Sunday, February 20, 2011

ရွေးကောက်ပွဲ.. အခွင့်အရေးနဲ့ နိုင်ငံသား - ၁

စင်္ကာပူ ရွေးကောက်ပွဲ ကျင်းပရမဲ့ အချိန်ကာလတခုကို ရောက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်က ငယ်သေးတော့ အမှုမဲ့ အမှတ်မဲ့ နေဖြစ်ခဲ့တယ်။ အခု တချိန်မှာတော့ ရွေးကောက်ပွဲက ကိုယ့်တံခါးကို ခေါက်လာတာနဲ့အမျှ အကျိုးအမြတ်တွေ၊ ပြောင်းလဲမှုတွေကို ခံစားလာရတော့ ဒီတခေါက် ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ အချက်အလက်အချို့ကို မှတ်တမ်းတင်ဖြစ်တယ်။ 
မုန့်ဖိုး
ရွေးကောက်ပွဲ နီးလာတိုင်း လက်ရှိ ပါတီက စင်္ကပူ နိုင်ငံသားတွေကို မုန့်ဖိုး ပေးလေ့ရှိတယ်။ ကိုယ့်ရဲ့ ၀င်ငွေ ပေါ်မှာ မူတည်ပြီး ၁၀၀ ကနေ ၈၀၀ ရတဲ့ ဒီမုန့်ဖိုးကို ဘာရည်ရွယ်ချက်နဲ့ ပေးတာလဲ ဆိုတာ သိနေပေမဲ့ အလကား ရတယ်ဆိုတော့ ပျော်ကြတာပါပဲ။ ဒီအတွက် လက်ရှိပါတီက ၁.၅၅ ဘီလီယံကို သုံးရမှာ ဖြစ်တယ်။ ဒီငွေကို လက်ရှိပါတီရဲ့ ကိုယ်ပိုင်ငွေထဲက ပေးရတာလား။ ဒါမှမဟုတ် တိုင်းပြည်ရဲ့ နိုင်ငံတော်ပိုင် ငွေထဲကပေးခွင့်ရှိလား သိပ်တော့ နားမလည်ဘူး။ 
ကျန်းမာရေး ဆိုင်ရာ စုငွေ
စင်္ကာပူနိုင်ငံသား အသက် ၄၅ နှစ်နဲ့ အထက်  လူကြီးတွေအတွက်ကတော့ ဒီမုန့်ဖိုးအပြင် ကျန်းမာရေး ဆိုင်ရာကိစ္စတွေမှာ သုံးဖို့အတွက် (ကိုယ့်ရဲ့ ၀င်ငွေပေါ်မှာ မူတည်လို့) အပိုငွေ ၂၀၀ ကနေ ၇၀၀ အထိ ရနိုင်ပါတယ်။ ဒီအတွက် လက်ရှိ ပီအေပီ ပါတီက ၁.၃ ဘီလီယံကို သုံးမှာဖြစ်တယ်။
စုငွေ
စင်္ကာပူနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားတိုင်းနဲ့ အမြဲတမ်း နေထိုင်ခွင့် (PR) ကို ကိုင်ဆောင်ထားသူတိုင်းဟာ အစိုးရရဲ့ CPF လို့ အများစု သိထားတဲ့ Central Providing Fund မှာ မစုမနေရ ငွေစုရပါတယ်။ စင်္ကာပူ နိုင်ငံသားတွေနဲ့ PR သက်တမ်း ၃ နှစ်ရှိတဲ့ နိုင်ငံခြားသားတိုင်းဟာ ကိုယ့်လစဉ် ၀င်ငွေရဲ့ ၂၀ ရာနှုန်းကို ဒီစုငွေထဲမှာ မဖြစ်မနေ စုရပါတယ်။ အလုပ်ရှင်ဘက်ကတော့ ၁၅.၅ ရာခိုင်နှုန်းကို ထည့်ဝင်ရပါတယ်။ ဒီနှစ်မှာတော့ ရွေးကောက်ပွဲရဲ့ ကျေးဇူးကြောင့် အလုပ်ရှင်တွေဘက်က ထည့်ဝင်ရမဲ့ ရာနှုန်းဟာ ၀.၅ ရာနှုန်း တိုးသွားပြီး ၁၆ ရာနှုန်း ဖြစ်သွားမှာ ဖြစ်ပါတယ်။ 
တီဗွီနဲ့ ရေဒီယို လိုင်စင်ကြေး
ဒီနှစ်ကစလို့ တီဗွီနဲ့ ရေဒီယို လိုင်စင်ကြေးကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီသတင်းကတော့ နိုင်ငံသားတွေ၊ PR တွေသာမက EP, SPass ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေပါ အကျိုးရှိမဲ့ ကိစ္စဖြစ်ပါတယ်။ အိမ်ငှား နေတဲ့ နိုင်ငံခြားသား အများစုက တီဗွီ ကြည့်သည် ဖြစ်စေ၊ မကြည့်သည် ဖြစ်စေ ဒီတီဗွီလိုင်စင်ကြေး(၁၁၀) ကို ပေးရပါတယ်။ အခု ဒီလိုင်စင်ကြေးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် အိမ်ရှင်တွေဘက်က ပြန်ပေးရ မှာ ဖြစ်ပါတယ်။ 
ဝင်ငွေခွန်
ဒီနှစ်ရွေးကောက်ပွဲ အထိမ်းအမှတ်အဖြစ် ၀င်ငွေခွန်ကို ၂၀ ရာခိုင်နှုန်းလျှော့ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ အတွက် စင်္ကာပူ အစိုးရက ၅၈၀ မီလီယံကို အသုံးပြုမယ် လို့ ကျေညာထားပါတယ်။ 
နောက်နှစ်ကစလို့ အခွန်ကောက်တဲ့ နှုန်းတွေလဲ လျော့ကျသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ပေါ်လစီအရ ၀င်ငွေ ၃သောင်း ရှိတဲ့ လူတဦးက ပထမ ၂ သောင်းကို ကင်းလွတ်ခွင့် ရပြီးနောက် ကျန်တဲ့ ၁ သောင်းအတွက် ၃.၅ ရာနှုန်း ပေးဆောင်ရပါတယ်။ နောက်နှစ်မှာ စတင် ကျင့်သုံးမဲ့ ပေါ်လစီအရတော့ ၀င်ငွေ ၃ သောင်းရတဲ့ လူဟာ ပထမ ၂ သောင်းကို ကင်းလွတ်ခွင့် ရပြီး ကျန်တဲ့ ၁ သောင်းအတွက် ၂ ရာနှုန်းကိုပဲ ပေးဆောင်ရ တော့မှာ ဖြစ်ပါတယ်။ အလားတူပဲ ကျန်တဲ့ ပမာဏတွေ အတွက်လဲ ၁.၅ ရာနှုန်းကနေ ၂ ရာနှုန်းအထိ လျော့ကျသွားပါတယ်။ ၀င်ငွေ ၁ သိန်း ၂ သောင်း ကျော်သွားတဲ့လူတွေအတွက်တော့ ၀င်ငွေခွန်က ပြောင်းလဲမှု မရှိပါဘူး။ ဒီပေါ်လစီက အလယ်အလတ်တန်းစား လူတွေအတွက် ပိုပြီး အကျိုးအမြတ်ရှိစေမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

There is always a choice in the way we do our work, even if there is no choice in the work itself. Enthusiasm Makes A Difference!

~~~~Starting Long Journey on 10 Nov 2008~~~~