Saturday, February 21, 2009

သူငယ်ချင်း (၉) ယောက်

တစ်ခါတစ်လေမှာ မျှော်မှန်းမထားတာတွေက လက်တွေ့ဖြစ်လာတတ်တယ်...
တက္ကသိုလ်ဆိုတာကို စရောက်ရောက်ချင်း ပထမနှစ်မှာ တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်း (၉) ယောက်ရှိတယ်.. ကိုယ်နဲ့ တစ်မြို့ထဲ သူငယ်ချင်းကို အကြောင်းပြုပြီး ကိုယ်က သူတို့ အဖွဲ့ထဲကို ရောက်သွားခဲ့တာပေါ့..သူတို့က အဆောင်မှာ အခန်းတွေ ကပ်ရက်မို့ ခင်ကြတာ..ကိုယ်ကတော့ ဒုတိယထပ်ကနေ သူတို့အဖွဲ့ထဲကို ယောင်နနနဲ့ ရောက်သွားခဲ့တာ..ကိုယ်တို့ အဖွဲ့မှာ ထူးခြားချက်က ရန်ကုန်လို မြို့ကြီးကလူ တစ်ယောက်မှ မပါဘူး..အဲတော့သူများတက္ကသိုလ် သူငယ်ချင်းတွေလိုလဲ အနုအရွ သိပ်မလုပ်တတ်ကြဘူး...တစ်ယောက်နဲ့ တစ်ယောက်လဲ ခင်မင်မှုကို မပြကြဘူး...ထမင်းအတူစားတယ်..စကားပြောတယ်..ကျောင်းအတူ သွားတယ် ဆိုတာကလွဲရင် ခင်မင်မှုတွေက အေးစက်ခဲ့ကြတယ်..ကိုယ်တို့အဖွဲ့မှာ အများစုက (ကိုယ် အပါအ၀င်) ငွေရေးကြေးရေး ချွေတာရတာကလဲ တစ်ချက် ဖြစ်ခဲ့မှာပေါ့..ဒါပေမဲ့ သိပ်မကြာပါဘူး..ကိုယ်တို့ထဲမှာ အသေးအမွှား ဇာတ်လမ်းလေးတွေ စလာခဲ့တယ်..ဒီထဲမှာ ပိုက်ဆံချမ်းသာတဲ့ သူငယ်ချင်းရယ်..အပြင်ကို အလည်အပတ် များချင်တဲ့ ကိုယ့် မြို့က ကောင်မလေးရယ်..နောက် သူနဲ့ အတွဲများတဲ့ ယောက်ျားလျာလို ကောင်မလေးရယ်..သူတို့ ၃ ယောက်က ကိုယ်တို့ ကျန်တဲ့လူတွေကို စာဂျပိုးလို့ မြင်တယ်..ကီးမကိုက်ဘူးပေါ့. အဲမှာ ကိုယ်လဲ စိတ်ပျက်သွားမိတယ် ထင်ပါရဲ့..အဖွဲ့နဲ့ သိပ်မတွဲဖြစ်ခဲ့တော့ဘူး.နောက် ကိုယ်က အပြင်ပန်း မာတယ် ထင်ရပေမဲ့ အနုအရွ ခင်မင်မှုလေးတွေကို သဘောကျတယ်..ဂရုစိုက်တာကို ပြချင်၊ လိုချင်တယ်ပေါ့..အဲဒီ ကိုးန၀င်း အဖွဲ့မှာက ဂရုစိုက်ပြရင်တောင် ဟားနေကြတာဆိုတော့ ကိုယ်လဲ ဒီအဖွဲ့ကနေ မသိမသာ ကွဲထွက်လာ ခဲ့တယ်..ပိုက်ဆံ ချမ်းသာတဲ့ ချင်းမလေးရယ် နောက်ထပ်တစ်ယောက်ရယ်ကလဲ အဖွဲ့ကနေ ဖြေးဖြေးချင်း ကွဲထွက်သွားပြီး တခြားလူတွေနဲ့ တွဲသွားတယ်..ကိုယ့်မြို့ကကောင်မလေးနဲ့ ယောက်ျားလျာ သူငယ်ချင်းရယ် နောက် အရမ်းအေးတဲ့ ချစ်စရာ ယောက်ျားလျာ သူငယ်ချင်းရဲ့ အခန်းဖော် ချင်းမလေးရယ်က (၃) ယောက်တစ်တွဲ..ကျန်တဲ့လူတွေက တစ်တွဲနဲ့ ကိုယ်တို့ ကိုးန၀င်းအဖွဲ့က ဒုတိယနှစ်မှာ မတွဲဖြစ်ကြ တော့ဘူး..ဒါပေမဲ့ ကိုယ်တို့အဖွဲ့က အစကထဲက သူများအဖွဲ့တွေလို ချည်နှောင်မှုတွေ မရှိခဲ့ကြတော့ မတွဲဖြစ် တာကလွဲရင် ကွဲတော့ မကွဲခဲ့ကြဘူး..