ငယ်စဉ်တုန်းက(လွန်ခဲ့တဲ့ ၅နှစ်လောက်အထိ) PhD ဆိုတဲ့ အရာကြီးကို မတရား အထင်ကြီးခဲ့ဖူးတယ်။ PhD လုပ်တဲ့လူတွေကိုလဲ အရမ်း အားကျခဲ့မိတယ်။ ကိုယ်တိုင် PhD လုပ်ဖို့ ဆုံးဖြတ်ခဲ့တုန်းက ဒီအရာရဲ့ လေးနက်မှုကို တိတိကျကျ မသိခဲ့ဘူး။နားလဲ မလည်ခဲ့ဘူး။ အခြေအနေတွေက တွန်းပို့လို့ (ရှင်းရှင်းပြောရရင် အလွယ်ကူဆုံး ဖြစ်ခဲ့လို့) လုပ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ PhD ကိုလုပ်နေရင်းမှ ဒီအရာကို ပိုတန်ဖိုးထားလာမိတယ်။ PhD ဆိုတာထက် Researcher တစ်ယောက်ဘ၀ကို ပိုမက်မောလာမိတယ်။ ဒါက ကိုယ့်အတွက် ကံကောင်းခဲ့တာပဲ။
တကယ်တော့ PhD ဆိုတဲ့ အရာတစ်ခုကို မက်မောလိုစိတ်၊ လူအထင်ကြီးခံလိုစိတ်နဲ့တစ်ခုထဲနဲ့တော့ မလုပ် သင့်တာ အမှန်ပဲ။ BE ပြီးသွားလို့ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာ တစ်ယောက်ဟာ PhD တစ်ယောက်ထက် မသာသလို PhD တစ်ဦးကလဲ BE တစ်ယောက်ထက် ပိုမတော်နိုင်ပါ ဘူး။ ကိုယ်ရပ်တည်လိုတဲ့ ဘ၀လမ်းကြောင်းကိုမူတည်ပြီး PhD လုပ်၊မလုပ်ကို စဉ်းစားသင့်ပါတယ်။ Research ဆိုတာရဲ့ သဘောတရားကို နားမလည် သေးဘူးဆိုရင် PhD ကိုလွယ်လွယ်နဲ့ မလုပ်သင့်ပါဘူး။ ME(research based) (သို့) Researcher တစ်ယောက်ရဲ့ ဘ၀ကို အရင်ရယူသင့်ပါတယ်။
PhD လုပ်ပြီဆိုတော့လဲ ကျောင်းပြီးလိုစိတ်နဲ့ လုပ်မယ်ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းမဟုတ်သေးဘူးလို့ ထင်မိတယ်။ ဒါပေမဲ့ လက်တွေ့ဘ၀မှာ ရှောင်လွှဲလို့မရတဲ့ အရာတွေကြောင့် အမြန်ဘွဲ့ရအောင် လုပ်နေရတာ ရှိတတ်တော့ မှားတယ်၊မှန်တယ် ဝေဖန်ရခက်ပါတယ်။ (ကိုယ်တိုင်လဲ ပြီးပြီးရော PhD တစ်ယောက်တော့ မဖြစ်ချင်ပေမဲ့ မြန်မြန်ပြီးအောင်တော့ ကြိုးစားနေရဆဲပဲ။) ကိုယ့်ရဲ့ခံစားချက်အမှန်တိုင်းပြောရရင်တော့ PhD ဘွဲ့တစ်ခုကို ရဖို့မခက်ပါဘူး။ ဒါပေမဲ့ ထူးချွန်တဲ့ Researcher တစ်ယောက်ဖြစ်ဖို့တော့ ခက်တယ်။ ကိုယ်ရဲ့ PhD ဘွဲ့အတွက် တင်လိုက်တဲ့ thesis အပေါ်မှာ လိပ်ပြာသန့်ချင်တယ်။ thesis ရဲ့ ဘယ်အပိုင်းကိုပဲမေးမေး ပိုင်ပိုင်နိုင်နိုင် သိနေချင်တယ်။ အရာတစ်ခုကို ထဲထဲဝင်ဝင် သိသွားတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ ကိုယ်လုပ် တဲ့ Research field ရဲ့ general knowledge ကို အကြမ်းဖျင်း သိပြီး တစ်ခုခုမှာတော့ အပိုင်နိုင်ဆုံး သိချင်တယ်။ Jack of All, Master of Some မဖြစ်နိုင်ရင်တောင်မှ အနဲဆုံး Jack of Some, Master of One တော့ ဖြစ်ချင်တယ်။ ဖြစ်အောင်လဲ ကြိုးစားမယ် ဆိုရင်တော့ PhD လုပ်သင့်ပါတယ်။ ငွေကြေးအတွက်ဆိုရင်တော့ PhD ကို မလုပ်ပါနဲ့လို့ တိုက်တွန်းပါရစေ။ PhD လုပ်ရင်ကောင်းမလားလို့လာတိုင်ပင်တဲ့ ညီမငယ် အတွက် ဒါက အဖြေ ဖြစ်မယ် ထင်ပါတယ်။
No comments:
Post a Comment