖီးလ်မှာ လုပ်နေတာဆိုတော့ ဒီမှာလဲ သိပ်မထူးဘူး။ နေ့လည် ထမင်းသွားစားတော့ ယောက်ျားလေး(၅) ယောက်၊ ကိုယ်တစ်ယောက်။ နောက်နေ့တွေတော့ လိုက်စားဖြစ်မယ် မထင်ဘူး။ ဘာရယ်တော့ မဟုတ်ပါဘူး။ အစားအစာက ဈေးကြီးလို့။ ကိုယ်မကြိုက်တာကို ဈေးကြီးပေး စားရတော့ နှမြောမိတယ်။ ဆယ်လ်မွန်ငါး တစ်တုံးရယ်၊ အသီးအရွက် တစ်ချို့ရယ်၊ အာလူးကြော်တစ်ဆုပ်ကို ၄ ပေါင်ကျော်တောင် ပေးရတယ်။ ညနေစာကိုတော့ မဖြစ်တော့ဘူးဆိုပြီး ချက်စားဖြစ်တယ်။ ဒီမှာလဲ သိပ်မထူး ပါဘူး။ အကုန်ဝယ်လို့ရတယ်။ မနေ့က ဈေးဝင်ပြီး အသီးအရွက် အချို့၊ ခရမ်းချဉ်သီး၊ ကုလားအော်သီးနဲ့ ကြက်သားနဲနဲ ၀ယ်လာခဲ့တယ်။ သံပုရာသီး နဲနဲရောပေါ့။ ဒီညနေစာကို ကြက်သားနဲ့ ခရမ်းချဉ်သီးရယ်၊ ငရုတ်သီးရယ် အိုးကပ်လေး ချက်စားလိုက်တယ်။ ငံပြာရည်လဲ ၀ယ်လို့ရတော့ ကိုယ့်ဟင်းက မွှေးမွှေးလေ။
No comments:
Post a Comment