အကြောင်းကြီးငယ် ရှိတိုင်း ဆုံဖြစ်ခဲ့ကြ..ထမင်းစုစားကြနဲ့ ခင်မင်မှု တွေက အရင်အတိုင်းပဲ ခိုင်မာခဲ့ကြတယ်..တစ်ခုပဲ စိတ်မကောင်းစရာ ဖြစ်ခဲ့ရတာက ကိုယ်တို့ အဖွဲ့ထဲက တစ်ယောက် (ချင်းမလေး)က ပထမနှစ်အပြီးမှာပဲ ကျောင်းထွက်သွားခဲ့ပြီး ဒုတိယနှစ်အပြီးမှာ ကိုယ့်မြို့က သူငယ်ချင်းလေးကလဲ ရန်ကုန်ကို ပါသွားခဲ့တယ်..မေဂျာတွေ ခွဲလိုက်ခြင်းရဲ့ ရလဒ်ပေါ့..အဲနောက်ထပ် နဲနဲ စိတ်ပျက်စရာ ဖြစ်ခဲ့တာက ကိုယ်တို့ ကိုးန၀င်းထဲက ကွဲထွက်သွားခဲ့တဲ့ သူငယ်ချင်းတွေထဲက တစ်ယောက် ပေါ့..သူ အသစ်တွဲခဲ့တဲ့ သူငယ်ချင်း အုပ်စုက တက္ကသိုလ် သူငယ်ချင်း အုပ်စု သိပ်ကို ပီသနေခဲ့ပြီး သူ ကိုယ်တို့နဲ့ ထမင်းခနလာစားရင်တောင် သ၀န်တို စိတ်ကောက်တာတွေ ဖြစ်လာခဲ့တာပဲ။ အဲ့အတွက် တစ်ခါ တစ်လေ (၉) ယောက် ဆုံတဲ့အခါ သူ့ကို ခေါ်ရတာအပေါ် ကိုယ်နဲနဲတော့ စိတ်ပျက်ခဲ့မိတယ်..အခုတော့လဲ ဒီ (၉) ယောက်လုံးက တစ်ယောက် တစ်နေရာ ဖြစ်ကုန်ကြပါပြီ..ကိုယ်အခုလို ရေးထားတာကို သူတို့ ဖတ်ရရင် ဟားချင်နေကြမှာ။..ဒါပေမဲ့ အပေါ်ယံ မဆန်တဲ့ အဲဒီ သူငယ်ချင်းတွေရဲ့ ခင်မင်မှုကို ကိုယ် အခုအချိန်မှာ တန်ဖိုး ထားရမှန်း ပိုသိလာခဲ့တယ်..ပါးစပ်ဖျားနဲ့ ဂရုမစိုက်ခဲ့ကြပေမဲ့ တကယ့်ကို ရင်ထဲက ခင်မင်မှုတွေက ခိုင်မြဲနေဆဲဆိုတာကို ပြန်တွေ့ဖြစ်တဲ့ သူငယ်ချင်းတွေက သက်သေပြခဲ့ကြတယ်..အဆက်အသွယ် ပြန်ရခဲ့တဲ့ သူငယ်ချင်း (၄) ယောက်လုံးက ကိုယ့်အပေါ်မှာ အရင်လို နွေးထွေးနေဆဲ၊ ခင်မင်မှုတွေ ခိုင်မာနေဆဲဆိုတာ တွေ့လာရတယ်..ဒီလို နွေးထွေးနေဖို့ မမျှော်လင့်ခဲ့ဘူး.. မမျှော်လင့်ပေမဲ့ လက်တွေ့ ဖြစ်လာတဲ့အခါ ရင်ထဲမှာ ကြည်နူးမိတယ်..လက်တွေ့ဆန်စွာ ခင်ခဲ့ရတဲ့ သူငယ်ချင်းတွေမို့ ကျန်တဲ့လူတွေနဲ့ ပြန်ဆုံဖြစ်ခဲ့မယ်ဆိုရင်လဲ အခုသူငယ်ချင်းတွေလိုပဲ နွေးထွေးနေမယ်လို့ ယုံကြည်နေမိတယ်...
ကိုယ်နဲ့ အရူးအမူး ခင်ခဲ့ ချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကတော့ ပြန်တွေ့တဲ့ အခါ တစိမ်းတွေလို ဖြစ်သွားကြတယ်။ သူတို့ အပြစ်တင်မဟုတ်ပဲ ကိုယ့်ဘက်ကကို စိမ်းနေတာ..အဓိကကတော့ ကိုယ့်အမှားပဲလား တကယ်တော့ ခင်မင်မှုဆိုတာ ပါးစပ်ဖျားက အမြဲ ပြနေနိုင်တာမျိုး မဟုတ်တော့ လက်တွေ့ဆန်ဆန် ခင်ခဲ့တဲ့ သူငယ်ချင်းတွေကပဲ ဘ၀ခရီးလမ်းမှာ အမြဲ ကျန်ခဲ့မယ် ထင်ပါရဲ့....

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~