တကယ်တော့ YIT ဆိုတာ ကိုယ်နဲ့ အစိမ်းသက်သက် နယ်မြေတခုရယ်ပါ။ ဒီကျောင်းတော်ကြီးနဲ့ ပတ်သတ်လို့ ကိုယ့်ရဲ့ ဗဟုသုတက နဲပါးခဲ့ပါတယ်။ ဖေဖေရဲ့ ညီမ.. ကိုယ့်ရဲ့ အဒေါ် အလုပ်လုပ်တဲ့ ကျောင်းဆိုတာက လွဲလို့ ဒီကျောင်းကြီးရဲ့ သမိုင်းကို ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ အဒေါ်ကို အထင်ကြီးပေမဲ့ ရင်းနှီးနွေးထွေးမှု မရှိခဲ့တာကလဲ ကိုယ်နဲ့ ဒီကျောင်းကြီးကို ဝေးစေခဲ့ပါတယ်။
ဒါပေမဲ့............YIT ကျောင်းရဲ့ သြဘာလမ်းကို အဒေါ်ရဲ့ကောင်းမှုနဲ့ လျှောက်ခွင့်ကြုံခဲ့ရတယ်။ အဲဒီလို လျှောက်ခဲ့တဲ့ နေ့မှာပဲ အစဉ်အလာကြီးမားတဲ့ ဒီကျောင်းတော်ကြီးရဲ့ သမိုင်းကို ကြားဖူး နာခဲ့ဖူး တယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် စင်္ကာပူကို ကျောင်းလာတတ်ပြီးနောက် YIT က အကိုကြီး အမကြီးတွေနဲ့ ခင်ခွင့် ရလာခဲ့တယ်။ သူတို့တွေ ပြောပြပေးတဲ့ YIT ပုံပြင်တွေကို နားထောင်ရင်း သူတို့ရဲ့ နာကျင်မှု၊ နာကျည်းမှုတွေကို နားလည်လာခဲ့တယ်။ တချိန်က သမိုင်းဂုဏ်ရောင် ပြောင်ခဲ့တဲ့ ဒီကျောင်းကြီး အခုလို မြင်ရတာအပေါ် ၀မ်းနည်း နှမြောတတ်လာခဲ့တယ်။ တတ်ခွင့်ရခဲ့တဲ့ အကို၊ အမတွေ အနေနဲ့ ဘာလို့ နာကျင်ခံစားရသလဲဆိုတာကိုလဲ ကိုယ်ချင်းစာ နားလည်နိုင်ခဲ့တယ်။
လွမ်းစိမ့်ဆိုတဲ့ ဇာတ်ကား ကြော်ငြာလေးကို တွေ့တော့ မျှော်လင့်တကြီးနဲ့ စောင့်နေခဲ့မိတယ်။ ဒါပေမဲ့ ဆင်ဆာဖြတ်ထားတဲ့ လွမ်းစိမ့်.ကို ကြည့်ပြီးတဲ့နောက် စိတ်ဓါတ်တွေ ကျသွားခဲ့ဖူးတယ်။ ဇာတ်ကားက အဆက်အစပ် မရှိတော့ လွမ်းရမဲ့ အစား.. စိတ်ပျက်မိပြီး အပြီးထိ မကြည့်ပဲ ပိတ်ပြစ်ခဲ့တယ်။
ပြီးခဲ့တဲ့ အပတ်ကတော့ ဆင်ဆာမဖြတ်ထားတဲ့ လွမ်းစိမ့်မူရင်းကို ကြည့်ခွင့်ရလိုက်တယ်။ ကြည့်ရင်းနဲ့ ဒါရိုက်တာရဲ့ ကျောင်းကြီးအပေါ်ထားတဲ့ စေတနာကို ခံစားလိုက်ရတယ်။ သရုပ်ဆောင်တွေက အသစ်တွေ ဖြစ်နေ ပါလျက်နဲ့ ကြောင်နေတာမျိုး မရှိတာအတွက်လဲ သူ့ကို ချီးကျူးမိတယ်။ ဒီကားကို ရဲရဲဝံ့ဝံ့ ရိုက်ခဲ့တဲ့ သရုပ်ဆောင်တွေကိုလဲ အထင်ကြီးမိတယ်။ ဇာတ်ကားထဲမှာ မျောပါသွားရင်း ကိုယ်မရလိုက်တဲ့ YIT ကျောင်းသားဘ၀ကို လွမ်းတယ်။ မကြုံဖူးလိုက်တဲ့ အနုပညာအသင်းတွေကို လွမ်းတယ်.. ကိုယ့်လို အမှတ်ရစရာ နဲပါးခဲ့တဲ့ သူကိုတောင် လွမ်းစေခဲ့တဲ့ လွမ်းစိမ့်ပါပဲ။