ကျွန်မ မကြာမကြာ နားထောင်ဖြစ်တဲ့ ဗွီဒီယိုလေးတခုပါ။ အထူးသဖြင့် စိတ်ဓါတ်ကျတဲ့ အခါ၊ လူသားချင်း စာနာမှု မရှိတဲ့ လူတွေကို ကြုံတွေ့ ဆက်ဆံရတဲ့ အခါ၊ စိတ်ဓါတ် ခွန်အားယူနိုင်ဖို့အတွက် နားထောင် ဖြစ်တဲ့ အင်တာဗျူးတခုပါပဲ။
နေအိမ်အကျဉ်းစံဘ၀မှာ အချိန်များစွာ၊ နှစ်ပေါင်းများစွာ ဖြုန်းတီးခဲ့ရတဲ့ အသက် (၇၀) ကျော် အမျိုးသမီး ကြီး တယောက်ရဲ့ ခွန်အား၊ စိတ်ဓါတ်တက်ကြွမှုဟာ ကျွန်မကို သွေးသစ်တွေ လောင်းပေးနိုင်စေပါတယ်။
နိုင်ငံရေးအားဖြင့် သူမကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည် ဖြစ်စေ သူမရဲ့ အသက်အရွယ်မှာ အခုလို စိတ်ဓါတ်တက်ကြွနေသေးတာ.. မေးလာသမျှ မေးခွန်းတွေ အပေါ်မှာ တွန့်ဆုတ်မှု မရှိ ဖြေသွားတာ.. ဒါတွေ အားလုံးက သူမရဲ့ အရည်အချင်းကို မြင်နေရပါတယ်။ မေးခွန်းတွေကို ဖြေတဲ့နေရာမှာ သူမရဲ့ ရိုးသား မှုကို မြင်ရသလို အားထုတ်မှုကိုလဲ မြင်ရပါတယ်။ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းဆိုသလို သူမ ရဲ့ အဖြေတွေဟာ အားလုံးကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စေပါတယ်။
မေးခွန်းမေးသူတွေထဲမှာ မြန်မာ ကျောင်းသား ၂ ယောက်ပါတာကို တွေ့ရပါတယ်။ စိတ်မကောင်းစရာ တခုက ဒီမြန်မာကလေးတွေရဲ့ ရိုင်းပျမှုနဲ့ အကင်းမပါးမှုပါပဲ။ ပထမ မေးတဲ့ကလေးဟာ သူမကို လူကြီး တယောက်အနေနဲ့ လေးစားမှုတောင် မပေးပဲ နာမည်ကို တိုက်ရိုက်ခေါ်သွားတာ.. ဒုတိယ ကလေး ရဲ့ မေးခွန်းမှာ မြန်မာအပေါ် အထင်သေးစိတ်တွေ ပါနေတာကို မြင်ရတာ ကျွန်မအတွက်တော့ မခံချင် သလို စိတ်ထဲလဲ အနှောက် အယှက်ဖြစ်မိပါတယ်။ ဒါပေမဲ့ သူမကတော့ အပြုံးမပျက်ပဲ ပေါ့ပေါ့ပါးပါးလေး (ဒေါသသံ မပါပဲ) ဖြေသွားနိုင်တာဟာ ရင့်ကျက်တဲ့လူဆိုတာ ဘယ်လို နေထိုင်ပြုမူသင့်တယ်ဆိုတာကို ဆုံးမ သွန်သင်သွားတာပါပဲ။
သူမလို သိပ်ကို ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတယောက်အနေနဲ့ အရည်အချင်းမရှိတဲ့ ကိုယ်တို့လို လူငယ်တွေကို မြင်ရတဲ့အခါ အားမရစိတ်နဲ့ အပြစ်မတင်မိအောင် သူမ ဘယ်လိုများ ကြိုးစားပါလိမ့်လို့ အတွေးဝင်မိပါစေတယ်။
ကျွန်မအနေနဲ့လဲ တခြားလူတွေကို အပြစ်မတင်ပဲ ကိုယ့်ဘ၀ကို ဒီထက် ကြိုးစားရပါအုန်းမယ်။ သူမကို မမှီရင်တောင် ခြေဖျားတခုကို မှီဖို့တော့ ဆက်လက် ချီတက်ရအုန်းမယ်။